“ပြည်သူလူထုရဲ့ ပူးပေါင်းဆောင်ရွက်မှု၊ တိုင်းသူပြည်သားတွေရဲ့ တာဝန်သိသိ ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ လုပ်မယ် ဆိုရင်တော့ ကျော်လွှားနိုင်မယ်လို့ ကျနော် ပြောလိုပါတယ်။ အဲဒါကို အဓိကထား ပြောလိုပါတယ်” ဟု အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဇူလိုင်လ ၁၀ ရက် ကိုဗစ်ရောဂါ ကာကွယ် ထိန်းချုပ်ရေးဆိုင်ရာ အစည်းအဝေးတွင် ပြောဆိုချိန်တွင် ကိုဗစ်တတိယလှိုင်းသည် မြန်မာန်ိုင်ငံကို အပြင်းထန်ဆုံး ရိုက်ခတ်နေပြီ ဖြစ်သည်။ ယခင် အရပ်သားအစိုးရ ရင်ဆိုင်ဖြေရှင်းခဲ့သည့် ပထမလှိုင်း၊ ဒုတိယလှိုင်းများကဲ့သို့ ကောင်းမွန်လုံခြုံစိတ်ချရသည့် ကျန်းမာရေးနှင့် လူမှုစောင့်ရှောက်ရေး စနစ်ကို အာဏာသိမ်းစစ်တပ်က အကြမ်းဖက်ဖြိုချဖျက်ဆီးအပြီး အရှိန်အဟုန်ဖြင့် မြင့်တက်လာနေသော တတိယလှိုင်းကို ကိုင်တွယ်ရင်ဆိုင်ရန် အကြံကုန်လာအပြီး ထိုကဲ့သို့ ပြည်သူဘက် တာဝန်ယူလာခိုင်းသည့် စကားပြောလာခဲ့သည်။
သို့သော် ယခု လူထုကျန်းမာရေးအကျပ်အတည်းတွင် စစ်ကောင်စီ၏ ကိုဗစ်ရောဂါထိန်းချုပ်ရေးအပေါ် ပြည်သူလူထုက အယုံအကြည်ကင်းမဲ့နေသည်။ “စစ်ကောင်စီက ပြည်သူတွေရဲ့အာရုံစိုက်မှုနဲ့ စွမ်းအင်တွေကို ဒီပြဿနာဖက်ကို လှည့်ပေးပြီး လူမှုအာဏာဖီဆန်ရေး လှုပ်ရှားမှုကို အရှိန်ကုန်သွားစေချင်တာ။ စစ်ကောင်စီက ဒီကူးစက်ရောဂါကို တကယ်တော့ တိုက်ဖျက်ချင်တာ မဟုတ်ဘူး” ဟု ဝေဖန်ပြောဆိုမှုမျိုးက မကြားချင်အဆုံး ဖြစ်နေသည်။
အမှန်တကယ်လည်း အာဏာသိမ်း စစ်ကောင်စီသည် ကိုဗစ်တတိယလှိုင်းကို ထိရောက်စွာ ကိုင်တွယ်နိုင်စွမ်း မရှိပေ။
လူသေဆုံးမှုဖြစ်ပြီဆိုလျှင် အလိုအလျောက် အကူအညီပေးသည့် နာရေးကူညီမှုအသင်းများပင် စစ်ကောင်စီက အကြမ်းဖက်နှိပ်ကွပ်ထားသောကြောင့် ကစဉ့်ကလျား ပြိုကွဲကုန်ကြပြီ ဖြစ်သည်။
စစ်အာဏာရှင်ယန္တရားကို ဆန့်ကျင်ပြီး အကြမ်းမဖက်တော်လှန်ရေး CDM ပြုလုပ်ခဲ့သည့် ကျန်းမာရေးဝန်ထမ်းများကို ဖမ်းဆီးနှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်း၊ ခြိမ်းခြောက်ခြင်းတို့နှင့်အတူ ကျန်းမာရေးယန္တရား လုံးဝနီးပါး ရပ်ဆိုင်းသွားခဲ့ရသည်။ ထို့ပြင် ပထမလှိုင်းနှင့် ဒုတိယလှိုင်းဖြစ်ပွားစဉ်က ရွေးကောက်ခံ အရပ်သားအစိုးရကို အင်တိုက်အားတိုက် ပံ့ပိုးပေးခဲ့ကြသည့် Volunteer အဖွဲ့များနှင့် ဘဏ္ဍာရေးထောက်ပံ့ကူညီသူများမှာ ယခုတကြိမ်တွင် လုံးဝ မရှိတော့ပေ။ အဆုံးစွန်ပြောရလျှင် ယခင်က ရပ်ရွာလူမှုအသိုင်းအဝိုင်းကြား လူသေဆုံးမှုဖြစ်ပြီဆိုလျှင် အလိုအလျောက် အကူအညီပေးသည့် နာရေးကူညီမှုအသင်းများပင် စစ်ကောင်စီက အကြမ်းဖက်နှိပ်ကွပ်ထားသောကြောင့် ကစဉ့်ကလျား ပြိုကွဲကုန်ကြပြီ ဖြစ်သည်။
လက်ရှိ ကိုဗစ်ဖြစ်ပွားမှုတွင် လုပ်ဆောင်နေသည့် ပရဟိတအဖွဲ့ဝင် တဦးက “ဒုတိယလှိုင်းတုန်းကဆိုရင် လူငယ်၊ လူရွယ်တွေနဲ့ အရွယ်သုံးပါး အကုန်လုံးက သူတို့ တတ်နိုင်တဲ့ဘက်က ထောင့်ပေါင်းစုံက ပါဝင်ကြတယ်။ အခုတတိယလှိုင်းမှာ လူငယ်တွေ အကုန်လုံးက တော်လှန်ရေးဘက်မှာ ရောက်နေတယ်။ သူတို့ရဲ့ ပါဝင်မှုကလည်း အားလျော့သွားတယ်”ဟု ပြောသည်။
စစ်ကောင်စီကျန်းမားရေးနှင့် အားကစား ဝန်ကြီးဌာန၏ တရားဝင်စာရင်းအရ နိုင်ငံရှိမြို့နယ်ပေါင်း ၃၃၀ အနက် ၂၉၆ မြို့နယ်တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစစ်ခံနေရသည်။ လက်ရှိအချိန်တွင် ကိုဗစ်တတိယလှိုင်းတွင် ပိုးတွေ့ရှိသူ ၅၃,၀၀၀ ကျော်ရှိလာပြီး သေဆုံးသူ ၇၁၁ ဦးအထိ ရှိပြီဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားချက်အရ သိရသည်။ Johns Hopkins University တက္ကသိုလ် ကိုရိုနာဗိုင်းရပ်စ်စောင့်ကြည့်ရေးဌာန၏ အဆိုအရ မြန်မာနိုင်ငံတွင် စုစုပေါင်း ကူးစက်မှု ၁၁၈၇၅၂ ခုနှင့် သေဆုံးမှု ၃၇၅၆ ခုရှိကြောင်းပြသနေသော်လည်း ထိုကိန်းဂဏန်းများသည် တရားဝင်စာရင်းကို အားကိုးသူများအတွက်ပင် အဖျားအနားမျှသာဖြစ်သည်။
စစ်ကောင်စီသည် ကိုဗစ်ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများနှင့် ပတ်သက်ပြီး ပွင့်လင်းမြင်သာမှု မရှိတော့သည့် အခြေအနေကိုလည်း သိသိသာသာ မြင်တွေ့ရပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လူမှုကွန်ယက်စာမျက်နှာသည် ဝေဖန်မှတ်ချက်ပေးခွင့်ကိုပါ ပိတ်ထားသည့် အခြေအနေဖြစ်သည်။
ကျန်းမာရေးပညာရှင် ဒေါက်တာသိန်းဝင်းက “MOHS ဝက်ဘ်ဆိုက်ကို သွားကြည့်လိုက်ရင် ဖေဖော်ဝါရီမတိုင်ခင် ဇန်နဝါရီအထိမှာ လုပ်ထားတဲ့ အနေအထားတွေ တွေ့ရတယ်။ စစ်ကောင်စီရဲ့ဝက်ဘ်ဆိုက်မှာဆို ဘာမှ မတွေ့ရတော့ဘူး။ နှုန်းတွေ သေသေချာချာ ဖော်ပြတာတွေ မရှိတော့ဘူး။ ကိုဗစ်စဖြစ်တဲ့ မတ်လ ၂၀၂၀ ကနေ အခုချိန်ထိ ဘယ်လိုဖြစ်ပါတယ်ဆိုတာ ရောချလိုက်တယ်။ ငါတို့အနေအထားမှာ ဘယ်လိုဆိုတာ မပြဘူး။ ရှင်းရှင်းပြောပြရင် စာရင်းအင်းနဲ့ ညာတဲ့ လုပ်ငန်းပါ”ဟု ပြောသည်။
ကိန်းဂဏန်းများကို ဆက်စပ်လိုက်ပါက စစ်ဆေးမှု အားလုံး၏ ၃ ပုံ ၁ ပုံသည် ကူးစက်ခံရကြောင်းပြသနေသည်။
ဇူလိုင်လ ၁၀ ရက်နေ့တွင် နိုင်ငံတဝှမ်း စစ်ဆေးမှု ၁၅၁၂၈ ခုတွင် ကူးစက်မှုသစ် ၄၃၇၇ ခုရှိကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနကကြေညာသည်။ ထိုကိန်းဂဏန်းများကို ဆက်စပ်လိုက်ပါက စစ်ဆေးမှု အားလုံး၏ ၃ ပုံ ၁ ပုံသည် ကူးစက်ခံရကြောင်းပြသနေသည်။ လူမှု ကွန်ယက်တခုလုံးတွင်လည်း ကိုဗစ်ကူးစက်ခံရသူ၊ ကိုဗစ်ကြောင့် သေဆုံးရသူ၊ ကိုဗစ်မှ လွတ်မြောက်လာသူ၊ ကိုဗစ်ကြောင့် အောက်ဆီဂျင် လိုအပ်သူ၊ အောက်ဆီဂျင် ကူညီသူ၊ သွေးတွင်း အောက်ဆီဂျင် တိုင်းစက်ရောင်း သူ၊ လှူသူက၊ ဝယ်သူတို့၏ သတင်းအချက်အလက်များက ပလူပျံနေသည်။
ထိုသို့ အပြင်းအထန် ကိုဗစ်ကို ရင်ဆိုင်နေရချိန်တွင် ပုဂ္ဂလိက ပံ့ပိုးမှုဖြင့် လည်ပတ်နေသည့် အသွားအလာ ကန့်သတ်စင်တာများ၊ ကိုဗစ်ကုသရေးစင်တာများ လုံးဝနီးပါး ရပ်ဆိုင်းသွားပြီး ဆေးရုံ၊ ဆေးခန်းများတွင် ဆေးဝါး ပြတ်လပ်ခြင်း၊ ဝန်ထမ်းမလုံလောက်ခြင်း၊ ကူးစက်သူနှင့် ထိစပ်သည့်ဝန်းကျင်တခုလုံးကို ကိုဗစ်စစ်ဆေးသည့် စနစ် ရပ်ဆိုင်းသွားခြင်း၊ ဘဏ္ဍာငွေ မလုံလောက်တော့ခြင်းစသည့် ပြဿနာများဖြင့် စစ်ကောင်စီ၏ ညံ့ဖျင်းလှသော အစီအမံများ အောက်တွင် ပြည်သူလူထု အသက်များမှာ ကိုဗစ်ကြောင့် အတုံးအရုံးကြွေလွင့်လျက်ရှိသည်။ ရန်ကုန်ရှိ သုသာန်များတွင် နေ့စဉ် သေဆုံးသူနှုန်း ရုတ်တရက် မြင့်တက်သွားခဲ့သည်။ ဧရာဝတီမှ ရရှိသော ဇူလိုင်လ ၁၃ ရက် သတင်းအချက်အလက်များအရ ရေဝေးတွင် ၂၃၁ ဦး၊ ထိန်ပင်တွင် ၄၂၀ ဦးနှင့် ကျည်စုတွင် ၈၀ ဦးတို့ သင်္ဂြိုဟ်ခဲ့ရကြောင်း သိရသည်။
ရန်ကုန်မြို့ခံ ပြည်သူတဦး၏ လူမှုကွန်ယက်စာမျက်နှာတွင်“ကျနော့်ယောက်ဖရဲ့အဖေ အခုမနက် ဆုံးသွားပါပြီ။ မနေ့က သားဆုံးတယ်။ ဒီကနေ့အဖေဆုံးတယ်။ ပြောစရာ စကားလုံးမရှိလောက်အောင် ဖြစ်နေပါပြီ”ဟု ရေးသားထားသည်။ ထိုဖြစ်စဉ်နည်းတူ မိသားစုဝင်များ ကိုဗစ်ကူးစက်ခံရပြီး ရှေ့ဆင့်နောက်ဆင့် သေဆုံးမှုများလည်း ရှိနေသည်။
ကိုဗစ်ကူးစက်ခံရသူများကို ဆေးရုံ၊ ဆေးခန်းများ ကိုဗစ်ကုသရေး စင်တာများတွင် စောင့်ရှောက်သည့် စနစ် ပျက်ယွင်းရသည့် အကျိုးဆက်လည်း ဖြစ်သည်။ အများစုမှာ အောက်ဆီဂျင် ရုတ်တရက်ကျဆင်းမှုနှင့်အတူ အသက်ရှူအားကူမပေးနိုင်သည့်အတွက် သေဆုံးရခြင်း ဖြစ်သည်။ ရန်ကုန်မြို့အပါအဝင် ကိုဗစ်တတိယလှိုင်းကို အပြင်းအထန်ရင်ဆိုင်နေရသည့် မြို့အသီးသီးတွင် အဓိက အကျဆုံး ရင်ဆိုင်နေရသည့် ပြဿနာတရပ်မှာ အောက်ဆီဂျင်ပြတ်လပ်ခြင်းဖြစ်သည်။
ပြည်သူလူထု၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ကိုဗစ်ကို ကျော်လွှားမည်ဟု ပြောကြားခဲ့သော်လည်း လက်တွေ့တွင် စစ်ကောင်စီသည် အောက်ဆီဂျင် ဖြည့်သွင်းမှုများကို ကန့်သတ်ချုပ်ချယ်ပိတ်ပင်မှုများ ပြုလုပ်သည်။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မင်းကြီး မင်းအောင်လှိုင်က ပြည်သူလူထု၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ကိုဗစ်ကို ကျော်လွှားမည်ဟု ပြောကြားခဲ့သော်လည်း လက်တွေ့တွင်မူ စစ်ကောင်စီသည် ပုဂ္ဂလိက အစီအစဉ်ဖြင့် အောက်ဆီဂျင် ဖြည့်သွင်းမှုများကို ကန့်သတ်ချုပ်ချယ်ပိတ်ပင်မှုများ ပြုလုပ်ခဲ့ပြန်သည်။ အောက်ဆီဂျင်အဓိက လိုအပ်နေသည့် ဆေးရုံ ၊ ဆေးခန်းများကို ဖြန့်ချိပေးရန်အတွက် ပုဂ္ဂလိက အောက်ဆီဂျင်ထုတ် စက်ရုံများတွင် တဦးချင်းလာရောက်ဖြည့်သွင်းမှုများကို ကန့်သတ်လိုက်ခြင်းဖြစ်ကြောင်း စစ်ကောင်စီ သတင်းနှင့်ပြန်ကြားရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက သတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖော် ပြောကြားခဲ့သည်။
အရေးပေါ် အခြေအနေတွင် ဆေးရုံသို့ တိုက်ရိုက်သွားရောက် ကုသခြင်းကိုပင် ကန့်သတ်ထား သောကြောင့် အိမ်ပြန်ကုသနေရသူများအတွက် ယင်းသို့ ကန့်သတ်ထိန်းချုပ်မှုများက အထောက်အကူ မဖြစ်ပေ။
စစ်ကောင်စီ၏ ထုတ်ပြန်ချက်များအရ အောက်ဆီဂျင်လိုအပ်လျင်ဖြစ်စေ၊ ဆေးရုံတက်ရောက် ကုသလိုလျင်ဖြစ်စေ သက်ဆိုင်ရာ နယ်မြေမှ ကျန်းမာရေးဝန်ထမ်းများ၏ ထောက်ခံချက် လိုအပ်လာသည့် အခြေအနေဖြစ် သော်လည်း ဆေးရုံများက လက်ခံကုသမပေးနိုင်ကြပေ။ ကိုဗစ်ရောဂါပိုး ရှိသူဖြစ်စေ၊ ထိစပ်သူကို ဖြစ်စေ စောင့်ရှောက်ကုသရန် သို့မဟုတ် အခြားသူကို မကူးစက်နိုင်ရေး ကာကွယ်ထိန်းချုပ်နိုင်ရန် ကွာရတင်း စင်တာများလည်း အဆင်သင့် ရှိမနေ၊ ရှိနေသော်လည်း ဝန်ဆောင်မှု အရည်အသွေး ညံ့ဖျင်းလွန်းနေပြီး အများပြည်သူ၏ ယုံကြည်ကိုးစားမှုကို မရရှိပေ။
“အရင်တုန်းကတော့ အနံ့ပျောက်တဲ့သူ P Contact တွေ ရှိရင် သက်ဆိုင်ရာ Q စင်တာကို ပို့ရတာ အရမ်းလွယ်တယ်ဗျာ။ အခုတော့ P Contact တွေ ရှိရင်တောင် အိမ်မှာ နေနေရတယ်။ ရှင်းရှင်းပြောရင် ဒုတိယလှိုင်းလို ချက်ချင်းတုန့်ပြန်ဖို့ ကော်မတီတွေ ဘာတွေမရှိဘူး”ဟု ရန်ကုန်မြို့ အခြေစိုက် ပရဟိတအဖွဲ့မှ အဖွဲ့ဝင်တဦးက ပြောသည်။
သို့ဖြစ်ရာ နောက်ဆုံး ပြည်သူလူထုသည် စစ်ကောင်စီ၏ ချို့တဲ့အားနည်းပြီး အကန့်အသတ်များလှသော ကိုဗစ်ကုသရေး အစီအမံများအစား နေအိမ်တွင် မိမိအစီအစဉ်ဖြင့် ကုသမှုကို ရွေးချယ်ပြီး ကိုဗစ်ကို ရင်ဆိုင်ရတော့သည်။
မြန်မာနိုင်ငံ၏ မြို့ပြကျန်းမာရေးစနစ်သည် အကောင်းဆုံးအချိန်တွင်ပင် ပျက်စီးယိုယွင်းနေပြီး ရင်းမြစ်လွန်စွာ ချို့တဲ့သည်။ ကျေးလက်ကျန်းမာရေးဌာန မရှိသလောက်ပင် ဖြစ်သည်။ ထိုသို့ဖြစ်ရခြင်းမှာ အများပြည်သူ ကျန်းမာရေးထက် လက်နက်အတွက် ငွေအလွန်အကျွံသုံးသော စစ်အစိုးရများ၏ အမွေဖြစ်သည်။
ယခုအခါ ကိုဗစ်ကူးစက်မှု လှိုင်းသစ်ဖြစ်ပြီး ဆေးရုံများတွင် ကုတင်မလုံလောက်တော့ကြောင့် ကျန်းမာရေး ဝန်ထမ်းများက လူနာများကို ငြင်းပယ်နေရသည်။ အောက်ဆီဂျင်မှ ဆေးကိရိယာများနှင့် ကာကွယ်ဆေးအထိ အရာရာချို့တဲ့နေကြောင်း သတင်းများက ဆိုသည်။
အရပ်သား အစိုးရလက်ထက်တွင် ပြည်သူအများစု လှူဒါန်းထားသော ကိုဗစ်ရံပုံငွေများစွာမှာမူ စာရင်းမရှိ၊ အင်းမရှိ ပျောက်ဆုံးသွားခဲ့သည်။
အရပ်သား အစိုးရလက်ထက်တွင် ပြည်သူအများစု လှူဒါန်းထားသော ကိုဗစ်ရံပုံငွေများစွာမှာမူ စာရင်းမရှိ၊ အင်းမရှိ ပျောက်ဆုံးသွားခဲ့သည်။ အာဏာသိမ်းပြီးစ ဖေဖော်ဝါရီလအတွင်းကမူ ကိုဗစ်-၁၉ ကာကွယ်ဆေးဝယ်ယူရန် ပါဝင်လှူဒါန်းလိုသူများကို ဖိတ်ခေါ်ကြောင်းနှင့် ပွင့်လင်းမြင်သာစွာ အသုံးပြုမည်ဟု စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တပ်မတော်ပိုင် မြဝတီရုပ်သံမှ တဆင့်ပြောကြားခဲ့သေးသည်။
ထိုစဉ်က “ပြည်သူများ လှူဒါန်းထားတဲ့ ကိုဗစ်-၁၉ လှူဒါန်းငွေတွေကို ကျနော်တို့ ယခင်အတိုင်းပဲ စနစ်တကျ ထိန်းသိမ်းထားရှိပါတယ်။ ထပ်မံလှူဒါန်းလိုသူတွေကိုလည်း ဖိတ်ခေါ်အပ်ပါတယ်”ဟု ပြောခဲ့သည်။ “ကျေးလက်နေ ပြည်သူများ၊ ရဟန်းသံဃာများပါမကျန် မြန်မာနိုင်ငံအနှံ့ ကာကွယ်ဆေးထိုးနှံ့ရေး အလေးထား ဆောင်ရွက်သွားပါ့မယ်” ဟု ပြောခဲ့သည်။
သို့သော် စစ်ကောင်စီ၏ ကာကွယ်ဆေးထိုးအစီအစဉ်က ဖရိုဖရဲ ဖြစ်ပြီး ပြည်သူလူထုက လုံးဝယုံကြည်မှု မရှိသဖြင့် ကျရှုံးခဲ့သည်။ ကိုဗစ်ကာကွယ်ဆေးများကို ရည်ညွှန်းအုပ်စုများအတိုင်း အစီအစဉ်အလိုက်မထိုးနှံဘဲ မည်သူမဆို လာရောက်ထိုးနှံနိုင်ကြောင်း ဖိတ်ခေါ်ပြီး ထိုးသည့်အခြေအနေဖြစ် ပြီး ဆေးအစွမ်းအစ မည်မျှရှိကြောင်းလည်း ဆေးသုတေသန ဝေဖန်ချက်များလည်း မရှိပေ။
ကာကွယ်ဆေးအတွက် မျှော်လင့်ချက် မမြင်ရပေ။ ယခုနှစ် ဇန်နဝါရီလတွင် အိန္ဒိယက မြန်မာနိုင်ငံသို့ AstraZeneca ကာကွယ်ဆေး ၁.၅ သန်းလက်ဆောင်ပေးသည်။ သို့သော် အာဏာသိမ်းအပြီးတွင် စစ်ကောင်စီသည် ကာကွယ်ဆေးအတွက် မဟာမိတ်များဖြစ်သော တရုတ်နှင့် ရုရှားကို အားကိုးနေသည်။ ဇွန်လနှောင်းပိုင်းက မော်စကိုသို့သွားရောက်စဉ် မင်းအောင်လှိုင်နှင့် ရုရှားမှ RIA သတင်းဌာနတို့ တွေ့ဆုံမေးမြန်းရာတွင် မြန်မာနိုင်ငံသည် ရုရှား၏ Sputnik ကာကွယ်ဆေး ၇ သန်းဝယ်ယူရန် ညှိနှိုင်းနေကြောင်းပြောသည်။ သို့သော်ထိုကာကွယ်ဆေးကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အတည်ပြုခြင်း မရှိသေးပေ။
ထိုကာကွယ်ဆေးများသည် မေလက မြန်မာန်ိုင်ငံသို့ ပေးပို့ခဲ့သည့် တရုတ်လုပ်ကာကွယ်ဆေး ၅ သိန်းအပြင် ထပ်မံဝယ်ယူမည့်ဆေးများဖြစ်သည်။ လာမည့်လများတွင် တရုတ်ထံမှ ကာကွယ်ဆေး အနည်းဆုံး ၁ သန်း ဝယ်ယူရန်လည်း စီစဉ်ထားသည်။ သို့သော် ထိုကာကွယ်ဆေးအစီအစဉ်ကို မည်သူတို့ဖြင့် မည်သို့အကောင်အထည်ဖေါ်မည်ကို ရှင်းရှင်းလင်းလင်းမသိရပေ။ လက်ရှိအချိန်အထိ မြန်မာနိုင်ငံသို့ပေးပို့ပြီးသော ကာကွယ်ဆေး စုစုပေါင်းမှာ ၄ သန်း သို့မဟုတ် နိုင်ငံလူဦးရေ၏ ၄ ရာခိုင်နှုန်းအတွက်မျှသာ ရှိသေးသည်။
ရွေးကောက်ခံအစိုးရလက်ထက်တွင် အရှေ့တောင်အာရှ နိုင်ငံများအနက် ကိုဗစ်ကာကွယ်ဆေး အစောဆုံး ရရှိ ထိုးနှံသည့် နိုင်ငံဖြစ်ခဲ့သော်လည်း အဆိုပါ အစီအစဉ်အားလုံးမှာ စစ်ကောင်စီလက်အောက်တွင် ပျက်သုဉ်းသွားခဲ့ခြင်းလည်းဖြစ်သည်။ အကယ်၍ အာဏာသိမ်းမှု မဖြစ်ပေါ်ခဲ့လျင် သတ်မှတ်ရည်ညွှန်းအုပ်စုဝင် ပြည်သူလူထု၏ ၆၀ ရာခိုင်နှုန်းခန့်မှာ ဧပြီလတွင်ပင် ကာကွယ်ဆေးထိုးပြီးသည့် အခြေအနေသို့ ရောက်ရှိနေမည်ဖြစ်ပြီး ကမ္ဘာ့ကျန်းမာရေး အဖွဲ့၏ စံချိန်စံညွှန်းများနှင့်အညီပင် ကိုဗစ်ကို နိုင်နိုင်နင်းနင်း ထိန်းကျောင်းနိုင်မည် ဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ CDM ဆရာဝန်ကြီး တဦးက ပြောသည်
“ကာကွယ်ဆေး အစီအမံက ကျနော်တို့ နေ့မနား၊ ညမနား အတော် အားစိုက်လုပ်ခဲ့ကြတာ။ အခုတော့ သိတဲ့အတိုင်း လုံးဝကို ပျက်ဆီးသွားပြီ”ဟု ၎င်းက ပြောသည်။
You may also like these stories:
စစ်ကောင်စီက အောက်ဆီဂျင်ကို ပိတ်ပင်တာ လူသတ်တာလား
မြန်မာပြည်တွင် အောက်စီဂျင် အရေးပေါ် လိုနေသည်
ဆေးဆိုင်များတွင် အိမ်သုံးဆေးဝါး ပစ္စည်းပြတ်၍ အကန့်အသတ်ဖြင့် ဝယ်နေရ
ထိုင်းဘက်က ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ ကန့်သတ်ထား၍ ပြည်တွင်းသို့ အဝင်နည်း