၁၉၆၂ ခုနှစ် ကျောင်းသားခေါင်းဆာင်တဦးဖြစ်သည့် ဦးလှရွှေ(အောင်သာ- ပီသုံးလုံး)ဟာ ယမန်နေ့ ညနေပိုင်းက ကိုဗစ်- ၁၉ ရောဂါကြောင့် ကွယ်လွန်သွားခဲ့ပြီဖြစ်သည်။
သက်ရှိ သမိုင်းဟု ဆိုနိုင်သလို ဦးလှရွှေမှာ ကွယ်လွန်ချိန်တွင် အသက် ၈၄နှစ် ရှိပြီဖြစ်ပြီး၊ ကိုဗစ်- ၁၉ ရောဂါ ခံစား နေရစဉ် အောက်စီဂျင်ပြတ်ကာ ကွယ်လွန်သွားကြောင်း သမီးဖြစ်သူ မနေခြည်က သူ၏ လူမှုကွန်ရက် Facebook စာမျက်နှာတွင် ရေးသားထားသည်။
ဦးလှရွှေ၏ ဘဝတလျှောက် ကျောင်းသားလှုပ်ရှားမှု စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုများကြောင့် ၆ ကြိမ် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသဖြင့် ထောင်နှင့်လူသားဟု တင်စားပြောရမည့် အထိ အကျဉ်းထောင်နှင့် ထိန်းသိမ်းရေး စခန်းများတွင် နေထိုင်ခဲ့ရသည်။
ဧရာဝတီ မြစ်ဝကျွန်းပေါ်သား ဘိုကလေးဇာတိ ဦးလှရွှေသည် လက်ဝဲဝါဒကို ၇တန်းကျောင်းသား ဘဝကတည်းက စတင်လေ့လာခဲ့ပြီး ထိုစဉ်ကတည်းက ကျောင်းသားသမဂ္ဂတာဝန်များ ထမ်းဆောင်နေသူဖြစ်သည်။ ၁၉၅၆-၅၇ ပညာသင်နှစ်တွင် ဆယ်တန်းအောင်မြင်ခဲ့သည်။
ထီးတန်းကောလိပ် (ယခု ကြည့်မြင်တိုင် အထက ၂) တွင် တက္ကသိုလ်ပညာ စတင် သင်ကြားရင်း တဖက်မှလည်း ကျောင်းသားလှုပ်ရှားမှုများတွင် ပါဝင်ကာ ပြည်တွင်းလေကြောင်း သယ်ယူပို့ဆောင်ရေး၊ အလွတ်ပညာသင် ကျောင်းဆရာ၊ တကသ ဆိုင်တာဝန်ခံ အရောင်းစာရေး စသည့် အလုပ်များ လုပ်ကိုင်ကာ ပညာသင်ခဲ့သူဖြစ်သည်။
၁၉၅၉ ခုနှစ် အိမ်စောင့်အစိုးရလက်ထက်တွင် ဘိုကလေးမြို့နယ်တွင် ကျင်းပသည့် ဖျာပုံခရိုင် ကျောင်းသားသမဂ္ဂ ညီလာခံ ကျင်းပသည့်အတွက် ပုဒ်မ ၅ /ညဖြင့် ၆လခန့် စတင်ထိန်းသိမ်းခံခဲ့ရသည်။
၁၉၆၀ ခုနှစ် ဆဋ္ဌမ အကြိမ်မြောက် ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ သမဂ္ဂ(ABSU) ညီလာခံတွင် ဗဟိုအမှု ဆောင် တဦးအဖြစ် ရွေးချယ်ခံရပြီး ခရိုင်မြို့နယ် ကျောင်းသား သမဂ္ဂဌာန အတွင်းရေးမှူး အဖြစ် တာဝန်ယူခဲ့သည်။
တက္ကသိုလ်ကျောင်းသား နိုင်ငံရေးလောကတွင် ကျင်လည်ရင်း ၁၉၆၁- ၆၂တွင် ဝိဇ္ဇာတန်း အောင်မြင်ခဲ့ပြီးနောက် B L ဘွဲ့အတွက် ဆက်လက်တက်ရောက်စဉ် 7th July နှင့် ပြည်တွင်းငြိမ်းချမ်းရေး ပျက်ပြားမှုကြောင့် တော်လှန်ရေး ကောင်စီက လိုက်လံဖမ်းဆီးသဖြင့် ကျောင်းသားဘဝကို စွန့်လွှတ်လိုက်ရသည်။
၁၉၆၂ ခု မတ်လ ၂ ရက် စစ်တပ်အာဏာသိမ်းခြင်းက ဦးလှရွှေ၏ ဘဝအတွက် အချိုးအကွေ့ဟု ဆိုနိုင်သည်။
ထိုနှစ် ဇူလိုင် ၅ ရက်တွင် တက္ကသိုလ် ကျောင်းသားလှုပ်ရှားမှုတွင် လက်တွဲပါဝင်ခဲ့သည့် ဒေါ်ခင်မာအေးနှင့် လက်ထပ်ခဲ့သော်လည်း ဇူလိုင် ၇ ရက် ကျောင်းသားထု အစည်းအဝေးကို အကြောင်းပြုပြီး စစ်တပ်က ကျောင်းသားသမဂ္ဂကို ဗုံးဖြင့် ဖြိုချသဖြင့် ခေါင်းဆောင်တဦးဖြစ်သည့် ဦးလှရွှေလည်း တိမ်းရှောင်နေခဲ့ရသည်။
၁၉၆၃ ခုနှစ် ဇွန်လတွင် ပြည်တွင်းငြိမ်းချမ်းရေး ဆွေးနွေးရန် ဗမာပြည်ကွန်မြူနစ်ပါတီ အပါအဝင် တောတွင်း လက်နက်ကိုင် အဖွဲ့အစည်းများကို တော်လှန်ရေး ကောင်စီက ကမ်းလှမ်းကာ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့် အမိန့်ထုတ်သဖြင့် ဦးလှရွှေ အပါအဝင် ကျောင်းသားခေါင်းဆောင် များ မြေပေါ်သို့ ပြန်ရောက်ခဲ့ကြသည်။
သို့သော် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ပျက်ပြားပြီးနောက် စစ်တပ်က နိုင်ငံရေးသမားများကို မြေလှန်ဖမ်းဆီးရာ မိသားစုကို စွန့်၍ ဗမာပြည်ကွန်မြူနစ်ပါတီနှင့် ဆက်သွယ်ပြီး လွတ်မြောက်ဒေသသို့ ထွက်ခွာခဲ့ရပြန်သည်။
မြစ်ဝကျွန်းပေါ် ဖျာပုံခရိုင်တွင် လက်နက်ကိုင်တော်လှန်ရေးကို ဗမာပြည်ကွန်မြူနစ်ပါတီ ဦးဆောင်မှုဖြင့် ၉ နှစ်ကြာ ဆင်နွဲခဲ့ပြီး ထိုကာလတွင် ဇနီးဖြစ်သူ ဒေါ်ခင်မာအေးလည်း တောတွင်းနှင့် ဆက်သွယ်မှုဖြင့် စစ်ထောက်လှမ်းရေး၏ ဖမ်းဆီးခံခဲ့ရသည်။
ဇနီးဖြစ်သူ ဒေါ်ခင်မာအေးမှာ ၃နှစ်ကြာ ထိန်းသိမ်းခံရပြီးနောက် ၁၉၇၀ ခုနှစ်မှ ပြန်လည်လွတ်မြောက်ခဲ့သည်။
စစ်တပ်က ပဲခူးရိုးမနှင့် မြစ်ဝကျွန်းပေါ်ဒေသ အခြေစိုက် ဗမာပြည်ကွန်မြူနစ်ပါတီ၊ ကရင်အမျိုးသား အစည်း အရုံး (KNU)တို့ကို ထိုးစစ်ကြီးများ ဆင်နွဲလာရာ မြစ်ဝကျွန်းပေါ်ဒေသအား ၁၉၆၆ ခုနှစ်မှ စတင်ကာ ဆင်မင်း၊ မင်းရန် အောင်၊ ရွှေလင်းယုန်၊ ရွှေလဝင်း၊ တိုင်းလုံးအောင် စသည့် စစ်ဆင်ရေးကြီးများဖြင့် တိုက်ခိုက်ခဲ့ကြသည်။
၁၉၆၉ ခု ရွှေလဝင်း စစ်ဆင်ရေးတွင် ဦးလှရွှေအပါအဝင် ရဲဘော်များကို ဘိုကလေးမြို့နယ် တောင်ပိုင်းတွင် စစ်တပ်က ဝိုင်းပိတ်မိသဖြင့် လက်နက်ချခဲ့ရသည်။
ထိုသို့ မတတ်သာ၍ လက်နက်ချရခြင်းသည် သူ့ ဘဝအတွက် အမဲစက်တခုဟု ဦးလှရွှေက ခံယူပြီး၊ နိုင်ငံရေးအရ ရှုံးနိမ်ခဲ့သူတဦး၊ လူတယောက်အဖြစ် အသက်ရှင်ခွင့် ရခဲ့သော်လည်း နိုင်ငံရေး ဝိဉာဉ် နှုတ်ယူခံရသူတဦး၊ ယုံကြည်မှု ဗလာနှင့် အသက်ရှင်ပေးခံရသူ တဦးအဖြစ် မှတ်ယူခဲ့သည်။
ထိုသို့ အားငယ်စိတ်ဖြင့် ၁၉၇၂ ခုနှစ်တွင် ထိန်းသိမ်းရေး စခန်းမှ ပြန်လွတ်လာပြီးနောက် ဇနီးသည် ဒေါ်ခင်မာအေးနှင့် အတူ ဘဝရပ်တည်ရေးအတွက် မဆလာလုပ်ငန်း၊ ကြက်မွေးမြူရေး လုပ်ငန်းများကို လုပ်ကိုင်ခဲ့သည်။ ထိုအချိန်တွင် ကိုဆက်အောင်ခိုင်နှင့် ကိုဆက်အောင်နိုင် သားနှစ်ဦး ထွန်းကားခဲ့ပြီးဖြစ်သည်။
ထိုသို့ မွေးမြူရေး လုပ်ငန်းလုပ်ကိုင်၍ တတိယသမီး မနေခြည်ကို မွေးဖွားပြီးနောက် မိသားစုနှင့်အတူ ဘဝကို ပြန် လည် ထူထောင်နေစဉ် ၁၉၈၂ ခုနှစ် ဝရဇိန် စစ်ဆင်ရေးတွင် ဖမ်းဆီးခံရကာ ထောင်ဒဏ် ၃နှစ် အပြစ်ပေးခံခဲ့ရပြီး ၁၉၈၅ ခုနှစ်တွင် ထောင်က ပြန်လွတ်ခဲ့ပြန်သည်။
ထောင်ကျနေစဉ်အတွင်း မိသားစု စီးပွားရေးကျဆင်းခဲ့သော်လည်း ပြန်လည်ထူထောင်န်ိုင် ကြိုးစားနေစဉ် ယခင်န်ိုင်ငံ ရေး လုပ်ဖော်ကိုင်ဖက်ဟောင်းများ၏ သာရေး နာရေးကိစ္စများ သွားရောက်ခြင်းကို အကြောင်းပြုကာ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ အစိုးရက ၁၉၈၆ခုနှစ် ဇန်နဝါရီတွင် ဒုတိယအကြိမ် ဖမ်းပြီး ပုဒ်မ ၁၀/က ဖြင့် ထိန်းသိမ်းခြင်း ခံခဲ့ရပြန်သည်။
၁၉၈၈ ခု ဇူလိုင် ၁၅ရက်မှာ ထောင်မှ ပြန်လည် လွှတ်ပေးခဲ့ချိန် အထွေထွေ နိုင်ငံရေး အုံကြွမှုကြီးနဲ့ ကြုံရသဖြင့် ရှစ်လေးလုံး အရေးတော်ပုံကြီးတွင် ပါဝင်ခဲ့၏။
ရှစ်လေးလုံး အရေးတော်ပုံကြီးအတွင်း ကျောင်းသားသမဂ္ဂ ပြန်လည်ဖွဲ့စည်းရေးအတွက် တကသ အဆောက်အအုံ နေရာနှင့် မြက်ခင်းပြင်တွင် ကျင်းပရာ ဗကသများ အဖွဲ့ချုပ်၏ နောက်ဆုံးကျန်နေသည့် CEC အတွင်းရေးမှူး အဖွဲ့ ဝင်တဦး အနေဖြင့် တက်ရောက်ခဲ့သည်။
၁၉၈၈ ခု စက်တင်ဘာ ၁၈ ရက် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း တရားဝင်ရပ်တည်နိုင်ရန် အတွက် ပြည်သူ့ တိုးတက်ရေး ပါတီ (People Progressive Party – PPP)ကို ဦးခင်မောင်မြင့်၊ ဦးညိုဝင်း စသည့် သူများနှင့်အတူ ဖွဲ့စည်းကာ အထွေထွေ အတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့သည်။
သို့သော် ၁၉၈၉ ခုနှစ်တွင် NLD အပါအဝင် မဟာမိတ် ၄၁ ပါတီ၏ အာဏာဖီဆန်ရေး လှုပ်ရှားမှုကြောင့် ပါတီဥက္ကဋ္ဌ ဖြစ်သူ ဦးခင်မောင်မြင့်နှင့် အတူ ဦးလှရွှေလည်း အဖမ်းခံခဲ့ရသည်။
ရေကြည်အိုင် စစ်ကြောရေးတွင် ဗမာပြည်ကွန်မြူနစ်ပါတီနှင့် ပတ်သက်သည်ဟု ယူဆသဖြင့် စစ်ထောက်လှမ်းရေး၏ ပြင်းထန်သည့် ရိုက်နှက်စစ်ဆေးခြင်း စိတ်ပိုင်းဆိုင်ရာ ညဉ်းဆဲခြင်း စသည့် စစ်ဆေးမှုကို ခံခဲ့ရသည်။
ထို့နောက် ပုဒ်မ ၅ ည၊ ပုံနှိပ်ဥပဒေ ၁၇/၂၀နှင့် တရားစွဲကာ ထောင် ၇နှစ် ချခံရပြန်သည်။ အလားတူ သားဖြစ်သူ ကိုဆက်အောင်နိုင်မှာလည်း ပုဒ်မ ၅/ည ဖြင့် ထောင် ၄ နှစ် ချခံခဲ့ရသလို ကိုဆက်အောင်ခိုင်မှာ စစ်အစိုးရကို တော်လှန်ရန် ထိုင်း- မြန်မာနယ်စပ်သို့ ခိုလှုံခဲ့သည်။
ယခင်က လက်နက်ကိုင်တော်လှန်ရေးမှ ပြန်လာပြီးနောက် ဘဝရပ်တည်နိုင်ရန် ကြိုးစားနေစဉ် ဖြစ်ပေါ်လာသည့် နိုင်ငံရေး အခြေအနေများကြောင့် အကြိမ်ကြိမ် ဖမ်းဆီးထောင်ချခံခဲ့ရသဖြင့် မိသားစု စီးပွားရေး လူမှုရေး အခြေအနေ များ နိမ့်ကျခဲ့ရသည့် ဦးလှရွှေအတွက် နဝတ အစိုးရလက်ထက် အဖမ်းခံရမှုမှာ ပိုမိုပြင်းထန်သည်ဟု ဆိုရမည်။
ဇနီးဖြစ်သူ ဒေါ်ခင်မာအေးမှာလည်း အမျိုးသား ညီလာခံနှင့် ပတ်သက်၍ အဖမ်းခံရသဖြင့် သမီးငယ်ဖြစ်သူ မနေခြည် တဦးတည်းသာ ပြင်ပတွင် ကျန်ခဲ့ရသည်။
ထို့အတွက် ၁၉၆၂ ခုနှစ် အထက်ဗမာပြည် ကျောင်းသားခေါင်းဆောင်းဟောင်း တဦးဖြစ်သည့် ဦးစိုးဝင်းမောင်က “မင်း ထောင်ကျတာ များလွန်းတယ်၊ တခုခု မှားနေပြီ၊ စဉ်းစားကြည့်ပါအုံး”ဟု ထောက်ပြဝေဖန်ခဲ့သဖြင့် ထိုစကားကြောင့် ဦးလှရွှေ ကိုယ်တိုင် Shock ဖြစ်ခဲ့ရကြောင်း သူ၏ အတ္တုပ္ပတ္တိတွင် ဖော်ပြထားသည်။
၁၉၉၅ ခုနှစ် မေ ၂၅ရက်တွင် မန္တလေးထောင်မှ ပြန်လွတ်ခဲ့ပြီးနောက် သမီးဖြစ်သူ မနေခြည်နှင့် နေထိုင်ခဲ့ရာ သုံးနှစ်အကြာ ၁၉၉၈ ခုနှစ်တွင် စက်မှုတက္ကသိုလ်ကျောင်းသား ကိုအောင်ထွန်းပြုစုသည့် ကျောင်းသား သမဂ္ဂ သမိုင်းနှင့် ပတ်သက်၍ ၆ ကြိမ်မြောက် အဖမ်းခံခဲ့ရပြန်သည်။
ဤတကြိမ် အဖမ်းခံရမှုမှာ နိုင်ငံရေးလှုပ်ရှားမှုကြောင့် မဟုတ်ဘဲ လူတိုင်း ကျောင်းသားတိုင်း စာပေလေ့လာသူတိုင် သိသင့် သိထိုက်သော သမိုင်းတင်အပ်သော မြန်မာနိုင်ငံ ကျောင်းသားသမဂ္ဂနှင့် ကျောင်းသားလှုပ်ရှားမှုများနှင့် ပတ်သက်၍ မိမိသိရှိ ကြုံတွေ့ခဲ့ရသည်များကို ပြောပြခြင်း၊ တခြားသော သိမှီခဲ့သူများကို လမ်းညွှန်ချိတ်ဆက်ပေးခြင်းကြောင့် ဖြစ်သည်။
ထို့အချိန်က ဦးလှရွှေ၏ အခြေအနေမှာ ထောင်မှ ထွက်လာပြီး ၃ နှစ်ခန့် အကြာဖြစ်ပြီး စီးပွားရေး လူမှုရေးအပိုင်းတွင် ပြန်လည်ထူထောင်ရန် လိုအပ်နေသည့် ကာလဖြစ်သဖြင့် မြန်မာန်ိုင်ငံ ကျောင်းသားလှုပ်ရှားမှု သမိုင်း ပြုစုသူ ကိုအောင်ထွန်းနှင့် သူ့အကြားတွင် သဘောတူညီချက် ရယူပြီးမှ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
ထိုသဘောတူညီချက်က သိမီလိုက်သည့် လူပုဂ္ဂိုလ်များအား တွေ့ဆုံမေးမြန်းထားမှုများနှင့် ပတ်သက်၍ မဖြန့်ချိသေးဘဲ သိမ်းထားရန်၊ သမိုင်းကိစ္စ လုပ်ဆောင်နေစဉ် တရားမဝင် အဖွဲ့အစည်းများနှင့် မထိတွေ့ အဆက်အဆံ မလုပ်ရန် တို့ ဖြစ်သည်။
သို့သော် ကိုအောင်ထွန်းသည် သဘောတူညီချက်များကို မလိုက်နာဘဲ မြန်မာနိုင်ငံ ကျောင်းသားလှုပ်ရှားမှု သမိုင်းမှတ်တမ်းများ၊ အင်တာဗျူးများကို စာအုပ်အဖြစ် ပုံနှိပ်ကာ ဖြန့်ချိခဲ့သဖြင့် ဦးလှရွှေအား ယင်းကိစ္စတွင် အဓိက ကြိုးကိုင်သူဟု သတ်မှတ်ကာ ပုဒ်မ ၅/ည၊ ပုံနှိပ် ၂၀ ဖြင့် တရားစွဲပြီး ထောင်ဒဏ် ၁၄ နှစ် လိုက်ခြင်းဖြစ်သည်။
ထောင်ထဲတွင် ၇ နှစ်ခန့် နေခဲ့ရပြီးနောက် ၂၀၀၅ ခုနှစ် ဇူလိုင်လတွင် ပြန်လွှတ်မြောက်လာခဲ့သည်။
မည်သို့ပင် ဆိုစေကာမူ ဦးလှရွှေ၏ ခံယူချက်မှာ မိမိသည် လွတ်လပ်ရေး ခေတ်ဦး (၁၉၄၈ မှ ၁၉၆၃) ကျောင်းသား လှုပ်ရှားမှု၏ ခေါင်းဆောင်အပိုင်းတွင် ပါဝင်သည့် မျိုးဆက်တဦးဖြစ်သဖြင့် မြန်မာနိုင်ငံ ကျောင်းသားလှုပ်ရှားမှု သမိုင်း ဖော်ထုတ်ရာတွင် ပါဝင်ဖြည့်ဆည်းခဲ့ရသည့်အတွက် ကျေနပ်ကြောင်း သူ၏ အတ္တုပ္ပတ္တိတွင် ရေးသားမှတ်တမ်းတင်ခဲ့သည်။
ထိုသို့ သက်ရှိရာဇဝင်တဦးဖြစ်ခဲ့သည့် ဦးလှရွှေ၏ ထောင်သက်မှာ ၂၅နှစ် နီးပါး ရှိခဲ့ပြီး လူဘဝသက်တမ်း သုံးပုံ တပုံခန့်သည် စစ်အာဏာရှင်ကို ဆန့်ကျင်ခဲ့သဖြင့် ထောင်တွင်းမှာပင် ကုန်ဆုံးခဲ့သည်ဟု ဆိုနိုင်ပါသည်။
သူ့ဘဝတွင် နိုင်ငံရေး လက်တွဲဖော်နှင့် ဘ၀ကြင်ဖော်ဖြစ်ခဲ့သည့် ဒေါ်ခင်မာအေးသည်လည်း ၂၀၀၈ခုနှစ် ဧပြီလတွင် နှလုံးရောဂါဖြင့် တိမ်းပါးခဲ့ရပြီး၊ ဦးလှရွှေ၏ နောက်ဆုံး အချိန်များမှာ သမီးဖြစ်သူ မနေခြည် မိသားစုဖြင့် ဖြတ်ကျော်ခဲ့ခြင်းဖြစ်သည်။
You may also like these stories:
ကြေးမုံသတင်းစာ ဖြေရှင်းမှု မလုပ်ဟု ကျောင်းသားခေါင်းဆောင်ဟောင်း ဦးလှရွှေပြော
၆၂ ကျောင်းသား ခေါင်းဆောင်ရဲ့ အတွေ့အကြုံ