ကိုဗစ်ကူးစက်မှုနှုန်း၊ သေဆုံးမှုနှုန်း မြင့်နေသည့် ရန်ကုန်မြို့ဈေးဝယ်စင်တာများရှိ ဆေးဆိုင်များတွင် ယခင် အလျှံအပယ် တွေ့ရတတ်သော အကိုက်အခဲ ပျောက်ဆေး၊ နှာစေးချောင်းဆိုး ပျောက်ဆေး၊ ဖျားနာပျောက်ဆေးများ ထားရှိသည့် စင်တွင် ဆေးဝါးများ ပြောင်သလင်း ခါနေသည်။
သား၊ ငါးများ ထားရှိသည့် အအေးခန်းအတွင်း၌လည်း ယခင် ကုန်သမျှကို အမြဲ ဖြည့်တင်းပေးနေ၍ ညနေအထိ အသား၊ ငါးနှင့် ကြက်ရိုးလို အထုတ်များ စုံလင်စွာရတတ်သော်လည်း ယခုအခါတွင် ဝက်သုံးထပ်သား တထုပ်သာ တွေ့ရပြီး ကျန်သည့် အသား၊ ငါးများ မကျန်တော့ပေ။
ကိုဗစ်ဒဏ်ခံစားနေရသူများသာမက ကိုဗစ်မခံစားရသေးသူများကပါ ကြိုတင်ကာကွယ်သည့်အနေဖြင့် အာဟာရ ရှိမည် ထင်သည့် အစားအစာများ၊ ဆေးဝါးများ ဝယ်ယူစုဆောင်း သုံးစွဲမှုများနေခြင်း၊ ကိုဗစ်ရောဂါ ကူးစက်ခံရ၍ အသက်ရှုကြပ်သူများကို အောက်ဆီဂျင်ပေးရန် လိုက်လံဝယ်ယူနေကြသဖြင့် အောက်ဆီဂျင် မလုံမလောက်ဖြစ်ခြင်းတို့ ဖြစ်ပေါ်လျက်ရှိကာ ပြည်တွင်းဈေးကွက်ရှိ အစားအသောက်၊ အာဟာရ၊ ဆေးဝါးနှင့် အောက်ဆီဂျင်ဗူးများပါ ပြတ်လပ်ခြင်း၊ ဈေးအဆမတန် တက်နေခြင်း အစရှိသည့် အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်သည်။
ကိုဗစ်ရောဂါပိုး ကူးစက်မှုနှုန်း တိုးလာသလို ကုန်ဈေးနှုန်းများ တက်နေခြင်း၊ ပစ္စည်းပြတ်လပ်နေခြင်းတို့မှာလည်း ပြည်သူများအပေါ် တပူပေါ် နှစ်ပူဆင့် ဆိုသလိုပင် ရိုက်ခတ်မှု ကြီးမားလျက်ရှိသည်။
ထိုသို့ ကိုဗစ်ရောဂါပိုး ကူးစက်မှုနှုန်း တိုးလာသလို ကုန်ဈေးနှုန်းများ တက်နေခြင်း၊ ပစ္စည်းပြတ်လပ်နေခြင်းတို့မှာလည်း ပြည်သူများအပေါ် တပူပေါ် နှစ်ပူဆင့် ဆိုသလိုပင် ရိုက်ခတ်မှု ကြီးမားလျက်ရှိသည်။
မြန်မာနိုင်ငံတွင် ကိုဗစ် တတိယလှိုင်း စတင်လာသည့် မေလနှောင်းပိုင်းမှ စ၍ ရောဂါကူးစက်ပျံ့နှံ့မှုနှုန်း တရိပ်ရိပ် မြင့်တက်လာခဲ့သည်။ ယခု ဇူလိုင်လအတွင်း မြို့တချို့၌ ကိုဗစ်ရောဂါဖြင့် သေဆုံးသူ ဦးရေမှာ သုဿာန်များ၊ သဂြိုဟ်စက်များပင် မနိုင်လောက်သည်အထိ များပြားလှသည့် ဖြစ်ရပ်များကြောင့် မြန်မာပြည်သူများ၏ စိုးရိမ်ထိတ်လန့်မှု ရေချိန်မှာလည်း မြင့်လာသည်။
ကိုဗစ်နှင့် ကုန်ဈေးနှုန်း
ကိုဗစ်လူနာများအတွက် အာဟာရဖြစ်စေသည်ဟုဆိုကာ ကြက်သား (ဗမာကြက်အမျိုးအစား) နှင့် ကြက်ဥ တို့သည် ဈေးကွက်တွင် ပစ္စည်းပြတ်လပ်သည်အထိ ဖြစ်ပေါ်ကာ ဈေးနှုန်းသည်လည်း ပုံမှန်ထက် နှစ်ဆမှ သုံးဆအထိ မြင့်တက်လျက် ရှိသည်။
ရန်ကုန်မြို့ ဒဂုံဆိပ်ကမ်းမြို့နယ်တွင် နေထိုင်သော အိမ်ရှင်မ တဦးက “မနက် ၆ ခွဲ ၇ နာရီလောက် ဆိုကတည်းက ဈေးထဲ က ကြက်သားဆိုင်မှာ ဗမာကြက်ဝယ်လို့ မရတော့ဘူး။ ကြက်ဥ ဆိုလည်း တလုံး ၁၅၀၊ ၁၆၀ (ကျပ်) ဖြစ်သွားပြီ အဲဒါ တောင် ဒိုင်ဈေးနော်” ဟု ဆိုသည်။
စီးတီးမတ်များတွင်လည်း ငှက်သိုက်ရည်ဗူးများမှာ ပစ္စည်းကုန်နေသည်။ ကွေကာအုပ် အထုတ်များလည်း ဆိုင်တချို့တွင် ပစ္စည်းပြတ်နေသလို၊ ပစ္စည်းရှိသည့် ဆိုင်များတွင်လည်း ယခင် အထုတ် ၃၀ ပါ တထုတ်လျှင် ၃၀၀၀ မှ ယခု ၃၅၀၀ ဈေးသို့ ရောက်ရှိသွားသည်။
ဆေးရုံဆေးခန်းများသို့ သွားရောက်၍ မရခြင်း၊ သွားရန် အဆင်မပြေခြင်းတို့ကြောင့် ကိုဗစ်လူနာများကို မိမိတို့ နေအိမ်တွင်သာ ထားရှိကာ လက်လှမ်းမှီသော အကိုက်အခဲ၊ ဖျားနာပျောက်ဆေးများ၊ အားဆေးများ၊ ဗီတာမင် ဆေးဝါးများဖြင့် ကုသနေရသဖြင့် ဆေးဝါး ဝယ်ယူမှုနှုန်း မြင့်တက်နေသလို ဆေးဆိုင်တချို့၌ ဆေးဝါး ပြတ်လပ်ကာ အချို့ဆေးဆိုင်များ ပိတ်ထားရသည် အထိ ဖြစ်ပေါ်လျက်ရှိသည်။
“ကျမတို့ ရပ်ကွက်က ဆေးဆိုင်တော်တော်များများ ပိတ်သွားပြီ။ တချို့ဖွင့်တဲ့ဆိုင်လဲ ဘေးပေါက်ကနေ ခိုးကြောင်ခိုးဝှက် ရောင်းတာတောင် တန်းစီနေတဲ့ လူတန်းရှည်ကြီးနဲ့။ ဘိုင်အိုဂျက်ဆစ်လောက်တောင် ဝယ်လို့ မရတော့ဘူး” ဒဂုံဆိပ်ကမ်း မြို့နယ်နေ ပြည်သူတဦးက ဆိုသည်။
ဆေးဝါးအပြင် လူမမာများအား အားရှိစေရန် ကျွေးသော ကြက်သား ဈေးနှုန်းများမှာလည်း မြင့်တက်လျက်ရှိသည်။ ဇူလိုင်လ အစပိုင်းတွင် ၁ ပိဿာလျှင် ကျပ် ၇၀၀၀ ဝန်းကျင်သာ ရှိခဲ့သော ဗမာကြက်သားသည် သီတင်းပတ် တပတ် အတွင်း ၁ ပိဿာလျှင် ကျပ် ၁၂၀၀၀ မှ ၁၃၀၀၀၊ ၁၅၀၀၀ အထိ ဈေးမြင့်တက်သွားသည်။ ကြက်ဥသည်လည်း တလုံးလျှင် ကျပ် ၁၀၀ ဝန်းကျင်သာ ရှိခဲ့ရာမှ ယခုရက်ပိုင်း ကျပ် ၁၅၀ မှ ၂၀၀ ကျော်အထိ၊ တချို့နေရာများတွင် ၁ လုံး ၃၀၀ ကျပ်အထိ ရောင်းချ လျက်ရှိသည်။
အောက်စီဂျင်အိုးများလည်း ဈေးမြောက်နေသည်။ ၄၀ လီတာဆံ့ အောက်ဆီဂျင် အိုးကြီးတလုံးသည် ယခင်က ကျပ် ၂ သိန်း ၃ သောင်းခန့် ရှိသော်လည်း ယခုအခါ ကျပ် ၃ သိန်းခွဲ ဈေးပေါက်ပြီး ဝယ်၍ မရကြောင်း၊ ၁၅ လီတာအိုးမှာ ယခင်က ကျပ် ၁ သိန်း ၃ သောင်း ပေါက်ဈေးရှိသော်လည်း ယခုအခါ ကျပ်၂ သိန်းခွဲဖြင့် ဝယ်၍ မရကြောင်း၊ ကျပ် ၁ သိန်းခန့်သာ ပေါက်ဈေးရှိသည့် ၁၀ လီတာအိုးမှာ ကျပ် ၂ သိန်း ဈေးပေါက်နေကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။ ဆိုင်အပြောင်းအလဲပေါ် မူတည်ပြီး ယခုဖော်ပြပါ ဈေးနှုန်းများထက်ပင် ပိုများနိုင်သေးသည်။
အောက်စီဂျင်ဗူးများ ပစ္စည်းပြတ်လပ်ကာ ဝယ်ယူ၍ မရခြင်းနှင့် ပြန်လည်ဖြည့်တင်းခြင်းများ မလုပ်ဆောင်နိုင်ခြင်းတို့ ကြောင့် ရန်ကုန်မြို့တွင် အသက်ရှု မဝ၍ သေဆုံးသွားသည့် လူနာများသည် ယခုရက်ပိုင်းအတွင်း နေ့စဉ် ရာနှင့်ချီ ရှိနေကြောင်း လူမှုကူညီကယ်ဆယ်ရေး အဖွဲ့များထံက သိရသည်။
စစ်ကောင်စီက ပြီးခဲ့သည့် ရက်ပိုင်းတွင် ပြည်သူလူထုကို အောက်စီဂျင် ဖြည့်တင်းပေးနေသည့် စက်ရုံများကို ဆေးရုံများ အတွက်သာ ဖြည့်တင်းရန် ညွှန်ကြားလိုက်ပြီးနောက် အများပြည်သူအတွက် အောက်စီဂျင် ရရှိရန် ပိုမိုခက်ခဲသွား ခဲ့သည်။
အခုက စစ်တပ်ကို အယုံအကြည် မရှိကြတော့ ဘာပဲဖြစ်ဖြစ်ဆိုပြီး လူတွေက တခုခုဆိုရင် အိမ်မှာပဲ ကုကြတော့တာ ဆိုတော့ နောက်နေ့ ပစ္စည်းတွေ ပြတ်သွားမှာကို အရမ်း စိုးရိမ်ပြီး ပိုပိုဝယ်နေကြရတာ
“အခုက စစ်တပ်ကို အယုံအကြည် မရှိကြတော့ ဘာပဲဖြစ်ဖြစ်ဆိုပြီး လူတွေက တခုခုဆိုရင် အိမ်မှာပဲ ကုကြတော့တာ ဆိုတော့ နောက်နေ့ ပစ္စည်းတွေ ပြတ်သွားမှာကို အရမ်း စိုးရိမ်ပြီး ပိုပိုဝယ်နေကြရတာ” ဟု သာကေတ မြို့နယ်တွင် နေထိုင်သူတဦးက ဆိုသည်။
ရန်ကုန်ရှိ ဆေးဆိုင်တချို့၌ အဖျားနာအတွက် အဓိကဖြစ်သော ဘိုင်အိုဂျက်ဆစ် ဖျားနာပျောက် ဆေးသည် ဝယ်ယူ၍ မရသည့် အခြေအနေရှိပြီး တချို့ အကိုက်အခဲ ပျောက်ဆေး၊ ချောင်းဆိုးပျောက် ဆေးများသည် အကန့်အသတ်ဖြင့်သာ ဝယ်နေရကြောင်း သူက ပြောသည်။
ထို့ပြင် အသီးအရွက်၊ အသီးနှံဈေးနှုန်းများမှာလည်း ပုံမှန်ထက် ဈေးနှုန်းများ တက်နေသည်။
လတ်တလော ဈေးနှုန်း ထိုးတက်သွားသော ပြည်တွင်းမှ ထုတ်လုပ်သော ကုန်ပစ္စည်းများသည် ထုတ်လုပ်မှုအတွက် စိုးရိမ်စရာ မလိုကြောင်းနှင့် အသီးအနှံတချို့သည် တရုတ်ဈေးကွက်သို့ တင်ပို့နိုင်ခြင်း မရှိ၍ ပြည်တွင်း ဈေးကွက်သို့ ပြန်လည် ဝင်ရောက်လာမည့် အခြေအနေ ရှိကြောင်း ဘုရင့်နောင် ကုန်စည်ဒိုင်နှင့် မြန်မာနိုင်ငံ မွေးမြူရေး လုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူများက ဧရာဝတီသို့ ပြောသည်။
“ကြက်သားဆိုရင် အရင်ကာလတုန်းက ဝယ်လိုအား ကျတာရော၊ ဒေါ်လာဈေးတက်တော့ ကုန်ကြမ်း ဈေးတက်လို့ လျှော့ တောင် ထုတ်နေကြရတာ။ အခုရက်ပိုင်းမှ ဝယ်လိုအား ထိုးတက်ပြီး ဈေးတက်သွားမျိုးပါ။ ထုတ်လုပ်မှုအတွက် ဘာမှ စိုးရိမ် စရာ မရှိဘူး” ဟု မြန်မာနိုင်ငံ မွေးမြူရေး လုပ်ငန်းရှင်အသင်းမှ တာဝန်ရှိသူတဦးက ဆိုသည်။
လတ်တလော အခြေအနေများအရ မြန်မာနိုင်ငံမွေးမြူရေး လုပ်ငန်းရှင်အသင်းနှင့် ကြက်၊ ဘဲ မွေးမြူ ထုတ်လုပ်သူများ အသင်းတို့ကြား ဆွေးနွေး ညှိနှိုင်းမှုများ ရှိပြီး ပစ္စည်းများ ပြတ်လပ်သွားသည့် အခြေအနေများအထိ မရှိနိုင်ကြောင်း ၎င်းက ရှင်းပြသည်။
၎င်းက ဆက်လက်၍ “လူတွေ Panic (အစိုးရိမ်လွန်ကဲ) ဖြစ်ပြီး မလိုအပ်သေးဘဲ ဝယ်ကြဆောင်ကြဆိုတော့ လက်လီဆိုင် တွေမှာ ပစ္စည်းပြတ် ပြီး ဈေးတက်သွားတာပေါ့” ဟု ဆိုသည်။
သို့သော်လည်း ပြည်ပက တင်သွင်းနေရသော ဆေးဝါးနှင့် အောက်စီဂျင် ဗူးများကဲ့သို့ သွင်းကုန်ပစ္စည်းများမှာမူ နိုင်ငံ အချင်းချင်းကြား ချမှတ်ထားသော ကိုဗစ်စည်းမျဉ်းများနှင့် မြန်မာကျပ်ငွေ တန်ဖိုး ကျဆင်းနေခြင်းတို့ကြောင့် အတက်ဈေး များတွင် ရှိနေနိုင်ကြောင်း လုပ်ငန်းရှင်များက မှတ်ချက်ပြုသည်။
အာဏာသိမ်းမှုနှင့် ကုန်ဈေးနှုန်း
စစ်တပ်က အာဏာသိမ်းလိုက်သည့် ဖေဖော်ဝါရီလဆန်းပိုင်းတွင်လည်း ပြည်သူများက စိုးရိမ်မှု လွန်ကဲကာ စားနပ်ရိက္ခာ များကို ဝယ်ယူစုဆောင်းခြင်းများ ပြုလုပ်ခဲ့ကြသေးသည်။ ထိုအချိန်တွင်လည်း အခြေခံစားသောက်ကုန် ဈေးနှုန်းများ အနည်းငယ် စတင်၍ တက်ရိပ်ပြခဲ့သည်။
ဘဏ်လုပ်ငန်းများ ရပ်ဆိုင်းသွားခြင်း၊ မြန်မာကျပ်ငွေ တန်ဖိုးကျဆင်းခြင်းကြောင့် လောင်စာဆီဈေးနှုန်းများနှင့် သွင်းကုန် (ကုန်ချောနှင့် ကုန်ကြမ်း) ပစ္စည်းများ ဈေးတက်လာကာ အခြေခံစားကုန်ဈေးနှုန်းများလည်း လိုက်ပါ မြင့်တက်လာနေသည်။
ထိုနောက်ပိုင်း၌ ဘဏ်လုပ်ငန်းများ ရပ်ဆိုင်းသွားခြင်း၊ မြန်မာကျပ်ငွေ တန်ဖိုးကျဆင်းခြင်းကြောင့် လောင်စာဆီဈေးနှုန်းများနှင့် သွင်းကုန် (ကုန်ချောနှင့် ကုန်ကြမ်း) ပစ္စည်းများ ဈေးတက်လာကာ အခြေခံစားကုန်ဈေးနှုန်းများလည်း လိုက်ပါ မြင့်တက်လာနေသည်။
ရန်ကုန်တိုင်းဒေသကြီး၏ မြို့ပြင် ဆင်ခြေဖုံး ဒေသများတွင် အာဏာသိမ်ပြီးနောက် စားအုန်းဆီ လက်လီဈေးနှုန်းသည် ၂၀ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ရန်ကုန်နှင့် မန္တလေးတိုင်းရှိ မြို့ပြ ဆင်ခြေဖုံး ဒေသများတွင် ဆန်ဈေးနှုန်းသည် ၄ ရာခိုင်နှုန်း မြင့် တက်လာကြောင်း World Food Programme (WFP) က မတ်လအတွင်း ကတည်းက ထုတ်ပြန်ထားသည်။
ဗန်းမော်နှင့် ပူတာအို အပါအဝင် ကချင်ပြည်နယ်၏ မြို့တချို့တွင် ဆန်ဈေးနှုန်းသည် ယခင်ကထက် ၂၀ ရာခိုင်နှုန်းမှ ၃၅ ရာခိုင်နှုန်းအထိ မြင့်တက်နေပြီး ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် စားသုံးဆီဈေးနှုန်းသည် ဇန်နဝါရီလမှ ဖေဖော်ဝါရီလ အ တွင်း ၂၇ ရာခိုင်နှုန်း မြင့်တက်နေသည်ဟု ဆိုသည်။
ထို့ပြင် ရခိုင်ပြည်နယ် အလယ်ပိုင်းတွင်မူ စားသုံးဆီ ဈေးနှုန်းသည် ၁၁ ရာခိုင်နှုန်း၊ တနင်္သာရီတိုင်းတွင် ၁၄ ရာခိုင်နှုန်း အထိ မြင့်တက်နေကြောင်း သိရသည်။
လောင်စာဆီ ဈေးနှုန်းများသည် တနိုင်ငံလုံး အတိုင်းအတာအနေဖြင့် ဖေဖော်ဝါရီ ၁ ရက်မှ စတင်ကာ ယခင်ကထက် ၁၅ ရာခိုင်နှုန်း မြင့်တက်လာနေပြီး လောင်စာဆီ ဈေးနှုန်းတက်မှုသည် စားသောက်ကုန် ဈေးနှုန်းတက်မှုကို ထပ်မံမြင့်တက်ရန် တွန်းအားပေးနေသည်ဟုလည်း WFP က ထုတ်ပြန်ခဲ့သည်။
ယခုဇူလိုင်လလယ်ပိုင်းတွင်မူ လောင်စာဆီ ဈေးနှုန်းတခုတည်းပင် ၎င်းတို့ ထုတ်ပြန်ချိန်က ဈေးနှုန်းများထက် ၁၅ ရာခိုင် နှုန်းခန့် မြင့်တက်လာနေပြီဖြစ်သည်။ အောက်တိန်း 92 တလီတာလျှင် ကျပ် ၁၀၈၅၊ အောက်တိန်း 95 တလီတာလျှင် ကျပ် ၁၁၀၅၊ ဒီဇယ် တလီတာလျှင် ကျပ် ၁၀၅၀ နှင့် ပရီမီယံ ဒီဇယ် တလီတာလျှင် ကျပ် ၁၀၅၅ အထိ ဈေးနှုန်းမြင့်တက်နေ လျက် ရှိသည်။
လောင်စာဆီဈေးနှုန်း မြင့်တက်လာမှု အတူ သယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ်နှင့် ထုတ်လုပ်မှု ကုန်ကျစရိတ်တို့ မြင့်တက်လာပြီး ပြည်တွင်း ထုတ်လုပ်မှု အခြေခံ စားသောက်ကုန် တချို့လည်း ဈေးနှုန်း အနည်းငယ် လိုက်တက်လာလျက် ရှိသည်။
အာဏာသိမ်းပြီးနောက် ယခင်က ၁ ပိဿာလျှင် ကျပ် ၂၀၀၀ ဝန်းကျင်ခန့်သာရှိသော စားသုံးဆီသည် ၁ ပိဿာလျှင် ကျပ် ၃၈၀၀ မှ ၄၀၀၀ ကျော်မြင့်တက်ခဲ့ပြီး ပဲဆီဈေးနှုန်းသည်လည်း ကျပ် ၁၁၀၀၀ ကျော် မြင့်တက်သွားပြီး ယခင်က ကျပ် ၇၀၀၀ မှ ၈၀၀၀ ဝန်းကျင်ခန့်သာ ရှိသည်။
“အခြေခံ ကုန်စိမ်းတချို့ကတော့ ဈေးအရမ်း မတက်ဘူး၊ နယ်စပ်က အဝင်အထွက်အပေါ် မူတည်ပြီး ဈေးနှုန်း အပြောင်း အလဲ နည်းနည်းပဲ ရှိတယ်။ တကယ်ပြောရရင် မရောင်းရဘူး။ ကြက်သွန်ဆိုရင် ၁ ပိဿာကိုငွေကျပ် ၃၀၀၊ ၄၀၀ ပဲ ရှိ တယ်။ အာလူးဆိုရင်လည်း ၈၀၀၊ ၉၀၀ ပဲ ရှိတယ်” ဟု မြန်မာနိုင်ငံ ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် စားဖိုချောင်သီးနှံ စိုက်ပျိုး ထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်း ဥက္ကဋ္ဌ ဦးခင်ဟန်က ဧရာဝတီသို့ ပြောသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၈ ရက်က တရုတ်နိုင်ငံဘက်မှ နယ်စပ်ကုန်သွယ်ရေးဂိတ် အားလုံးကို ယာယီပိတ်လိုက်မှုကြောင့် တရုတ်နိုင်ငံမှ မြန်မာသို့ တင်သွင်းနေသော ကြူကုတ် အမျိုးအစား ကြက်သွန်နီသာ ဈေးနှုန်းအနည်းငယ် တက်သော် လည်း အခြား ပြည်တွင်းထုတ် ကြက်သွန်များမှာ ဈေးနှုန်း ကျဆင်းလျက်ရှိသလို ယခုတွင် တရုတ်နိုင်ငံသို့ တင်ပို့ခွင့် မရ တော့၍ ပြည်တွင်း ဈေးကွက်ကိုသာ ရောင်းချရတော့မည့် အခြေအနေ ရှိကြောင်း ၎င်းက ဆိုသည်။
ဆန်ဈေးကွက်တွင် ဘဏ်များ ပုံမှန် မလည်ပတ်နိုင်ခြင်းကြောင့် အကြွေးမရောင်းဘဲ ငွေသား လက်ငင်း ပေးချေမှုများဖြင့်သာ ရောင်းဝယ်နေသည့်အတွက် ဆန်ဈေးနှုန်းများ အနည်းငယ်သာ အတက်အကျ ရှိနေ
ပြည်တွင်း ဆန်ဈေးကွက်တွင် ဘဏ်လုပ်ငန်းများ ပုံမှန် လည်ပတ်နိုင်ခြင်း မရှိခြင်းကြောင့် အကြွေး ရောင်းဝယ်ခြင်း မရှိဘဲ ငွေသား လက်ငင်း ပေးချေမှုများဖြင့်သာ အရောင်းအဝယ် ဖြစ်နေသည့်အတွက် ဆန်ဈေးနှုန်းများ အနည်းငယ်သာ အတက်အကျ ရှိနေကြောင်း ဘုရင့်နောင် ဆန်ကုန်စည်ဒိုင်က သိရသည်။
ထို့ပြင် ပြည်တွင်း ဆန်တင်ပို့မှု၏ အဓိက ဈေးကွက်ဖြစ်သော တရုတ်ဈေးကွက်သို့လည်း ကိုဗစ် စည်းမျဉ်းစည်းကမ်းများ တင်းကြပ်ထားခြင်းကြောင့် တင်ပို့ရသည့် အချိန်ကြာမြင့်နေသည့်အပြင် ဝယ်လိုအားပါ လျော့ကျနေလျက်ရှိသည်။
အာဏာ မသိမ်းခင် ကာလက ဆန်တအိတ်ကို ကျပ် ၁၉၀၀၀ ဝန်းကျင်ရှိခဲ့သော ဆန်အမျိုးအစားသည် ယခု ကျပ် ၂ သောင်း ဝန်းကျင်သာရှိခဲ့ပြီး ကျပ် ၂ သောင်း ဝန်းကျင်ရှိသော ဆန်အမျိုးအစားသည် ယခုတွင် ကျပ် ၂ သောင်း ၁ ထောင် မှ ၂ သောင်း ၂ ထောင်ဝန်းကျင်အထိ ရှိကြောင်း ဘုရင့်နောင် ဆန်ကုန် စည်ဒိုင်မှ သိရသည်။
“ဆန်ကတော့ အရမ်း ဈေးတက်သွားတဲ့ အနေအထား မရှိသေးဘူး။ ဒါပေမယ့် တချို့ဆန်အမျိုးအစားတွေမှာတော့ ၅ ရာ၊ တထောင် တက်သွားတာမျိုးတော့ ရှိတယ်” ဟု ဗဟန်းမြို့နယ်တွင် နေထိုင်သည့် အိမ်ထောင်ရှင် အမျိုးသမီးတဦးက ပြော သည်။
လတ်တလော အခြေအနေများအရ အာဏာသိမ်းပြီးနောက် ပြည်တွင်း ထုတ်ကုန်များထက် ပြည်ပမှ တင်သွင်းသော စားသောက်ကုန်များနှင့် အိမ်သုံး ပစ္စည်းတချို့သည် သယ်ယူပို့ဆောင်ရေး စရိတ်ကြီးမြင့်လာခြင်းနှင့် မြန်မာကျပ်ငွေ တန်ဖိုး ကျဆင်းခြင်းတို့ကြောင့် ဈေးနှုန်းများသည် ပိုမြင့်တက်လာလျက် ရှိနေကြောင်း ဈေးကွက်အတွင်းမှ စုံစမ်း သိရှိရသည်။ အများစုမှာ ထိုင်းနိုင်ငံမှ အဓိက တင်သွင်းရသော ကုန်ပစ္စည်များ ဖြစ်သည်။
ထို့ပြင် စစ်ကောင်စီက ပြည်တွင်းထုတ်ကုန်များ ဝယ်လိုအား ကျဆင်းမှုကို ကာကွယ်ရန်ဟု ရည်ရွယ်ပြီး မေလပိုင်းမှ စတင် ကာ ထိုင်းနိုင်ငံမှ တင်သွင်းသော ကော်ဖီမစ်၊ အချိုရည်မျိုးစုံနှင့် နို့ဆီ၊ နို့စိမ်း အပါအဝင် စားသောက်ကုန် ၅ မျိုးနှင့် ဆပ်ပြာ၊ ဆပ်ပြာမှုန့်နှင့် သွားတိုက်ဆေးများကို နယ်စပ်ဒေသများမှတဆင့် သွင်းခွင့်ကို ပိတ်လိုက်သည်။
“သူတို့ ဒီလိုတွေ ပိတ်လိုက်တော့ တရုတ်က ပစ္စည်းအတုနဲ့ ပြည်တွင်းက အရည်အသွေး ညံ့တဲ့ ပစ္စည်းတွေနဲ့ပဲ အခြေခံ လူတန်းစားတွေက နှစ်ပါးသွားရတော့မယ့် ကိန်းပေါ့” ဟု ရန်ကုန်မြို့ရှိ ပြည်ပမှ ကုန်ပစ္စည်းများကို လက်လီလက်ကား အရောင်းအဝယ် လုပ်နေသည့် လုပ်ငန်းရှင်တဦးက ပြောသည်။
ယခုလို ပိတ်ပင်ထားခြင်းသည် စားသုံးသူများအတွက် ရွေးချယ် ဝယ်ယူခွင့်များကို ဆုံးရှုံးစေမည် ဖြစ်သလို ဈေးကွက်ယှဉ်ပြိုင်မှု နည်းပါးသွားခြင်းကြောင့်လည်း ပြည်တွင်းထုတ်ကုန်များ၏ အရည်အသွေးသည်လည်း ပိုမိုကျဆင်းသွားရန်သာ ရှိကြောင်း ၎င်းက ဆိုသည်။
ပြည်တွင်း ဈေးကွက်အတွင်းရှိ ထိုင်းနိုင်ငံထုတ် ဆေးဝါးနှင့် စားသောက်ကုန် တချို့ ဈေးနှုန်း မြင့်တက်ခြင်းနှင့် ပစ္စည်းပြတ်လပ်ခြင်းများ ဖြစ်ပေါ် နေသည်။
ပြည်တွင်း ဈေးကွက်အတွင်းရှိ ထိုင်းနိုင်ငံထုတ် အထက်ပါ ထုတ်ကုန်အမျိုးအစားများအပြင် အခြားသော ထိုင်းနိုင်ငံမှ တင်သွင်းသော ဆေးဝါးနှင့် စားသောက်ကုန် တချို့လည်း ဈေးနှုန်း မြင့်တက်ခြင်းနှင့် ပစ္စည်းပြတ်လပ်ခြင်းများ ဖြစ်ပေါ် ကုန်သည်။
ထိုင်းနိုင်ငံမှ တင်သွင်းနေသော Fitne အမှတ်တံဆိပ် Herbal Tea ဈေးနှုန်းသည် ယခင်က တထုတ်လျှင် ကျပ် ၇၀၀၀ မှ ၁၁၅၀၀ ဝန်းကျင်အထိ ဈေးနှုန်းမြင့်တက်သွားသလို Natural Habitat အမှတ်တံဆိပ် သစ်သီးအခြောက်မုန့်ထုတ်များ သည်လည်း ယခင်က ကျပ် ၃၈၀၀ မှ ကျပ် ၄၀၀၀ ဝန်းကျင်ရှိခဲ့ရာ ယခုတွင် ကျပ် ၅၀၀၀ ကျော်အထိ မြင့်တက်လျက် ရှိ သည်။
အခြားသော ကုန်ပစ္စည်းများဖြစ်သည့် နေကြာဆီ၊ ပဲဆီ၊ ကြာပန်း အမှတ်တံဆိပ် ဆပ်ပြာမှုန့်၊ အဝတ်လျှော် အမွှေးရည် အပါအဝင် အသက်အရွယ်ကြီးသူများအတွက် အာဟာရ ဖြည့်စွက်စာကဲ့သို့ ကုန်ပစ္စည်း အများအပြားသည်လည်း ပစ္စည်း ပြတ်လပ်ပြီး ဈေးတက်လျက်ရှိကြောင်း သိရသည်။
ကပ်ဆိုးများ ကြားက မြန်မာပြည်သူများ
အာဏာသိမ်းပြီးနောက် စစ်အာဏာရှင်ကို ဆန့်ကျင်နေကြသော လှုပ်ရှားမှုများ ပေါ်ပေါက်လာခဲ့ပြီး အစိုးရဆိုင်ရာ ဝန်ထမ်းများမှ အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) လုပ်ဆောင်ခြင်း၊ နေ့စဉ် ဆန္ဒပြပွဲများ၊ စစ်ကောင်စီတပ်ကို တော်လှန်တိုက်ပွဲများလည်း ဖြစ်ပွားလျက်ရှိသည်။
ထိုသို့သော ပြည်တွင်းရေး မတည်ငြိမ်မှုများကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတချို့ ထွက်ခွာသွားခြင်း၊ ရပ်တန့်သွားခြင်း၊ ပြည်တွင်း စီးပွားရေး လုပ်ငန်းများပါ ရပ်တန့်နေရခြင်းတို့ ရှိနေကာ အလုပ်လက်မဲ့ ဦးရေလည်း တိုးပွားလျက်ရှိသည်။
အခြေခံလူတန်းစားများအတွက် အလုပ်လက်မဲ့သည့်အတွက် စားဝတ်နေရေး ကျပ်တည်းမှုများ ကြုံတွေ့ရလျက်ရှိပြီး ယခုကဲ့သို့ ကုန်ဈေးနှုန်း ကြီးမြင့်နေမှုသည်လည်း ထပ်မံ ဒုက္ခများစေခဲ့သည်။ ထိုဒဏ်ကို ဝင်ငွေနည်း မိသားစုများအပြင် ပုံမှန် ဝင်ငွေရှိသည့် မိသားစုများ၊ အလယ်အလတ် လူတန်းစားများပါ ခံစားနေကြရခြင်း ဖြစ်သည်။
အခုက အလုပ်တွေက ရပ်ထားတော့ လစာက မရဘူး။ ဝင်ငွေ မရှိပါဘူးဆိုမှ အိမ်က လူတွေ ဖျားနေကြတယ်။ အစားအသောက်တွေ ဝယ်ရ၊ ဆေးတွေ ဝယ်ရနဲ့ ကုန်ကျစရိတ်တွေ ပိုများပါတယ်။ အိမ်က စုဆောင်းထားတဲ့ ပစ္စည်းလေးတွေကိုပဲ ပေါင်နှံ ရောင်းချပြီး ဖြေရှင်းရတာပဲ။
“အခုက အလုပ်တွေက ရပ်ထားတော့ လစာက မရဘူး။ ဝင်ငွေ မရှိပါဘူးဆိုမှ အိမ်က လူတွေ ဖျားနေကြတယ်။ အစားအသောက်တွေ ဝယ်ရ၊ ဆေးတွေ ဝယ်ရနဲ့ ကုန်ကျစရိတ်တွေ ပိုများပါတယ်။ အိမ်က စုဆောင်းထားတဲ့ ပစ္စည်းလေးတွေကိုပဲ ပေါင်နှံ ရောင်းချပြီး ဖြေရှင်းရတာပဲ။ ကျမတို့လို အိမ်ပိုင်တဲ့ လူတွေတောင် ဒီလောက် ဒုက္ခရောက်နေတာ ဘာမှမရှိတဲ့ အခြေခံ လူတန်းစားတွေဆိုရင် မတွေးရဲဘူး” ဟု မြောက်ဒဂုံ မြို့နယ်နေ မဇင်ဇင်က ဆိုသည်။
လက်ရှိအချိန်တွင် ဆင်းရဲနွမ်းပါးသူများအပြင် လူလတ်တန်းစားများပါ ကိုဗစ်ရောဂါဆိုးကို တွန်းလှန်နိုင်ရန်အတွက် အားဖြည့်စာ၊ ဆေးဝါးများ စရိတ်ပါ ထောင်းနေပြီဖြစ်သည်။
ယခင် အစိုးရ လက်ထက်တွင် ကိုဗစ်လူနာများအတွက် အလှူရှင် ပေါများသလို၊ ကွာရန်တင်းစင်တာများ၌ ဆေးဝါးနှင့် အစားအသောက် လိုလေးသေးမရှိစေရန် ပြည့်စုံစွာ စီစဉ်ဆောင်ရွက်ပေးထားလျက်ရှိပြီး အိမ်မှ လိုအပ်သော ပစ္စည်း၊ အစားအစာ အနည်းငယ်သာ ပို့ပေးရကြောင်း သိရသည်။
ယခု စစ်ကောင်စီ လက်ထက်တွင် ကိုဗစ်လူနာများ ရှိနေသော်လည်း ကျန်းမာရေး ယန္တရား ဖရိုဖရဲ ဖြစ်မှုကြောင့် ဆေးရုံ၊ ဆေးခန်း သွားရောက်ရန် မလွယ်ကူ၍ နေအိမ်တွင်သာ လူနာကို ထားရှိပြုစုနေကြရသဖြင့် ကျန်သည့် မိသားစုဝင်များပါ ကူးစက်ခံရကာ အစုလိုက်အပြုံလိုက် ကိုဗစ်ကူးစက် ပျံ့နှံ့မှုများ ဖြစ်ပွားလျက် ထိန်းချုပ်ရန် မလွယ်ကူလှသည့် အခြေအနေသို့ ရောက်ရှိနေသည်။
You may also like these stories:
ထိုင်းဘက်က ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ ကန့်သတ်ထား၍ ပြည်တွင်းသို့ အဝင်နည်း
ကိုဗစ်နှင့် အာဏာသိမ်းမှုကြောင့် ပြည်တွင်း ပြည်ပ စားသောက်ဆိုင်လုပ်ငန်းများ ပိတ်သိမ်းမှုများလာ
Auntie Anne ‘ s ပေါင်မုန့်ဆိုင်များ မြန်မာနိုင်ငံမှ ထွက်ခွာတော့မည်
စစ်အာဏာသိမ်းမှု အကျိုးဆက်ကြောင့် အလုပ်လက်မဲ့ဦးရေ ၁၀ သန်း ကျော်ထိ ရှိလာနိုင်