လွတ်မြောက်နယ်မြေ ဟု ဆိုကြသော တောတောင်ထဲတွင် လူငယ်များ စစ်ရေး လေ့ကျင့်မှုများ ပြုလုပ်နေကြသည်။ ထို လူငယ်များထဲတွင် အရောင်းအဝယ်၊ အနုပညာရှင်၊ ကျန်းမာရေးဆိုင်ရာ အသက်မွေးဝမ်းကျောင်းပြုသူများ၊ သင်္ဘောသား၊ ကျောင်းဆရာ၊ ကျောင်းသား အစရှိသည့် အလွှာအသီးသီးက လူတန်းစားမျိုးစုံ ပါဝင်နေသည်။ ၎င်းတို့၏ တူညီသည့် ဘုံရည်မှန်းချက်က စစ်အာဏာရှင်စနစ်နှင့် အာဏာရှင်ကို တော်လှန်ချေမှုန်းရေးပင် ဖြစ်သည်။
ထိုလူငယ်များထဲတွင် ကိုစိုးဝင်းနိုင် တယောက်လည်း ပါဝင်၏၊ သူဘဝက မတောင့်မတ မကြောင့်မကြ အခြေအနေမှ စစ်တပ်က အာဏာသိမ်းသည့်အတွက် ဘဝတဆစ်ချိုးကာ လက်နက်ကိုင်တော်လှန်ရေးထဲ ရောက်လာသူဖြစ်သည်။
“အခက်အခဲတွေကတော့ အများကြီးပါ။ မြို့ပေါ်မှာ အရမ်း Comfort zone နဲ့ပဲ နေခဲ့ရတော့ တောထဲရောက်တဲ့ စစချင်း အစားအသောက်၊ အနေအထိုင်၊ ပတ်ဝန်းကျင် အကုန် ဒုက္ခတော့ ရောက်တာပေါ့။ ဒါပေမယ့်လည်း ၃ ရက် ၄ ရက် လောက်ကျတော့ အသားကျသွားပါတယ်” ဟု စစ်အာဏာရှင် တော်လှန်ရေးအတွက် တောထဲရောက်နေသည့် သင်္ဘော သား တဦးလည်းဖြစ် အပျော်တမ်း ဓာတ်ပုံဆရာလည်းဖြစ်သည့် ခေါခေါ (ခေါ်) ကိုစိုးဝင်းနိုင် က ဆိုသည်။
သူသည် သဘောင်္သားတဦးဖြစ်သော်လည်း သင်္ဘော ပြန်မလိုက်တော့ဘဲ လက်နက်ကိုင်နယ်မြေသို့ ဝင်ရောက်လာခြင်းဖြစ် သည်။
စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်နေကြသည့် လှုပ်ရှားမှုများက ဖေဖော်ဝါရီလအတွင်း၌ပင် စတင်ခဲ့ခြင်း ဖြစ်သည်။ ထိုသို့ ဆန့်ကျင်သူများထဲတွင် လူငယ်အများစု ဦးဆောင်ပါဝင်နေကြသည်။ စစ်အာဏာရှင်စနစ်ကို လက်မခံကြောင်း မြန်မာပြည် တဝှမ်းရှိ သန်းပေါင်း များစွာသော လူထုက နည်းမျိုးစုံဖြင့် နေ့စဉ်ရက်ဆက် ဆန္ဒဖော်ထုတ်ခဲ့ကြသည်။
ထိုသို့ ဆန္ဒပြမှုများကြီးထွားလာသည့်အပေါ် စစ်အာဏာရှင်အဖွဲ့ဝင်များက အကြမ်းဖက်ဖြိုခွဲမှုများ စတင် လုပ်ဆောင်ခဲ့ သည်။
ယင်းအခြေအနေတွင် ဓာတ်ငွေ့ကာ မျက်နှာဖုံးနှင့် ဝတ်စုံပြည့် ဝတ်ဆင်ထားသည့် အရပ်မြင့်မြင့် ကိုစိုးဝင်းနိုင်(ခေါခေါ)၏ ပုံရိပ်ကို လူမှုကွန်ရက်တွင် မကြာခဏ တွေ့မြင်နေရပြီး၊ သူသည် စစ်တပ်က ဆန္ဒပြလူငယ်တို့အား ရက်စက်စွာ ပစ်ခတ် ခြင်း၊ ခံတပ်များကို ဖြိုခွင်းခြင်း တို့နှင့်ပတ်သက်၍ နိုင်ငံခြားသတင်းထောက်များကို ဖြေကြားကာ နိုင်ငံတကာစာမျက်နှာ ထက် ရောက်အောင် ပြုလုပ်ခဲ့သည်။
အကြမ်းဖက်မှုဖြိုခွင်းမှုများကြောင့် ထိခိုက်ဒဏ်ရာရသူ၊ သေဆုံးသူများ ရှိခဲ့ရာ စစ်အာဏာရှင် ဆန့်ကျင်ကြောင်း ဆန္ဒပြလူငယ်များက ပြန်လည်ခုခံကြသဖြင့် ဖမ်းဆီး၊ နှိပ်စက်ခြင်း၊ ပစ်ခတ်ခြင်းများ ပြုလုပ်ခဲ့သဖြင့် လူငယ်အများအပြား သေဆုံးခဲ့ရသည်။
စစ်အာဏာသိမ်းပြီး ဖေဖော်ဝါရီလကနေ ဇူလိုင်လ ၁၃ ရက်ထိ ပစ်ခတ်သတ်ဖြတ်မှုကြောင့် သေဆုံးသူ ၉၀၀ ကျော်၊ ဖမ်းဆီးခံထားရသူ ၆၀၀၀ ကျော်ရှိကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်းများ စောင့်ရှောက်ရေးအသင်း (AAPP) ထုတ်ပြန်ထားသည်။ ပြစ်ဒဏ်ကျခံနေရသူများထဲတွင် အသက်မပြည့်သေးသော ကလေးငယ်များလည်း ပါဝင်နေသည်။
စစ်ကောင်စီက ဆန္ဒပြလူငယ်များ သာမက ဆန္ဒပြရာတွင် မပါဝင်သည့် လူငယ်များကိုပါ ဖမ်းဆီးခြင်း၊ ပစ်ခတ် သတ်ဖြတ် ခြင်း၊ အပြစ်မဲ့ ပြည်သူများကိုလည်း အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်ခဲ့သည့်အပြင် စစ်ကောင်စီကို ဆန့်ကျင်သူများကို ပုဒ်မ ၅၀၅ (က)ဖြင့် တရားစွဲဆို အရေးယူမှုများ ပြုလုပ်ခဲ့သည့်အတွက် လူငယ်များအများစုမှာ စစ်အာဏာရှင်ကို လက် နက်ကိုင် တော်လှန်ကြရန် ခံယူချက် ပြင်းထန်လာခဲ့သည်။
ယခုဆိုလျှင် ပြည်သူ့ကာကွယ်ရေးတပ် (PDF) ကို အသီးသီးဖွဲ့စည်းထားကြကာ၊ လိုအပ်သည့် စစ်ရေး လေ့ကျင့်မှုများ အတွက် လက်နက်ကိုင် အဖွဲ့အစည်းတချို့ထံတွင်လည်းကောင်း၊ တောတွင်းတနေရာတွင်လည်းကောင်း၊ စစ်ကောင်စီ ထိန်းချုပ်မှုအောက်မှ လွတ်ကင်းသော လုံခြုံသည့်နေရာတွင် စစ်ကောင်စီကို တော်လှန်လိုကြသည့် လူငယ်များမှာ စစ် ပညာ သင်ယူနေကြခြင်း ဖြစ်သည်။
ထိုလူငယ်များထဲတွင် အမျိုးသားများသာမက အမျိုးသမီးများ၊ ထင်ရှားကျော်ကြားသူများ၊ အနုပညာရှင်များလည်း ပါဝင် ကြသည်။
ကိုစိုးဝင်းနိုင်က “ဖေဖော်ဝါရီ ၅ ရက် ကိုတေဇာဆန်းတို့ မန္တလေးမှာ ဆန္ဒပြတယ်။ ဖေဖော်ဝါရီ ၆ ရက် ရန်ကုန်မှာ အင်းစိန် ကနေ လှည်းတန်းကို ချီတက်တဲ့ မအိသဉ္ဖာမောင် တို့ရဲ့ သပိတ်ကစပြီး ကျနော်တို့သပိတ် စထွက်ခဲ့ရာကနေ တောက် လျှောက် သပိတ်တွေမှောက် ဆန္ဒတွေပြ အလှူတွေ လုပ်ရင်း မြို့ပေါ်မှာ အကာအရံတွေ ကာရင်း ပါဝင် လှုပ်ရှားခဲ့ပါတယ်။ အားမရတော့လို့ လက်နက်ကိုင် လမ်းစဉ်ကို ရွေးချယ်လိုက်တာပါ” ဟု ဆိုသည်။
သူ၏ မိသားစုဝင်များက နိုင်ငံရပ်ခြားတွင် နေထိုင်ကြပြီး ဖခင်ဖြစ်သူက “ကိုယ်ဖြစ်ကိုယ်ခံ ကိုယ်လုပ်တဲ့အကျိုးဆက်က ကိုယ့်အပေါ် တာဝန်ကျမှာပဲ။ လုပ်ရဲလို့ ခံရဲရင် ကြိုက်တာလုပ်” ဆိုသည့် ပြောစကားလည်း ရှိသည့်အတွက် နောက်ဆံ တင်းစရာ မရှိဘဲ လုပ်ဆောင်နိုင်ကြောင်းလည်း ပြောပြသည်။
၎င်းမှာ ဖေဖော်ဝါရီလမှ စတင်သည့် စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုများတွင် ရှေ့တန်းမှ ပါဝင်လာခဲ့ပြီးနောက် စစ်ကောင်စီက နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်ခံထားရကာ စစ်ကောင်စီ အလိုရှိနေသူ တဦးလည်း ဖြစ်သည်။
ကိုစိုးဝင်းနိုင်သည် ဇွန်လ အတွင်းမှာပင် PDF ထဲသို့ သွားရောက်ကာ စစ်ပညာသင်ကြားနေခြင်း ဖြစ်သည်။
ယခုလို PDF ထဲဝင်ရောက်ခဲ့ခြင်းသည် နိုင်ငံရေး ခံယူချက်များ ပြင်းထန်သည် ဆိုခြင်းထက် မတရားမှုကို လက်ပိုက် မကြည့်နိုင်သောကြောင့် အဆုံးထိ ပါဝင်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
လူမှုကွန်ရက်ပေါ်တွင် ကိုစိုးဝင်းနိုင်၏ Facebook အကောင့်မှ စခန်းအတွက်နှင့် လိုအပ်သည်များ ဝယ်ယူနိုင်ရန် အလှူခံ သည့် ပိုစ့်များ တင်လေ့ရှိသလို လှူတန်းသည့် အလှူရှင်များစွာလည်း ရှိသည်။ ထိုရန်ပုံငွေများဖြင့် စစ်အာဏာရှင်ကို တော်လှန်ရေးတွင် အသုုံးပြု လည်ပတ်လျက်ရှိသည်။
PDF ထဲရောက်သွားသည့်အချိန်တွင် ငွေကြေးအင်အားလိုအပ်ချက်များအတွက် ရန်ပုံငွေရှာဖွေပေးခြင်းများ ပြုလုပ်ပေး လျက်ရှိပြီး ထိုသို့ လုပ်ပေးခြင်းကြောင့် ၎င်း၏ ဘဏ်အကောင့်များကို စစ်ကောင်စီက ပိတ်ဆို့မှုများပြုလုပ်ထားကြောင်း သိရသည်။
ကိုစိုးဝင်းနိုင်မှာ လူမှုကွန်ရက် စာမျက်နှာပေါ်တွင် လူတော်တော်များများ သိရှိကြသူတဦးဖြစ်ခြင်းကြောင့် ၎င်း၏ ပုံရိပ်ကို အသုံးပြု၍ ငွေကြေး အလှူခံသည့် အခါတွင် တောတွင်း၌ နေထိုင်တဲ့ပုံရိပ်များကို ဖော်ပြသည့်အတွက်လည်း ဝေဖန်မှု များစွာလည်း ကြုံခဲ့ရသည်။
“အခုက အလှူခံတဲ့ ပိုစ့်တွေမှာ လိမ်ပြီး အလှူခံတဲ့သူတွေလည်းများသလို ဘယ်ကို လှူရမလဲ၊ ဘာအတွက် လှူရမလဲ ဆိုတာ ဝေခွဲရခက်နေတဲ့သူတွေရှိပါတယ်။ ကျမတို့ဆိုရင် လှူဖို့ အတွက် ကိုယ်မသိတဲ့သူတွေကို လှူဖို့ ခဲယဉ်းပါတယ်။ ကိုယ်သိနေတဲ့သူတို့၊ ဖော်လိုဝါလည်းများတဲ့သူက အလှူခံတယ်ဆိုရင် ယုံကြည်မှုနဲ့ လှူဖြစ်တယ်။ တောတွင်းထဲက ပုံတွေ တင်တဲ့အခါမှာတော့ အရမ်းကြီး ဟိုက်လိုက်ဖြစ်စေမယ့်၊ ကိုယ့်အဖွဲ့ကို အန္တရာယ်ဖြစ်စေမယ့် ပုံတွေကလွဲရင် ကျန်တဲ့ လှုပ်ရှားမှု ပုံတွေဆိုရင် ဘယ်လိုနေလဲ ဘယ်လိုထိုင်ကြလဲ ဆိုတာ သိချင်တဲ့သူတွေလည်း ရှိတော့ အဆင်ပြေတယ် ထင်ပါ တယ်” ဟု လှူတန်းသူ တဦးက ဆိုသည်။
ဆိုရှယ်မီဒီယာပေါ်တွင် ထိုသို့ ပုံများတင်ခြင်းသည် ရောက်ရှိနေသည့်နေရာအား လူအများ သိရှိမှသာ လိုအပ်နေသော အကူအညီကို တောင်း၍ ရမည်ဖြစ်ပြီး ထိုသို့ဖော်ပြခြင်းကို တာဝန်ရှိသူများနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များက ခွင့်ပြုထားပြီး ဖြစ်ကြောင်းလည်း ကိုစိုးဝင်းနိုင်က ပြောသည်။
“ပြောချင်တဲ့သူတွေကတော့ ဘာလုပ်လုပ်ကို ဝေဖန်နေဦးမှာပါပဲ။ ကျနော်ကျတော့ ကိုယ် ဒီနေရာရောက်နေတဲ့ အကြောင်း လူတွေသိရမှ ကျနော်ရှိတဲ့နေရာအတွက် လိုအပ်တဲ့ အကူအညီကို ကျနော်က တောင်းလို့ရမှာ ဖြစ်တဲ့အတွက် တင်ရတာ ပေါ့။ ကျနော် Social media တွေမှာ တင်တဲ့ အကြောင်းအရာ Post တွေ အကုန် စခန်းက တာဝန်ရှိသူတွေ EAOs (တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့) တွေဆီက ခွင့်ပြုလို့ ကျနော် တင်တာတွေပါ။ အဲဒီအရာတွေ အတွက်နဲ့တော့ သွားနေ တဲ့ လမ်းကြောင်းကို သွေဖယ်စရာ အကြောင်း မရှိပါဘူး” ဟု ကိုစိုးဝင်းနိုင်က ပြောဆိုသည်။
စစ်ကောင်စီ၏ ပြည်သူများအပေါ် အကြမ်းဖက်လုပ်ရပ်များကြောင့် လူငယ်အများစုသည် ပြည်သူများကို ကာကွယ်ရန် PDF ထဲသို့ ဝင်ရောက်ချင်သူများကို နိုင်ငံအတွက် တရားသောဘက်က စစ်သည်တယောက်ဖြစ်ရခြင်းဟာ ဂုဏ်ယူစရာကောင်း ကြောင်း တိုက်တွန်းကြောင်းလည်း ၎င်းက ပြောဆိုသည်။
“ဝင်ချင်တဲ့ သူတွေ ဝင်ကြပါ။ နိုင်ငံအတွက် တရားသောဘက်က စစ်သည်တစ်ယောက်ဖြစ်ရတာ ဂုဏ်ယူဖို့ကောင်းပါတယ်။ အရင်က စစ်ယူနီဖောင်းမြင်တိုင်း ကျနော်တို့က ကြောက်ရတာ။ အခုက လူငယ်မြင်တိုင်း သူတို့မှာ ကြောက်နေရတာ ဒီ တော့ စစ်ကောင်စီဟာ အစဉ်အဆက် နည်းအမျိုးမျိုးနဲ့ ယုတ်မာခဲ့တဲ့အတိုင်း ဆက်ယုတ်မာနေဦးမှာပါပဲ” ဟု ပြောသည်။
ယခုအထိ ဆိုရှယ်မီဒီယာပေါ်တွင် ထင်ရှားသည့် ကိုစိုးဝင်းနိုင်ကဲ့သို့ လူငယ်များစွာမှာ ၎င်းတို့ လက်ဝယ်ပိုင်ဆိုင်ထားသော အရာများ၊ အနာဂတ်အိပ်မက်များကို စွန့်ကာ PDF ထဲသို့ ရောက်ရှိနေသလို ထင်ရှားလူသိများသော အလှမယ် ထား ထက်ထက်၊ Miss Golden Land Myanmar ရဲ့ CEO & Founder ကိုဝေယံအောင်၊ ကိုဟန်ဇော်လတ်၊ “ဟားငါးကောင်” အဖွဲ့၊ အဆိုတော် နိုဗန်ထူး အစရှိသူတို့လည်း စစ်အာဏာရှင်ကို တော်လှန်ရေး တောတွင်းရှိ နယ်မြေ အသီးသီးကို ရောက်ရှိနေကြသည်။
ထိုသို့ လူသိများသောသူများ သာမက စစ်အာဏာရှင်ကို ဖီဆန်၍ တောထဲသို့ ရောက်လာကြသည့် CDM ဆရာဝန်များ၊ CDM တပ်မတော်သား၊ ရဲများ အပါအဝင် များစွာသော သူများလည်း ပင်ပန်းဆင်းရဲမှုဒဏ်များကို အံတုရင်း စစ်အာဏာ ရှင်ကို တော်လှန်ဖို့အတွက် ကြိုးပမ်းနေကြပြီ ဖြစ်သည်။
ထိုသူများက တနေ့နေ့တွင် စစ်အာဏာရှင်ကို လက်နက်စွဲကိုင်၍ တော်လှန်ချေမှုန်းနိုင်ရန်အတွက် အင်တိုက်အားတိုက်ဖြင့် စစ်ရေးလှုပ်ရှားမှုများကို မြင်တွေ့မြင်ရပေဦးမည်။
You may also like these stories:
တာဝန်ရပ်ဆိုင်းမှု လက်မခံတဲ့ ဗိုလ်မှူးချုပ် နယ်ဒါးမြကို KNU ဘယ်လိုကိုင်တွယ်မလဲ
KNPP နှင့် အာဏာသိမ်း စစ်တပ် လွိုင်ကော်တွင် တိုက်ပွဲဖြစ်
တဖွဲ့ကိုသွားရင် တဖွဲ့နဲ့ ပဋိပက္ခဖြစ်မှာ စိုးလို့ လူငယ်တွေ ဖွဲ့လိုက်တဲ့ ရှမ်းပြည်ဖက်ဒရယ်တပ်ဦး