ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) ခေါင်းဆောင် ဗိုလ်မှူးချုပ် စောနယ်ဒါးမြက မိခင်အဖွဲ့အစည်း၏ ဆုံးဖြတ်ချက် အပေါ်လက်မခံကြောင်း တုန့်ပြန်လိုက်မှုသည် ကရင်အမျိုးသားအစည်းအရုံး (KNU) အတွင်း စိတ်ဝမ်းကွဲမှုများ ဖြစ်လာမည်ကို KNU ထောက်ခံသူများက စိုးရိမ်နေကြသည်။
KNU ကာကွယ်ရေးဌာန က ဝေါလေ လူအစုလိုက် အပြုံလိုက်သေဆုံးစေခဲ့မှုနှင့် ပတ်သက်ပြီး အဓိက တာဝန်ရှိသူ ၂ ဦး ဖြစ်သည့် KNDO ခေါင်းဆောင် ဗိုလ်မှူးချုပ် စောနယ်ဒါးမြ နှင့် ဗိုလ် စောဘာဝါး တို့ကို တာဝန်မှ ယာယီ ရပ်ဆိုင်းကြောင်း ဇူလိုင် ၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
သို့သော်လည်း မိခင်အဖွဲ့အစည်း KNU ၏ ၎င်းတို့ ၂ ဦးအပေါ် ချမှတ်လိုက်သည့် ဆုံးဖြတ်ချက်အပေါ် လက်မခံကြောင်း ဗိုလ်မှူးချုပ် စောနယ်ဒါးမြ က ဇူလိုင် ၁၁ ရက်နေ့တွင် သဘောထားကြေညာချက် တန်ပြန် ထုတ်ပြန်ခဲ့သည်။
အဆိုပါထုတ်ပြန်ချက်တွင် “ဒီစာကို ကျနော်တို့ လက်ခံလိုက်ပြီဆိုရင် ကျနော်တို့ဘာမှလုပ်နိုင်မှာ မဟုတ်တော့ဘူး။ ရန်သူရဲ့ အလုပ်ကို ကိုယ်က လုပ်ပေးသလိုမျိုးဖြစ်နေတယ်။ ဒါကြောင့် ကာကွယ်ရေးဌာနက ထုတ်တဲ့စာကို ကျနော်တို့ လက်မခံနိုင်ဘူး” ဟု ဖော်ပြထားသည်။
ထိုအထဲတွင် “ရန်သူနဲ့ NCA လုပ်တဲ့ ခေါင်းဆောင်တွေ နောက်ကို ကျနော်တို့ မလိုက်နိုင်တော့ဘူး” ဟုပါရှိပြီး ထိုအချက်သည် မိခင်အဖွဲ့အစည်း ဆုံးဖြတ်ချက်ကို မလိုက်နာဘဲ ကိုယ့်သဘောနှင့် ကိုယ် သွားမည်ဆိုသည့် သဘောကို ဆောင်နေသဖြင့် ကရင်နိုင်ငံရေး အသိုင်းအဝိုင်းက စိုးရိမ်နေကြခြင်း ဖြစ်သည်။
ဗိုလ်မှူးချုပ် နယ်ဒါးမြသည် KNDO ၏ စစ်ဦးစီးချုပ်ဖြစ်ပြီး ကွယ်လွန်သွားပြီ ဖြစ်သော KNU ဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ်ကြီး စောဘိုမြ၏ ဒုတိယမြောက် သားလည်း ဖြစ်သည်။
ဗိုလ်မှူးချုပ် နယ်ဒါးမြ၏ တုန့်ပြန်ချက်နှင့် ပတ်သက်၍ KNU တာဝန်ရှိသူ တဦး က “အခု မလိုက်နာဘူးလို့ ပြောတာက သူ့ရဲ့အပိုင်း ဖြစ်သွားပြီ။ လက်ရှိ အနေအထားကို လက်မခံဘူးဆိုတော့ မှားတယ်မှန်တယ် ဘာမှမပြောချင်တော့ဘူး။ သူ ကတော့ သူ့လမ်းကို သူရွေးမယ်။ သူ့ဟာသူ သွားတော့မယ်လို့ ပြောလိုက်တာပေါ့” ဟု မှတ်ချက်ပြုသည်။
ဗိုလ်မှူးချုပ် စောနယ်ဒါးမြနှင့် ဗိုလ်စောဘာဝါးတို့ ၂ ဦးကို တာဝန်မှ ယာယီရပ်ဆိုင်မှုနှင့် ပတ်သက်ပြီး စိတ်ဝမ်း မကွဲစေဘဲ အချင်းချင်း တွေ့ဆုံညှိနှိုင်းပြီး အဖြေရှာသွားရန် ပြည်ပ ၈ နိုင်ငံကို ရောက်ရှိနေကြသည့် ကရင်အဖွဲ့အစည်းများက ဇူလိုင် ၁၂ ရက်နေ့တွင် KNU ခေါင်းဆောင်များထံ စာပို့တောင်းဆိုခဲ့ကြသည်။
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြို့၊ ကနဲလေးကျေးရွာနှင့် မော်ခီးကျေးရွာကို ဆက်သွယ်မည့် အူးဟူချောင်းတံတား တည်ဆောက်ရေးလုပ်ငန်းခွင်က အရပ်သား ၂၅ ဦးကို KNDO က သတ်ဖြတ်ခဲ့ကြောင်း စစ်ကောင်စီ က ဇွန်လ ၁၃ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။
KNDO ဦးဆောင်သည့် ပူးပေါင်းတပ်များသည် မေလ ၃၁ ရက်နေ့ကစ၍ ဝေါလေမြို့နယ်တွင် အာဏာသိမ်း စစ်တပ်နှင့် တိုက်ပွဲအပြင်း အထန်ဖြစ်ပွားခဲ့ပြီးနောက် အူးဟူချောင်းတံတား လုပ်ငန်းခွင်က အမျိုးသား ၃၁ ဦးနှင့် အမျိုးသမီး ၆ ဦးနှင့် ကလေး ၁၀ ဦး စုစုပေါင်း ၄၇ ဦးကို ဖမ်းဆီးသွားခဲ့သည်။
ထို့နောက် ဖမ်းဆီးထားသည့် အထဲမှ အမျိုးသား ၆ ဦးနှင့် ကလေး ၁၀ ဦးကို ပြန်လွှတ်ပေးခဲ့သော်လည်း အမျိုးသား ၂၅ ဦး၎င်းတို့ လက်ထဲတွင် သေဆုံးခဲ့သည်။ ထိုရုပ်အလောင်းများ မြှုပ်နှံခဲ့သည့်နေရာကို စစ်ကောင်စီက တူးဖော်ပြီး ၎င်းတို့အာဘော် မီဒီယာများမှတဆင့် သတင်းဖော်ပြခဲ့သည်။
KNDO ကတော့ အဆိုပါ ၂၅ ဦးသည် လမ်းလုပ်သားယောင် ဆောင်ထားသည့် စစ်သားနှင့် စစ်သတင်းပေးများ ဖြစ်ပြီး စစ်ယူနီဖောင်းနှင့် စစ်ဘက်ဆိုင်ရာ အသုံးအဆောင် အထောက်အထားများလည်း ရရှိထားသည်ဟု ဗိုလ်မှူးချုပ် နယ်ဒါးမြ၏ ပြောရေးဆိုခွင့်ရှိသူ စောဝါးနေနူးက ဧရာဝတီသို့ ဖြေကြားထားသည်။
ထိုအထဲတွင် သေဆုံးသူများထဲမှ အချို့သည် စစ်ကောင်စီတပ်ဘက်မှ ထိုးစစ်ဆင်ချိန်တွင် လက်နက်ကြီး ထိမှန်သေဆုံးခြင်းဖြစ်ကြောင်းနှင့် အချို့မှာ ထွက်ပြေးသဖြင့် ၎င်းတို့ကိုယ်တိုင် ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း တုန့်ပြန်ဖြေရှင်းထားသည်။
ထိုဖြစ်စဉ်နှင့်ပတ်သက်ပြီး KNU စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် ဇူလိုင်လ ၅ ရက်နေ့က ဗဟိုကော်မတီ အစည်းအဝေး တရပ်ကျင်းပခဲ့ပြီး ၈ ရက်နေ့တွင် ကာကွယ်ရေးဝန်ကြီးဌာနက ဗိုလ်မှူးချုပ် စောနယ်ဒါးမြ နှင့် ဗိုလ် စောဘာဝါး တို့ကို တာဝန်မှ ယာယီ ရပ်ဆိုင်းကြောင်း ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံဆိုင်ရာ UN ရုံးကလည်း KNDO ဖမ်းဆီးသွားပြီး သေဆုံးသွားသည့် ၂၅ ဦး ကိစ္စနှင့် ပတ်သက်ပြီး စိုးရိမ်ထိတ်လန့်ကြောင်း ဇွန်လ ၁၇ ရက်နေ့က သတင်းထုတ်ပြန်ခဲ့သည်။
လူအစုလိုက် သေဆုံးခဲ့မှုအား စုံစမ်းမှုများ ပြုလုပ်နေစဉ် တာဝန်က ယာယီ ရပ်ဆိုင်းလိုက်မှုအပေါ် လက်မခံကြောင်း ဗိုလ်မှူးချုပ် စောနယ်ဒါးမြက ဇူလိုင် ၁၁ ရက်နေ့တွင် တန်ပြန်ကြေညာသော်လည်း KNU ကမူ လုပ်ထုံးလုပ်နည်းအရ စုံစမ်းစစ်ဆေးမှုများအား ဆက်လက် လုပ်ဆောင်သွားမည်ဟု ဆိုသည်။
KNU နိုင်ငံခြားရေးဌာန အကြီးအကဲ ပဒိုစောတောနီးက “လုပ်ငန်းစဉ်တွေက ကျနော်တို့ ကြေညာထားတဲ့အတိုင်း တဆင့် ပြီးတဆင့် ဆက်လုပ်သွားမှာပါ။ ဒီလောက်ပဲ ပြောလို့ရပါတယ်” ဟု ဧရာဝတီကို ပြောသည်။
ဗိုလ်မှူးချုပ်နယ်ဒါးမြကို ပုဂ္ဂိုလ်ရေးမပါဘဲ KNU တွင် နှစ်ပေါင်း ၇၀ ကျော်ကြာ ကျင့်သုံးလာသော မူဝါဒအတိုင်း ဆောင်ရွက်ခြင်းသာ ဖြစ်သည်ဟု KNU တာဝန်ရှိသူ တဦးကလည်း ဧရာဝတီကို ပြောသည်။
၎င်းက “ဒီလိုမျိုးဖြစ်ရင် ကျနော်တို့ ကိုင်တွယ်ပုံက တခုတည်း။ ချစ်သည် မုန်းသည် လုံးဝ မပါဘူး။ အဲဒါကြောင့် သူ့ကို ယာယီ တာဝန်က ရပ်ဆိုင်းထားတာ။ သူ့ကို ထုတ်တာ မဟုတ်ဘူး” ဟု ဆိုသည်။
KNU သည် စစ်ပွဲအတွင်း လက်နက်ကိုင်အဖွဲ့များ စောင့်ထိန်းရမည့် ဂျနီဗာကွန်းဗန်းရှင်းပါ အချက်များကို သဘောတူ ကြောင်း လက်မှတ်ထိုးထားသည့် လက်နက်ကိုင် အဖွဲ့တဖွဲ့ဖြစ်ပြီး လူအစုလိုက် သတ်ဖြတ်ခြင်းကို လက်ခံ၍ မရကြောင်း၊ မြန်မာစစ်တပ်နှင့် တိုက်ပွဲဖြစ်ပွားသည့် KNU တပ်မဟာ (၅) သည်ပင် ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများကို သတ်ဖြတ်ခြင်း မရှိကြောင်းလည်း ၎င်းက ပြောဆိုသည်။
လုပ်ထုံးလုပ်နည်းအရဆိုလျှင် ဗိုလ်မှူးချုပ် နယ်ဒါးမြနှင့် ဝေါလေဖြစ်စဉ်တွင် တာဝန်ရှိသူများကို တာဝန်မှ ယာယီရပ်ဆိုင်း ထားစဉ် ကာလအတွင်း KNU ဗဟိုအလုပ်အမှုဆောင်ကော်မတီက ဖွဲ့စည်းထားသည့် လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မတီက ဖြစ်စဉ်ကို စုံစမ်းကာ တွေ့ရှိချက်များအား KNU တရားရေးဌာနသို့ တင်ပြရမည် ဖြစ်သည်။
တရားရေးဌာနက အပြစ်ရှိကြောင်း တွေ့ရှိပါက ဗိုလ်မှူးချုပ် နယ်ဒါးမြနှင့် တာဝန်ရှိသူများကို အရေးယူမည်ဖြစ်ပြီး အပြစ်မရှိ ပါက မူလတာဝန် ပြန်လည်ထမ်းဆောင်နိုင်မည် ဖြစ်ကြောင်း သိရသည်။
ဖခင်ဖြစ်သူ ဗိုလ်ချုပ်မြ က ၂၀၀၄ ခုနှစ်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးနေစဉ် KNU တပ်မဟာ ၃ က အမိန့်မရဘဲ စစ်တပ်စခန်းတခုကို တိုက်ခိုက်သိမ်းပိုက်ခဲ့သဖြင့် KNU ၏ ညွှန်ကြားချက် အမိန့်မနာခံဟုဆိုကာ တပ်မဟာ ၃ တာဝန်ရှိသူများကို ဗိုလ်ချုပ်မြ ကိုယ်တိုင် အရေးယူခဲ့သည်။
KNU တာဝန်ရှိသူ တဦး က “ဗိုလ်ချုပ်မြဟာ သူသည် KNU ၏ မူဝါဒလုပ်ငန်းစဉ်မှာ ပြတ်သားတယ်။ နိုင်ငံရေးမှာလည်း အပြည်ပြည်ဆိုင်ရာက ချမှတ်ထားတဲ့ စစ်သားတိုင်း လိုက်နာရမယ့် စစ်သည်တော် ကျင့်ဝတ်ကို သူလိုက်နာခဲ့သူပါ။ ခွဲခြားစိတ်ဖြာပြီး လုပ်သင့်လုပ်ထိုက်တာကို သူလုပ်တယ်။ သူသာ အခုချိန်မှာရှိရင် ဒီထက်ကြီးလေးတဲ့ အပြစ်ကို သူပေးမှာ သေချာတယ်” ဟု ရှင်းပြသည်။
You may also like these stories:
စစ်ကောင်စီက အောက်ဆီဂျင်ကို ပိတ်ပင်တာ လူသတ်တာလား
ဆေးဆိုင်များတွင် အိမ်သုံးဆေးဝါး ပစ္စည်းပြတ်၍ အကန့်အသတ်ဖြင့် ဝယ်နေရ