ကိုဗစ် ကာကွယ်ဆေးထိုးမှု အမြင့်မားဆုံးနှင့် ကူးစက်မှုနှုန်း အများဆုံးနိုင်ငံများအနက် အများစုသည် တရုတ်လုပ် ကာကွယ်ဆေးကို အားကိုးခဲ့ကြောင်း CNBC ၏ သုတေသနတခုက ပြသနေသည်။
တရုတ်နိုင်ငံလုပ် ကာကွယ်ဆေးများ၏ ထိရောက်မှုနှင့် ပတ်သက်သော စုံစမ်းလေ့လာမှုများ တိုးပွားနေစဉ် ထိုရလဒ်ကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ပိုမိုကူးစက်လွယ်သည့် ဒယ်လ်တာ မျိုးကွဲကို တရုတ်ကာကွယ်ဆေးများက ကာကွယ်နိုင်သည့် အချက်အလက် မရှိသောကြောင့် ထိုသို့ စူးစမ်းလေ့လာမှုများကို ပိုမိုဆောင်ရွက်လာခြင်းဖြစ်သည်။ လူဦးရေအချိုးအစားအရ အပတ်စဉ် ကိုဗစ်ကူးစက်မှုသည် ကမ္ဘာတွင် ကာကွယ်ဆေးအများဆုံးထိုးပြီးသည့် နိုင်ငံ အနည်းဆုံး ၆ ခုတွင် ဆက်လက်မြင့်မားနေပြီး ၎င်းတို့အနက် ၅ နိုင်ငံသည် တရုတ်ကာကွယ်ဆေးအားကိုးသော န်ိုင်ငံများဖြစ်နေသည်။
ဇူလိုင်လ ၆ ရက်နေ့နောက်ပိုင်း အပတ်စဉ် လူတသန်းလျှင် ကူးစက်မှုသစ် တထောင်ကျော်သော နိုင်ငံ ၃၆ နိုင်ငံကို CNBC က လေ့လာသည်။ ထိုသို့လေ့လာရာတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ အစိုးရများနှင့် အောက်စဖို့ဒ် တက္ကသိုလ်မှ သုတေသီများ အပါအဝင် ရင်းမြစ်များထံမှ သတင်းအချက်အလက်များကို ပြုစုသည့် Our World in Data မှ စာရင်းများကို အသုံးပြုသည်။ ထိုနောက် CNBC သည် နိုင်ငံလူဦးရေ၏ ၆၀ ရာခိုင်နှုန်းကို ကာကွယ်ဆေးတကြိမ် အနည်းဆုံးထိုးပြီးသော နိုင်ငံ ၃၆ နိုင်ငံကို သရုပ်ခွဲသည်။
၆ နိုင်ငံအနက် ၅ နိုင်ငံသည် ၎င်းတို့၏ ကာကွယ်ဆေးအစီအစဉ်များတွင် တရုတ်လုပ်ကာကွယ်ဆေးများကို အကြီအကျယ် အသုံးပြုသော နိုင်ငံများဖြစ်သည်။ ထိုနိုင်ငံများမှာ အာရပ်စော်ဘွားများနိုင်ငံ၊ ဆေးရှဲ၊ မွန်ဂိုးလီးယား၊ ဥရုဂွေးနှင့် ချီလီတို့ဖြစ်သည်။ ထိုနိုင်ငံများအနက် တရုတ် ကာကွယ်ဆေးကို မမှီခိုသည့် ဗြိတိန်နိုင်ငံလည်း ပါဝင်သည်။
တရုတ်နိုင်ငံပိုင် Sinopharm ၏ ကာကွယ်ဆေး ၂.၃ သန်း ရရှိကြောင်း မွန်ဂိုလီးယားနိုင်ငံပိုင် Montsame က မေလတွင်ကြေညာခဲ့သည်။ ထိုအရေအတွက်သည် လွန်ခဲ့သောအပတ်က မွန်ဂိုလီးယား လက်ခံရရှိသည့် ရုရှား၏ Sputnik V ကာကွယ်ဆေး ၈၀၀၀၀ နှင့် Pfizer-BioNTech ၂၅၅၀၀၀ တို့ထက် ပိုမိုများပြားသည်။
ချီလီန်ိုင်ငံသည် ဘေ့ဂျင်းအခြေစိုက် Sinovac Biotech မှ ကာကွယ်ဆေး ၁၆.၈ သန်းကို ထိုးပေးပြီး Pfizer-BioNTech ဆေး ၃.၉ သန်းနှင့် အခြားကာကွယ်ဆေး ၂ မျိုးကို အနည်းငယ်စီ ရရှိကြောင်း Reuters သတင်းဌာနက လွန်ခဲ့သောလက ဖေါ်ပြခဲ့သည်။
အာရပ်စော်ဘွားများနိုင်ငံနှင့် ဆေးရှဲ နိုင်ငံတို့သည် ၎င်းတို့၏ ကာကွယ်ဆေးထိုး အစီအစဉ်အစပိုင်းတွင် Sinopharm ကာကွယ်ဆေးများကို အကြီးအကျယ်အားကိုးခဲ့သော်လည်း နောက်ပိုင်းတွင် အခြားကာကွယ်ဆေးများကို စတင်အသုံးပြုလာသည်။ ဥရုဂွေးတွင် Sinovac ကာကွယ်ဆေးသည် Pfizer-BioNTech နှင့်အတူ အသုံးအများဆုံးဆေး ၂ မျိုးတွင်ပါဝင်သည်။
ဗြိတိန်တွင် Moderna, AstraZeneca-Oxford, Pfizer-BioNTech နှင့် Janssen ကာကွယ်ဆေးများကို အတည်ပြုထားသည်။ ဗြိတိန်နိုင်ငံတွင် မကြာသေးမီ ရက်သတ္တပတ်အတွင်း ပိုမိုကူးစက်မြန်သည့် ဒယ်လ်တာမျိုးကွဲ ပျံ့နှံ့ပြီး ရောဂါဖြစ်ပွားမှု မြင့်မားလာသည်။
Sinopharm နှင့် Sinovac တို့က CNBC က မေးမြန်းစုံစမ်းသည်ကို အကြောင်းပြန်ကြားခြင်း မရှိပေ။
ကာကွယ်ဆေးထိုးမှု မြင့်မားသော နိုင်ငံများတွင် ကိုဗစ်ကူးစက်မှု မြင့်မားလာခြင်းတွင် အကြောင်းရင်းများစွာ ရှိနိုင်သည်။ ကာကွယ်ဆေးသည် ရာနှုန်းပြည့် အကာအကွယ်ပေးနိုင်ခြင်းမရှိဘဲ ကာကွယ်ဆေးထိုးပြီးသူများတွင်လည်း ကူးစက်မှုဖြစ်နိုင်သည်။ တချိန်တည်းတွင် ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲမျာသည်လည်း ကာကွယ်ဆေးကို ကျော်လွှားနိုင်ကြသည်။
နိုင်ငံအများအပြားအတွက် အကောင်းဆုံးရွေးစရာ နည်းလမ်း
နိုင်ငံများအနေဖြင့် တရုတ်နိုင်ငံထုတ် ကာကွယ်ဆေးသုံးစွဲခြင်းကို မရပ်ဆိုင်းသင့်ကြောင်း ကူးစက်ရောဂါ ပညာရှင်များပြောသည်။ အထူးသဖြင့် ကာကွယ်ဆေးအကန့်အသတ်ဖြင့်သာ ရရှိသော ဝင်ငွေနည်းနှင့် အလယ်အလတ်နိုင်ငံများသည် တရုတ်ကာကွယ်ဆေးသုံးစွဲခြင်းကို မရပ်ဆိုင်းသင့်ပေ။
Sinopharm နှင့် Sinovac ကာကွယ်ဆေးကို အတည်ပြုပေးသော နိုင်ငံများနှင့် ဒေသများသည် ဖွံ့ဖြိုးဆဲ နိုင်ငံများဖြစ်ပြီး အမေရိကန်ပြည်ထောင်စုနှင့် ဥရောပတွင် ထုတ်လုပ်သည့် ကာကွယ်ဆေးများရရှိရေးတွင် ချမ်းသာသော နိုင်ငံများကို ယှဉ်ပြိုင်နိုင်စွမ်းမရှိပေ။
နိုင်ငံများကြားက မယုံကြည်နိုင်လောက်သည့် မညီမျှမှု
နိုင်ငံများသည် ၎င်းတို့၏ ရေရှည် ရည်မှန်းချက်များအပေါ်မူတည်ပြီး အချိုကာကွယ်ဆေးများကို သုံးရန် ဆုံးဖြတ်ရကြောင်း ဟောင်ကောင်တက္ကသိုလ် ပြည်သူ့ကျန်းမာရေးကျောင်းမှ ပါမောက္ခ ဘန် ကောင်းလင်းပြောသည်။
“အချို့နိုင်ငံတွေက ကိုဗစ်ဖြစ်ပွားမှုနဲ့သေဆုံးမှု နှိုင်းယှဉ်ချက်အားဖြင့် နည်းနေသေးသမျှ နည်းနည်းပါးပါး ကူးစက်တာကို လက်ခံနေရတယ်။ ရနိုင်သမျှ ဘယ်ကာကွယ်ဆေးနဲ့မဆို များများထိုးနိုင်အောင် လုပ်နေရတယ်” ဟု ကူးစက်ရောဂါနှင့် ဇီဝအချက်အလက်များဆိုင်ရာ ပါမောက္ခ ကောင်းလင်း က CNBC သို့ အီးမေးလ်ဖြင့်ပြောကြားသည်။
သို့သော် တရုတ်ကာကွယ်ဆေးကို လက်မခံသည့် နိုင်ငံအချို့လည်း ရှိသည်။ လွန်ခဲ့သောလက ကော့စတာရီကာက Sinovac သည် လုံလောက်သော ထိရောက်မှုမရှိဟုဆိုကာ ထိုကာကွယ်ဆေး ပေးပို့သည်ကို လက်မခံပေ။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အတည်ပြုချက်
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က Sinopharm နှင့် Sinovac ကာကွယ်ဆေးများကို အရေးပေါ်အသုံးပြုရန် ခွင့်ပြုထားသည်။
တရုတ်ကာကွယ်ဆေးနှစ်မျိုးသည် ၉၀ ရာခိုင်နှုန်းကျော် ထိရောက်သည့် Pfizer-BioNTech နှင့် Moderna တို့ထက် ထိရောက်မှုနည်းသည်။
Sinopharm ၏ ကာကွယ်ဆေးသည် ရောဂါလက္ခဏာပြသည့် ကိုဗစ်ကူးစက်မှုအတွက် ၇၉ ရာခိုင်နှုန်းထိရောက်သည်ဟု WHO ကပြောသော်လည်း အသက် ၆၀ နှင့် အထက်ကဲ့သို့သော အချို့အုပ်စုများအကြား ထိုဆေး၏ ထိရောက်မှုကို ရှင်းရှင်းလင်းလင်း မသိရပေ။
Sinovac ကာကွယ်ဆေး၏ ထိရောက်မှုသည် စမ်းသပ်ခဲ့သော နိုင်ငံအပေါ် မူတည်ပြီး ၅၀ ရာခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်းကျော်အထိ ရှိသည်။
စမ်းသပ်မှုများကို မတူညီသည့် အခြေအနေများတွင် ပြုလုပ်သောကြောင့် ၎င်းတို့၏ ရလဒ်များကို တိုက်ရိုက်နှိုင်းယှဉ်မရကြောင်း ကျွမ်းကျင်သူများပြောသည်။ သို့သော် ဟောင်ကောင်တွင် စမ်းသပ်မှုတွင်မူ BioNTech ကာကွယ်ဆေးထိုးခံရသူများသည် Sinovac ကာကွယ်ဆေးထိုးခံရသူများထက် ရောဂါတိုက်ဖျက်မှု လွန်စွာမြင့်မားကြောင်းတွေ့ရသည်ဟု South China Morning Post ကဖေါ်ပြသည်။
ကိုဗစ်ကာကွယ်ဆေးအမျိုးမျိုး၏ နည်းပညာများကြောင့်လည်း ထိရောက်မှု ကွာခြားခြင်းဖြစ်ကြောင်း ကျွမ်းကျင်သူများပြောသည်။
Sinopharm နှင့် Sinovac ကာကွယ်ဆေးများသည် အင်အားချည့်နဲ့နေသည့် ဗိုင်းရပ်စ်ကို လူ့ခန္ဓာကိုယ်တွင် ထည့်သွင်းပေးပြီး ကိုယ်ခံစွမ်းအားစနစ်ကို လှုံ့ဆော်ပေးသည့် နည်းပညာကို သုံးသည်။ ထိုနည်းပညာသည် ကာကွယ်ဆေးထုတ်လုပ်ရာတွင် ဆယ်စုနှစ်ပေါင်းများစွာ စမ်းသပ်တွေ့ရှိပြီးသော နည်းလမ်းဖြစ်သည်။ Pfizer-BioNTech နှင့် Moderna တို့၏ ကာကွယ်ဆေးမှာမူ ခန္ဓာကိုယ်အတွင်း ရောဂါခုခံမှုကို လှုံ့ဆော်ပေးသည့် ဗိုင်းရပ်စ် ပရိုတိန်းဖြစ်စေမည့် မျိုးဗီဇကို လှုံ့ဆော်သည့် messenger RNA နည်းပညာကို သုံးသည်။
“အားနည်းတဲ့ဗိုင်းရပ်စ်နဲ့ထုတ်လုပ်တဲ့ ကာကွယ်ဆေးတွေက ထုတ်လုပ်ရတာ လွယ်ကူပြီး အန္တရာယ်ကင်းတယ်လို့ လူသိများပေမယ့် အခြားကာကွယ်ဆေးတွေနဲ့ ယှဉ်လိုက်ရင် သူ့ကိုယ်ခံစွမ်းအား တုံ့ပြန်မှုက အားနည်းနေတယ်” ဟု ဗြိတိန်နိုင်ငံ ဆောက်သမ်တန် တက္ကသိုလ်မှ ကမ္ဘာ့ကျန်းမာရေး သုတေသီ မိုက်ကယ်ဟက်ဒ်က The Conversation ဝက်ဆိုက်တွင် ရေးသားသည့် ဆောင်းပါးတပုဒ်တွင် ဖေါ်ပြသည်။
သို့သော် အကျယ်အပြန့်လုပ်ဆောင်သည့် အဆင့် ၃ စမ်းသပ်မှုတွင် ထိုအားနည်းသော ဗိုင်းရပ်စ်မှ ထုတ်လုပ်သည့် ကာကွယ်ဆေးများသည် ပြင်းထန်သော ကိုဗစ်ရောဂါနှင့် သေဆုံးမှုကို ထိရောက်စွာ ကာကွယ်နိုင်ကြောင်း ပြသသည်ဟု ကောင်းလင်းပြောသည်။
တရုတ် ကာကွယ်ဆေးသုံးသော နိုင်ငံအချို့တွင် ကိုဗစ်ကူးစက်မှု မြင့်မားလာသည်မှာ အပြည့်အ၀ ကာကွယ်ဆေးထိုးထားပြီး အပြင်းအထန် ရောဂါခံစားရသူအချို့တွင် ကူးစက်မှုနှုန်း မြင့်လာခြင်းဟု သူပြောသည်။
လူအုပ်စုလိုက်ရောဂါခံနိုင်ရည် ‘Herd immunity’
ကာကွယ်ဆေးများတွင် ထိရောက်မှုနိမ့်သောကြောင့် လူအုပ်စုလိုက်ရောဂါခံနိုင်သည့် အဆင့်ရောက်ရန် ပိုမိုများပြားသောလူများကို ကာကွယ်ဆေးထိုးပေးရန် လိုသည်။ ထိုသို့သော အုပ်စုလိုက်ရောဂါခံနိုင်ရည်သည် လူအများစုတွင် ကာကွယ်ဆေးထိုးပြီးသောကြောင့် သို့မဟုတ် ကူးစက်ခံရပြီး နာလန်ထလာသောကြောင့် ရောဂါခံနိုင်ရည်ရှိလာပြီး ထိုဗိုင်းရပ်စ်သည် အလျှင်အမြန် ကူးစက်မှု မရှိတော့သောအခါတွင် ဖြစ်ပေါ်သည်။
အချို့နိုင်ငံများသည် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု အစောပိုင်းတွင် လူအုပ်စုလိုက်ရောဂါခံနိုင်ရည် ရရှိရန် ကြိုးစားခဲ့သော်လည်း အောင်မြင်မှုနည်းကြောင်း တွေ့ရသည်။ ဆွီဒင်ကဲ့သို့သော နိုင်ငံအချို့သည် လူအုပ်စုလိုက်ရောဂါခံနိုင်ရည် ရတော့မည်ဟု ဆိုခဲ့သော်လည်း ကာကွယ်ဆေးလမ်းကြောင်းကိုသာ အသုံးပြုသည့် အိမ်နီးချင်းနိုင်ငံများထက် ကူးစက်မှု ပိုမိုများပြားကြောင်း တွေ့ရသည်။
သြစတြေးလျှနိုင်ငံ နယူးဆော့သ်ဝေးပြည်နယ်တွင် လူဦးရေ၏ ၆၆ ရာခိုင်နှုန်းကို ၉၀ ရာခိုင်နှုန်းထိရောက်သော ကာကွယ်ဆေးထိုးပြီးလျှင် လူအုပ်စုလိုက်ရောဂါခံနိုင်ရည် ရလာမည်ဟု နယူဆော့သ်ဝေး တက္ကသိုလ် ကာဘီအင်စတီကျု၏လေ့လာမှုအရ သိရသည်။
ကာကွယ်ဆေး၏ ထိရောက်မှုသည် ၇၀ ရာခိုင်နှုန်းသာရှိပါက ကာကွယ်ဆေးထိုးရမည့် လူဦးရေသည် ၈၆ ရာခိုင်နှုန်းအထိ မြင့်မားလာပြီး ကာကွယ်ဆေးထိရောက်မှုသည် ၆၀ ရာခိုင်နှုန်းအောက် ရောက်သွားပါက လူအုပ်စုလိုက်ရောဂါခံနိုင်ရည်ကို မရတော့ကြောင်း ထိုစစ်တမ်းက ဆိုသည်။
ကိုးကား ။ ။ CNBC မှ Six vaccinated countries have high Covid infection rates. Five of them rely on Chinese vaccines
You may also like these stories:
စစ်ကောင်စီ တနိုင်ငံလုံး လော့ဒေါင်းချ
ဆေးဆိုင်များတွင် အိမ်သုံးဆေးဝါး ပစ္စည်းပြတ်၍ အကန့်အသတ်ဖြင့် ဝယ်နေရ
ထိုင်းဘက်က ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ ကန့်သတ်ထား၍ ပြည်တွင်းသို့ အဝင်နည်း
ကိုဗစ်တတိယလှိုင်း စစ်ကောင်စီ လုံးဝ မထိန်းနိုင်