မြန်မာ့အာဏာသိမ်းမှုတွင် ဝတို့ နှုတ်ဆိတ်နေခြင်း နောက်ကွယ်
ဖေဖေါ်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုကို တနိုင်ငံလုံးဆန့်ကျင်ကြသည်။ ပထမတွင် ငြိမ်းချမ်းစွာ ဆန့်ကျင်ခြင်းဖြစ်သော်လည်း ဆန္ဒပြသူများကို စစ်တပ်က ပစ်သတ်သောအခါ ပိုမိုကြမ်းတမ်းစွာ ဆန့်ကျင်လာသည်။ သို့သော် တနိုင်ငံလုံးတွင်ဖြစ်ပွားနေသည့် အခြေအနေများကြောင့် ထိခိုက်မှုမရှိပုံရသော ဒေသအစိတ်အပိုင်းတခု ရှိသည်။ ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်း ၀ တောင်တန်းဒေသများဖြစ်သည်။ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ကဲ့သို့သော တိုင်းရင်းသား အုပ်စုများက မြို့ပြ ဒေသများမှ ထွက်ပြေးလာသော တက်ကြွလှုပ်ရှားသူများကို ခိုလှုံခွင့်ပေးရုံသာမက အချို့ကို ပြောက်ကျားစစ်သင်တန်းပင် ပေးသည်။ အခြားတိုင်းရင်းသား လက်နက်ကိုင် အုပ်စုများကလည်း ကြေညာချက်များကို အနည်းဆုံးထုတ်ပြန်ပြီး စစ်အာဏာသိမ်းခြင်းကို ရှုတ်ချကြကာ လူမှုအခြေပြုအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ကြသည်။ သို့သော် တချိန်တည်းတွင် မြန်မာနိုင်ငံမှ အင်အားအကြီးမားဆုံး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းဖြစ်သော အင်အား ၂၀၀၀၀ မှ ၃၀၀၀၀ အထိရှိသည့် ၀ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) သည် သိသိသာသာ တိတ်ဆိတ်နေသည်။
သို့သော်ထိုသို့ဆိုခြင်းကြောင့် ၀ တိုင်းရင်းသားအားလုံးက UWSA နှင့် ၎င်း၏ နိုင်ငံရေးအဖွဲ့အစည်း ဖြစ်သော ၀ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP) ၏ ရပ်တည်ချက်ကို သဘောတူသည် ဟု မဆိုလိုပေ။ မတ်လ ၂၅ ရက်နေ့တွင် တန်းယန် ဝလူငယ်ကွန်ရက်၊ Wa Christian Fellowship မှ တက္ကသိုလ်ကျောင်းသားများနှင့် ၀ အမျိုးသမီးများ ကွန်ရက်တို့အပါအဝင် ၀ လူမှုအခြေပြုအဖွဲ့အစည်း ၁၀ ခုက UWSP/UWSA ခေါင်းဆောင်ပိုင်းသို့ အိတ်ဖွင့်ပေးစာတစောင်ပေးပို့ပြီး သတ်ဖြတ်မှုများနှင့် ပတ်သက်ပြီး တစုံတရာပြောကြားရန်နှင့် ဖက်ဒရယ်ဒီမိုကရေစီလှုပ်ရှားမှုအပေါ် ၎င်းတို့၏ ရပ်တည်ချက်ကို လူသိရှင်ကြား ထုတ်ပြန်ကြေညာရန် တောင်းဆိုသည်။ သို့သော် ထိုသို့ဖြစ်မလာဘဲ ပြဿနာရှိနေသောအချက်မှာ UWSA နှင့် နယ်စပ် တရုတ်ပြည်တလျှောက်မှ လုံခြုံရေးအဖွဲ့အစည်းများအကြား နီးကပ်သောဆက်ဆံရေးရှိနေခြင်းဖြစ်သည်။ ထိုလုံခြုံရေးအဖွဲ့အစည်းများသည် နေပြည်တော်မှ စစ်ကောင်စီကို ဖြုတ်ချလိုသော မည်သည့်လှုပ်ရှားမှုတွင်မျှ ပါဝင်ပတ်သက်လိုခြင်း မရှိကြဘဲ UWSA သည် တရုတ်၏ မြန်မာနှင့် အခြားဒေသများကို လွမ်းမိုးရေး ပထဝီသေနင်္ဂဗျူဟာတွင် မဟာမိတ်ဖြစ်နေသည်။ ရှင်းရှင်းပြောရပါက UWSA ကို တရုတ်ကထောက်ခံခြင်းဖြင့် ဘေ့ဂျင်းသည် မြန်မာနိုင်ငံတွင်းတွင် သြဇာသက်ရောက်နေသည်။ မြန်မာနိုင်ငံသည် အိန္ဒိယသမုဒ္ဒရာကို တရုတ်အနေဖြင့် လွယ်ကူစွာ အသုံးပြုခွင့်ပေးနိုင်သည့် တခုတည်းသော အိမ်နီးချင်းနိုင်ငံဖြစ်သည်။

ဦးသိန်းစိန်အစိုးရမှ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းသည် တရုတ်ကျောထောက်နောက်ခံပြု အငြင်းပွားဖွယ် ကြေးနီစီမံကိန်း ဆန့်ကျင်သူများနှင့်တွေ့ဆုံရန် မုံရွာသို့ သွားရောက်သောအခါ “ ကျနော်တို့က တရုတ်ကိုကြောက်ရတယ်။ တရုတ်နဲ့ ပြဿနာ မဖြစ်ရဲဘူး။ သူတို့က ကျနော်တို့ကို စိတ်ဆိုးပြီး စီမံကိန်းတွေရပ်၊ ကွန်မြူနစ်တွေကို အထောက်အပံ့ပြန်ပေးလိုက်ရင် နယ်စပ်ဒေသ စီးပွားရေး ပြန်လည်ကျဆင်းသွားမယ်။ ဒါကြောင့် ခင်ဗျားတို့အနေနဲ့ အလေးအနက် စဉ်းစားရမယ်” ဟု ဗြောင်ကျကျ ဝန်ခံသည်။ ကွန်မြူနစ်ဟု သူပြောရာ UWSA နှင့် ၎င်း၏မဟာမိတ်များဖြစ်သည့် တခါက တရုတ်ကျောထောက်နောက်ခံပြု အင်အားကြီးလှသော ဗမာပြည်ကွန်မြူနစ်ပါတီ (CPB) တပ်များ၏ အဆွယ်အပွားများကို ဆိုလိုကြောင်း ထင်ရှားသည်။ CPB တပ်များသည် ၁၉၈၉ ခုနှစ် တောင်ပေါ်လူမျိုးစု လက်အောက်ခံတပ်များ အထူးသဖြင့် ၀ တပ်များက ပုန်ကန်သောကြောင့် ပြိုကွဲသွားခဲ့သည်။ သူပြောသည့်အချက်သည် မှန်ကန်သည်။ လက်တွေ့တွင် UWSA ကို တရုတ်က CPB ကို ထောက်ခံသကဲ့သို့ ထောက်ခံနေပြီး CPB ထက်ပင် အင်အားကောင်းကာ ပိုမိုကောင်းမွန်သော လက်နက်များကိုလည်း တပ်ဆင်ထားပေးသည်။
UWSA ၏ အင်အား သို့မဟုတ် ၎င်းတို့လက်နက်များ၏ ကျယ်ပြန့်မှုအတိုင်းအတာကို ၂၀၁၉ ခုနှစ် ဧပြီလ ၁၇ ရက်နေ့တွင် ကျင်းပသည့် အခမ်းအနားတခုတွင် ပြသသည်။ ထိုအခမ်းအနားသည် အသက်အရွယ်ကြီးရင့်ပြီး တယူသန်သည့် မာ့က်စ်-လီနင်ဝါဒီ အဓိကအားဖြင့် ဗမာများ ပါဝင်သည့် CPB ခေါင်းဆောင်မှုကို ပုန်ကန်သည့် နှစ် ၃၀ ပြည့်အခမ်းအနားဖြစ်သည်။ CPB သည် ၎င်းတို့၏ အချိန်ကာလနှင့် မကိုက်ညီသော မူဝါဒများကြောင့် တရုတ်အတွက် အရေးပါမှုလျှော့ကျလာသည်။ တရုတ်တို့သည် မော်ပုံစံတော်လှန်ရေးများထက် လူသုံးကုန်များကို မြန်မာနိုင်ငံသို့ တင်ပို့ရန် ပိုမို စိတ်ဝင်စားလာသည်။ သက်ကြီးရွယ်အို CPB ခေါင်းဆောင်များကို တရုတ်နိုင်ငံတွင် အငြိမ်းစား ယူခွင့်ပေးလိုက်ပြီး UWSA နှင့်ပြိုကွဲသွားသော CPB တပ်အစိတ်အပိုင်း ၃ ခုကို မွေးဖွားပေးလိုက်သည်။ ထို CPB တပ်ဖွဲ့ ၄ ဖွဲ့သည် ထိုစဉ်က စစ်အုပ်စုဖြစ်သော နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့နှင့် အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်များ ချုပ်ဆိုကြသည်။ ထိုသို့လုပ်ဆောင်ခြင်းသည် တရုတ်၏ အကျိုးစီးပွားနှင့်လည်း ကိုက်ညီသည်။

လွန်ခဲ့သော ၂ နှစ်ကျော်က ထိုနေ့တွင် ဗိုလ်ရှုခံစင်မြင့်ပေါ်မှ ၎င်းတို့၏ ခေါင်းဆောင်များအား တောက်ပြောင်သော စစ်ဝတ်စုံများ ဝတ်ဆင်ထားသည့် ၀ စစ်သားထောင်နှင့်ချီပြီး စစ်ကြောင်းပုံဖြင့် ချီတက်အလေးပြကြသည်။ ထိုနောက် မျက်စိကျစရာကောင်းလှသည့် မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်များ၊ အမြောက်ကြီးများ၊ မော်တာများ၊ ဒုံးကျည်ပစ်လက်နက်များ၊ စစ်သေနတ်များ၊ တိုက်ခိုက်ရေး ရိုင်ဖယ်များ၊ သပ်ချပ်ကာ စစ်သည်တင်ယာဉ်များနှင့် လက်နက်တပ်ဆင်ထားသည့် မောင်းသူမဲ့ လေယာဉ်များကိုပင် ပြသခဲ့သည်။အများအားဖြင့် ၀ တိုင်းရင်းသားများနှင့် ၀ တို့ထိန်းချုပ်သည့် တရုတ်နယ်စပ်၊ တောင်ဖက်တွင် ထိုင်းနယ်စပ်အနီး စတုရန်းကီလိုမီတာ ၃၀၀၀၀ ကျယ်သော ပိုင်နက်မှ အခြားတိုင်းရင်းသား အရပ်သားများသည် ထိုစစ်ရေးပြကွင်းသို့ သွားရောက်ကြည့်ရှုကြသည်။ ခမ်းနားသော မီးရှူးမီးပန်းများကို ညကောင်းကင်တွင် ပစ်ဖေါက်ပြီး ပြည်သူများက တညလုံးပျော်ရွှင်စွာ ကခုန်ကြသည်။
ထိုနေရာတွင်ပင် CPB တခါက တိုက်ခိုက်သည့် စစ်ပွဲမျိုးကို တရုတ်လုံခြုံရေးတပ်များ မမြင်လိုကြောင်းကို ပြောစရာပင် မလိုပေ။ ထိုကဲ့့သို့သော စစ်ပွဲမျိုးသည် နယ်စပ်ဒေသများတွင် မတည်မငြိမ်ဖြစ်စေမည်။ ဒုက္ခသည်များ တရုတ်နိုင်ငံထဲသို့ အလုံးအရင်းနှင့်ဝင်ပြီး နှစ်နိုင်ငံကြား ကုန်သွယ်ရေးပြတ်တောက်မည်။ သို့သော် ၀ သို့ လက်နက်များ ဒိုင်ခံ ရောင်းချပေးနေသော တရုတ်နိုင်ငံသည် ၀ တို့အနေဖြင့် မြန်မာစစ်အုပ်စုကို ဟန့်တားနိုင်လောက်အောင် အင်အားတောင့်တင်း စေလိုသည်။ ၀ တို့၏ ဗဟိုစခန်းများအနီး မြန်မာစစ်အုပ်စု လာစခန်းချသည်အား တားဆီးနိုင်လောက်အောင် အင်အားတောင့်တင်းသည်ကို မြင်လိုသည်။ အောင်မင်းက လွှတ်ကနဲ ဝန်ခံခဲ့သည့် စကားအတိုင်းပင် UWSA သည် တရုတ်ဖြစ်စေချင်သည့် ပုံစံအတိုင်း အတိအကျဖြစ်သည်။ စီးပွားရေးအခွင့်အရေးများ ရရှိရေးအတွက် မြန်မာအစိုးရကို ဖိအားပေးလိုသောအခါ အသုံးချနိုင်သည့် အပေးအယူတခုဖြစ်လာသည်။ ထို့အပြင် စစ်အာဏာသိမ်းချိန်မတိုင်မီကလည်း မြန်မာနိုင်ငံသည် အနောက်နိုင်ငံများဖက် လွန်စွာယိမ်းသွားမည်ကို တရုတ်က စိုးရိမ်သည်။ သို့သော် အနောက်နိုင်ငံများက စစ်အာဏာသိမ်းမှုကို ရှုတ်ချပြီး စစ်ကောင်စီနှင့် ၎င်းတို့နှင့်ပတ်သက်သည့်အဖွဲ့အစည်းများကို အရေးယူ ပိတ်ဆို့မှုများချမှတ်သောကြောင့် ထိုကိစ္စအတွက် စိတ်ပူစရာသိပ်မလိုတော့ပေ။

အာဏာသိမ်းပြီးနောက် ယနေ့တွင် တရုတ်သည် ကြားလေသံလိုက်သည်။ တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိက မြန်မာနိုင်ငံအပေါ် အရေးယူအပြစ်မှုများကို ဆန့်ကျင်ကြောင်း မြန်မာ့အကျပ်အတည်းကို ပြည်တွင်းတွေ့ဆုံဆွေးနွေး ပြန်လည်သင့်မြတ်ရေးဖြင့် ဖြေရှင်းသည်ကိုသာ တွေ့လိုကြောင်း ဇူလိုင်လ ၃ ရက်နေ့က ကျင်းပသည့် နဝမအကြိမ်မြောက် ကမ္ဘာ့ငြိမ်းချမ်းရေး ညီလာခံ ဖွင့်ပွဲတွင် သူပြောသည်။ အာဏာသိမ်းပြီးနောက် အနောက်နိုင်ငံများ၏ ပြစ်တင်ရှုတ်ချ အရေးယူမှုများကို ဆန့်ကျင်သည့် အခြားအဓိက အင်အားကြီးနိုင်ငံဖြစ်သည့် ရုရှားကလည်း အလားတူ အမြင်မျိုးကို ပြောသည်။ ဇူလိုင်လ ၆ ရက်နေ့က ဂျကာတာသို့ သွားရောက်လည်ပတ်စဉ်အတွင်း ရုရှားနိုင်ငံခြားရေး ဝန်ကြီး လက်ဗ်ရော့ဗ်က ရုရှားနိုင်ငံသည် မြန်မာနိုင်ငံ ပုံမှန်အခြေအနေ ပြန်လည်ရောက်ရှိရေး အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) က အဆိုပြုသည့် အချက် ၅ ချက်ကို ထောက်ခံကြောင်းပြောသည်။ ထိုအဆိုပြုချက်များတွင် ပုန်ကန်မှုများ ငြိမ်းချမ်းစွာဖြေရှင်းရေး အပြုသဘောတွေ့ဆုံဆွေးနွေးရန်လည်း ပါဝင်သည်။
သို့သော် ဝမ် သည် အမျိုးသားပြန်လည်သင့်မြတ်ရေးသို့ ဦးတည်သည့် ဆွေးနွေးပွဲ မဖြစ်နိုင်သည်ကို မသိနိုင်လောက်အောင် တုံးအသူမဟုတ်သလို ဝါရင့်သံတမန် လက်ဗ်ရော့ဗ်သည်လည်း ASEAN ၏ အချက် ၅ ချက်ပါ အဆိုပြုချက်က အလုပ်မဖြစ်သည်ကို သိရမည်ဖြစ်သည်။ သို့သော် ASEAN ၏ ငြိမ်းချမ်းရေးအစီအစဉ်ကို ထောက်ခံခြင်းသည် ၎င်းတို့အကျိုးစီးပွားများကို ကာကွယ်ခြင်းနှင့် အနောက်တိုင်း အရေးယူပိတ်ဆို့မှုမူဝါဒကို ဆန့်ကျင်ရန် အဆင်ပြေသော အကာအကွယ်ဖြစ်သည်။ ထိုကိစ္စသည် ရုရှားနိုင်ငံအတွက် အကျိုးအမြတ်များလှသော မြန်မာနိုင်ငံသို့ လက်နက်ရောင်းချမှုနှင့် အခြားစီးပွားရေးအကျိုးအမြတ်များကို ကာကွယ်ခြင်းဖြစ်သကဲ့သို့ ၁၉၉၁ ခုနှစ်တွင် ဆိုဗီယက်ယူနီယံပြိုကွဲပြီးနောက် ၎င်းတို့၏ သြဇာမှေးမှိန်လာသော နယ်မြေတွင် မဟာမိတ်သစ်လည်း ရသည်။ တရုတ်နိုင်ငံ၏ ရေရှည်ရည်မှန်းချက်မှာ ထိုမျှသာမကဘဲ အိန္ဒိယ သမုဒ္ဒရာသို့ ထွက်ပေါက်ရရေးသည် ဘေ့ဂျင်း၏ ကြီးမားလှသော အားလုံးအကျုံးဝင်သည့် ကမ္ဘာတဝှမ်း ရပ်ဝန်းနှင့်လမ်း အခြေခံအဆောက်အအုံစီမံကိန်း၏ အရေးပါသော အစိတ်အပ်ိုင်းဖြစ်သည်။ ထိုစီမံကိန်းကို သမ္မတရှီကျင့်ဖျင်က ၂၀၁၃ ခုနှစ်တွင် စတင်လုပ်ကိုင်သည်။ တောင်အာရှနှင့် အရှေ့တောင်အာရှအကြား မြန်မာနိုင်ငံတည်ရှိနေခြင်းသည်လည်း တရုတ်အတွက် လွန်စွာအရေးပါနေသည်။

၀ က တရုတ်ကို မှီခိုခြင်းသည် လက်တွေ့ဖြစ်ပြီး စစ်ရေးအရသာမက စီးပွားရေးအရပါ အကြီးအကျယ် မှီခိုသည်ကို သံသယဖြစ်ရန်မလိုပေ။ တရုတ်လုပ်လက်နက်များဖြင့် တပ်ဆင်ထားသည့်အပြင် UWSA ထိန်းချုပ်ဒေသတွင် လိုလားငွေကြေးမှာ မြန်မာကျပ်ငွေမဟုတ်ဘဲ တရုတ်ယွမ်ငွေဖြစ်သည်။ ပြည်သူများသည် တရုတ်မိုဘိုင်းဖုန်းနှင့် အင်တာနက်ကုမ္ပဏီများဖြင့် ဆက်သွယ်ကြသည်။ ဆေးဝါးနှင့် အစားအစာအများစုကဲ့သို့ပင် ဓါတ်ဆီနှင့် ဒီဇယ်သည် တရုတ်ပြည်မှလာသည်။ ထို့အပြင် ပြင်ပကမ္ဘာက သတိမထားမိသည့်အချက်တခုမှာ UWSA ထိန်းချုပ်ဒေသသည် အားလုံးနီးပါး ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပြီးသည့် မြန်မာနိုင်ငံ၏ တခုတည်းသော ဒေသဖြစ်သည်ဆိုသည့် အချက်ဖြစ်သည်။ ဆေးဝါးများနှင့် ကာကွယ်ဆေးထိုးပေးသည့် ဆေးဝန်ထမ်းများသည်ပင် ယူနန်မှ နယ်စပ်ကို ဖြတ်ကျော်ဝင်ရောက်လာသည်။
မည်သို့ဆိုစေကာမူ ၀ တို့သည် ကံဆိုးမိုးမှောင်ကျနေသည့် တရုတ်နောက်လိုက်များ၊ ဒေသတွင်းနှင့် နောက်ဆုံး ကမ္ဘာတွင် လွှမ်းမိုးရေးအတွက် ဘေ့ဂျင်း၏ အကြံအစည်၌ အသုံးတော်ခံ နယ်ရုပ်များဟုထင်လျှင် အကြီးအကျယ် မှားယွင်းမည်ဖြစ်သည်။ စာရေးသူတွေ့ဆုံခဲ့သည့် ၀ အများအပြားက တရုတ်တို့သည် ၎င်းတို့ကို အထက်မှ ဆက်ဆံကြောင်းသိသည်။ များသောအားဖြင့် ၎င်းတို့သည့် တခါက ခေါင်းဖြတ်သည့် မယဉ်ကျေးသော အရိုင်းအစိုင်းများအဖြစ် ဆက်ဆံကြောင်းသိသည်။ မြန်မာနိုင်ငံတွင် ၀ တိုင်းရင်းသား ၆ သိန်းခန့်ရှိနိုင်သော်လည်း အတိအကျကို မည်သူမျှ မသိနိုင်ပေ။ တရုတ်နိုင်ငံထဲတွင် နောက်ထပ် ၄ သိန်း ရှိပြီး တိုင်းရင်းသားလူနည်းစုအဖြစ် အသိအမှတ်ပြုခံထားရသည်။ သို့သော် ယူနန်ပြည်နယ်ပြင်ပမှ တရုတ်များသိသည့် ၀ နှင့် ပတ်သက်သောအချက်အလက်အနည်းငယ်မှာ တေးဂီတ ဗီဒီယိုများတွင် အမျိုးသမီးငယ်များက ဗုံတီးသည့် အမျိုးသားငယ်များနှင့်ယှဉ်တွဲပြီး ၎င်းတို့၏ ရှည်လျှားသောဆံပင်များကို ရှေ့နောက်ခါယမ်းခြင်းမျိုးသာ ဖြစ်သည်။ ထိုအမျိုးသမီးငယ်များသည် အနီရောင်ချည်စကပ်ကို ဝတ်ဆင်ကြပြီး ထိုစကပ်ပေါ်တွင်တောင်ပေါ်တိုင်းရင်းသား အမှတ်အသားဟု ယူဆနိုင်သည်များပါကာ လူငယ်များမှာမူ ရင်ပါတ်ဟောင်းလောင်းနှင့် ဖြစ်သည်။ သို့သော် ဗီဒီယိုပါ အမျိုးသမီး စကပ်များမှာ ၀ အမျိုးသမီးများ သာမန်အားဖြင့် ဝတ်ဆင်သည့် လုံချည်များထက် များစွာ တိုနေသလို ရေရှားသောတောင်ပေါ်ဒေသများတွင် နေထိုင်သည့် မည်သည့်အမျိုးသမီးမျှ ထိုမျှရှည်လျှားသည့် ဆံပင်မထားကြပေ။ ထိုဆံပင်ကို သန့်ရှင်းအောင် ထိန်းသိမ်းထားရန် မဖြစ်နိုင်သောကြောင့်ဖြစ်သည်။ ထို့အပြင် ယနေ့ခေတ် ၀ အမျိုးသားများသည် အပြင်သွားသောအခါ ခါးအောက်ပိုင်းအဝတ်တိုဖြင့် မထွက်တော့သည်သာမက ၎င်းတို့၏ ဇာတိကျေးရွာများရှိ ရိုးရာအစဉ်အလာ အခမ်းအနားများတွင်ပင် ထိုသို့တက်ရောက်ခြင်း မရှိတော့ပါ။
အမှန်တရားမှာ ထိုအကများသည် ကျေးလက်၀ဒေသများတွင် ဖျော်ဖြေရန်မဟုတ်ဘဲ ရည်ရွယ်ချက် ရှိရှိဖြင့်တည်ဆောက်ထားသော ဇာတ်ရုံကြီးများရှိ များပြားလှသော ပရိသတ်များရှေ့တွင် တင်ဆက်ရန်ဖြစ်သည်။ ထိုကျော်ကြားလှသည် ၀ ဆံပင်ကချေသည်များသည် လက်တွေ့တွင် မြို့ကြီးများမှ ဝ၊ တရုတ် သို့မဟုတ် ၀-တရုတ် ဘိုးဘေးကေဒါများ၏ သမီးများဖြစ်ကြသည်။ ဆွီဒင်နိုင်ငံသား မနုဿဗေဒ ပညာရှင်နှင့် ၀ ရေးရာ ကျွမ်းကျင်သူ မက်ဂနပ်စ် ဖီစကက်ဂျို က တရုတ်တို့သည် ဝတို့ကို တရုတ်နိုင်ငံအတွင်းမှ ပျော်ရွှင်သော တိုင်းရင်းသား မိသားစုဝင်အဖြစ် ဆိုရှယ်လစ်ခေတ် တရားဝင်ပုံစံအတိုင်း ပုံဖေါ်ခဲ့ကြကြောင်း သိရသည်။ ကမ္ဘာဦးက စွမ်းအင်များပြည့်၀ပြီး ယခုအခါ ကွန်မြူနစ်ပါတီ၏ လမ်းညွှန်မှုအောက်တွင် သန့်စင်ထိန်းချုပ်ခံထားရသည့် ကချေသည်များ ဖြစ်သည်။ ထိုပုံစံသည် ဆိုရှယ်လစ်ခေတ်က ဝများ၏ ခေတ်နောက်ကျမှုကို ပုံဖေါ်ခြင်းသာဖြစ်သည်။

ထိုအတွေးအခေါ်နှင့်အညီ တရုတ်နိုင်ငံမြို့ကြီးများတွင် တိုင်းရင်းသားကျေးရွာများကို ပုံဖေါ်သောအခါ ဝများနှင့်ပတ်သက်ပြီး အဓိက ဆွဲဆောင်ချက်မှာ ခေါင်းဖြတ်သမားများ၏ အက ဖြစ်နေသည်။ ၀ လူငယ်များသည် ၎င်းတို့၏ မည်းနက်သော အသားအရောင်ကြောင့် အရိုင်းအစိုင်း ၀ အဖြစ်သာမက အာဖရိကသား၊ နယူးဇီလန်မိုရိနှင့် အမေရိကမှ အင်ဒီးယန်းများသဖွယ် သရုပ်ဖော်ရန် ငှားရမ်းခံကြရသည်ဟု ဖီကက်စဂျိုက ဆိုသည်။
ထိုကချေသည်များသည် စက်ရုံများတွင် အလုပ်ရှာရန် ယူနန် သို့မဟုတ် မြန်မာမှနေ တရုတ်မြို့ကြီးများသို့ လာရောက်သူများဖြစ်ပြီး ထိုသို့သော ကပွဲများတွင် ပါဝင်ကာ အပိုလုပ်အားခရှာသူများဖြစ်သည်။ ဝကချေသည်များက ၎င်းတို့လူမျိုးစုနှင့် ယဉ်ကျေးမှုကို အမြတ်ထုတ်ခံရသည်ကို ၎င်းတို့ကိုယ်တိုင် စဉ်းစားမိရုံသာမက ထိုနည်းဖြင့် စော်ကားခံရသည်ကိုလည်း သိကြသည်။
ယူနန်ပြည်နယ်တောင်ပိုင်းမှ ၀ များနေထိုင်သည့် မည်သည့်ဒေသကိုမျှ ဗဟိုအစိုးရ ဖြစ်စေ ဒေသဆိုင်ရာဖြစ်စေ အာဏာပိုင်များက ဖြစ်စေ ၁၉၄၉ ခုနှစ်တွင် ကွန်မြူနစ်များ တရုတ်နိုင်ငံကို သိမ်းပိုက်သည်အထိ စိတ်ဝင်စားခြင်း မရှိပေ။ ၎င်းတို့၏ခေါင်းဆောင်ကြီး ချန်ကေရှိတ်နှင့်အတူ ထိုင်ဝမ်အထိလိုက်ပါမပြေးနိုင်သည့် ကူမင်တန် အကြွင်းအကျန်များသာ ထိုဒေသသို့ ဆုတ်ခွာကြပြီး ထိုထက် ပိုမိုအရေးပါသောအချက်မှာ မြန်မာမှ ဝများ၏ တောင်တန်းများဖြစ်နေခြင်းဖြစ်သည်။ ထိုစဉ်က ထိုဒေသများသည် အမည်ခံအားဖြင့် မြန်မာ၏ ပိုင်နက်များဖြစ်နေသော်လည်း ခေါင်းဖြတ်ခြင်းသည် အလေ့အထဖြစ်ပြီး ဒေသခံ ဆွေမျိုးစုများအကြားတွင်လည်း မကြာခဏ စစ်ပွဲများဖြစ်ကြသည်။
၁၉၅၀ ခုနှစ်များ အစောပိုင်းတွင် ကွန်မြူနစ် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) က ကူမင်တန်တို့ ကြေညာထားသော ရည်မှန်းချက်များ အကောင်အထည်မဖေါ်နိုင်စေရန် ယူနန်တောင်ပိုင်းသို့ ဝင်ရောက်လာပြီး တရုတ်ပြည်မကြီးအတွင်း ပြန်လည်သိမ်းပိုက်ရန် လုပ်သည်။ ထိုစဉ်က ထိုဒေသများတွင် တရုတ် မရှိသလောက်ပင်ဖြစ်ပြီး ကူမင်တန်သာမက PLA ကိုပါ ပြည်ပကျူးကျော်သူများဟု ဒေသခံများက မြင်ကြသည်။ ထို့ကြောင့် ဒေသခံပြည်သူများသည် မည်သည်ကိုမျှော်လင့်ရမည်ကို မသိဘဲ ကြောက်ရွံ့နေကြသည်။ သို့သော် မြန်မာနိုင်ငံအတွင်းသို့ ကူမင်တန်ကို ပြန်လည်မောင်းထုတ်ရန် ဒေသလူထုထောက်ခံမှုနှင့် နယ်မြေအနေအထားကို သိရန် လိုကြောင်း နားလည်သည့် PLA သည် ၀ များကို သက်သက်ညှာညှာ ဆက်ဆံသည်။ တဖက်တွင်မူ ကူမင်တန်များသည် ၀ နှင့် ထိုစစ်မြေပြင်ဒေသမှ အခြားလူမျိုးစုများကို ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံကြသည်။

နှစ်အတန်ကြာ သည်းခံနေပြီးနောက် ကူမင်တန်ခြိမ်းခြောက်မှုလည်း ပျောက်ကွယ်သွားသောအခါ တရုတ်အာဏာပိုင်များသည် ၎င်းတို့၏ ကွန်မြူနစ်သီချင်းဖြစ်သော အင်တာနေရှင်နယ်မှ စာသား “ရှေးရိုးစဉ်လာယူဆစွဲတွေ စွန့်လေ” ဟုဆိုကာ လုံးဝသစ်လွင်သည့် ဖိနှိပ်မှုစနစ်သစ်ကို ဆောင်ယူခဲ့သည်။ အမဲလိုက်လုပ်ငန်းကို မှီခိုရသော ၀ များပိုင်ဆိုင်သည့် လက်နက်များကို သိမ်းဆည်းကာ ဦးခေါင်းဖြတ်အထောက်အကူပစ္စည်းများကို ဖျက်ဆီးလိုက်ကြောင်း ဖီစကက်ဂျို၏ အဆိုအရ သိရသည်။ ၀ လူမှုအဖွဲ့အစည်းတွင် အရေးပါသည့် ထောက်တိုင် အဖွဲ့အစည်းအားလုံးကို ဖျက်သိမ်းလိုက်သည်။ ၀ ကျေးရွာတိုင်းမှ ဗုံများကို ထိန်းသိမ်းသော အသင်းများ၊ ပင်မစည်းဝေးခန်းမများကို ဖျက်ဆီးသည်။ ၀ ဗုံများကို ပေါက်ခွဲပစ်သည် သို့မဟုတ် မီးရှို့ပစ်သည်။ ယူနန်ပြည်နယ် ကူမင်းရှိ ယူနန်တိုင်းရင်းသားများတက္ကသိုလ်ကဲ့သို့သော လွန်စာဝေးကွာသော ပြတိုက်များတွင်သာ ထိုပစ္စည်းအနည်းငယ်ကို တွေ့တော့သည်။
ဖီစကက်ဂျိုပြောသည့် အတိုင်းဆိုပါက ရွာအနီးသို့ ချဉ်းကပ်လာသည့် လမ်းများတွင် ထောင်ထားသော ဦးခေါင်းခွံချိတ်သည့် နေရာများကို ဖျက်ဆီးပစ်သည် သို့မဟုတ် စွန့်ပစ်လိုက်သည်။ ရွာများကို ကာကွယ်ထားသည့် ခံတပ်များကို ဖျက်သိမ်းပစ်သည်။ အတိတ်က ထုံးတမ်းစဉ်လာအများစုကို စွန့်လွှတ်ရသည်။ ထုံးတမ်းစဉ်လာခေါင်းဆောင်များနှင့် အခြားလူမှုအသိုက်အဝန်းခေါင်ဆောင်များကို ရာထူးချထားခြင်းဖြင့်ဖြစ်စေ၊ ခွဲခြားဖိနှိပ်ခြင်းဖြင့်ဖြစ်စေ၊ စီရင်ခြင်းဖြင့်ဖြစ်စေ အရေးယူကြသည်။ ၁၉၉၀ ခုနှစ်များက သူ၏ သုတေသနအတွင်း ဖီစကက်ဂျိုကို စကားပြောခွင့်ရခဲ့သော လူမှုအသိုက်အဝန်းခေါင်းဆောင်များ၏အဆိုအရ ၁၉၅၈ ခုနှစ်သည် အဓိက အပြောင်းအလဲဖြစ်သော နှစ်ဖြစ်သည်။ “အဲဒီနှစ်က စတင်ပြီးတော့ သူတို့က ပြန်လည်သင့်မြတ်ရေးကနေ အတင်းအဓမ္မ လုပ်ဆောင်ရေးကို မူဝါဒပြောင်းလိုက်တယ်” ဟု သူပြောသည်။ ဝများသည်ပင် တရုတ်ကွန်မြူနစ် ပြည်သူ့ကွန်မြူးများသို့ မောင်းသွင်းခံရသည်။

ထိုဖြစ်ရပ်များသည် ၀ များနေထ်ိုင်ရာ ယူနန်ပြည်နယ်တွင်သာ ဖြစ်ပျက်ခဲ့သော်လည်း ထိုဖိနှိပ်မှုအပေါ် ခါးသည်းမုန်းတီးမှုသည် နယ်စပ်နှစ်ဖက်လုံးတွင် နက်နက်ရှိုင်းရှိုင်းရှိနေသည်။ ထိုသို့သော မုန်းတီးမှုများနှင့် ယနေ့တရုတ်ပြည်တွင် ဝများအပေါ် ထားသည့် ကျက်သရေကင်းမဲ့သော ဆက်ဆံပုံသည် မည်သည့်နေရာတွင် နေထိုင်သည်ဖြစ်စေ တရုတ် လူမျိုးစုများနှင့် ဟန်လူမျိုးကြီးများအကြား ရှည်ကြာစိမ်းကားသော ဆက်ဆံရေးပင်ဖြစ်သည်။
၁၉၈၉ ပုန်ကန်မှုမှ စတင်ပြီး UWSA သည် စနစ်တကျဖွဲ့စည်းထားပြီး ၎င်းတို့ပိုင် အုပ်ချုပ်ရေးရုံးများ၊ တရားရုံးများ၊ ဆေးရုံများ၊ ကျောင်းများဖြင့် တရုတ်နှင့်မြန်မာအကြား အမည်မခံသော နိုင်ငံတခုသဖွယ်ဖြစ်လာသည်။ ထိုသို့လုပ်နိုင်ရန် ချမ်းသာကြွယ်ဝမှုကို မူးယစ်ဆေးဝါးလုပ်ငန်း၊ ပထမတွင် ဘိန်းနှင့်ဘိန်းဖြူ နောင်တွင် မက်သအမ်ဖက်တမင်းမှ ရသည်ဟု ပြောဆိုနိုင်သော်လည်း ထိုကိစ္စသည် ၀ခေါင်းဆောင်များ ဖုံးကွယ် ရှောင်တိမ်းရန် ကြိုးစားနေသည့် ကိစ္စမဟုတ်ပေ။ ယခုအခါ ၀ ဒေသသည် သံဖြူနှင့်မြေရှားသတ္တုများမှ ဝင်ငွေရနေပြီဖြစ်သည်။

သို့သော် ၀ နှင့် မြန်မာန်ိုင်ငံရှိ ကျန်ဒေသများ ရှေ့ဆက်ရမည့်လမ်းမှာ ဝ၏ ထူးခြားသောသမိုင်းနှင့် ၎င်းတို့သည် မည်သည့် ဗဟိုချုပ်ကိုင်သည့် အာဏာအောက်မျှ မရောက်ခဲ့ဖူးဆိုသည့် အချက်ဖြစ်သည်။ လွတ်လပ်ရေးမရမီကာလက ကိုလိုနီစနစ်တည်ရှိမှုသည် ဗြိတိန်က တရုတ်နယ်စပ်ဟု ယူဆထားသော နယ်ပယ်များတွင် ထောင်ထားသော ဗြိတိန်အလံများထိ သက်ရောက်သည်။ ထိုနောက် ၁၉၅၀ ခုနှစ်များနှင့် ၁၉၆၀ ခုနှစ်များအထိ ကူမင်တန် စစ်ဘုရင်များနှင့် ဒေသခံ အကြီးအကဲများက ၀ တောင်တန်းကို အုပ်ချုပ်သည်။ သို့သော် CPB က ၀ တောင်တန်းအပါအဝင် ထိုနယ်စပ်တခုလုံးကို မထိန်းချုပ်မီ အခြေအနေများသာ ဖြစ်သည်။ ၁၉၈၉ ခုနှစ်က CPB ကို ပုန်ကန်လိုက်သော UWSP/UWSA သည် နောက်ဆုံးတွင် အုပ်ချုပ်ရေးအဖွဲ့သစ်ဖြစ်လာသည်။
ပိုမို အသိပညာရှိပြီး ဒီမိုကရေစီ နည်းလမ်းကျသော အစိုးရတခုသည် ယခင်ထက် ပိုမိုအသိဉာဏ်ရှိသော မူဝါဒများဖြင့် ၀တောင်တန်းဒေသများကို မြန်မာပြည်အတွင်း ပေါင်းစည်းနိုင်သည်။ သို့သော် ဖြစ်နိုင်ခြေနည်းနေသည်။ တိုင်းရင်းသားများကို လူမျိုးကြီး ဝါဒကျင့်သုံးသော စစ်အုပ်စုက နေပြည်တော်တွင်အာဏာရနေသည်။ တရုတ်ကလည်း UWSP/UWSA အပေါ် ချုပ်ကိုင်ထားခြင်းကို အချိန်အနည်းငယ်အတွင်း စွန့်လွတ်မည်မဟုတ်ပေ။ ဝမ်းနည်းစရာကောင်းသော ၀ ပြဿနာသည် မပြီးဆုံးနိုင်သော မြန်မာ့ကြေကွဲစရာဇာတ်လမ်းတွင် စိတ်ဓါတ်ကျစရာ အကြောင်းတခုလည်း ဖြစ်သည်။ သို့သော် အနည်းဆုံးအနေဖြင့် မြန်မာနှင့် တကမ္ဘာလုံးတွင် ဖြစ်ပျက်နေသည်များထက် ပိုမိုကောင်းမွန်စွာ နားလည်ရန်လိုသည်။ ၀ သည် တရုတ် ရုပ်သေးဖြစ်ကောင်းဖြစ်သော်လည်း နောက်လိုက်မဟုတ်ပေ။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Silence on Coup Makes Strategic Sense for Myanmar’s Wa ကို ဘာသာပြန်ဆိုသည်။)
You may also like these stories:
ရှမ်းတိုင်းရင်းသားချင်း တိုက်ပွဲနောက်ကွယ်မှာ တရုတ်လက်တွေ ပါလား
ရက္ခိုင့်တပ်တော်၊ မြန်မာ့စစ်အာဏာသိမ်းမှု နှင့် ရက္ခိုင်ပြည်နိုင်ငံရေး
ကရင်လက်နက်ကိုင်ချင်း မတိုက်ရန် ဆွေးနွေးမှုအပြီး KNU နှင့် BGF တိုက်ပွဲဆက်နေ
DKBA စစ်ဦးစီးချုပ် ဘယ်သူဖြစ်လာနိုင်သလဲ
စစ်အာဏာရှင် အမြစ်ဖြတ်ရန် ကြိုးပမ်းနေသည့် ကသာတကြောက မြေအောက် PDF များ