“သီးသန့်ထောင် (၁၁) တိုက်မှာ ခပ်ဖြည်းဖြည်းလေး လမ်းလျှောက်ဖို့ ကြိုးစားနေတဲ့ အန်ကယ်ရဲ့ ပုံရိပ်တွေက ကျနော် နောက်ဆုံး မြင်ခဲ့ရတယ်” ဟု ရန်ကုန်၊ အင်းစိန်အကျဉ်းထောင်အတွင်းမှ မကြာသေးမီက ပြန်လွတ်မြောက်လာ သည့် ကိုနေသန်မောင်က ဆိုသည်။
စွပ်ကျယ်အင်္ကျီ လက်ပြတ်လေး ဝတ်ထားလေ့ရှိသည့် အန်ကယ် ဦးဉာဏ်ဝင်းက အကျဉ်းတိုက်ရှေ့ ဖြတ်သန်းသွားလာ သည့် ၎င်းနှင့်သိကျွမ်းသူများကို တိုက်တံခါးရှေ့နား မတ်တပ်ရပ်ပြီး နှုတ်ဆက်လေ့ ရှိသည်ဟုလည်း ၎င်းက ပြန်လည်ပြောပြ သည်။
ယခုတော့ ဦးဉာဏ်ဝင်းသည် အားလုံးကို နှုတ်မဆက်ဘဲ ထွက်ခွာသွားလေပြီ။
“နှုတ်ဆက်လိုက်ပါတယ် အန်ကယ်။ နွေဦးတော်လှန်ရေးမှာ ရန်သူသတ်လို့ အန်ကယ် ကျဆုံးသွားခဲ့ရပါပြီ။ ကောင်းရာ သုဂတိလားပါစေ” ဟု ကိုနေသန်မောင်က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာမှတဆင့် နှုတ်ဆက်စကား ဆိုထားသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ ထိပ်ပိုင်းခေါင်းဆောင် တဦးဖြစ်သူ အသက် ၇၉ နှစ်အရွယ် ဦးဉာဏ်ဝင်းသည် အင်းစိန်အကျဉ်းထောင်တွင်း ကိုဗစ်-၁၉ ကူးစက်ခံရပြီးနောက် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ကုသမှုခံယူနေစဉ် ယနေ့ (ဇူ လိုင် ၂၀ ရက်) နံနက် ၉ နာရီ ၁၀ မိနစ်ခန့်က ကွယ်လွန်သွားခဲ့ပြီ ဖြစ်သည်။
NLD ပါတီ၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူးအဖွဲ့ဝင်၊ ဗဟိုပြန်ကြားရေးကော်မတီ ဥက္ကဋ္ဌ၊ ဗဟိုစည်းကမ်း ထိန်းသိမ်းရေးအဖွဲ့ ခေါင်းဆောင်၊ ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ ဥက္ကဋ္ဌဖြစ်သူ ဦးဉာဏ်ဝင်းကို စစ်တပ်က အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
စစ်ကြောရေးတွင် တလကျော်ကြာ ထိန်းသိမ်းထားပြီးနောက် အင်းစိန်အကျဉ်းထောင်သို့ ပို့ဆောင်ခဲ့ပြီး နိုင်ငံတော် အကြည် ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ)ဖြင့် စစ်ကောင်စီက အမှုဖွင့် တရားစွဲဆိုခဲ့ပြန်သည်။
ဆီးချို၊ သွေးတိုး၊ သွေးဝမ်းသွားရောဂါ စသည့် ရောဂါအခံများ ရှိနေသော ဦးဉာဏ်ဝင်းအား အင်းစိန်ထောင်တွင်း ကိုဗစ်ကူး စက်ခံရပြီးနောက် ဇူလိုင် ၁၁ ရက်မှစတင်ကာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ လွှဲပြောင်းကုသခဲ့ပြီး ၉ ရက်အကြာတွင် ကွယ် လွန်ခဲ့ခြင်း ဖြစ်သည်။
ဦးဉာဏ်ဝင်း၏ ရှေ့နေက “သူက ဆေးရုံကြီးမှာ ဆုံးတာဆိုတော့ အခုတော့ သူ့ကို ရေခဲတိုက်ကို ပို့ခဲ့တယ်။ ထိန်ပင်မှာချ မယ်လို့ ပြောတယ်။ ဒီနေ့ကတော့ မမီတော့ဘူး။ မနက်ဖြန် ဘယ်အချိန်ချမလဲဆိုတာ ပြန်မေးကြည့်ရမယ်။ အခုက ဘယ်သူ မှလည်း လိုက်ပို့လို့ မရတော့ဘူး။ စွပ်စွဲခံရသူ မရှိရင်တော့ အမှုက သူ့ဟာသူ ပြီးသွားမှာပါ” ဟု ပြောသည်။
“နှုတ်ဆက်လိုက်ပါတယ် အန်ကယ်။ နွေဦးတော်လှန်ရေးမှာ ရန်သူသတ်လို့ အန်ကယ် ကျဆုံးသွားခဲ့ရပါပြီ။ ကောင်းရာ သုဂတိလားပါစေ” ဟု ကိုနေသန်မောင်က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာမှတဆင့် နှုတ်ဆက်စကား ဆိုထားသည်။
ဦးဉာဏ်ဝင်း ကွယ်လွန်ချိန်တွင် ၎င်း၏ သမီးဖြစ်သူမှာ နိုင်ငံခြားသို့ ရောက်နေပြီး မြန်မာပြည်သို့ ပြန်လာ၍ ရမရဆိုသည်မှာ မသေချာသေးကြောင်း၊ လက်ရှိတွင် ၎င်း၏ ဇနီးနှင့် မြေးများသာ မြန်မာပြည်၌ ကျန်ရှိနေကြောင်း ၎င်းက ဆိုသည်။
အာဏာသိမ်း စစ်ကောင်စီဘက်က ဦးဉာဏ်ဝင်း သေဆုံးမှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ရာတွင် ဦးဉာဏ်ဝင်း သည် ဆေးကုသမှု ခံယူနေရာမှ ယခင်ရောဂါအခံဖြစ်သော ဆီးချိုရောဂါ၊ သွေးတိုးရောဂါတို့ဖြင့် နံနက် ၉ နာရီတွင် အင်း စိန်ထောင်၌ ကွယ်လွန်သွားခြင်း ဖြစ်သည်ဟု အကြောင်းပြသည်။
မြန်မာနိုင်ငံတွင် စစ်တပ်က သုံးကြိမ် အာဏာသိမ်းခဲ့ရာ နိုင်ငံရေးသမားများ ထိန်းသိမ်းခံရသည်မှာ အစဉ်အလာဖြစ် နေပြီး၊ဗိုလ်ချုပ်ကြီးနေဝင်း အာဏာသိမ်းစဉ် သီပေါစော်ဘွား စဝ်ကြာဆိုင်မှာ သတင်းအစအန မရဘဲ အသတ်ခံခဲ့ရသလို၊ မြန်မာနိုင်ငံ၏ ပထမဆုံးသမတ ညောင်ရွှေစော်ဘွား စဝ်ရွှေသိုက်မှာလည်း ထိန်းသိမ်းထားစဉ် ကွယ်လွန်ခဲ့ရသည်။
ထိုအတူ ၁၉၈၈ခုနှစ် စက်တင်ဘာ ၁၈ရက် စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံရေး တက်ကြွလှုပ်ရှားသူ အများအပြား အဖမ်းခံခဲ့ကြရာ ညှဉ်းပန်းနှိပ်စက်မှုများနှင့် ထောင်တွင်း ဆေးဝါးကုသမှု ကင်းမဲ့မှုများကြောင့် ပြည်သူ့တိုးတက်ရေးပါတီမှ ဥက္ကဋ္ဌ ဦးခင်မောင်မြင့်၊ တွဲဖက်အတွင်းရေးမှူး ဦးညိုဝင်း၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီမှ ဗိုလ်မှူးဘသော် (စာရေးဆရာ မောင်သော်က)၊ အလုပ်သမားခေါင်းဆောင် ဦးမောင်ကို၊ ခရမ်းဦးတင်မောင်ဝင်း၊ သုံးခွ ဦးစိန်ဝင်း(ရန်ကြီး အောင်)၊ ကိုကိုးကျွန်းပြန် ဦးနီအောင်မေသု၊ ဗမာပြည်ကွန်မြူနစ်ပါတီမှ ဦးမောင်လေးအပါအဝင် ရဲဘော်အများအပြား ထောင်တွင်းကွယ် လွန်ခဲ့ကြသည်။
ယခု တတိယအကြိမ် စစ်တပ်အာဏာသိမ်းမှုတွင် NLD ပါတီမှ ခေါင်းဆောင်တဦး ဖြစ်သူ ဦးဉာဏ်ဝင်းမှာ ထိန်းသိမ်းခံထားရစဉ် ထောင်တွင်း ကိုဗစ်ကူးဆက်ခံရပြီး ကွယ်လွန်ခဲ့ပြန်သည်။
ဦးဉာဏ်ဝင်းသည် မွန်ပြည်နယ်၊ ကျိုက္ခမီ ဇာတိဖြစ်ပြီး ၁၉၄၂ ခုနှစ်၊ နိုဝင်ဘာ ၂၀ ရက်တွင် မွေးဖွားခဲ့သူ ဖြစ်သည်။
ရန်ကုန်တက္ကသိုလ်မှ ဥပဒေဘွဲ့ ရရှိပြီးနောက် ၁၉၇၀-၁၉၇၃ တွင် တရားရုံးချုပ်၏ ရှေ့နေအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၈၈ နိုဝင်ဘာလ အငြိမ်းစားယူချိန်အထိ အစိုးရရှေ့နေအဖြစ် လုပ်ကိုင်ခဲ့သည်။
ရှစ်လေးလုံး လူထုအရေးတော်ပုံတွင် တက်ကြွစွာ ပါဝင်လှုပ်ရှားခဲ့သည့် ဦးဉာဏ်ဝင်းသည် NLD ပါတီ တည်ထောင်ရာ၌ ပါဝင်ခဲ့ကာ နိုင်ငံရေးလောကထဲ ဝင်ရောက်လာသူ ဖြစ်သလို နိုင်ငံရေးအကျဉ်းသားဟောင်း တဦးလည်း ဖြစ်သည်။
၁၉၉၆ တွင် စစ်အစိုးရက ဦးဆောင်ကျင်းပသည့် အမျိုးသားညီလာခံကို ၁၉၉၀ ရွေးကောက်ခံ NLD ပါတီမှ ကိုယ်စားလှယ် များက မတက်ရောက်ဘဲ သပိတ်မှောက်ခဲ့ပြီးနောက် ဖမ်းဆီးခံရသည့် အမတ်များထဲတွင် ဦးဉာဏ်ဝင်းလည်း ပါဝင်ခဲ့ပြီး ၂ နှစ်ကျော်ကြာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။
ဦးဉာဏ်ဝင်းသည် ၁၉၉၀ အထွေထွေရွေးကောက်ပွဲတွင် မွန်ပြည်နယ်၊ ပေါင်မြို့နယ် ပြည်သူ့လွှတ်တော်နေရာ၌ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ အနိုင်ရရှိခဲ့သူ ဖြစ်သည်။
၎င်းသည် ဝါရင့်ရှေ့နေတဦးဖြစ်ပြီး နိုင်ငံရေးဆောင်ရွက်ရာတွင်လည်း စနစ်တကျ လုပ်ကိုင်ဆောင်ရွက်တတ်သူ ဖြစ်ကြောင်း ၎င်းနှင့်နီးစပ်သူ NLD ပါတီ ဗဟိုဥပဒေအကြံပေးအဖွဲ့ဝင် တဦးက ပြောသည်။
၎င်းက “အရင်တုန်းက နဝတ စစ်အစိုးရက ပါတီကို ဖိနှိပ်ရုံတင်မကဘူး ပျက်သွားအောင် ချေမှုန်းခဲ့တာပေါ့။ ပါတီ ပျက် အောင်လုပ်တဲ့ အချိန်အခါမျိုးတွေမှာ ဥပဒေအရ အသက်ရှင် ရပ်တည်အောင်နေရတာပေါ့။ ဥပဒေဘောင်အတွင်း၊ နိုင်ငံရေး ဘောင်အတွင်းကနေ ပါတီရှိအောင်ရပ်တည်ရတာပေါ့။ အဲဒီလို အခါမျိုးမှာ ဦးဉာဏ်ဝင်းရဲ့ အခန်းကဏ္ဍက အရေးပါ ပါတယ်” ဟု ရှင်းပြသည်။
၂၀၀၉ ခုနှစ် မေလက တက္ကသိုလ်ရိပ်သာလမ်းရှိ နေအိမ်တွင် အကျယ်ချုပ်ကျနေသော ဒေါ်အောင်ဆန်းစုကြည် နေအိမ်သို့ အမေရိကန်နိုင်ငံသား ဂျွန်ဝီလျှံ ယက်တော ဝင်ရောက်မှုဖြင့် ဒေါ်အောင်ဆန်းစုကြည်အား နဝတ အစိုးရက တရားစွဲဆိုခဲ့ သည့်အမှု တွင် ဦးဉာဏ်ဝင်းက ရှေ့နေလိုက်ပေးခဲ့သူ ဖြစ်သည်ဟုလည်း ဆိုသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် မတရား ဖမ်းဆီးထိန်းသိမ်း ခံခဲ့ရသည့်အပြင် ထောင်တွင်း၌ ကိုဗစ်ကူးစက်ခံရပြီး ကွယ် လွန်သွားခဲ့ရသည့် ဦးဉာဏ်ဝင်းအတွက် ဝမ်းနည်းပူဆွေးကြရသလို အာဏာသိမ်း စစ်ကောင်စီအပေါ်လည်း ပြစ်တင်ဝေဖန် လျက်ရှိသည်။
“၂၀၁၀ မှာ သမ္မတဦးသိန်းစိန်က ရွေးကောက်ပွဲ နိုင်သွားတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးတဲ့ အခါမှာ နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေက NLD ကို အတားအဆီး ဖြစ်နေတဲ့အတွက် ပြင်ပေးဖို့ဆိုတာ ရှိတယ်။ အဲဒီ ဥပဒေ အရ ထောင်ကျဖူးရင် နိုင်ငံရေးပါတီခေါင်းဆောင် လုပ်လို့မရဘူး။ ရွေးကောက်ပွဲလည်း ဝင်လို့မရဘူး။ အဲဒါကို ပြင်ပေး မှ ရွေးကောက်ပွဲ ဝင်နိုင်ခဲ့တာ။ အဲဒီလို ကဏ္ဍတွေ ဆွေးနွေးတဲ့နေရာမှာ ဟံသာဝတီဦးဝင်းတင်တို့၊ ဦးဉာဏ်ဝင်းတို့ရဲ့ ကဏ္ဍ က အရေးပါခဲ့တယ်” ဟုလည်း ၎င်းက ပြောပြသည်။
ဦးဉာဏ်ဝင်း ကွယ်လွန်သွားခြင်းသည် NLD ပါတီအတွက် ကြီးမားသည့် ဆုံးရှုံးမှုတခုပင်ဖြစ်ကြောင်း NLD ပါတီ ဗဟိုဥပဒေ အကြံပေးအဖွဲ့ဝင်တဦးကလည်း မှတ်ချက်ပြုသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် မတရား ဖမ်းဆီးထိန်းသိမ်း ခံခဲ့ရသည့်အပြင် ထောင်တွင်း၌ ကိုဗစ်ကူးစက်ခံရပြီး ကွယ် လွန်သွားခဲ့ရသည့် ဦးဉာဏ်ဝင်းအတွက် ဝမ်းနည်းပူဆွေးကြရသလို အာဏာသိမ်း စစ်ကောင်စီအပေါ်လည်း ပြစ်တင်ဝေဖန် လျက်ရှိသည်။
တိုင်းရင်းသားအင်အားကြီး နိုင်ငံရေးပါတီတခုဖြစ်သော ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD)၊ ပြည်သူ့ပါတီ နှင့် မိခင်ပါတီဖြစ်သော NLD တို့က ဝမ်းနည်းကြောင်း သဝဏ်လွှာများ ထုတ်ပြန်ခဲ့သည်။
NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ထုတ်ပြန်သည့် ဝမ်းနည်းကြောင်း သဝဏ်လွှာတွင် မပြီးဆုံးသေးသော စစ်အာဏာရှင် စနစ်ကျရှုံးရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးအတွက် ဆက်လက် တိုက်ပွဲဝင်သွားမည်ဟု ကတိပြု ပြောဆိုသည်။
ဦးဉာဏ်ဝင်းကဲ့သို့ ပါတီထိပ်ပိုင်းခေါင်းဆောင်များပင် စစ်တပ်၏ ဖမ်းဆီးထိန်းသိမ်းခံထားရစဉ်အတွင်း ကိုဗစ်ရောဂါဖြင့် ကွယ်လွန်သွားရသည်ဖြစ်ရာ တခြား NLD ပါတီခေါင်းဆောင်များ အပါအဝင် ဖမ်းဆီးထိန်းသိမ်း ခံထားရသူများအတွက် ကိုဗစ်ကူးစက်မှု အန္တရာယ်မှာ စိုးရိမ်ဖွယ်ရာ ဖြစ်နေသည်ဟု NLD ဘက်က ပြောသည်။
“အခုက လူ ၁၀ ယောက်မှာ ၅/၆ ယောက်လောက်က ဖြစ်နေတာ။ အပြင်မှာတောင် ဖြစ်နေတာ။ အထဲမှာ ပိုဆိုးမှာပေါ့။ သီးသန့်နေလို့မှ မရတာ။ ဖြစ်ဖို့များတာပေါ့ဗျာ။ ဘယ်လုံခြုံပါ့မလဲ” ဟု ဆိုသည်။
စစ်တပ်၏ ဖမ်းဆီးထိန်းသိမ်းခံထားရသူများအနက် NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဟံသာမြင့်၊ ရန်ကုန်တိုင်း ဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်းတို့သည်လည်း ကိုဗစ်ကူးစက်ခံထားရပြီး ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။
စစ်ကောင်စီဘက်က မြန်မာနိုင်ငံ အကျဉ်းထောင်များအတွင်း ကိုဗစ်အတည်ပြုလူနာ ၃၀၀ ကျော်ရှိပြီး ဆေးရုံဆင်းလာ သူ ၁၅၂ ဦးရှိကြောင်း၊ ကုသဆဲ ၂၀၈ ဦးရှိကာ ဦးဉာဏ်ဝင်း အပါအဝင် ကွယ်လွန်သူ ၆ ဦးရှိကြောင်း ယနေ့ သတင်းထုတ်ပြန် သည်။
သေဆုံးသူများမှာ ရောဂါအခံကြောင့် သေဆုံးရသူများဖြစ်ပြီး အကျဉ်းထောင်များအတွင်း ကိုဗစ်ကူးစက်မှုကို ထိန်းချုပ်ထား သည်ဟုလည်း စစ်ကောင်စီက ဆိုသည်။
သို့သော် မိသားစုဝင်များနှင့်အတူ နိုင်ငံရေးအသိုင်းအဝိုင်းနှင့် ပြည်သူများက အကျဉ်းထောင်များအတွင်း ကိုဗစ်ရောဂါကူး စက်မှု အခြေအနေအပေါ် စိုးရိမ်မှုများ ဖြစ်ပေါ်လျက်ရှိသည်။
ကုလသမဂ္ဂနှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီအဖွဲ့ (ICRC) တို့မှ ကိုယ်စားလှယ်များ အနေဖြင့် မတရားသဖြင့် ဖမ်းဆီး ချုပ်နှောင်ခံထားရသူများကို အမြန်ဆုံး တွေ့ဆုံမေးမြန်းပြီး အမြန်ဆုံး လွတ်မြောက်အောင် ဆောင်ရွက်ပေးရန်လည်း လူမှု ကွန်ရက်စာမျက်နှာပေါ်၌ ရေးသားပြောဆို တောင်းဆိုနေကြသည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် စစ်တပ်က အာဏာသိမ်းပြီးနောက် NLD ပါတီ၏ အောက်ခြေပါတီဝင်များ အသတ်ခံခဲ့ရသလို၊ ယခုတကြိမ်တွင်မူ ထိပ်ပိုင်းခေါင်းဆောင်တဦး သေဆုံးရခြင်းဖြစ်သည်။
You may also like these stories:
ရန်ကုန်မြို့မှ သုသာန်များ ရုပ်အလောင်းများ ပုံနေ
ကိုဗစ်ထိန်းချုပ်ကာကွယ်ရေး စစ်ခေါင်းဆောင်၏ မုသားများ