ဆောင်းပါး

ရန်ကုန်မြို့ပေါ်က အဝါရောင် အလံများ

ကိုဗစ်နှင့် စစ်အာဏာရှင်တို့၏ ဖိနှိပ်မှုအောက် ပြားပြားမှောက်နေရသော ရန်ကုန်မြို့ရှိ တိုက်ခန်းအချို့တွင် အဝါရောင် အလံများ လွှင့်ထူထားကြသည်။ အချို့လည်း အဝါရောင်ရော၊ အဖြူရောင်အလံပါ လွှင့်ထူထားကြသည်။

အလံများသည် အကြောင်းမဲ့ လွှင့်ခြင်း မဟုတ်၊ အခက်အခဲနှင့် သေလုမျောပါး အန္တရာယ်များကြားက အကူအညီ တောင်းခံ သည့် သင်္ကေတများ ဖြစ်သည်။

အဝါရောင် အလံသည် ဆေးဝါးအကူအညီအတွက် တောင်းခံသည့် အချက်ပြ သင်္ကေတဖြစ်ပြီး အဖြူရောင် အလံက အစားအသောက် အကူအညီအတွက် တောင်းခံသည့် အချက်ပြ သင်္ကေတ ဖြစ်သည်။

ထိုသို့ ဆေးဝါးနှင့် အစားအစာ အကူအညီတောင်းသည့် အချက်ပြသင်္ကေတ အသုံးပြုခြင်း မလေးရှားနိုင်ငံမှ စတင်ခဲ့ခြင်းဟု သိရပြီး မြန်မာနိုင်ငံတွင်လည်း ဇူလိုင်လလယ်ပိုင်းက စကာ လွှင့်ထူလာကြခြင်းဖြစ်သည်။

Facebook လူမှုကွန်ရက်တွင်လည်း အောက်စီဂျင်ကျနေခြင်း၊ ကိုဗစ်ရောဂါ ဖြစ်နေခြင်းများကြောင့် အပြင်ထွက် မရသဖြင့် အောက်စီဂျင်နှင့် ဆေးဝါး၊ အစားအစာကို လာရောက်ကူညီရန် မိမိအိမ်တွင် အလံဝါထောင်ထားကာ အကူအညီတောင်း သည့် စာရေးသားထားမှုများ အများအပြားပင် ရှိသည်။

ရန်ကုန်တိုင်း လှိုင်မြို့နယ် ရတနာမွန်အိမ်ရာတွင် နေထိုင်သူ မစိမ်းစိမ်းကလည်း ၎င်းတို့ တအိမ်လုံး ကိုဗစ် − ၁၉ ရောဂါဖြစ် နေပြီး ၎င်း၏ မိဘ၂ ပါးမှာလည်း အောက်စီဂျင်ကျနေသဖြင့် အရေးပေါ် အကူအညီရရန် ဇူလိုင်လ ၂၆ ရက်တွင် နေအိမ်၌ အလံဝါ လွှင့်တင်ကာ အကူအညီ တောင်းခဲ့ရကြောင်း ပြောသည်။

ရန်ကုန်၊ ဒဂုံဆိပ်ကမ်းမြို့နယ်ရှိနေအိမ်တအိမ်တွင် အလံများထောင်၍ အကူညီတောင်းခံနေသည်ကို တွေ့ရစဥ် (ဓာတ်ပုံ- CJ)

“လူနာက O2 56 နဲ့ 66 ကြား မတက်လာတော့လို့ပါ။ တအိမ်လုံး မိသားစု ၅ ယောက် ကလေး ၂ ယောက်အကုန် ကိုဗစ် ဖြစ်နေပါတယ်” ဟု Facebook လူမှုကွန်ရက်တွင် အကူအညီတောင်းခဲ့ပြီးနောက် ၁၀ လီတာ အောက်စီဂျင် အိုးတအိုးကို လာရောက် ကူညီပေးသူ ရှိသဖြင့် လတ်တလောတွင် မိဘ ၂ ဦး၏ အခြေအနေမှာ သက်သာလာကြောင်း မစိမ်းစိမ်းက ဆိုသည်။

“အခုတော့ အောက်စီဂျင် ၁၀ လီတာအိုး လာပေးတဲ့သူရှိလို့ အဲဒါ ခဏ ရှုခိုင်းထားလို့ သက်သာပါတယ်။ အစားအစာတွေ လာပေးထားလို့ လောလောဆယ်တော့ အဆင်ပြေပါတယ်” ဟု ပြောသည်။

မစိမ်းစိမ်းတို့ မိသားစုကဲ့သို့ ကိုဗစ်ရောဂါ တအိမ်လုံး ဖြစ်ထားသဖြင့် အပြင်သို့ မထွက်နိုင်ဘဲ ဆေးဝါးနှင့် အစားစာ လိုအပ် နေသူများ ရန်ကုန်မြို့တွင် အမြောက်အများရှိနိုင်ကြောင်း မြေပြင်တွင် လိုက်လံကူညီပေးနေသူများက ယုံကြည်နေကြ သည်။

အချို့လည်း ထိုသို့ အလံလွှင့်ရမည်ကို မသိဘဲ ၎င်းတို့နှင့် နီးစပ်ရာ မိတ်ဆွေများထံမှ မြေပြင်တွင် အကူအညီပေးနေသည့် လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများ၏ ဖုန်းနံပါတ်တောင်းယူကာ ဆက်သွယ် အကူအညီတောင်းခံလာမှုများ ရှိနေကြောင်း မြေပြင်တွင် လိုက်လံကူညီပေးနေသူများထံမှ သိရသည်။

“တချို့တွေ့ရတာက အလံဖြူအလံဝါထောင်ရလောက်အောင်ကို နားမလည်ဘူးဗျ။ တောင်ဒဂုံလို နေရာမျိုး ၊ အရှေ့ဒဂုံလို နေရာမျိုးမှာ ဖုန်းတို့ အင်တာနက်တို့ ကျယ်ကျယ်ပြန့်ပြန့် မသုံးတတ်ကြဘူး။ ဒါပေမယ့် သူတို့ တကယ် အခက်အခဲ ရောက်နေတယ်။ လက်ရှိမှာ အလုပ်မရှိကြတော့ဘူး။ စားဖို့နေဖို့လည်း အခက်အခဲ ရောက်နေကြတယ်” ဟု ရန်ကုန်မြို့တွင် အစားအစာနှင့် ဆေးဝါလိုအပ်နေသူများအား ပိုက်ဆံ စိုက်၍ လိုအပ်သည့် ပစ္စည်းများဝယ်ကာ ပို့ပေးနေသည့် လူငယ်တဦး က ပြောပြသည်။

ဖုန်းဆက် အကူညီတောင်းနေသူများထံ သွားရောက် ပစ္စည်းပို့ပေးလိုက်ပါကလည်း ဖုန်းဆက် နောက်ပြောင်နေခြင်း မဟုတ်ဘဲ အမှန်တကယ် အခက်အခဲကြုံနေသဖြင့် အကူအညီ တောင်းခံနေသူများသာ ဖြစ်နေကြောင်း ၎င်းက ဆက်လက် ပြောပြသည်။

“သွားကြည့်လိုက်ရင် တော်တော်များများက တအိမ်လုံး ဖျားနေတာမျိုးတွေ ကိုဗစ်ဖြစ်နေတာမျိုးတွေ၊ အဆောင်တဆောင် ဆိုရင် တဆောင်လုံး ကိုဗစ်ဖြစ်နေတယ်။ သူတို့ဆိုရင် အပြင်ထွက်လို့ ဘယ်လိုမှ အဆင်မပြေဘူး။ အပြင်ထွက်လိုက်ရင် ကိုဗစ်သူများကို ပျံ့သွားမှာ။ အဲဒါကြောင့် အကူညီတောင်းနေတာမျိုးတွေ ရှိတယ်” ဟု ၎င်းက ဆိုသည်။

အကူအညီ တောင်းသူများတွင် အချို့ကလည်း ပိုက်ဆံတတ်နိုင်သဖြင့် ကျသင့်ပစ္စည်း၏ တန်ဖိုးကို ပေးချေမှုရှိသော်လည်း ၊ အချို့လည်း ငွေကြေးမတတ်နိုင်သဖြင့် ကျသင့်တန်ဖိုးမပေးနိုင်သူများ ရှိကြောင်း၊ ကျသင့်တန်ဖိုး မပေးနိုင်သူများကို အလှူရှင်တချို့၏ ကူညီမှုဖြင့် ထောက်ပံ့ရသည်လည်း ရှိကြောင်း အစားအစာနှင့် ဆေးဝါးလိုအပ်နေသူများအား ပိုက်ဆံစိုက် ၍ လိုအပ်သည့် ပစ္စည်းများဝယ်ကာ ပို့ပေးနေသည့် လူငယ်တဦးက ပြောပြသည်။

ဆက်လက်၍ ၎င်းက ရန်ကုန်မြို့တွင် အလံဝါနှင့် အလံဖြူများထောင်ကာ အကူအညီတောင်းခံမှုများ တစထက်တစ များ ပြားလာခြင်းသည် မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းလိုက်မှုနှင့် ကူးစက်မြန် ကိုဗစ်ရောဂါပိုးသစ် ပျံ့ပွားလာမှု ကြောင့် ဖြစ်ကြောင်း ပြောသည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက် အကြမ်းဖက် ဖြိုခွင်း ဖမ်းဆီးသတ်ဖြတ်မှုများကြောင့် လူအများမှာ နေအိမ်ပြင်ပ သို့ ထွက်ပြီး အလုပ် မလုပ်နိုင်ကြသကဲ့သို့ နိုင်ငံရေး မတည်ငြိမ်မှုများကြောင့်လည်း စက်ရုံအလုပ်ရုံများ မြန်မာနိုင်ငံမှ ထွက်ခွာနေကြောင်း အစားအစာနှင့် ဆေးဝါး လိုအပ်နေသူများအား ကူညီပေးနေသည့် ရန်ကုန်မြို့မှ လူငယ်တဦးက ပြောသည်။

“အဲဒါကြောင့် လူထုတွေက အလုပ် မသွားရဲကြဘူး။ အလုပ် မရှိကြဘူး။ အလုပ်တော်တော်များများ နိုင်ငံခြားကုမ္ပဏီကအစ ဒီနိုင်ငံကနေ ထွက်ခွာသွားကြတယ်။ အကြောင်းအရင်းကတော့ စစ်ကောင်စီကြောင့်ပဲ။ အကြောင်းအရင်း ၁ ကတော့ လူထုမှာ အလုပ်မရှိကြတော့ဘူး။ ကိုဗစ်ထပ်ဖြစ်တဲ့အခါ အလုပ်မရှိတဲ့ ကြားထဲက ဆေးဝါးလုံလောက်မှု မရတော့ဘူး” ဟု ၎င်းက ဆိုသည်။

မြန်မာစစ်တပ်အသိုင်းအဝိုင်းနှင့် နီးစပ်သည့် အမျိုးသမီးတဦးကလည်း ကိုဗစ်ရောဂါ ကူးစက်ခံထားရသဖြင့် အစားအစာနှင့် ဆေးဝါးလိုအပ်နေသောကြောင့် အလံထောင်ကာ အကူအညီတောင်းနေသူများအပါအဝင် ၎င်းထံဖုန်းဖြင့်ဆက်သွယ်လာ သူများကို လူသားချင်းစာနာထောက်ထားသည့် အနေနှင့် ကူညီပေးနေကြောင်း ပြောပြသည်။

“ဘာနိုင်ငံရေးမှ မရည်ရွယ်ပါဘူး။ အခက်အခဲတွေ့နေသူတွေကို စေတနာထားပြီး ကူညီဖြစ်တာပါ။ တနေ့ကို အကူအညီလို လို့ ဖုန်းဆက်တာအကြိမ် ၂၀၀ လောက်ရှိတယ်။ တချို့လည်း ဘယ်မှာ ဆေးခန်းပြရမှန်းမသိလို့ ဘယ်လိုကျန်းမာရေး စောင့်ရှောက်မှု ရနိုင်မလဲလို့ အကြံဉာဏ်တောင်း မေးမြန်းတာလည်းရှိတယ်” ဟု ၎င်းကဆိုသည်။

၎င်းထံ ဖုန်းဆက်အကူအညီတောင်းသူအများစုကို တတ်နိုင်သမျှအကူအညီပေးဖြစ်သော်လည်း အကြပ်တည်းတွေ့နေသူ များမှာ ၎င်းကူညီနိုင်သော အရေအတွက်ထက် ပိုမို၍ အများအပြားဆက်သွယ်လာသောကြောင့် အားနာနာနှင့် အကျိုး အကြောင်း ပြောကာ ငြင်းဆိုခဲ့ရသည်လည်း ရှိကြောင်း မြန်မာစစ်တပ်အသိုင်းအဝိုင်းနှင့် နီးစပ်သည့် အမျိုးသမီးတဦးက ရှင်းပြသည်။

မြန်မာနိုင်ငံရှိ ပြည်သူ့ရေးရာ စီမံအုပ်ချုပ်မှု ကျွမ်းကျင်သူတဦးကမူ အလံထောင် အကူအညီတောင်းမှုများသည် မြန်မာနိုင်ငံ တွင် လူအများ တစထက်တစ ဒုက္ခပိုရောက်လာသည့် အခြေအနေကို ဖော်ပြနေခြင်းဖြစ်ကြောင်း သုံးသပ်သည်။

မြန်မာနိုင်ငံတွင် ယခင်ကတည်းက ဆင်းရဲ ချမ်းသာ ကွာဟမှုများရှိနေပြီး ခိုင်မာသည့် လူမှုဖူလုံရေး စနစ်များလည်း မရှိ ကြောင်း စစ်အာဏာသိမ်းမှုကြောင့် လူမှုအရင်းအနှီးများလည်း ချို့တဲ့ အားနည်းသွားကြောင်း ၎င်းကဆိုသည်။

“ခြုံရရင် လူမှု စနစ်တခုလုံး ကျရှုံးသွားတာပဲ။ ခုဟာက ငွေသားခက်နေတယ်။ ပြေလည်မှ လုပ်ငန်းတွေ လည်ပတ်မယ်။ လူတွေ အလုပ်အကိုင်ရမယ်။ အစားအသောက် ကူတာ ရေတိုပဲ။ ကျန်းမာရေးစနစ် သေချာမရှိဘဲ ကိုယ့်ဘာကိုယ်ကု ဆို တာမျိုးက သေကြမှာပဲ” ဟု ပြည်သူ့ရေးရာ စီမံအုပ်ချုပ်မှု ကျွမ်းကျင်သူတဦးက ဆိုသည်။

မြန်မာနိုင်ငံတွင် လူအများကြုံနေရသည့် စားဝတ်နေရေးနှင့် ကျန်းမာရေးဆိုင်ရာ အကျပ်အတည်းကို ပြေလည်စေလိုပါက သက်ဆိုင်သည့် အုပ်ချုပ်သူများက မဟာဗျူဟာ ၊ ခေါင်းဆောင်မှု ကောင်းကောင်းအပြင် နိုင်ငံတကာနှင့်လည်း ပူးပေါင်း ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ယိုယွင်းနေသော ကျန်းမာရေးအပါအဝင် လူမှုကူညီရေးစနစ်များကို စနစ်တကျ ပြန်လည် တည်ဆောက်ရန် လိုအပ်ကြောင်း ၎င်းက မှတ်ချက်ပေးသည်။

မြေပြင်အခြေအနေတွင် စစ်ကောင်စီ၏ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနသည် မည်သည့် ထိရောက်သည့် အကူအညီပေးမှုမျိုးကိုမှ ဆောင်ရွက်နေသည်ကို မတွေ့ရပေ။

ကြားကာလ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ၏ လူသားချင်းစာနာ ထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနကမူ မြေပြင်တွင် အကူညီထောက်ပံ့ပေးနေမှုများ ဆောင်ရွက်နေသော်လည်း ပြည်သူများ၏ ဘေးကင်း လုံခြုံရေးကို ထောက်ထားကာ သတင်းများကို အချိန်နှင့် တပြေးညီ မထုတ်ပြန်ခြင်း ဖြစ်ကြောင်း ဇူလိုင်လ ၁၆ ရက်တွင် သတင်းထုတ်ပြန်ထားသည်။

“ပြည်သူ အချင်းချင်း စောင့်ရှောက်ကူညီကြရာမှာ ပြည်သူများအတွက် ပြည်သူ့အစိုးရက ပြည်သူများဘက်မှ ရပ်တည် ဆောင်ရွက်လျက်ရှိပါတယ်။ ပြည်သူများ ခံစားနေရသော ဘေးဒုက္ခများကို အမြန်ဆုံး ကျော်လွှားနိုင်ရန် လက်တွဲကြိုးပမ်း ကြပါမယ်” လူသားချင်းစာနာ ထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး က ပြောဆိုထားသည်။

မည်သို့ပင် ဖြစ်စေ အစိုးရ ၂ ရပ်အကြား အားပြိုင်နေမှုများကြောင့် တနိုင်ငံလုံး လွှမ်းခြုံသည့် ကူညီထောက်ပံ့ပေးမှုများ ထိထိရောက်ရောက် မပေးနိုင်သမျှ ကာလပတ်လုံး ပြည်သူသည် အုပ်ချုပ်သူများကို အားကိုးမည် မဟုတ်ဘဲ ပြည်သူအချင်း ချင်းကသာ စောင့်ရှောက်ကူညီရမည့် အခြေအနေ ရှိပေသည်။

ထို့အတူ လူထုက လူထုကို အကူအညီတောင်းသည့် အဝါရောင်၊ အဖြူရောင် အလံများသည်လည်း အကူအညီလိုအပ် နေသူများ၏ အိမ်ရှေ့တွင် ဆက်လက် လွှင့်ထူ အချက်ပြလျက် ရှိနေဦးမည်သာ ဖြစ်ပေသည်။ ။

You may also like these stories:

အကျဉ်းထောင်များ အတွင်း ကိုဗစ်ကြောင့် သေဆုံးသူ ၉ ဦး ရှိလာ

အောက်ဆီဂျင်အိုး ၁၀၀ ကို ကြားဖြတ်ယူခဲ့ကြောင်း ကရင်စီမံကောင်စီဝင် ဗိုလ်မှူးကြီး ဝန်ခံ

မြန်မာသည် ကိုဗစ်နိုင်တင်း ချိန်ကိုက်ဗုံး ဖြစ်သည်။ အသက်များကို ကယ်နိုင်ပါဦးမည်လော

မြန်မာပြည်သည် ကပ်ဆိုး ၂ ပါးနှင့် ရင်ဆိုင်နေရသည်

Loading