ကပ်ရောဂါဖြစ်ပွားမှု နိမ့်ကျသွားနိုင်သည်ဆိုသည့် မျှော်လင့်ချက် တစုံတရာ သို့မဟုတ် သတိထား အကောင်းမြင်မှု ရှိလာပြီဟု ကပ်ရောဂါ တနှစ်ကျော်ကြာပြီးနောက် ပထမဆုံးအကြိမ်အဖြစ် ကျနော်တို့ ခံစားလာရသည်။ သို့သော် ဗိုင်းရပ်စ်မျိုးဗီဇသစ်များပေါ်ပေါက်လာပြီး ပိုမိုပြင်းထန်လာနိုင်ကြောင်း ကျွမ်းကျင်သူများက သတိပေးနေသည်။
လတ်တလော အဓိကစိုးရိမ်စရာမှာ လွန်စွာကူးစက်မြန်သော SARS-CoV-2 ဗိုင်းရပ်စ်ဖြစ်သည့် ဒယ်လ်တာမျိုးကွဲဖြစ်သည်။ ထိုမျိုးကွဲကို ဒီဇင်ဘာလက အိန္ဒိယတွင် စတင်တွေ့ရှိသည်။ ထိုနောက် ထိုပိုးမျိုးကွဲသည် အိန္ဒိယနှင့် ဗြိတိန်တွင် ပြန့်ပွားသည်။ အမေရိကန်ပြည်ထောင်စုတွင် ဒယ်လ်တာမျိုးကွဲကို မတ်လက စတင်တွေ့ရှိပြီး ယခုအခါ ထိုမျိုးကွဲသည် အမေရိကန်ပြည်ထောင်စုတွင် အဓိကပျံ့နှံ့သည့် မျိုးကွဲဖြစ်လာသည်။ WHO ၏အဆိုအရ ယခုအခါ နိုင်ငံ ၉၈ နိုင်ငံတွင် ကူးစက်ပျံ့နှံ့နေပြီး မြန်မာနိုင်ငံတွင်လည်း ရောက်ရှိနှင့်ပြီး ဖြစ်သည်။
ယခုလက်ရှိဖြစ်ပွားနေသော အခြေအနေကို မအံ့သြကြောင်း ယေးလ်တက္ကသိုလ် ကလေးကူးစက်ရောဂါပါရဂူနှင့် ကာကွယ်ဆေးကျွမ်းကျင်သူ ဒေါက်တာ အင်စီယေးဒါရင်ပြောသည်။“ဗိုင်းရပ်စ်အားလုံးက အချိန်အလိုက် ကူးစက်မျိုးပွားရင်း ပြောင်းလဲဖြစ်ပေါ်နေကြတယ်” ဟု သူပြောသည်။
သို့သော် ဒယ်လ်တာမျိုးကွဲ၏ ထူးခြားချက်မှာ ပျံ့နှံ့မှု လျှင်မြန်ခြင်းဖြစ်ကြောင်း ယေးလ်တက္ကသိုလ် ကူးစက်ရောဂါပါရဂူ ဒေါက်တာ ပယ်ရီဝီလ်ဆင်ပြောသည်။ ကမ္ဘာတဝှမ်းတွင် ဒယ်လ်တာကြောင့် ကပ်ရောဂါ အရှိန်မြင့်လာမည်ဖြစ်ကြောင်း သူပြောသည်။
လက်ရှိအချိန်အထိ မိမိတို့သိထားသည့် အချက်အလက်များအရ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး အပြည့်အဝထိုးပြီးသူများသည် ဒယ်လ်တာမျိုးကွဲမှ အကာအကွယ်ရနိုင်သော်လည်း ကာကွယ်ဆေးမထိုးထားသူများနှင့် ကာကွယ်ရေးနည်းလမ်းများကို မလိုက်နာသူများသည် ထိုမျိုးကွဲသစ်ကူးစက်ခံရမည့် အန္တရာယ်ရှိကြောင်း ဆရာဝန်များပြောသည်။
ဒယ်လ်တာမျိုးကွဲနှင့်ပတ်သက်ပြီး သိထားသင့်သည့် အချက် ၅ ချက်ကို အောက်တွင်ဖေါ်ပြလိုက်သည်။
၁။ ဒယ်လ်တာသည် အခြားမျိုးကွဲများထက် ပိုမိုကူးစက်မြန်သည့် အိန္ဒိယတွင် စတင်တွေ့ရှိသော SARS-CoV-2 ဗိုင်းရပ်စ်၏ B.1.617.2. မျိုးကွဲကို ခေါ်သော အမည်ဖြစ်သည်။ ပထမဆုံး ဒယ်လ်တာ မျိုးကွဲကူးစက်မှုကို ၂၀၂၀ ဒီဇင်ဘာလတွင်တွေ့ရပြီး အလျှင်အမြန်ကူးစက်ကာ ပထမတွင် အိန္ဒိယ နောင်တွင် ဗြိတိန်၌ အဓိက လွှမ်းမိုးသော မျိုးကွဲဖြစ်လာသည်။ ဇွန်လကုန်သို့ ရောက်သောအခါ ဒယ်လ်တာမျိုးကွဲသည် အမေရိကန်ပြည်ထောင်စုတွင် ဖြစ်ပွားသည့် ကူးစက်မှုများ၏ ၂၀ ရာခိုင်နှုန်းအထိ ဖြစ်လာကြောင်း ရောဂါထိန်းချုပ်တားဆီးရေးဌာန (CDC) က ခန့်မှန်းသည်။ ဇူလိုင်လကုန်သို့ ရောက်လာသောအခါ ဒယ်လ်တာမျိုးကွဲကူးစက်မှုသည် အမေရိကန်နိုင်ငံတွင် ဖြစ်ပွားသည့် ကူးစက်မှုသစ် ၈၀ ရာခိုင်နှုန်းရှိလာသည်။
ဒယ်လ်တာမျိုးကွဲ၏ ထူးခြားချက်မှာ ပျံ့နှံ့မှု လျှင်မြန်ခြင်းဖြစ်ကြောင်း ယေးလ်တက္ကသိုလ် ကူးစက်ရောဂါပါရဂူ ဒေါက်တာ ပယ်ရီဝီလ်ဆင်ပြောသည်။
ထိုဗိုင်းရပ်စ်မျိုးကွဲသည် အမြန်ဆုံးနှင့် တောင့်တင်းကြံ့ခိုင်မှု အရှိဆုံးမျိုးစိတ်ဖြစ်သည်ဟု ပြောသည်။ ဒယ်လ်တာမျိုးကွဲသည် စိုးရိမ်ပူပန်စရာ မျိုးကွဲဖြစ်ကြောင်း CDC က ဇွန်လလယ်တွင် ကြေညာသည်။ ထိုသို့သော သတ်မှတ်ချက်သည် ဗြိတိန်တွင် တွေ့ရသည့် အယ်လ်ဖာမျိုးကွဲ၊ တောင်အာဖရိကတွင် စတင်တွေ့ရသည့် ဘီတာမျိုးကွဲ၊ အမေရိကန်ပြည်ထောင်စုတွင် စတင်တွေ့ရသည် အက်ပ်စီလွန်မျိုးကွဲ ၂ ခုနှင့် ဘရားဇေးလ်တွင် စတင်တွေ့ရသည့် ဂမ္မာမျိုးကွဲများနှင့် အလားတူသည့် သတ်မှတ်ချက် ဖြစ်သည်။ (ကိန်းဂဏန်းများအစား မျိုးကွဲများကို အမည်ပေးသော စနစ်သစ်ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဇွန်လဆန်းပိုင်းတွင် စတင်အသုံးပြုသည်။)
“ကူးစက်မှုနှုန်းက အရမ်းတက်လာတယ်” ဟု ဒေါက်တာ ဝီလ်ဆင်ပြောသည်။ ဒယ်လ်တာမျိုးကွဲသည် အယ်လ်ဖာထက် ၅၀ ရာခိုင်နှုန်း ကူးစက်မှု ပိုမိုမြန်သည်။ အယ်လ်ဖာသည် မူလကိုရိုနာဗိုင်းရပ်စ်ဖြစ်သော SARS-CoV-2 ထက် ကူးစက်မှု ၅၀ ရာခိုင်နှုန်း ပိုမြန်ကြောင်း သူပြောသည်။ “ဘယ်သူမှလည်း နှာခေါင်းစည်းမဝတ်၊ ကာကွယ်ဆေးမထိုးတဲ့ လုံး၀ အကာအကွယ် ကင်းမဲ့တဲ့အခြေအနေမျိုးမှာ မူရင်းကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူတဦးက အခြားသူ ၂ ဒဿမ ၅ ဦးကို ကူးစက်စေနိုင်တယ်။ အဲဒီလိုအခြေအနေမှာပဲဆိုရင် ဒယ်လ်တာကူးစက်ခံရသူ တဦးက အခြားသူ ၃ ဒဿမ ၅ ကနေ ၄ ဦးအထိ ကူးစက်စေနိုင်တယ်” ဟု သူပြောသည်။
‘အဲဒီလိုတွက်ချက်မှုအရ ကူးစက်မှုက ဆပွားတိုးပြီး မြန်လာတယ်။ ဒါကြောင့် ကျနော်တို့ အခုတွေ့နေရတဲ့အတိုင်း အတန်အသင့် ကူးစက်မှုနှုန်းကနေ အဓိက လွှမ်းမိုးတဲ့ နောက်ထပ်ဗိုင်းရပ်စ်ကို အလျှင်အမြန်ဖြစ်သွားစေတယ်။ ဒယ်လ်တာက အခြားမျိုးကွဲ အားလုံးထက်သာပြီး အဓိကလွှမ်းမိုးတဲ့ မျိုးကွဲဖြစ်လာတယ်” ဟု သူရှင်းပြသည်။
၂။ ကာကွယ်ဆေးမထိုးထားသူများအတွက် အန္တရာယ်ရှိ
ကိုဗစ်နိုင်တင်းကာကွယ်ဆေး အပြည့်အဝမထိုးရသေးသူများသည် အန္တရာယ် အကျရောက်န်ိုင်ဆုံးသူများ ဖြစ်သည်။
အမေရိကန်ပြည်ထောင်စုတွင် တောင်ပိုင်းနှင့် အပလာချီယန်ပြည်နယ်များဖြစ်သည့် အယ်လ်ဘားမား၊ အာကန်းဆပ်စ်၊ ဂျော်ဂျီယာ၊ မစ္စစပီ၊ မစ်ဇိုရီနှင့် အနောက်ဗာဂျီးနီးယား ပြည်နယ်များတွင် ကာကွယ်ဆေးမထိုးရသေးသူ အချိုးအစား မမျှရှိနေပြီး ကာကွယ်ဆေးထိုးမှု နိမ့်ကျသောသောကြောင့် အခြားပြည်နယ်များတွင် ကူးစက်မှုနှုန်း နိမ့်ကျသောကြောင့် ကန့်သတ်ချက်များ ရုတ်သိမ်းနေစေကာမူ ထိုပြည်နယ်အချို့တွင် ကူးစက်မှုအရေအတွက် မြင့်မားနေသည်။
WHO ၏အဆိုအရ ယခုအခါ နိုင်ငံ ၉၈ နိုင်ငံတွင် ကူးစက်ပျံ့နှံ့နေပြီး မြန်မာနိုင်ငံတွင်လည်း ရောက်ရှိနှင့်ပြီး ဖြစ်သည်။
ကလေးသူငယ်များနှင့် လူငယ်များသည်လည်း စိုးရိမ်စရာတခု ဖြစ်နေသည်။“ ဗြိတိန်နိုင်ငံက မကြာသေးမီက လေ့လာမှုတရပ်အရ ကလေးများနဲ့ အသက် ၅၀ အောက် အရွယ်ရောက်ပြီးသူတွေဟာ ဒယ်လ်တာမျိုးကွဲ ကူးစက်ခံရနိုင်ခြေ များတယ်” ဟု ဒေါက်တာ ယေးဒါရင်ပြောသည်။ ထို့အပြင် လက်ရှိအချိန်အထိ အမေရိကန်နှင့် အခြားနိုင်ငံအများအပြားသည် ဆယ်ကျော်သက်များနှင့် ကလေးငယ်များအတွက် ကာကွယ်ဆေးကို ခွင့်ပြု သို့မဟုတ် စဉ်းစားသုံးသပ်နေသော်လည်း အမေရိကန် ပြည်ထောင်စုမှ အသက် ၅ နှစ်နှင့် ၁၂ အတွင်း ကလေးများအတွက် အတည်ပြုထားသည့် ကာကွယ်ဆေးမရှိသေးပေ။
“အသက်အရွယ်ကြီးရင့်သော လူဦးရေ အုပ်စုများ ကာကွယ်ဆေးရရှိနေချိန်တွင် ပိုမိုငယ်ရွယ်ပြီး ကာကွယ်ဆေးမထိုးရသူများသည် မည်သည့်မျိုးကွဲမဆို ကိုဗစ်နိုင်တင်း ကူးစက်နိုင်ရခြေ မြင့်မားနေသည်။ သို့သော် ဒယ်လ်တာမျိုးကွဲ ယခင်မျိုးကွဲများထက် လူငယ်များကို ပိုမိုထိခိုက်စေသည်” ဟု ဒေါက်တာ ယေးဒါရင်ပြောသည်။
၃။ ဒယ်လ်တာမျိုးကွဲကြောင့် အချင်းချင်း ကူးစက်မှု အလွန်မြင့်မားနိုင်
ကပ်ရောဂါကူးစက်မှုနှုန်းကို ဒယ်လ်တာက ဆက်လက်မြင့်မားစေလျှင် အကြီးမားဆုံးပြဿနာမှာ ကူးစက်မှုနှုန်းဖြစ်ကြောင်း ဒေါက်တာ ဝီလ်ဆင်ပြောသည်။ လူမည်မျှကို ဒယ်လ်တာမျိုးကွဲ ကူးစက်ပြီး မည်မျှမြန်မြန်ကူးစက်မည်နည်းဆိုသည့် ပြဿနာဖြစ်သည်။
ထိုကိစ္စအတွက် အဖြေသည် သင် မည်သည့်နေရာတွင် နေထိုင်သနည်းဆိုသည့် ဆိုသည့်အချက်နှင့် သင်ရှိသောနေရာတွင် လူမည်မျှကို ကာကွယ်ဆေးထိုးပေးပြီးပြီနည်း ဆိုသည့်အချက်အပေါ် တစိတ်တပိုင်းအားဖြင့် မူတည်နိုင်ကြောင်း သူပြောသည်။ “အခုဟာက ကွက်ကြားကာကွယ်ဆေး ထိုးနေတာလို့ ပြောလို့ရတယ်။ တနေရာမှာ ကာကွယ်ဆေးကို အကြီးအကျယ်ထိုးထားပြီး ပတ်ဝန်းကျင်မှာကျတော့ ကာကွယ်ဆေးက ၂၀ ရာခိုင်နှုန်းလောက်ပဲ ထိုးရသေးတယ်။ ပြဿနာကတော့ အဲဒီလိုလုပ်တာဟာ ဗိုင်းရပ်စ်ကို ကာကွယ်ဆေးထိုးနည်းတဲ့နေရာကနေ အခြားတနေရာကို ခုန်ကူးစေတာပဲ” ဟု ဒေါက်တာဝီလ်ဆင်ပြောသည်။
လက်ရှိအချိန်အထိ အမေရိကန်နှင့် အခြားနိုင်ငံအများအပြားသည် ဆယ်ကျော်သက်များနှင့် ကလေးငယ်များအတွက် ကာကွယ်ဆေးကို ခွင့်ပြု သို့မဟုတ် စဉ်းစားသုံးသပ်နေသည်
အချို့သောဖြစ်ရပ်များတွင် ကာကွယ်ဆေးထိုးမှုများသော ဒေသများက ဝန်းရံထားသည့် ကာကွယ်ဆေးထိုးမှုနည်းသော ဒေသများတွင် ထိုဗိုင်းရပ်စ်သည် ကာကွယ်ဆေးထိုးမှုနည်းသည့် ဒေသများအတွင်းတွင်သာ ပျံ့နှံ့နေကြောင်း တွေ့ရသည်။ ရလဒ်မှာ ထိုဒေသအတွင်း အကြီးအကျယ် ကူးစက်ခြင်းဖြစ်ကြောင်း သူပြောသည်။ “အရင် ကျနော်တို့ အရင်မြင်ဖူးထားတာနဲ့ မတူတော့ဘူး” ဟုလည်းသူပြောသည်။
အမေရိကန်ပြည်ထောင်စုတွင် နှိုင်းယှဉ်ချက်အားဖြင့် မြင့်မားသည့် ကာကွယ်ဆေးထိုးနှုန်းရှိသောကြောင့် သို့မဟုတ် ဒယ်လ်တာမျိုးကွဲကို အနိုင်ယူခြင်းသည် ကာကွယ်ဆေးထိုးနှုန်းနှင့် ထိုမျိုးကွဲအကြားယှဉ်ပြိုင်မှုဖြစ်သောကြောင့် ပိုမိုကောင်းမွန်သော အနေအထားရှိသည်ဟု အချို့ကျွမ်းကျင်သူများပြောသည်။ ဒယ်လ်တာမျိုးကွဲသည် အလျှင်အမြန် ဆက်လက်ပျံ့နှံ့နေပါက အမေရိကန်ပြည်ထောင်စုတွင် ကူးစက်မှုပိုများပြားလာခြင်းသည် ကိုဗစ်နိုင်တင်း ကူးစက်မှုဂရပ်မျဉ်းကို မြင့်တက်သွားစေမည်ဟု ဒေါက်တာ ဝီလ်ဆင်ပြောသည်။
ထို့ကြောင့် လူအလုံအလောက်သို့ ကာကွယ်ဆေးထိုးပြီး သို့မဟုတ် ဗိုင်းရပ်စ်ကူးစက်ခံရပြီးသောကြောင့် သဘာဝအရ ခံနိုင်ရည်ရှိလာခြင်းတို့ကြောင့် တဖြည်းဖြည်းပျောက်ကွယ်သွားမည့် ကပ်ရောဂါကာလ ၃၊ ၄ နှစ်သည် ကူးစက်မှုမြင့်မားလာခြင်းကြောင့် ပိုမိုတိုတောင်းစေနိုင်သည်။ “ အဲဒီလိုဖြစ်ရင်ကောင်းတယ်” ဟု ဒေါက်တာဝီလ်ဆင်ပြောသည်။ “အဲဒီလိုမဖြစ်ဘဲ နေရာတခုခုမှာ လူတွေအများကြီးကို ကူးစက်ရင် ဒေသဆိုင်ရာ ကျန်းမာရေးစနစ်ပြိုလဲပြီး လူတွေပိုသေမယ်။ ဒါပေမယ့် ဒါလိုမျိုးက အမေရိကန် ပြည်ထောင်စုမှာ ဖြစ်နိုင်ခြေနည်းတယ်။ အခြားနိုင်ငံတွေမှာတော့ ဖြစ်နိုင်တယ်။ ကျနော်တို့ စိုးရိမ်တာက အဲဒါပဲ” ဟုလည်း သူပြောသည်။
၄။ ဒယ်လ်တာအကြောင်း လေ့လာရန် လိုအပ်နေသေး
အရေးကြီးသောမေးခွန်းတခုမှာ ဒယ်လ်တာသည် အခြားမျိုးကွဲများထက် လူကို ပိုမိုဖျားနာစေသလား ဆိုသည့်မေးခွန်းဖြစ်သည်။ ဒယ်လ်တာ၏ ရောဂါပြင်းထန်မှုနှင့်ပတ်သက်သည့် အစောပိုင်းသတင်း အချက်အလက်များတွင် စကော့တလန်မှ လေ့လာမှုတခုပါဝင်ပြီး ထိုလေ့လာမှုအရ ဒယ်လ်တာသည် ကာကွယ်ဆေးထိုးမထားသူများအကြား အယ်လ်ဖာထက် ဆေးရုံတက်နှုန်း နှစ်ဆ ပိုမိုများပြားစေနိုင်ကြောင်း ပြသနေသော်လည်း အခြားအချက်အလက်များတွင် ကြီးမားသော ကွဲပြားခြားနားမှု မရှိပေ။ ကျွမ်းကျင်သူများ ထပ်မံလေ့လာသိရှိလာသောအခါ ထိုသတင်းအချက်အလက်များ ပြောင်းလဲသွားနိုင်သေးသည်။
လူအလုံအလောက်သို့ ကာကွယ်ဆေးထိုးပြီး သို့မဟုတ် ဗိုင်းရပ်စ်ကူးစက်ခံရပြီးသောကြောင့် သဘာဝအရ ခံနိုင်ရည်ရှိလာခြင်းတို့ကြောင့် ကပ်ရောဂါကာလသည် ပိုမိုတိုတောင်းနိုင်သည်။
နောက်ထပ်မေးခွန်းတခုမှာ ဒယ်လ်တာက ခန္ဓာကိုယ်ကို မည်သို့ သက်ရောက်သည်ဆိုသည့် မေးခွန်း ဖြစ်သည်။ မူလ ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲကြောင့်ဖြစ်သည့် လက္ခဏာများနှင့် မတူသည့် လက္ခဏာများ ရှိသည်ဆိုသည့် တွေ့ရှိချက်များလည်း ရှိကြောင်း ဒေါက်တာ ယေးဒါရင် ပြောသည်။ “ချောင်းဆိုးတာနဲ့ အနံ့ပျောက်တာက မပါမဖြစ်ပဲ။ ခေါင်းကိုက်၊ လည်ချောင်းနာ၊ နှာရည်ယိုတာနဲ့ အဖျားဝင်တာက ဗြိတိန်က နောက်ဆုံးစစ်တမ်းတွေမှာ ပြနေတယ်။ အဲဒီမှာ ၉၀ ရာခိုင်နှုန်းက ဒယ်လ်တာမျိုးကွဲတွေကြောင့်ပဲ” ဟု ၎င်းက ဆိုသည်။
ကာကွယ်ဆေးထိုးပြီးသူများ သို့မဟုတ် ကိုဗစ်နိုင်တင်းကူးစက်မှုမတိုင်မီ သဘာဝကိုယ်ခံစွမ်းအား ရှိသူများကို ဒယ်လ်တာကူးစက်မည်၊ မကူးစက်မည်ကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။ လက်ရှိအခြေအနေတွင် ထိိုသို့သော ကူးစက်မှု ရှားပါးသည်။ “ဒီကိစ္စက ကြီးမားတဲ့ မေးခွန်းဖြစ်နေတယ်။ mRNA ကာကွယ်ဆေးကြောင့် ရောဂါခံနိုင်ရည်ရှိနေရင် ပြဿနာမရှိတဲ့ သဘောမျိုးတော့တွေ့ရတယ်” ဟု ဒေါက်တာ ဝီလ်ဆင်ပြောသည်။
ပညာရှင်များ ပြန်လည်မသုံးသပ်ရသေးသည့် အင်္ဂလန်ပြည်သူ့ကျန်းမာရေးဌာန၏ လေ့လာမှုများအရ ကာကွယ်ဆေးများအနက် အနည်းဆုံး ၂ မျိုးသည် ဒယ်လ်တာကို ကာကွယ်ရန် အာနိသင်ရှိကြောင်း သိရသည်။ Pfizer-BioNTech ကာကွယ်ဆေးသည် ရောဂါလက္ခဏာပြသော ကူးစက်မှုများအတွက် ၈၈ ရာခိုင်နှုန်း အာနိသင်ရှိပြီး ဒယ်လ်တာကြောင့်ဆေးရုံတက်ရခြင်းကို ကာကွယ်ရန် ၉၆ ရာခိုင်နှုန်း သက်ရောက်ကြောင်း သိရသည်။ mRNA အမျိုးအစား ကာကွယ်ဆေးမဟုတ်သော Oxford-AstraZeneca သည် ရောဂါလက္ခဏာပြသည့် ကူးစက်မှုကို ၆၀ ရာခိုင်နှုန်း ကာကွယ်ပေးနိုင်ပြီး ဆေးရုံတက်ရခြင်းကို ၉၃ ရာခိုင်နှုန်း ကာကွယ်ပေးနိုင်သည်။ ထိုလေ့လာမှုများတွင် အတည်ပြုထားသော ကာကွယ်ဆေးအပြည့်အဝထိုးပြီးသူများကို လေ့လာခြင်းဖြစ်သည်။
ပညာရှင်များ ပြန်လည်မသုံးသပ်ရသေးသည့် လေ့လာမှုများအရ ၎င်းတို့၏ ကာကွယ်ဆေးသည်လည်း ဒယ်လ်တာနှင့် အခြားမျိုးကွဲများအတွက် ထိရောက်သည်ဟု Moderna က ဆိုသည်။ မူရင်းဗိုင်းရပ်စ်ကို ခံနိုင်ရည်နှင့်ယှဉ်လျှင် ဒယ်လ်တာကို ကာကွယ်သည့် ကိုယ်ခံစွမ်းအားပမာဏ အနည်းငယ်မျှသာ လျှော့ကျကြောင်း သုတေသီများပြောသည်။ ၎င်းတို့၏ ကာကွယ်ဆေးသည် ဒယ်လ်တာမျိုးကွဲကို ကာကွယ်သည့် အာနိသင်ရှိကြောင်း Johnson & Johnson က ဆိုသည်။ မူရင်းမျိုးကို ကာကွယ်နိုင်စွမ်းထက် အနည်းငယ်သာလျှော့ကျသည်ဟု ဆိုသည်။ သို့သော် ပညာရှင်များ ပြန်လည်မသုံးသပ်ရသေးသလို သိပ္ပံဂျာနယ်များတွင်လည်း ထုတ်ပြန်ရခြင်းမရှိသေးသည့် မကြာသေးမီက လေ့လာမှုတခုအရ J&J ကာကွယ်ဆေးသည် ဒယ်လ်တာကို ကာကွယ်နိုင်မှု နည်းကြောင်း သိရသည်။
“ဒါကြောင့် ကာကွယ်ဆေးထိုးထားတဲ့သူတွေက ကာကွယ်ဆေးမထိုးထားတဲ့ သူတွေထက် အန္တရာယ် သိသိသာသာ နည်းသွားပြီး ခင်ဗျားတို့အတွက်လည်း ကာကွယ်ဆေးမထိုးခင်ကထက် ပိုမိုဘေးကင်း လုံခြုံတယ်” ဟု ဒေါက်တာယေးဒါရင်ပြောသည်။
ကာကွယ်ဆေးထိုးပြီးသူများအတွက် နောက်ထပ်အားဖြည့်ကာကွယ်ဆေး ထိုးရန် လို မလိုနှင့် အခြားမျိုးကွဲများအတွက် ကာကွယ်ဆေးထိုးရန် လို မလိုကိုလည်း သိရန် အချိန်လွန်စွာစောနေသေးသည်။ ကျွမ်းကျင်သူများသည်ပင် ထိုကိစ္စကို မသိကြပေ။ သို့သော် ဒယ်လ်တာကို ကာကွယ်နိုင်မည့် ထိုသို့အားဖြည့်ကာကွယ်ဆေးကို သြဂုတ်လတွင် စမ်းသပ်ရန် စီစဉ်နေကြောင်း Pfizer ကကြေညာထားသည်။
ပညာရှင်များ ပြန်လည်မသုံးသပ်ရသေးသည့် အင်္ဂလန်ပြည်သူ့ကျန်းမာရေးဌာန၏ လေ့လာမှုများအရ ကာကွယ်ဆေးများအနက် အနည်းဆုံး ၂ မျိုးသည် ဒယ်လ်တာကို ကာကွယ်ရန် အာနိသင်ရှိကြောင်း သိရသည်။
အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်နှင့် အခြားနိုင်ငံများတွင် တွေ့ရသည့် ဒယ်လ်တာ၏ မျိုးကွဲဖြစ်သော ဒယ်လ်တာပလပ်စ် အပါအဝင် ဒယ်လ်တာနှင့်ပတ်သက်သည့် နောက်ဆက်တွဲ မေးခွန်းများလည်း ရှိနေသေးသည်။ “ဒယ်လ်တာပလပ်စ်ဆိုတာက ဒယ်လ်တာရဲ့နောက်ထပ်မျိုးကွဲတခုပဲ” ဟု ဒေါက်တာ ယေးဒီရင်ပြောသည်။ K417N ဟုခေါ်သော ထိုမျိုးကွဲသည် ဗိုင်းရပ်စ်က ဆဲလ်များသို့ ကူးစက်ရန် လိုအပ်သော ပရိုတိန်းကို သက်ရောက်သည့် မျိုးကွဲဖြစ်ပြီး ထိုပရိုတိန်းသည် mRNA နှင့် အခြားကာကွယ်ဆေးများ၏ ပစ်မှတ်ဖြစ်ကြောင်း သူပြောသည်။
“ဒယ်လ်တာပလပ်စ်ကို အိန္ဒိယမှာ စတင်တွေ့တာ။ ဒါပေမယ့် အဲဒီလိုမျိုးကွဲမျိုးက အစောပိုင်းကပေါ်ခဲ့တဲ့ ဘီတာလိုမျိုးကွဲတွေမှာလည်း ရှိတယ်။ အမှန်တကယ် ပျံ့နှံ့နှုန်း၊ ရောဂါဝန်ထုတ်ဝန်ပိုးနဲ့ ရလဒ်ကိုဆုံးဖြတ်ဖို့ နောက်ထပ်အချက်အလက်တွေ လိုနေသေးတယ်” ဟုလည်း သူပြောသည်။
၅။ ကာကွယ်ဆေးထိုးခြင်းသည် ဒယ်လ်တာကို အကောင်းဆုံးကာကွယ်နိုင်
ဒယ်လ်တာမှ မိမိတို့ကိုယ်မိမိတို့ ကာကွယ်ရန် အကောင်းဆုံးနည်းလမ်းမှာ ကာကွယ်ဆေးထိုးခြင်း သာဖြစ်ကြောင်း ဆရာဝန်များပြောသည်။ Pfizer သို့မဟုတ် Moderna ကဲ့သို့သော ကာကွယ်ဆေး နှစ်ကြိမ်ထိုးပြီးပါက ပြည့်၀သော သက်ရောက်မှုရရန် နှစ်ပတ်စောင့်ရသည်။ ကာကွယ်ဆေးထိုးပြီးသည်ဖြစ်စေ မထိုးရသေးမီဖြစ်စေ ရောဂါထိန်းချုပ်ရေးဌာန၏ ကာကွယ်ဆေးထိုးပြီးသူများနှင့် မထိုးရသေးသူများအတွက် ညွှန်ကြားချက်များကို လိုက်နာရန် အရေးကြီးသည်။
ဒယ်လ်တာမှ မိမိတို့ကိုယ်မိမိတို့ ကာကွယ်ရန် အကောင်းဆုံးနည်းလမ်းမှာ ကာကွယ်ဆေးထိုးခြင်း သာဖြစ်ကြောင်း ဆရာဝန်များပြောသည်။
“ဘဝမှာကြုံတွေ့ရတဲ့ အရာရာလိုပဲ ဒါကအန္တရာယ်ဖြစ်နိုင်ခြေ အကဲဖြတ်မှုပဲ။ နေပူနေပြီး အပြင်ထွက်ရမယ်ဆိုရင် နေရောင်ခြည်ကာကွယ်တဲ့ ခရင်မ်လိမ်းရမယ်။ လူအုပ်ထဲမှာနေရင် အထူးသဖြင့် ကာကွယ်ဆေးမထိုးရသေးတဲ့ လူအုပ်ထဲမှာနေရင် နှာခေါင်းစည်းဝတ်ရမယ်။ လူမှုခွဲခြားနေထိုင်မှု စည်းကမ်းတွေကို လိုက်နာရမယ်။ ကာကွယ်ဆေး မထိုးရသေးဘဲ ကာကွယ်ဆေးထိုးခွင့်ရှိသူဖြစ်ရင် အကောင်းဆုံးနည်းလမ်းကတော့ ကာကွယ်ဆေးထိုးလိုက်ဖို့ပဲ” ဟု သူပြောသည်။
“ဒေသဆိုင်ရာအလိုက် ရောဂါကူးစက်တဲ့အခါ ကာကွယ်ဆေးထိုးနှုန်းက မြင့်မားသွားတယ်။ ကိုယ်နဲ့ သိတဲ့လူတွေ ဖျားနာပြီး ဆေးရုံတက်ရပြီလို့ သိတဲ့အခါ အန္တရာယ်ဖြစ်နိုင်ခြေ တွက်ချက်မှုက နည်းနည်းပြောင်းသွားမယ်။ ဒါမျိုးက ပိုမိုဖြစ်နိုင်တယ်။ ကာကွယ်ဆေးထိုးနှုန်းမြင့်မားပါစေလို့ ဆုတောင်းတယ်” ဟု ဒေါက်တာ ဝီလ်ဆင်ပြောသည်။
ကိုးကား။ ။ YaleMedicine မှ 5 Things To Know About the Delta Variant
You may also like these stories:
တရုတ်ကာကွယ်ဆေးထိုး နိုင်ငံအများစု ကိုဗစ်ကူးစက်မှု မြင့်နေဆဲ
ဆရာဝန်များကို လိုက်ဖမ်းနေသည့် စစ်ကောင်စီ ဝေဖန်ခံနေရ
မြန်မာသည် ကိုဗစ်နိုင်တင်း ချိန်ကိုက်ဗုံး ဖြစ်သည်။ အသက်များကို ကယ်နိုင်ပါဦးမည်လော
အောက်ဆီဂျင်အိုး ၁၀၀ ကို ကြားဖြတ်ယူခဲ့ကြောင်း ကရင်စီမံကောင်စီဝင် ဗိုလ်မှူးကြီး ဝန်ခံ
NUG ကိုဗစ်ထိန်းချုပ်ရေးအဖွဲ့ တိုင်းရင်းသားဒေသများ ကာကွယ်ဆေး ထိုးနိုင်ရေး ရည်ရွယ်
ကိုဗစ်ထိန်းချုပ်ကာကွယ်ရေး စစ်ခေါင်းဆောင်၏ မုသားများ