ကသာမြို့တွင်း ပေါက်ကွဲသံများနှင့် ပစ်ခတ်သံများ ဆက်တိုက် ကြားရပြီးနောက် ပတ်ဝန်းကျင်တခုလုံး ငြိမ်သက်သွားသည်။
အချိန်က ဇွန် ၁၂ ရက်၊ ည ၉ နာရီဝန်းကျင်တွင် ဖြစ်သည်။
ညမှောင်ကာစ ၇ နာရီဝန်းကျင်ကတည်းက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးတွင် ပေါက်ကွဲသံကြားရပြီး ၈ နာရီ ဝန်းကျင် တွင် အုပ်ချုပ်ရေးမှူးတဦး၏ နေအိမ်ဝင်းအတွင်း ပေါက်ကွဲသံကြားရရာမှ တဆင့် ကသာမြို့မရဲစခန်း ပတ်ဝန်းကျင်တွင် ပစ်ခတ်သံများ ညံသွားခြင်း ဖြစ်သည်။
နိုင်ငံရေး အခြေအနေက ရှုပ်ထွေးနေရာ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (PDF) နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့က ကသာ ရဲစခန်းကို ဝင်စီးနင်းပြီဟု လူထုက ထင်လိုက်ကြသည်။
ရဲစခန်းအနီးအနားက နေအိမ်အချို့လည်း ကျည်ဆံများ အိမ်အတွင်း ဖောက်ဝင်လာခြင်းကို ကြုံတွေ့ခဲ့ရသော်လည်း ကံကောင်းသည်က တဦးတယောက်မှ ထိခိုက်ဒဏ်ရာ မရခဲ့ကြ။
သို့သော် ကသာ PDF တပ်ဖွဲ့က ၎င်းတို့နှင့် KIA လက်ချက် မဟုတ်ကြောင်း ငြင်းဆိုရာ လူနေထူထပ်သည့် မြို့လယ်ခေါင်တွင် ဖြစ်ပွားခဲ့ သည့် ပစ်ခတ်မှုကား လက်သည် မပေါ်၊ ပဟေဌိဆန်စွာဖြင့်ပင် ပြီးဆုံးသွားခဲ့သည်။
ကသာမြို့ခံတဦးက “ရှေ့မှာ ကြံ့ခိုင်ရေးရုံးနဲ့ အမှတ် ၇ ရပ်ကွက်ရဲ့ အုပ်ချုပ်ရေးမှူးအိမ်ကို ဆက်တိုက် အသံမိုင်းတွေ ခွဲခံရတယ်။ အဲဒီ နောက်မှာ ရဲစခန်းဘက်က တပ်လှန့်တဲ့ အနေနဲ့ ပစ်ခတ်တာလို့ ကျနော်တို့ကတော့ ထင်တာပဲ” ဟု ပြောသည်။

ဒေသခံအချို့၏ ထင်မြင်ချက်ကား ပြည်သူ့ထောက်ခံမှုဖြင့် ဖွဲ့စည်းထားသည့် ကသာ PDF က လူနေထူထပ်သည့် မြို့လယ်နေရာကို ဝင်ရောက် စီးနင်း တိုက်ခိုက်လိမ့်မည်ဟု မထင်ကြောင်း ပြောဆိုကြသည်။
စစ်ကိုင်းတိုင်း၏ နယ်နိမိတ်အစွန်ဆုံးတွင် တည်ရှိသည့် ကသာမြို့တွင် ဒေသခံလူထုသည် စိုက်ပျိုးရေးလုပ်ငန်း၊ သစ်လုပ်ငန်းကို လုပ်ကိုင်ကြကာ သာမန် နယ်မြို့ငယ်တမြို့ ဖြစ်သော်လည်း စစ်အာဏာသိမ်းပြီးနောက်တွင် လူငယ်များက လက်နက်ကိုင် တော် လှန်ရေးကို တက်တက်ကြွကြွ လုပ်ဆောင်လာကြသဖြင့် စစ်ရိပ်စစ်ငွေ့သန်းလာသည့် မြို့ငယ်အဖြစ် အသွင်ပြောင်းနေပြီ ဖြစ်သည်။
ကသာမြို့ပြင် ကျေးလက်တောရွာဘက်တွင် PDF တပ်ဖွဲ့များက လှုပ်ရှားသလို ကသာမြို့တွင်းနှင့် မြို့ပတ်ဝန်းကျင်တွင် စစ်ကောင်စီ တပ်များက ခြေချင်းလိမ်အောင် ကင်းလှည့်ခြင်း၊ စောင့်ကြပ်ခြင်းများ ပြုလုပ်နေသည်။
ကသာမြို့အခြေအနေက လွန်ခဲ့သည့်နှစ်များကဲ့သို့ အေးချမ်းတည်ငြိမ်သည့် သာမာန်မြို့ငယ်လေးတမြို့၏ အခြေအနေနှင့် မတူတော့ပါ။
ကသာမြို့တွင်း၌ စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း ခမရ ၃၀၉ တပ်များအပြင် ခမရ ၃၀၄၊ ခမရ ၃၆၈ တို့က မြို့တွင်း နေ့စဉ်နီးပါး ကင်း လှည့်နေသလို မြို့ပေါ် ရဲစခန်းဝင်းနှင့် မြို့ပြင်ဧရိယာများတွင်ပါ နေရာ ယူထားကြသည်။
စစ်ကိုင်း PDF နှင့် KIA ၏ စစ်ရေး လှုပ်ရှားမှုများ
ကသာ PDF တပ်ဖွဲ့သည် မေလက စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သဖြင့် အဖွဲ့အစည်း သက်တမ်း လပိုင်းသာ ရှိသေးသော်လည်း ၎င်းတို့က စစ်ကောင်စီကို ၁၀ ကြိမ်ထက်မနည်း တိုက်ခိုက်မှုများ ပြုလုပ်ထားသည်။
မေ ၃၀ ရက်တွင် စစ်ကောင်စီကို ကသာ-ဗန်းမော်သွား ကားလမ်း၊ မိုးတားကြီး ကျေးရွာအုပ်စုအနီးတွင် စတင် တိုက်ခိုက်ကာ စစ်မျက်နှာ ဖွင့်ခဲ့သည်။

ကသာ PDF က စစ်ကောင်စီကို စစ်မျက်နှာစဖွင့်ပြီး တိုက်ခိုက်သည့်နေ့တွင် KIA က လက်နက်ကြီးပစ်ကူများ ပစ်ပေးကာ PDF ကို ကူညီ ခဲ့သည်။
စစ်ကောင်စီဘက်ကလည်း မေ ၃၁ ရက်၊ ညနေပိုင်းတွင် ကသာ PDF ရှိရာ မိုးတားကြီးကျေးရွာ အုပ်စုအတွင်းသို့ တိုက်လေယာဉ်ဖြင့် ဗုံးကြဲ တိုက်ခိုက်ကာ ပြင်းပြင်းထန်ထန် တုံ့ပြန်ခဲ့သည်။
ကသာ PDF တပ်ဖွဲ့ဝင်များသည် ကသာနယ်မှတဆင့် ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်ထဲသို့ သွားကာ KIA ထံတွင် အခြေခံ စစ်ပညာ သင်ယူထားကြသူများ ဖြစ်သည်။
ကသာ PDF တပ်ဖွဲ့ဝင်များထဲတွင် ကသာနယ်ခံများ ဖြစ်သည့် လူငယ်များ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူများအပြင် သာမန် စီးပွားရေး လုပ်ကိုင်ကြသည့် ဒေသခံများ ပါဝင်ကြသည်။
၎င်းတို့သည် စစ်အာဏာသိမ်းခြင်းနှင့် ၎င်းတို့ ထောက်ခံသည့် ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထားခြင်းအား လက်မခံသည့်အပြင် စစ်ကောင်စီက ဆန့်ကျင်သမျှလူထုကို ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်းများ ပြုလုပ်နေသဖြင့် လက်နက်ကိုင် တော်လှန် ရေးထဲ ဝင်ရန် ဆုံးဖြတ်ပြီး KIA ထံတွင် စစ်ပညာ သွားသင်ကာ PDF ကို ထူထောင်လိုက်ကြခြင်း ဖြစ်သည်။
ကသာ PDF သည် ကသာမြို့တွင်း မြေအောက်လှုပ်ရှားမှုများ ပြုလုပ်သည့်အပြင် မြို့နှင့် ၁၀ မိုင်ကျော်သာဝေးသည့် ကသာ-ဗန်းမော် လမ်းမကြီး တကြောတွင်လည်း လှုပ်ရှားလျက် ရှိသည်။
ကသာမြို့၏ အရှေ့ဘက်နှင့် မြောက်ဘက် နယ်မြေများ ဖြစ်သည့် ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နှင့် မိုးညှင်းမြို့နယ်တို့၏ နယ်စပ် တဝိုက်တွင်လည်း KIA တပ်ဖွဲ့များနှင့် ပူးတွဲ လှုပ်ရှားနေသည်။
KIA က စစ်ပညာလည်း သင်ပေးသည့်အပြင် မြေပြင်တွင် စစ်ရေး လှုပ်ရှားမှုများတွင်လည်း စစ်ရေး အတွေ့အကြုံရှိသည့် KIA တပ်ဖွဲ့ဝင် အချို့က PDF နှင့် ပူးတွဲကာ တိုက်ခိုက်ရေးများတွင် လှုပ်ရှားပေးလျက် ရှိသည်။
ကသာ PDF က ၎င်းတို့ တော်လှန်ရေးအတွက် အကူအညီများပေးသည့် KIA ၏ အခန်းကဏ္ဍကို ထုတ်ပြန်ချက်များနှင့် အင်တာဗျူး အမေးအဖြေများတွင် ထုတ်ဖော်ပြောဆိုသော်လည်း KIA က PDF တပ်ဖွဲ့များနှင့် ပတ်သက်မှု မရှိသကဲ့သို့ပင် အကြိမ်ကြိမ် ငြင်းဆိုထား သည်။
KIA ၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ၊ ဗိုလ်မှူးကြီး နော်ဘူက “စစ်ကိုင်းတကြောမှာ ကျနော်တို့ တိုက်ပွဲ ဖြစ်တာ မရှိပါဘူး။ ကော လင်းတို့ ထီးချိုင့်တို့မှာ ကျနော်တို့နဲ့ PDF တွေ ပူးပေါင်းပြီး တိုက်ပွဲ ဖြစ်တယ်ဆိုတာက လိုင်းမှာတော့ တွေ့တယ်။ ဒါပေမယ့် ကျနော်တို့ KIO က တရားဝင် စစ်ဆင်ရေး လုပ်တာ မရှိပါဘူး” ဟု ဆိုသည်။
ကချင်ပြည်နယ်၏ ပြင်ပနေရာတွင် တိုက်ပွဲဆင်နွဲခြင်း၊ စစ်ကြောင်းများ စစ်ကိုင်းတွင်း ဝင်ရောက်ကာ စစ်ဆင်ရေးများ လုပ်ဆောင်ခြင်း မရှိပါဟု ဗိုလ်မှူးကြီးနော်ဘူက ငြင်းဆိုသည်။
“ရှေ့တန်းက တပ်မှူးတွေက အချင်းချင်း ကူညီပေးတဲ့ သဘောမျိုးလောက်ပဲ ဖြစ်မှာပါ။ ကျနော်တို့ တရားဝင် စစ်ဆင်ရေး လုပ်တာတွေ ထိုးစစ်ဆင်တာတွေ မရှိပါဘူး။ အချင်းချင်း ထိစပ်တဲ့ နေရာဆိုတော့ ကူညီတဲ့ အပိုင်းတော့ ရှိကောင်း ရှိနိုင်ပါတယ်။ ကျနော်လည်း အတိ အကျတော့ ပြောလို့မရဘူး။ ကျနော်နဲ့လည်း ဝေးတယ်။ ကျနော်တို့ တရားဝင် သတင်းထုတ်ပြန်တာ ညွှန်ကြားတာတွေကတော့ မရှိပါ ဘူး” ဟုလည်း ဗိုလ်မှူးကြီး နော်ဘူက ဆိုသည်။
ဗိုလ်မှူးကြီး နော်ဘူက ငြင်းဆိုနေသော်လည်း ဇူလိုင်အတွင်း စစ်ကိုင်းနှင့် ကချင်နယ်စပ်၊ မြို့လှ မြို့နယ်ခွဲ အနီး၌ စစ်ကောင်စီတပ်များကို တိုက်ခိုက်ရာတွင် KIA နှင့် ကသာ PDF က ပူးတွဲ စစ်ဆင်ရေးများ ပြုလုပ်ခဲ့ကြသည်။

ဇူလိုင် ၅ ရက်တွင် စစ်ကောင်စီ တပ်ဖွဲ့များကို မိုင်းထောင်တိုက်ခိုက်ခြင်း၊ ဇူလိုင် ၆ ရက်တွင် ကောက်ကွေ့ချောင်းအတွင်း သွားလာနေ သည့် စစ်ကောင်စီ၏ စက်လှေ ၃ စင်းကို RPG ဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းအပြင် ဇူလိုင် ၇ ရက်တွင်လည်း စစ်ကောင်စီတပ်ဖွဲ့များကို မြို့လှအနီး မိုင်းထောင်တိုက်ခိုက်ခဲ့သေးသည်။
ထိုသို့ဖြင့် မြို့လှအနီး စစ်ရေးတင်းမာနေရာ စစ်ကောင်စီဘက်က တိုက်လေယာဉ်နှင့် တိုက်ခိုက်ရေး ရဟတ်ယာဉ်များ အသုံးပြုကာ ဇူလိုင် ၉ ရက်တွင် ကသာPDF နှင့် KIA ရှိရာ နေရာများကို ဗုံးကြဲတိုက်ခိုက်ပြီး မြေပြင်တွင်လည်း တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ သည်။
တောတွင်းနေရာ၌တိုက်ပွဲ ပြင်းထန်နေသည့် အပြင် ဇူလိုင် ၉ ရက်၊ ညနေပိုင်းတွင် ကသာကားကြီးကွင်းအနီး စစ်ကောင်စီ ယာဉ်တန်းကို ကသာ PDF ဘက်က ပဒေသာမိုင်းဟု ခေါ်ဆိုသည့် မိုင်းအတွဲလိုက် ဖောက်ခွဲကာ တိုက်ခိုက်ခဲ့ပြန်သည်။
ထိုကဲ့သို့ ဇူလိုင် ၅ ရက်မှ ၉ ရက်အတွင်း တိုက်ခိုက်မှုအားလုံးကို KIA ၏ တပ်မဟာ (၈) လက်အောက်ခံ တပ်ရင်း ၅ က ဦးဆောင်ကာ ၎င်းတို့က ပါဝင်တိုက်ခိုက်ခဲ့ပါသည်ဟု ကသာ PDF က သတင်း ထုတ်ပြန်ထားသည်။
KIA သည် စစ်ကိုင်းတိုင်းအတွင်းထဲတွင် ၎င်းတို့ လှုပ်ရှားသည့် နယ်မြေနှင့် ထိစပ်နေသည့် ကသာမြို့နယ်အတွင်းက ကသာ PDF တဖွဲ့ တည်းကိုသာ အကူအညီပေးနေခြင်း မဟုတ်ပေ။
ကသာမြို့နှင့် ဆက်စပ်နေသည့် ဝန်းသို၊ ကောလင်း၊ ထီးချိုင့်မြို့နယ်တို့ရှိ PDF တပ်ဖွဲ့များနှင့်လည်း ပူးတွဲ လှုပ်ရှားမှုများ ရှိနေသည်ဟု လည်း အဆိုပါ ဒေသအသီးသီးတွင် မြေအောက် တော်လှန်ရေး လှုပ်ရှားနေသူများက ပြောဆို ကြသည်။
ဇူလိုင် ပထမပတ်အတွင်းက ထီးချိုင့်မြို့နယ်နှင့် ကောလင်းမြို့နယ်အတွင်း စစ်ကောင်စီနှင့် PDF တပ်ဖွဲ့များကြား ဖြစ်ပွားသည့် တိုက်ပွဲ များတွင်လည်း KIA က PDF ဘက်မှ ပါဝင်ကူညီခဲ့သည်။
PDF တပ်ဖွဲ့ဝင်တဦးက “KIA က ကျနော်တို့ကို အများကြီး အကူအညီ ပေးတယ်။ ကျနော်တို့ချည်းပဲဆိုရင် လက်နက်ခဲယမ်းလည်း ကောင်းကောင်း မရှိဘူး။ တိုက်ခိုက်ရေး အတွေ့အကြုံမှာလည်း မရှိတော့ တော်တော်လေး ဒုက္ခဖြစ်နိုင်တယ်။ KIA ညီအစ်ကိုတွေဆီမှာ ကျတော့ သူတို့က လက်နက်ခဲယမ်းလည်း ကောင်းတယ်။ စစ်ရေး အတွေ့အကြုံလည်း ရှိတော့ ကျနော်တို့က သူတို့ဆီက သင်ယူရပါ တယ်။ ဒါအမှန်ပါပဲ” ဟု ပြောသည်။
စစ်ကိုင်းတိုင်းအတွင်း လှုပ်ရှားနေသည့် PDF တပ်ဖွဲ့ဝင်အချို့၏ ပြောဆိုချက်အရ ၎င်းတို့ မြို့နယ် အသီးသီးတွင် PDF စတင် ဖွဲ့စည်း စဉ်ကတည်းက တော်လှန်ရေး သဘောသဘာဝနှင့် လူထုကြား လှုပ်ရှားနိုင်ရေး၊ အခြေစိုက်စခန်းများ ဖွင့်လှစ်နိုင်ရေး တို့ကို KIA က အရာရှိ အချို့က ကူညီပေးသည်ဟု သိရသည်။
ထို့ပြင် စစ်ကောင်စီကို တိုက်ခိုက်ရန် စစ်ရေး လှုပ်ရှားမှုများတွင်လည်း KIA ၏ အရာရှိအချို့က စစ်ရေး အတွေ့အကြုံပေးသည့် သဘောဖြင့် PDF တပ်ဖွဲ့များနှင့် ပူးတွဲ လှုပ်ရှားပေးနေခြင်း ဖြစ်သည်ဟုလည်း PDF တပ်ဖွဲ့ဝင် အချို့ထံက သိရသည်။
KIA က တော်လှန်ရေး အဖွဲ့သစ်တဖွဲ့ကို စစ်ပညာသင်ပေးခြင်း၊ စစ်ရေး အတွေ့အကြုံနှင့် တိုက်ခိုက်ရေး အတွေ့အကြုံရစေရန် အကူ အညီ ပေးခြင်းမှာ ယခုအကြိမ်သည် ပထမဦးဆုံးအကြိမ် မဟုတ်ပါ။
TNLA ၊ AA စသည့် တော်လှန်ရေး တပ်ဖွဲ့များကိုလည်း စစ်ပညာသင်ပေးခြင်းများ ပြုလုပ်ခဲ့သည့်အပြင် အခြား လက်နက်ကိုင် တပ်ဖွဲ့ များကို လက်နက်ခဲယမ်း အကူအညီပေးခြင်း သို့မဟုတ် ရောင်းပေးခြင်းများကို ပြုလုပ်သည့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ တဖွဲ့ ဖြစ်သည်။
စစ်ကိုင်းတိုင်းနှင့် KIA
KIA သည် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင်သာ လှုပ်ရှားပြီး ကချင်ပြည်နယ်မှ လွန်၍ နယ်မြေကျော်လွန် လှုပ်ရှားခြင်း မရှိကြောင်း ပြောဆိုသော်လည်း စစ်ကိုင်းတိုင်းသည် KIA နှင့် အစိမ်းသက်သက် နယ်မြေ မဟုတ်ပါ။

စစ်ကိုင်းတိုင်း အထက်ပိုင်းရှိ ခန္တီးမြို့နယ်သည် KIA ၏ တပ်မဟာ (၉) လက်အောက်ခံ တပ်ရင်းများ ဝင်ရောက် လှုပ်ရှားနေသည့် နယ် မြေ ဖြစ်ပြီး ထိုဒေသတွင်းမှ ကျောက်စိမ်းနှင့် ရွှေမှော်များထံမှလည်း KIA က အခွန်ကောက်ယူလျက် ရှိသည်။
ခန္တီးမြို့နယ်သည် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တို့နှင့် နယ်နိမိတ် ဆက်စပ်နေသည့် မြို့နယ် ဖြစ်တခု ဖြစ်သည်။
ခန္တီးမြို့နယ်၏ အောက်ဘက်ပိုင်းကို ဆင်းလာပါက ရောက်ရှိမည့် ဟုမ္မလင်းမြို့နယ်နှင့် ဗန်းမောက်မြို့နယ်သည်လည်း KIA တပ်မဟာ (၉) လက်အောက်ခံ တပ်ရင်းများ လှုပ်ရှားသည့် ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်နှင့် ထိစပ်နေသည်။
ဗန်းမောက်မြို့နယ်သည် တောတောင်ထူထပ်ပြီး သစ်တောကြိုးဝိုင်းများ ပေါများကာ ကချင်ပြည်နယ်၏ တောတောင် ရေမြေနှင့် ဆင်တူ ကာ မြေပြန့်ဒေသနည်းပါးသည့် မြို့နယ် ဖြစ်သည်။
၂၀၁၉ ခုနှစ်၊ ဗန်းမောက်မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၏ စာရင်းအရ ဗန်းမောက် မြို့နယ်တခုလုံး၏ ၈၄ ရာခိုင်နှုန်းကျော် သည် သစ်တောဖုံးလွှမ်းသည့် နယ်မြေ ဖြစ်ကြောင်း သိရသည်။
ဗန်းမောက်မြို့နယ်သည်လည်း KIA က ဝင်ရောက်လှုပ်ရှားဖူးသည့် မြို့နယ် တခုဖြစ်ကာ ၁၉၇၅ ခုနှစ်က KIA အရာရှိ ဗိုလ်ကျွန်းမြိုင် ဦးဆောင်သည့် တပ်ဖွဲ့သည် ဗန်းမောက်မြို့ကို မြို့သိမ်းတိုက်ပွဲ ဆင်နွဲခဲ့ဖူးသည်။
ယခုအခါတွင်လည်း KIA ထံမှ စစ်သင်တန်း ဆင်းလာသည့် ဗန်းမောက်ဒေသခံများသည် မေ ၁၀ ရက်က ဗန်းမောက်မြို့နယ် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ (PDF) ကို စတင်လှုပ်ရှားနေကြပြီ ဖြစ်သည်။
ဗန်းမောက်သည် တောတောင်ထူထပ်သည့် မြို့နယ်ဖြစ်သည့်အပြင် ရေချိုချောင်းများလည်း ပေါများသည့် ဒေသ ဖြစ်သည်။
ဗန်းမောက်မြို့နယ်တွင်း ဗန်းမောက်၊ ချောင်းကြီး၊ ဆင်သေ၊ မံယူးကြီး၊ မဲဇာ ၊ မူးမြစ်၊ နန်ကျင် စသည့် ချောင်း လက်တက် ပေါင်း ၁၄ ခုထက် မနည်း ဖြတ်သန်း စီးဆင်းနေသည့် အပြင် မိုးတွင်းကာလတွင် အချို့ချောင်းလက်တက်များသည် စက်လှေဖြင့် တနေရာမှ နေရာ ဖြတ်သန်းသွားလာနိုင်သည်အထိ ကျယ်ပြန့်ကာ ရေစီးသန်ကြသည်။
ဗန်းမောက်မြို့နယ်၏ အရှေ့ဘက်ယွန်းယွန်းတွင် အင်းတော်မြို့နယ်၊ အနောက်ဘက်တွင် ဖောင်းပြင်နှင့် ဟုမ္မလင်း မြို့နယ်တို့ တည်ရှိပြီး တောင်ဘက်တွင် ဝန်းသို နှင့် ပင်လည်ဘူးမြို့နယ်တို့ တည်ရှိသည်။
ဗန်းမောက်မြို့နယ်၏ အရှေ့ဘက်နယ်နိမိတ်ဖြစ်သည့် အင်းတော်မြို့နယ်တွင် PDF တပ် ဖွဲ့စည်းခြင်း မရှိသေးသော်လည်း အင်းတော်နှင့် နယ်မြေထိစပ်နေသည့် ကသာမြို့နယ်တွင်းရှိ PDF သည် KIA နှင့် ပူးတွဲစစ်ရေး လှုပ်ရှားလျက် ရှိနေပြီ ဖြစ်သည်။
ထိုပြင် ဗန်းမောက်မြို့နယ်နှင့် နယ်နိမိတ်ထိစပ်နေသည့် မြို့နယ်များအနက် ဝန်းသိုတွင်လည်း KIA ထံမှ စစ်သင်တန်း ဆင်းလာသည့် ဒေသခံများက မေ ၁၂ ရက်တွင် PDF တပ်ဖွဲ့ ဖွဲ့စည်းတည်ထောင်ပြီး ဖြစ်ကာ ဝန်းသိုနယ်အတွင်း စတင် လှုပ်ရှားနေကြပြီဖြစ်သည်။
ဝန်းသိုမြို့နယ်နှင့် နယ်မြေထိစပ်နေသည့် ထီးချိုင့်မြို့နယ်၊ ကောလင်း မြို့နယ်တို့တွင်လည်း PDF တပ်ဖွဲ့များ ဖွဲ့စည်း လှုပ်ရှားနေပြီး ကောလင်း PDF နှင့် စစ်ကောင်စီကြား ဖြစ်ပွားသည့် တိုက်ပွဲများတွင် KIA က ပါဝင်ကူညီမှုများ ရှိကြောင်း PDF တပ်ဖွဲ့ဝင်အချို့ထံမှ သိရသည်။
PDF တပ်ဖွဲ့များသည် နယ်မြေ နီးစပ်မှုအရ ကချင်ပြည်နယ်အတွင်းသို့ ဝင်ရောက်ကာ KIA ထံတွင် စစ်ပညာသင်ယူပြီး စစ်ရေး အတွေ့အကြုံများ ရယူနေသော်လည်း စစ်ကိုင်းတိုင်းအတွင်း မြို့နယ်အလိုက် ဖွဲ့စည်း လှုပ်ရှားနေသည့် PDF များသည် KIA ၏ လက်အောက်ခံ တပ်ဖွဲ့များ မဟုတ်ပါ။
၎င်းတို့သည် စစ်ကောင်စီနှင့် စင်ပြိုင်အစိုးရဖွဲ့ထားသည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ကာကွယ်ရေး ဝန်ကြီးဌာန လက် အောက်မှ တပ်ဖွဲ့များသာ ဖြစ်သည်။
KIA နှင့် နီးစပ်သူများက KIA သည် ၎င်းတို့ တဖွဲ့တည်း၏ တွန်းလှန်မှုဖြင့် ကချင်ပြည်နယ် လွတ်မြောက်ရေး၊ စစ်အာဏာရှင်အား တော် လှန်ရေးကို အောင်မြင်အောင် လုပ်နိုင်မည် မဟုတ်သဖြင့် အခြား တော်လှန်ရေး လုပ်ဆောင်လိုသူများကိုလည်း အကူအညီပေး ခြင်းများကို ပြုလုပ်နေခြင်း ဖြစ်သည်ဟု ဆိုကြသည်။
စစ်ကိုင်းအထက်ပိုင်း PDF ၏ အလားအလာ
လက်ရှိတွင် စစ်ကိုင်းတိုင်း အထက်ပိုင်းရှိ မြို့များတွင် PDF တပ်ဖွဲ့များ၏ လှုပ်ရှားမှုများ၊ အင်အားတည်ဆောက်မှုများမှာ တဖြည်းဖြည်း ချင်း ဒေသခံ လူထုကြား ကျယ်ပြန့်လာသည်။
ဒေသခံလူထုအများစုသည်လည်း ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံအားပေးသူများ ဖြစ်သည့်အပြင် စစ် ကောင်စီ၏ အာဏာသိမ်းလုပ်ရပ်ကို ဆန့်ကျင်ကြသူများ ဖြစ်သည်။

ကသာ၊ ဗန်းမောက်၊ အင်းတော်၊ ဝန်းသို၊ ကောလင်း၊ ထီးချိုင့် မြို့နယ်အားလုံးသည် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကို အင်နှင့် အားနှင့် ထောက်ခံသည့် နယ်မြေများဟု ခေါ်ဆိုနိုင်သည့် အပြင် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ ကာလကလည်း NLD ပါတီ၏ ကိုယ်စားလှယ်အားလုံးက အခြားပါတီများကို မဲအပြတ်အသတ်ဖြင့် အနိုင်ရခဲ့သည့် နယ်မြေများ ဖြစ်သည်။
ထိုသို့ ဒေါ်အောင်ဆန်းစုကြည်ကို ချစ်ခင်လေးစားပြီး NLD ပါတီကို ထောက်ခံမှု အင်အားကောင်းခဲ့သည့် နယ်မြေများသည် ၂၀၂၀ ဖေဖော်ဝါရီတွင် မဲမသမာမှု ပြုလုပ်သည်ဟူသည့် စွပ်စွဲချက်ဖြင့် စစ်တပ်က အာဏာသိမ်းသည့်အပေါ် မကျေနပ်မှုများ ပြင်းထန်ခဲ့သည်။
အခြားပြည်နယ်နှင့်တိုင်း အသီးသီးရှိ မြို့များကဲ့သို့ စစ်ကိုင်းတိုင်း အထက်ပိုင်းရှိ မြို့နယ်များသည် မြို့ရော တောပါ မကျန် လမ်းပေါ် ထွက် ဆန္ဒပြခဲ့ကြသည့်အပြင် အချို့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူများကိုလည်း စစ်ကောင်စီတပ်များက ရိုက်နှက် ဖမ်းဆီးခြင်း၊ ညှဉ်းပန်း နှိပ်စက်ခြင်းများ ပြုလုပ်ထားသည်။
လူထုဆန္ဒမဲဖြင့် အနိုင်ရရှိထားသည့် NLD အမတ်များသည် ၎င်းတို့ မြို့နယ်များကို စွန့်ခွာကာ ထွက်ပြေး တိမ်းရှောင်နေကြရကာ အချို့ အမတ်များသည်လည်း KIA နယ်မြေထဲတွင် ခိုလှုံနေကြရသည်။
စစ်တပ်က စတင်အာဏာသိမ်းချိန်တွင် လူထုက နည်းမျိုးစုံဖြင့် အာဏာသိမ်းခြင်းကို အလိုမရှိကြောင်း ဆန္ဒပြ ငြင်းဆို ခဲ့ကြသော်လည်း စစ်ကောင်စီက လူထုကို သတ်ဖြတ်ခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်းအပြင် ရန်သူကဲ့သို့ ချေမှုန်းခြင်းများ ပြုလုပ်ရာ စစ်အာဏာသိမ်းမှုကို မလိုလားသည့် နိုင်ငံတဝှမ်းမှ လူထုက လက်နက်ကိုင်နည်းလမ်းဖြင့်သာ စစ်တပ်ကို ပြန်ဖြုတ်ချရန် စိတ်အားထက်သန်လာကြသည်။
ထို့နောက် NUG ၏ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်မှ တဆင့် ဖွဲ့စည်းလာသည့် PDF တပ်ဖွဲ့များကိုလည်း ထောက်ခံမှု အရှိန် မြင့်တက်လာသည်။
စစ်ကိုင်းတိုင်းအထက်ပိုင်း မြို့နယ်များသည် လက်နက်ကိုင်ပဋိပက္ခများ မကြာခဏဖြစ်ပွားနေသည့် ကချင်ပြည်နယ်နှင့် နယ်မြေ ထိစပ် နေသော်လည်း လူထုက လက်နက်ကိုင်တိုက်ပွဲဝင်ရန် စိတ်ပါဝင်စားခြင်း မရှိတော့သည်မှာ နှစ်ပေါင်း ၄၀ ကျော် ကြာမြင့်နေပြီ ဖြစ်သည်။
ယခု PDF တပ်ဖွဲ့များ KIA အကူအညီဖြင့် စစ်ရေးလှုပ်ရှားမှုများ လုပ်ဆောင်နေသည့် ကသာ၊ ဗန်းမောက်၊ ဝန်းသို၊ ကောလင်း၊ ထီးချိုင့်မြို့ နယ်များသည် လွန်ခဲ့သည့် နှစ်ပေါင်း ၄၀ ကျော် ၊၁၉၈၀ ခုနှစ်ဝန်းကျင်တွင် ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) ၏ အမှတ် ၁၈၀ တပ်ဖွဲ့က ထိုးဖောက်ဝင်ဖောက် အခြေစိုက်ရန် ကြိုးစားခဲ့ဖူးသည့် နယ်မြေများ ဖြစ်သည်။
ကသာ၊ ဗန်းမောက်၊ ဝန်းသို၊ ကောလင်း၊ ပင်လည်ဘူး၊ ထီးချိုင့်မြို့နယ်များသည် ၁၉၄၈ ခုနှစ်မှ ၁၉၆၈ ခုနှစ်အထိ ဗကပ အခြေစိုက် လှုပ်ရှားခဲ့သည့် ကွန်မြူနစ်နယ်မြေများ ဖြစ်ခဲ့ရာ ၁၉၈၀ ခုနှစ်တွင် တဖန်ပြန်လည် အခြေစိုက်ရန် ဗကပက ကြိုးစား ခဲ့ခြင်း ဖြစ်သည်။
ထိုစဉ်ကလည်း စစ်ကိုင်းနယ်အတွင်းသို့ ဝင်ရောက်နိုင်ရန် ဗကပကို KIA က အကူအညီပေးခဲ့ဖူးသည်။
သို့သော် စစ်ကိုင်းတိုင်းအတွင်း ပြန်လည် ထိုးဖောက်ဝင်ရောက်လာသည့် ဗကပ အမှတ် ၁၈၀ တပ်ဖွဲ့သည် အင်အား ၁၀၀ ဝန်းကျင်သာ ရှိပြီး စစ်တပ်ဘက်က အင်အားတသောင်းဝန်းကျင်ဖြင့် ပိတ်ဆို့တိုက်ခိုက်ခဲ့ခြင်း၊ လူထုဆီကလည်း ထောက်ခံ မှု မရရှိခဲ့ခြင်းတို့ကြောင့် ဗကပလည်း တပ်ပျက်ကာ ပြန်ဆုတ်ခွာ ပြေးခဲ့ရသည့် နယ်မြေဖြစ်သည်။
၁၉၈၀ ခုနှစ်ဝန်းကျင်က တော်လှန်ရေးတပ်ဖွဲ့ တဖွဲ့တွင် တာဝန်ထမ်းဆောင်ခဲ့သူတဦးက “၈၀ နောက်ပိုင်း ဗကပ အဲဒီ ဧရိယာကို ပြန်ဝင် တော့ လူထုကလည်း ဒီလောက်ကြီး မတက်ကြွခဲ့ဘူး။ မတက်ကြွလိုက်တာ နှစ် ၄၀ လောက် ကြာပြီ။ အခုမျိုးဆက်သစ် ကျမှပဲ (PDF အနေနဲ့) တက်တက်ကြွကြွ ပြန်ချမယ် ဖြစ်တာ” ဟု သုံးသပ်သည်။
ထိုနယ်တကြောသည် ဒေါ်အောင်ဆန်းစုကြည်၏ သြဇာလွှမ်းမိုးမှုရှိသည့် နယ်မြေများ ဖြစ်ကာ ဒေါ်အောင်ဆန်းစုကြည်က လက်နက်ကိုင် တော်လှန်ရေးကို အားမပေးဘဲ မြို့ပေါ်နိုင်ငံရေးဖြင့်သာ ဒီမိုကရေစီခရီးကို ဆက်ရန် တိုက်တွန်းရာ လူထု ကလည်း မြို့ပေါ်နိုင်ငံရေးကို ပိုအာရုံစိုက်ခဲ့ကြကြောင်း သုံးသပ်မိသည်ဟု ၎င်းက ပြောသည်။
ဆက်လက်ပြီး ၎င်းက “၂၀၁၀ နဲ့ ၂၀၂၀ ကြား မြို့ပေါ် နိုင်ငံရေး အားကောင်းတယ်။ ၂၀၁၅ မှာ NLD အာဏာ ရတော့ ပိုပြီး အားကောင်း သွားတာ။ အခု ၂၁ နှစ်ကျမှ ပြောင်းပြန်လှန်သွားတော့ ပြန်ပြောင်းပြီး ထချကြတာ။ အခု လက်နက်ကိုင်တာ ပြန်ဖြစ်လာတယ်။ လူထု ထောက်ခံမှုကလည်း အားကောင်းတယ်။ နောက်တခုက တပ်ကလည်း ဗကပ ခေတ်ကလို ဖြတ်လေးဖြတ် မလုပ်နိုင်တော့ဘူး။ ဆက်သွယ်ရေး လမ်းကြောင်းနဲ့ မြို့ကာကွယ်ရေးပိုင်းပဲ လုပ်နိုင်တော့တယ်။ အဲဒီတော့ လက်နက်ကိုင် တော်လှန်ရေးက လှုပ်ရှားတဲ့ နေရာ ပိုကျယ်လာတာပေါ့” ဟုလည်း သုံးသပ် ပြောဆိုသည်။
၁၉၈၀ ခုနှစ်ဝန်းကျင်က ဗကပ ကို တိုက်ခိုက်ခဲ့သည့် စစ်တပ်၏ တပ်ရင်း တရင်းတွင် စစ်သည်အင်အား ၅၀၀ ဝန်းကျင် ပါဝင်ပြီး ယခု ခေတ်တွင် စစ်တပ်၏ တပ်ရင်း တရင်း ဖွဲ့စည်းပုံမှာ စစ်သည်အင်အား ၉၀ မှ ၁၀၀ ဝန်းကျင်ကြားတွင်သာ ရှိတော့သည်။
ထို့ပြင် စစ်ကောင်စီတပ်များသည် တိုက်ခိုက်ရေး အရည်အသွေး နိမ့်ပါးလာသည်ဟုလည်း ဝေဖန်ခံနေရသည်။
အာဏာသိမ်းပြီးနောက် ကချင်၊ ကယား၊ ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းတို့အတွင်း KIA ၊ PDF တပ်ဖွဲ့များနှင့် ဖြစ်ပွားသည့် တိုက်ပွဲများ၌ စစ်ကောင်စီဘက်က အကျအဆုံး များကာ တော်လှန်ရေး တပ်ဖွဲ့များလက်ထဲတွင် ဗျူဟာကုန်းများ၊ စခန်းများ လက်လွှတ်ခဲ့ရခြင်း၊ တိုက်ပွဲအတွင်း ကျဆုံးခဲ့သည့် ရဲဘော်များ၏ အလောင်းများကိုပင် ပြန်မကောက်နိုင်ခြင်းတို့ ဖြစ်ပွားနေသည်ကို မြင်တွေ့ရသည်။
အာဏာသိမ်းပြီးနောက် ဖြစ်ပွားသည့် တိုက်ပွဲတိုင်းတွင် စစ်ကောင်စီသည် မြေပြင် တိုက်ခိုက်ရေး တပ်များထက် လေကြောင်း ပစ်ကူများ ကို နေရာတိုင်းတွင် အသုံးပြုနေရသည်။
တဖက်တွင် စစ်ကိုင်းတိုင်း အထက်ပိုင်းမှ PDF တပ်ဖွဲ့များသည် မေလအတွင်း စတင်ဖွဲ့စည်းစဉ်က တူမီးသေနတ်များ၊ လက်လုပ်သေနတ် များဖြင့် တိုက်ပွဲ စဝင်ခဲ့သော်လည်း NUG က နယ်စပ်ဒေသနှင့် လက်နက်ခဲယမ်း ထုတ်လုပ်နိုင်သည့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များထံမှ ခဲယမ်းမီးကျောက်နှင့် ခေတ်မီလက်နက်များ ဝယ်ယူကာ PDF တပ်ဖွဲ့များကို လက်နက် တပ်ဆင်ပေးရန် ပြင်ဆင်မှုများ လည်း ရှိနေသည်။
လူထုထောက်ခံမှု အင်အားရှိကာ KIA ကဲ့သို့ ဝါရင့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့က အကူအညီ ပေးနေသည့် PDF တပ်ဖွဲ့သည် စစ်ကိုင်းတိုင်း အထက်ပိုင်းအတွင်းရှိ မြို့နယ်များတွင် အခြေခံ နယ်မြေများ၊ အခြေစိုက် စခန်းများ တည်ဆောက်ရေးကို တဖြည်းဖြည်း ချင်း ဆောင်ရွက်နေပြီ ဖြစ်သည်။
You may also like these stories:
ပြည်သူ့ကာကွယ်ရေးတပ်များ၏ လာရာနှင့် လားရာ
စစ်အာဏာရှင်ဆန့်ကျင်မှု တော်လှန်ရေး မုချ အောင်ရမည်
ဆိတ်ငြိမ်မျိုးဆက်ရဲ့ တော်လှန်ရေးမှသည်