ဆောင်းပါး

ကျနော် သိသော ဦးနေမင်း

Want create site? Find Free WordPress Themes and plugins.

ဇူလိုင်လ ၁၇ ရက် ကြားလိုက်ရသည့် သတင်းဆိုးက သတင်းစာ ဆရာလည်းဖြစ် ဗဟို တရားရုံး ရှေ့နေလည်း ဖြစ်သူ ဦးနေမင်းတယောက် ကမာ္ဘ့ကပ် ရောဂါကိုဗစ်- ၁၉ ကြောင့် ဘဝတပါး ကူးပြောင်းသွားခြင်းပင် ဖြစ်သည်။

သူသည် ဘီဘီစီနေမင်းဟု လူသိများကြပြီး ရှစ်လေးလုံး အရေးအခင်းကို ကမာ္ဘသိအောင် ကြိုးပမ်းခဲ့သူတဦးလည်း ဖြစ်၏။

သူနှင့် ကျနော် ၂၀၁၂ ခုနှစ် ဇူလိုင်လအတွင်းက ရန်ကုန်မြို့ ဆူးလေဘုရားအနီး မြေညီထပ် တခုတွင် ကျင်းပသည့် စစ် အစိုးရ ရေးဆွဲ အတည်ပြုထားသော ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် ပတ်သက်သော သတင်းစာရှင်းလင်းပွဲတွင် ဆုံတွေ့ကာ ရင်းနှီးသည့် မိတ်ဆွေများ အထိ ဖြစ်လာခဲ့သည်။

ထိုစဉ်က နိုင်ငံရေးနှင့် ဥပဒေပညာကို စိတ်ဝင်စားသည့် သတင်းထောက်ပေါက်စ ကျနော့်ကို သတင်းထောက်လား ဟု ဆရာက မေးမြန်းပြီး ကြိုဆိုခဲ့သည်။ သတင်းစာရှင်းလင်းပွဲ စဖို့ အချိန်လိုသေးသဖြင့် လက်ဖက်ရည်ဆိုင်ထိုင်ရန် ထွက် လာသောအခါ ဦးနေမင်းကပါ လိုက်လာပြီး နှစ်ဦးသား သတင်းအကြောင်း၊ နိုင်ငံရေးအကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံ အကြောင်းများကို ပြောဖြစ်ခဲ့ကြသည်။

လက်ဖက်ရည်ဆိုင်မှ အပြန် သူ၏ အိတ်ထဲမှ ခပ်နွမ်းနွမ်းလိပ်စာကတ် တခုကို ပေးသဖြင့် ကျနော် ဖတ်ကြည့်ရာ “ဦးနေ မင်း၊ ရှေ့နေ၊ RL ၊ စဉ်…..” ဟူ၍ တွေ့ရ၏။ သူ့အား သာမန်ရှေ့နေတဦးဟုသာ စိတ်ထဲ မှတ်ယူခဲ့မိသည်။

နောက်တလခန့်အကြာ နိုင်ငံရေးနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲများ အမြဲ လုပ်နေကျလည်းဖြစ် သတင်း ထောက်များအတွက် သတင်းရှာရင်း ကျင်လည်ကျက်စားရာ နေရာတခုလည်း ဖြစ်သည့် တော်ဝင်နှင်းဆီခန်းမ ထဲတွင် သူနှင့် ကျနော် ပြန်ဆုံမိပြန်သည်။

ထိုနေ့ သတင်းစာရှင်းလင်းပွဲက လက်ပံတောင်း ကြေးနီတောင် စီမံကိန်းနှင့် ပတ်သက်ပြီး ဦးပိုင်၊ ဝမ်ပေါင်တို့၏ ပြည်သူ အပေါ် မတရား ခေါင်းပုံဖြတ်ခြင်း၊ တည်ဆဲဥပဒေနှင့် ကိုက်ညီမှု မရှိဘဲ ဥပဒေကို လက်တလုံးခြား လုပ်ကာ အာဏာရှင်နှင့် တရုတ်တို့၏ လူလည်လုပ်သည့် ကိစ္စများကို ဒေသခံ ပြည်သူများက ရင်ဖွင့်ကြသလို ရှေ့နေများနှင့် နိုင်ငံရေး တက်ကြွ လှုပ်ရှားသူများကလည်း ဝေဖန် ဆွေးနွေးကြသည့် ပွဲတခုဖြစ်၏။

၂၀၁၄ ခုနှစ် ရန်ကုန်မြို့တွင် ကျင်းပခဲ့သော ကမ္ဘာ့မီဒီယာ ကွန်ဖရင့်ပွဲတွင် ဦးနေမင်း သတင်းသူရဲကောင်းဆု ချီးမြှင့်ခံရစဉ်က(မင်းအောင်ခိုင်)

ပရိတ်သတ်တဦးအနေဖြင့်သာ တက်ရောက်လာသည့် ဦးနေမင်းက ထိုပွဲတွင် ယေဘုယျဆန်ဆန် ဝေဖန်ပြောဆိုခြင်း ထက်၊ အလဲထိုး၊ အပြုတ်တိုက်မည့် အကြောင်းအရာများကိုသာ ပြောဆို ဆွေးနွေးချင်စေချင်ကြောင်း၊ ကြေးနီတောင်စီမံ ကိန်း အကြောင်းကို စာရွက်ပေါ်က တွေ့သမျှ အချက်အလက်နှင့် ပြောဆိုခြင်းထက် မြေပြင်ကို ကွင်းဆင်းထားပြီးပြီး လား ဆိုသည့် မေးခွန်းများ မေးမြန်းရာ အချေအတင် စကားပြောဆိုခဲ့ကြသည်။

ထိုပွဲအပြန်တွင် သူ့ကို ကျနော် နှုတ်ဆက်ကာ စကားစမြည် ပြောဖြစ်ခဲ့ကြသည်။ လက်ပံတောင်းကြေးနီ စီမံကိန်းနှင့် ပတ် သက်၍ မဏ္ဏိုင်မဂ္ဂဇင်းတွင် သူရေးသားသည့် ဆောင်းပါးရှည်ကို ကျနော့်ကိုပြပြီး ဥပဒေ အချက်လက်များကို ရှင်းပြသည်။ ဥပဒေပါ အဓိပ္ပာယ် ဖွင့်ဆိုချက်များကို သေသေချာချာ ဖတ်မှတ်လေ့လာပြီး တခြားဆက်စပ်သည့် ဥပဒေ၊ နည်းဥပဒေ များကိုလည်း ရှာဖွေ မွှေနှောက်တတ်ရန် လိုအပ်ကြောင်းလည်း သူက ပြောသည်။

သူ့လွယ်အိတ်ထဲတွင် ပါလာသည့် ခပ်နွမ်းနွမ်း ဥပဒေ စာအုပ်များကို ကျနော့်ကို ပြသပြီး ထိုစာအုပ်များတွင် ဥပဒေ၊ ပုဒ်မ များနှင့် အကြောင်းအရာများကို တပိုဒ်ချင်း ခွဲကာ မှင်နီ၊ မှင်ပြာများဖြင့် သေချာစွာ လိုင်းတားထားသည်များကို တွေ့ရသဖြင့် တရားခွင်တိုက်ပွဲတွင် ခံစစ်ကို ယိုကွက် ဟာကွက် မရှိအောင်ကာပြီး တိုက်စစ်ဖွင့် အလဲထိုးမည့် ရှေ့နေတဦး ဖြစ်လိမ့် မည်ဟု ထိုအချိန်ကတည်းကပင် ကျနော် ခန့်မှန်းမိလိုက်သည်။

နောက်ပိုင်း နိုင်ငံရေးနှင့် ပတ်သက်သည့် ပွဲများတွင် သူ့ကို မတွေ့ရတော့သဖြင့် ရုံးပိတ်ရက်များတွင် ဖုန်းဆက်ချိန်း ဆိုကြ ကာ ကျနော်နှင့်သူ အမြဲလိုလို တွေ့ဆုံဖြစ်ကြသည်။ စကားကို ဒဲ့ဒိုး ပြောတတ်ကာ၊ အမှန်တရား မြတ်နိုးတတ်သော သူ့၏ စိတ်နေစိတ်ထားကို ကျနော်လည်း နှစ်ခြိုက်ပြီး သူနှင့်ကျနော် ကြားတွင်လည်း မည်သည့် ဟန်ဆောင်မှုများ မရှိဘဲ စိတ်ရင်း အတိုင်းသာ ပွင့်ပွင့်လင်းလင်း ပြောဆိုကြသည်။

ထိုစဉ်ကတည်းက ဖောက်ပြန်သော နိုင်ငံရေးသမားများအကြောင်း၊ ၈၈ အရေးတော်ပုံ အတွင်းရေးများနှင့် စပ်လျဉ်းပြီး BBC သတင်းထောက် လုပ်ခဲ့ပုံ၊ ခရစ္စတိုဖာ ဂန်းနက် (၈၈ အရေးအခင်းတွင် မြန်မာနိုင်ငံကို လာရောက် သတင်းယူခဲ့သည့် ဘီဘီစီ သတင်းထောက်)၊ ဆွီဒင်သတင်းစာဆရာ ဘာတေးလစ်တနာ စသည့် အကြောင်းများကို ကျနော့်အား ပြောပြ သော်လည်း ကျနော် မကြားဖူးသော နာမည်များ ဖြစ်သည် သာမက သူ BBC သတင်းထောက်လုပ်ခဲ့ပြီး တိုက်ပွဲ ဝင်ခဲ့သည် ဆိုသည်ကို ပြောပြခြင်းမှာလည်း မည်သည့် သတင်းစာ၊ ဂျာနယ် စာမျက်နှာပေါ်မှ ဖော်ပြပါရှိခြင်း မရှိသည့် အတွက် အရေး တော်ပုံတွင် မထင်မရှား ပါဝင်ခဲ့သည့် သူ့အကြောင်းကို စာဖွဲ့နေခြင်းသာဟု ထင်မိခဲ့သည်။

နောက်မှ တွေးမိသည်က Generation Gap ဟု ဆိုနေကြသည့် မျိုးဆက်အလှမ်းကွာခြင်း၊ အလှမ်းပြတ်ခြင်း ဖြစ်သည်ဟု ထင်မိသည်။

သူပြောသည့်အထဲတွင်၂၀၀၈ ဖွဲ့စည်းပုံ အောက်က ဖော်ဆောင်သည့် နိုင်ငံရေးကို ဘယ်တော့မှ အယုံအကြည် မရှိကြောင်း ၊ ၂၀၀၈ အောက် ခေါင်းလျှိုဝင်သွားသော နိုင်ငံရေးသမားများမှာလည်း လုပ်စားကောင်များသာ ဖြစ်ကြောင်း ထိုသို့ပြောဆို သော်လည်း ကျနော်က သူ့၏ နိုင်ငံရေးဖြတ်သန်းမှုကို မသိသည့်အတွက် ဥပဒေ မဂ္ဂဇင်းထဲက ပဟေဠိ အကြောင်းများ ကိုသာ လမ်းကြောင်းချပြောဆိုပြီး ကျနော် နားမလည်သည့် အချက်များကိုသာ မေးမြန်းတတ်သည်။

ထိုသို့ အသက်အရွယ် ကွာခြားသော်လည်း တဦးနှင့် တဦး ပြောဆိုပေါင်းသင်းရင်း ဦးနေမင်းအဖို့ သူ့အကြောင်းကို ကျနော်အား ထုတ်လှစ်ပြသမည့် နေ့ တနေ့သို့ ရောက်လာခဲ့သည်။

၂၀၁၂ ခုနှစ် အောက်တိုဘာလဆန်းတွင် ဦးသိန်းစိန်အစိုးရ၏ ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းပေါ်က ၈၈၈၈ ငွေရတု အခမ်းအနားကို ကျင်းပတော့မည်ဖြစ်ရာ BBC သတင်းထောက်ဟောင်း ခရစ္စတိုဖာ ဂန်းနက်ကို ပွဲတက်ရန် ဖိတ်ကြားထား ကြောင်းနှင့် သူက မြန်မာပြည်သို့ ရောက်ရောက်ချင်း ဦးနေမင်းနှင့်တွေ့လိုသည်ဟု ခွင့်တောင်းထားကြောင်း ကျနော့်အား သူက ပြောပြသည်။

“ခရစ္စ မြန်မာပြည်ကို ရောက်မယ်။ ငါ့ကို သူ တွေ့ခွင့် တောင်းထားတယ်။ ဒီကောင့်ကို မယုံလို့ ပထမတော့ ငါမတွေ့ဘူးလို့ အပြတ် ပြောထားတာ။ နောက်ထပ် ငါ့ကို တွေ့လိုကြောင်း တဖွဖွ ပြောလာတော့ ငါတွေ့ဖို့ ဆုံးဖြတ်လိုက်တယ်။ မောင်ရင် ငါနဲ့ လိုက်ခဲ့မလား” ဟု ဦးနေမင်းက ကျနော့်ကို မေးသည်။

၈၈ နှင့် ပတ်သက်ပြီး ပြုလုပ်သည့်ပွဲများတွင် ကျောင်းသား ခေါင်းဆောင်များက နိုင်ငံခြား သတင်းထောက် ခရစ္စတိုဖာ ဂန်း နက်၊ သတင်းစာဆရာ ဘာတေးလစ်တနာနှင့် သူ၏ ဒေါမာန်ဟုန် စာအုပ်မျက်နှာဖုံးကို ဗီနိုင်းထောင်ကာ မှတ်တမ်းတင် ဂုဏ်ပြု သံပြိုင်ချီးကျူးသံများက ကျနော့် နားထဲမှာ ကြားယောင်လာပြီး အရေးပါသည့် ဇာတ်ကောင်တဦး ဖြစ်မည်ဟု တွေးမိကာ ကျနော် လိုက်ပါမည် ဟု သူ့ကို ချက်ချင်း ပြောလိုက်သည်။

၂၀၁၃ ခုနှစ်သြဂုတ်လ ၆ ရက် ညနေ ၄ နာရီတွင် ကျနော်နှင့် ဦးနေမင်းအပြင် သူ၏ မိတ်ဆွေ ကိုကြည်တို့ ၃ ဦး ခရစ္စ တိုဖာ ဂန်းနက် တည်းခိုနေသည့် ရန်ကုန်မြို့၊ သံလမ်းရှိ ဟိုတယ်တခုသို့ အငှားယာဉ်ဖြင့် သွားကြသည်။ ဦးနေမင်း သည် ကားရှေ့ခန်းက ထိုင်ပြီး လိုက်ပါလာသည်။ သူ့မျက်နှာတွင် စိတ်လှုပ်ရှားနေသည့် အရိပ်အယောင်များကို တွေ့ရ သည်။

၈၈၈၈ ကာလ ဆိပ်ကမ်းလုပ်သားများ ဆန္ဒပြခဲ့သည့် ရန်ကုန်မြို့ ကမ်းနားလမ်းနှင့် ကီလီလမ်းဆုံ နေရာတွင် ဦးနေမင်း နှင့် BBC သတင်းထောက်ဟောင်း ခရစ္စတိုဖါဂန်းနက်တို့ ၂၀၁၃ ခုနှစ်သြဂုတ်လ ၇ ရက်နေ့က မှတ်တမ်းဓါတ်ပုံများ ရိုက်ယူခဲ့စဉ်(မင်းအောင်ခိုင်)

သံလမ်းထဲက လမ်းကျဉ်းထဲသို့ ကားကို ချိုးကွေ့လိုက်စဉ် အနောက်တိုင်း ဝတ်စုံ ဝတ်ထားသည့် ခရစ္စတိုဖာ ဂန်းနက်က ဟိုတယ် ရှေ့တွင် ထွက်ပြီး စောင့်နေသည်ကို တွေ့သည်။

ဦးနေမင်း တက္ကစီပေါ်က ဆင်းလိုက်သည်နှင့် “ ဦးနေမင်း” ဟု မြန်မာလိုခေါ်ပြီး သူ၏ လက်နှစ်ဖက်ကို ဆုပ်ကိုင်လျက် “ဆံပင်တွေလည်း ဖြူကုန်ပါပြီ။ ကျနော်နဲ့ တွေ့ခဲ့စဉ်တုန်းကလို ရုပ်မျိုး တခုမှ မဟုတ်တော့ဘူး” ဟုဆိုကာ ခရစ္စတိုဖာ ဂန်းနက်က ပွေ့ဖက် ငိုပါ တော့သည်။

ထို့နောက် သူတို့ နှစ်ဦး လွန်ခဲ့သော ၂၅ နှစ်က ကြုံတွေခဲ့ရသည့် ရှေ့ဟောင်းနှောင်းဖြစ်များ၊ ဆောင်ရွက်ခဲ့သည့် အခြေ အနေများကို ဟိုတယ်မှာ ပြောဆိုကြပြီး ၈၈ အရေးခင်း ကာလတွင် ဆန္ဒပြခဲ့သော ရန်ကုန်မြို့မှ သမိုင်းဝင်နေရာ များကို လိုက်လံပြသပြီး ၃ ရက်တိုင်တိုင် မှတ်တမ်း ရိုက်ကူးမှုများကို ပြုလုပ်ကြသည်။

နောက်ပိုင်းတွင် ဦးနေမင်းနှင့် သတင်းထောက်ဟောင်း ခရစ္စတိုဖာ ဂန်းနက်တို့သည် ၈၈ အရေးတော်ပုံကာလအတွင်းက အဓိကဇာတ်ကောင်များ အကြောင်း၊ ၂၅ နှစ်တာကာလအတွင်းက ဖြစ်ပျက်ခဲ့သော အတွင်းရေးများ စသည့်သမိုင်း မှတ်တမ်းမှန်များကို မကြွင်းမကျန် ပြုစုကာ ဖြစ်ရပ်မှတ်ဇာတ်လမ်းအဖြစ် လန်ဒန်မြို့တွင် စင်တင်ပြဇာတ် တပုဒ် ရုံတင် ပြသခဲ့ကြသေးသည်။

ဦးနေမင်းမှာ ၈လေးလုံး အရေးတော်ပုံကြီး အပြီး စစ်တပ်က အာဏာသိမ်းပြီးနောက် BBC အား ပြည်တွင်း အဖြစ်အပျက် များကို သတင်းပေးပို့မှုဖြင့် နဝတက ထောင် ၁၆နှစ် ချခံရကာ အင်းစိန်ထောင်၊ သာယာဝတီထောင်တို့တွင် နေထိုင်ခဲ့ရ သည်။

ထောက်လှမ်းရေးက သူ့အား ဖမ်းမိခြင်းမှာ ခရစ္စတိုဖာ ဂန်းနက် ကိုယ်တိုင် BBC ကို သတင်းများ ပေးပို့သူမှာ ပြည်တွင်းက မည်သူ၊ မည်ဝါ ဖြစ်ကြောင်း ဖော်ကောင်လုပ်သဖြင့် ဖမ်းမိခြင်းဖြစ်ကြောင်းကို သူ ထောင်ထဲတွင် ရှိနေစဉ် စစ်ထောက်လှမ်း ရေးများ ကိုယ်တိုင် ပြောပြ၍ သိရကြောင်း၊ ခရစ္စတိုဖာ ဂန်းနက်သည် စစ်ခေါင်းဆောင်များ ပေးသော ငွေကြေးများကို လက်ခံကာ သူ့အား ရောင်းစားပြီး မြန်မာပြည်ထဲက ဟိုတယ်ကြီးများတွင်ပင် ဇိမ်ခံသွားကြောင်းလည်း ပါသည့် အတွက် သစ္စာမရှိသောသူနှင့် မတွေ့လိုသည့် အကြောင်း သူ့ရင်ထဲက နာကျည်းချက်များကို ခရစ္စတိုဖာ ဂါးနက်အား ပွင့်ပွင့် လင်းလင်း အမှန် အတိုင်းပြောသည်။

ခရစ္စကလည်း သူ့မှာ ဦးနေမင်းနှင့် တွေ့ဆုံပြီးနောက် မြန်မာပြည်က ထွက်ခွာသွားကတည်းက ဗီဇာ ပိတ်ခံထားရသဖြင့် မြန်မာပြည်သို့ တခါမှ ပြန်မရောက်တော့ကြောင်း၊ ဦးနေမင်း အဖမ်းခံရသည် ဆိုသည့် သတင်းကို ကြားကတည်းက မိမိ ပယောဂ မကင်းသလို ခံစားရသည့်အတွက် ငိုကြွေးခဲ့ရကြောင်းနှင့် နောက်ပိုင်း သတင်းလောကမှ ထွက်ခွာသွားခဲ့ ကြောင်း လည်း ရှင်းပြသည်။

ဦးနေမင်း အဖမ်းခံရသည့် ကိစ္စနှင့်ပတ်သက်ပြီး BBC သတင်းဌာနတွင် စစ်တပ် သတင်းပေး ရှိသည်ဆိုသော စွပ်စွဲချက်များ ထွက်လာသည့်အတွက် စုံစမ်းစစ်ဆေးရေး ကော်မတီ တရပ်ကို ဖွဲ့စည်း စစ်ဆေးခဲ့ကြောင်း ရှင်းပြသည်။

သို့သော်လည်း စုံစမ်း စစ်ဆေးရေးအဖွဲ့၏ တွေ့ရှိချက်များနှင့်ပတ်သက်ပြီး BBC က တရားဝင်ဖော်ထုတ်ပြောဆိုမှု မရှိသလို ကော်မတီ၏ တွေ့ရှိချက်များကိုလည်း ခရစ္စကိုယ်တိုင် အကြိမ်ကြိမ် တောင်းခံသော်လည်း BBC ဌာန အနေဖြင့် ထုတ်ပေး ခြင်း မရှိကြောင်း သိရသည်။

ဦးနေမင်းတယောက် ၈၈၈၈ အရေးတော်ပုံ အခမ်းအနား ပွဲများတွင် ဖိတ်ကြားခြင်း မခံရဘဲ၊ သမိုင်းမှတ်တမ်းတွင်ပါ လူမသိ သူမသိ အပယ်ခံဖြစ်နေခြင်းက သူ့အတွက် အလွန်ဝမ်းနည်းစရာဖြစ်ရပြီး ၈၈ ကာလ မြန်မာအရေးသတင်းများမှာ ဦးနေမင်း ၏ ပေးပို့ချက်များသာဖြစ်ရာ မည်သည့်အခွင့်အရေး၊ မည်သည့်ငွေကြေး တပြားတချပ်ကိုမှ တောင်းခံခြင်း၊ ယူဆောင်ခြင်း မရှိဘဲ အသက်စွန့် အနစ်နာခံသူ တဦးဖြစ်သည် ဟူ၍လည်း ခရစ္စတိုဖာ ဂန်းနက်က ဆိုသည်။

ထို့အတွက် ၈၈ အရေးခင်းကာလတွင် မြန်မာပြည်၏ အခြေအနေအရပ်ရပ်ကို နိုင်ငံတကာ သိရှိစေရန် စွန့်လွှတ်အနစ်နာခံ ကြိုးပမ်းခဲ့သည့် လေးစားထိုက်သော လူတဦးဖြစ်သဖြင့် အများပြည်သူပန်းခြံများတွင် ဦးနေမင်း၏ ရုပ်တုများ စိုက်ထူထား ပေးသင့်ကြောင်းကို ခရစ္စတိုဖာဂန်းနက်က မီဒီယာများနှင့် အင်တာဗျူးစဉ်က ဖြေကြားခဲ့သည်။

ဦးနေမင်း၏ စွန့်လွှတ်အနစ်နာခံသည့် နိုင်ငံရေး ဖြတ်သန်းမှုကို အတွင်းကျကျ သိလိုက်ရသည့် ကျနော်အဖို့ အထင်ကြီး လေးစားမှုနှင့်အတူ ၈၈ အရေးတော်ပုံ ဖြစ်ပေါ်လာအောင်အထိ ကိုယ်စွမ်း ဉာဏ်စွမ်းရှိသလောက် ဘဝပျက်ခံ လုပ်ခဲ့ သော်လည်း မည်သည့် ရယူခြင်းမှ မရှိခဲ့သူ၊ မှန်သည်ဟု ထင်လျှင် နောက်မဆုတ်ဘဲ အဆုံးထိ တိုက်ပွဲ ဝင်တတ်သည့် သူ၏ ရဲရင့်သော စိတ်ဓာတ်ကိုလည်း မလေးစားဘဲ မနေနိုင်တော့ပေ။

ထိုစဉ်က ကျနော့်၏ အသက်က၃၀ ကျော်သာရှိ သေးသော်လည်း ဆရာဦးနေမင်း၏ အသက်ကမှာ ၆၀ ကျော်ဖြစ်သော် လည်း အိမ်ထောင်မရှိသာ လူပျိုကြီး တယောက်သာဖြစ်သည်။

ကျနော်တို့သည် နေ့တိုင်းလိုလိုတွေ့ဆုံကြပြီး ဝါရင့်နိုင်ငံရေး သမားကြီးများအကြောင်းနှင့် သူ၏ ထောင်တွင်း ဖြတ်သန်းမှု အခြေအနေများကို ပြောပြသည်။

တခါတရံ ကျနော် စိတ်လေ မွန်းကြပ်နေသည့်အချိန်တွင် သူနေသည့်နေရာ အနီးဝန်းကျင်ရှိ မင်္ဂလာဈေး အပေါ်ဆုံးထပ်အ ထိ တက်ကာ လက်ဖက်ရည်ဆိုင်ထိုင်ပြီး ရန်ကုန်မြို့ပြ ရှုခင်းကို အပေါ်စီးမှ ကြည့်ကာ ကြုံဆုံကြသည့် လောကဓံ တရားကို ရင်ဆိုင်ဖို့ ခွန်အား မွေးကြသည်။

၂၀၁၃ သြဂုတ်လ ၇ရက် ရန်ကုန်မြို့ ကမ်းနားလမ်းတွင် ရှေ့နေဦးနေမင်း၊ ဘီဘီစီ သတင်းထောက်ဟောင်း ခရစ္စတိုဖာ ဂန်းနက်နှင့် စာရေးသူတို့ အမှတ်တရ ဓာတ်ပုံရိုက်စဉ်

ကျနော် စိတ်အားငယ်၊ စိတ်ဓာတ်ကျသည့်အခါမျိုးတွင်လည်း အားပေးတတ်သလို တခါမှ မပြောပြသည့် သူ့အချစ်ဇာတ် လမ်းကိုလည်း ပြောပြခဲ့သည်။

ရှေ့နေ ပေါက်စဘဝက ဦးနေမင်းနှင့် ဆရာတပည့်တူ အလုပ်သင် ရှေ့နေမလေး တို့၏ အချစ်ဇာတ်လမ်းသည် ကမာ္ဘကျော် ရုပ်ရှင်ဇာတ်ကားကြီးတခု ကြည့်နေရသလို ညှို့ယူဖမ်းစားထားပြီး လွမ်းဆွတ် ရင်နင့်စရာ ကောင်းလှသော အဖြစ်အပျက် များကို တကွက်ပြီးတကွက် ပြောပြသည်။

ချစ်သူနှစ်ဦး၏ သည်းထိတ်ရင်ဖို စွန့်စားခန်းများ၊ ပေးဆပ်သူတို့ နှလုံးသားဖြင့် ဖြူဖြူစင်စင် ချစ်သက်သေထူသွားကြပုံ၊ စည်းခြားထားသည့် ဘာသာရေး တံတိုင်း တဖက်စီမှ ချစ်သူနှစ်ဦး၏ နှလုံးသားချင်း ဆက်သွယ်ပြီး ကာလရှည်စွာ အချစ်အိမ်ကလေး တည်ဆောက်ကြပုံများက နားထောင်ရသူ ကျနော်အတွက် ရင်တလှပ်လှပ် ခံစားရပါသည်။

သူသက်ရှိ ထင်ရှားရှိနေစဉ် သူ့ဘဝ အချစ်အကြောင်းကို စာမရေးရန်နှင့် မည်သူ့ကိုမှလည်း မပြောပြရန် ကျနော်အား ကတိ တောင်းထားသည့်အတွက် ကျနော့်ရင်ထဲမှာသာ နှစ်ရှည်လများ သိမ်းထားသည့် တချို့သော အကြောင်းအရာပင် ဖြစ် သည်။

၈၈ အရေးတော်ပုံကာလအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှနေ သတင်းယူနေသူ ခရစ္စတိုဖာ ဂါးနက်နှင့် ဦးနေမင်းတို့ကြားတွင် သတင်းပေးပို့ မှုတွင် အဓိက ဘာသာပြန်ပေးသူမှာ ဘင်္ဂလာဒေ့ရှ်နိုင်ငံရောက် ရခိုင်တိုင်းရင်းသား ဒေါက်တာ စံသာဖြူပင် ဖြစ်သည်။

ဒေါက်တာ စံသာဖြူသည် ရခိုင်နိုင်ငံရေးသမား၊ တော်လှန်းရေးသမား ဖြစ်သည့်အတွက် မြန်မာပြည်၏ ဖြစ်ပျက်နေသော အခြေအနေကို သိရှိထားသည့်အတွက် အဓိက အကြောင်းအရာ အချက်အလက်များကို ဆွဲယူပြီး သတင်း တည်ဆောက် ခြင်းများ ပြုလုပ်ရန် ခရစ္စတိုဖာ ဂန်းနက်ကို နားလည်အောင် ပြောပြနိုင်သည့်အတွက် အတော် ခရီး ရောက်ခဲ့သည်ဟုလည်း ဦးနေမင်းက ဆိုသည်။

ကျနော်က ရခိုင်လူငယ်တဦး ဖြစ်နေသည့်အတွက် နရသိန်အတွင်းက ရခိုင်လူမျိုး အများအပြားနှင့်လည်း တွေ့ဆုံခဲ့မှုကို လည်း ပြန်ပြောပြသည်။ နိုင်ငံရေး အမှုများဖြင့် ထောင်ကျနေသည့် သမိုင်းပညာရှင် ဒေါက်တာ အေးချမ်း၊ ရုပ်ရှင် မင်းသား ကြီး ဦးအောင်လွင်၊ နိုင်ငံရေသမားကြီး ဦးခိုင်စိုးနှင့် လက်ရှိ ANP ခေါင်းဆောင် ဦးခိုင်ပြည်စိုး တို့နှင့် အကျဉ်းထောင်တခု တည်းတွင် အတူနေခဲ့သည် ဟုဆိုသည်။

ထောင်ထဲတွင် ရခိုင်နိုင်ငံရေးသမားများနှင့်အတူ နေခဲ့ကြစဉ် သဘောထား မတူညီခဲ့ကြကြောင်း၊ ဝေဖန်ရင် ဒေါသအလွန်ြ ကြီးတတ်သော လူမျိုးဖြစ်ကြောင်း ပြောသည်။ သို့သော်လည်း ထောင်ထဲက နေခဲ့သည့် ရခိုင်မိတ်ဆွေများကို သတိ ရကြောင်းလည်း ပြောပြတတ်သေးသည်။

ကျနော် သတင်းလိုက်ရင်း ရုပ်ရှင်မင်းသားကြီး ဦးအောင်လွင်နှင့် ရုပ်ရှင်အစည်းအရုံးတွင် တွေ့ဆုံသည့်အခါ ဦးနေမင်း သတိရကြောင်း ကြုံရင် သတင်းစကားပါးပေးပါဟု ကျနော့်အား မှာထားကြောင်းကို ပြောပြသလို ဒေါက်တာ အေးချမ်း၊ ဦးခိုင်စိုး(ရခိုင်ပြည်ကွန်မြူနစ်ပါတီ၊ မင်းပြားမြို့ကို သိမ်းခဲ့သူ) တို့နှင့်လည်း ရခိုင်မှာ တွေ့ဆုံစဉ် သူ့သတင်းစကား ပါးလိုက် ကြောင်းကို ပြောပြသည်။ ဦးနေမင်း ဆိုသည်နှင့် BBC နေမင်းလား ဟု ကျနော်အား ပြန်မေးကာ သူတို့ မိတ်ဟောင်းဆွေ ဟောင်းများကြား ဆက်သွယ်မှု ရရှိအောင် ဖုန်းနံပါတ်များ ကိုလည်း ကျနော် ချိတ်ဆက်ပေးရသည်။

ဦးနေမင်းနှင့်ပတ်သက်ပြီး ဒေါက်တာ အေးချမ်းကတော့ “သူမှန်တယ်လို့ ယူဆပြီး လုပ်ရပ်တခုကို လုပ်တဲ့နေရာမှာ နောက်ကို လှည့်မကြည့်ဘဲ တစိတ်မတ်မတ် လုပ်တတ်သည့် လူတယောက်လို့ မြင်တယ်” ဟု မှတ်ချက် ပြုသည်။

ခင်မင် လေးစားရသည့် ဦးနေမင်း ကွယ်လွန်သွားရခြင်းမှာ ကျနော့်အတွက်တော့ အစားထိုး မရသည့် ဆုံးရှုံးမှုကြီး တခု ဖြစ်သလို သူနှင့် ဆုံတွေ့ခဲ့သည့် အမှတ်တရ အချိန်ကာလများကိုလည်း ဘယ်သောအခါမှ မေ့ပျောက်နိုင်မည် မဟုတ်ပေ။

You may also like these stories:

စစ်ကောင်စီ၏ ထိန်းသိမ်းခံရစဉ် တိမ်းပါးသွားခဲ့ရသည့် NLD၏ ရှေ့နေကြီး ဦးဉာဏ်ဝင်း

၈ လေးလုံး Target Date ပေးလိုက်တဲ့ ဦးနေမင်း

သတင်း လွတ်လပ်ခွင့် အတွက် ဦးနေမင်း ဂုဏ်ပြု မှတ်တမ်းတင်ခံရ

Did you find apk for android? You can find new Free Android Games and apps.
Loading