စမတ်ဖုန်းတွေ မပေါ်သေးခင်ကာလ ကလေးတို့ရဲ့ ငယ်ဘဝ ဖြတ်သန်းမှုတွေမှာ ကာတွန်းစာအုပ်တွေဟာ အကောင်းဆုံး အဖော်မွန် ဖြစ်ခဲ့ပါတယ်။ ၈၀ ခုနှစ်၊ ၉၀ ခုနှစ်ဖွားတို့ရဲ့ ငယ်ဘဝတွေမှာ “ရွှေသွေး”၊ “ပလုတ်တုတ်” စတဲ့ ကလေး ဂျာနယ်တွေနဲ့ အများဆုံး အဖော်ပြု ဖြတ်သန်းခဲ့ကြပါတယ်။
အဲဒီ ဂျာနယ်တွေမှာ ကလေးတိုင်း သဘောကျ နှစ်သက်တဲ့ ကာတွန်း ဇာတ်ကောင်တွေက သူတို့ရဲ့ သူငယ်ချင်း၊ သူတို့အတွက် ဟီးရိုး၊ သူတို့အတွက် စံထားစရာ၊ သင်ခန်းစာယူစရာနဲ့ ပျော်ရွှင် ရယ်မောစရာ စတဲ့ ရသမျိုးစုံ၊ ခံစားချက်မျိုးစုံကို ပေးစွမ်းနိုင်ခဲ့တယ်ဆိုတာ မမှားပါဘူး။
နာမည်ကျော် ကာတွန်း ဇာတ်ကောင်တွေဖြစ်တဲ့ “စိန်မျောက်မျောက်၊ စိန်ပေါက်ပေါက်” ၊ “နှင်းနှင်းလေးနဲ့ ရေမြင်းလေး” စတဲ့ ဇာတ်ကောင်တွေကလည်း ကလေးဘဝမှာ အသည်းစွဲ ဖြစ်ခဲ့ကြရပါတယ်။ ဒီဇာတ်ကောင်တွေရဲ့ ဖန်တီးသူ ကာတွန်း မြေဇာကတော့ ဇူလိုင်လ ၂၇ ရက်ညမှာ ကွယ်လွန်သွားခဲ့ပါတယ်။
အသက် ၇၆ နှစ်အရွယ်ရှိပြီ ဖြစ်တဲ့ ကာတွန်း (ဦး) မြေဇာဟာ ရန်ကုန်မြို့၊ တာမွေမြို့နယ်ရှိ သူ့ရဲ့ နေအိမ်မှာ လူကြီးရောဂါနဲ့ ဆုံးပါးသွားတာ ဖြစ်ပါတယ်။
“မထင်မှတ်ဘဲ ကာတွန်း ကိုမြေဇာ ကွယ်လွန်သွားပြီဆိုတာ သိလိုက်ရတဲ့အချိန်က အတော် စိတ်ထိခိုက်မိပါတယ်။ သူနဲ့က နှစ်တွေအကြာကြီး တရင်းတနှီး ညီရင်းအစ်ကို မိတ်ဆွေလိုမျိုးထက်ပိုတဲ့ ခင်မင်ခဲ့ကြတဲ့သူတွေပါ။ ဆင်ဖြူကျွန်းဇာတိ ကိုမြေဇာရဲ့ စာပေခရီးအစက မန္တလေးမြို့မှာရှိတဲ့ လူထုဦးလှ၊ လူထုဒေါ်အမာတို့ရဲ့ လူထုစာပေတိုက် ဖြစ်ပါတယ်”
“စာပေလောကရဲ့ အထင်ကရ စာပေပုဂ္ဂိုလ်ကြီးတွေ ဖြစ်ကြတဲ့ ဦးလေးလှ၊ ဒေါ်ဒေါ်မာတို့က ကိုမြေဇာကို သားတပည့်လို စာပေနယ်ရဲ့ သိသင့်မှတ်ဖွယ်တွေ သွန်သင် ညွှန်ပြပေးတဲ့အထဲမှာ ကိုမြေဇာ ဝါသနာပါတဲ့ ကာတွန်းပညာကိုပါ အားပေး ထောက်ကူပေးခဲ့ပါတယ်”လို့ ကာတွန်း မောင်မောင်က ဧရာဝတီကို ပြောပါတယ်။
ဆင်ဖြူကျွန်းဇာတိ ဆရာ မြေဇာဟာ ရန်ကုန်ပန်းချီပန်းပု ကျောင်းဆင်းတဦးဖြစ်ပြီး၊ မန္တလေး လူထုတိုက်မှ သတင်းစာပညာနှင့် စာပေပညာရပ်များ သင်ကြားခဲ့ကာ ၁၉၆၈ ခုနှစ်မှာ ကြေးမုံသတင်းစာ၌ ကာတွန်းများ စတင် ရေးဆွဲခဲ့သူ ဖြစ်ပါတယ်။
၁၉၈၀ ခုနှစ်တဝိုက် “ချယ်ရီ” စာပေမဂ္ဂဇင်းမှာ ဆရာ မြေဇာ လစဉ်ရေး ရေးဆွဲခဲ့တဲ့ ခေတ်အခြေအနေကို သရော်တဲ့ ကာတွန်းတွေဟာ လူကြိုက်များလှပါတယ်။
“မန္တလေးက ရန်ကုန်ကို ရောက်လာပြီး ကိုယ်ပိုင်ဟန်၊ ကိုယ်ပိုင် ကာတွန်းရေးချက်တွေနဲ့ ၁၉၆၈ ခုနှစ်ကစပြီး သတင်းစာ ဂျာနယ်တွေမှာ တကွက် ကာတွန်းတွေ ရေးပါတယ်။ သူ့ရဲ့ ကာတွန်း အတွေးအရေးတွေက စာဖတ်သူတွေကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။ သူ့ကာတွန်းမှာ နှာခေါင်း၊ နားရွက်၊ မျက်ခုံးတွေ မပါဘဲ အသက်ဝင်အောင် တီထွင်ရေးခဲ့တာဟာ သူ့ရဲ့ အောင်မြင်မှု ဖြစ်ပါတယ်”လို့ ကာတွန်း မောင်မောင်က ဆိုပါတယ်။
“ကိုမြေဇာ ကွယ်လွန်ခြင်းဟာ ကာတွန်းလောကနဲ့ စာပေနယ်အတွက် ဆုံးရှုံးမှုတခု ဖြစ်ပါတယ်။ အခု ဓာတ်ပုံ ပြန်ရိုက်ခဲ့ရင် ကိုမြေဇာ မပါတော့ဘူးလို့ တွေးမိပြီး ဝမ်းနည်းမိပါတယ်။ အခုကာလမှာ ဆုံးရှုံး ကြွေလွင့်သွားကြတဲ့ နယ်ပယ် အသီးသီးက အစားထိုးလို့ မရတဲ့ ပညာရှင်တွေအတွက် နှမြောတသ ယူကျုံးမရ ဝမ်းနည်း ကြေကွဲရပါတယ်ခင်ဗျာ”လို့ ကာတွန်း မောင်မောင်က စိတ်မကောင်းစွာ ပြောပါတယ်။
ကာတွန်း မြေဇာရဲ့ ဖန်တီးမှု၊ ကာတွန်း ရေးဆွဲပုံတွေဟာ အခြား ဘယ်သူနဲ့မှ မတူဘဲ ထူးခြားတဲ့ ကိုယ်ပိုင် ဟန်ကြောင့် ကာတွန်းလောကနဲ့ စာပေနယ်ပယ်မှာ အထူး လေးစားခံရကာ ကျော်ကြားသူ ဖြစ်ပါတယ်။
“ကာတွန်း ဦးမြေဇာက သာမန် သမားရိုးကျ ကာတွန်းဆရာတွေနဲ့ မတူတဲ့ ထူးခြားတဲ့ ကာတွန်းဆရာတယောက်ပေါ့။ ဘာဖြစ်လို့လဲဆိုတော့ သူစရေးရေးချင်း သူရေးတဲ့ လက်ရာတွေက အရှေ့က ဆရာကြီးတွေရဲ့ အရိပ်၊ သြဇာ လုံးဝ ကင်းရှင်းတယ်။ သူတို့ခေတ်အခါက ဘယ်သူမှ မရေးရဲတဲ့ လိုင်းအသစ်ကို သူက ပထမဦးဆုံး တီထွင်ပြီး ရေးရဲတယ်။ သူသတ္တိရှိရှိ ရေးရဲတဲ့ သူ့ရဲ့ လိုင်းအစစ်ကိုပဲ သေတပန် သက်တဆုံး ရေးသွားတယ်ဆိုတာက ကာတွန်း ဦးမြေဇာရဲ့ ထူးခြားတဲ့ ဝိသေသပေါ့”လို့ ကာတွန်း ဝင်းအောင်က ပြောပါတယ်။
ဆက်လက်ပြီး “သူ့ရဲ့ ရပ်တည်ချက်အပိုင်းကျတော့ သူက ဘယ်သောအခါမှ ဘယ်သူ့အတွက်၊ ဘယ်သူက ခိုင်းလို့ဆိုတဲ့ စိတ်၊ နောက် အကျိုးစီးပွား တစုံတရာ မျှော်လင့်ပြီးတော့ လုပ်တဲ့စိတ် သူ့မှာ မရှိဘူး။ တသက်လုံးမှာ သူ ပင်ပန်း ဒုက္ခကြီးစွာနဲ့ သူယုံကြည်တဲ့အတိုင်းပဲ တသမတ်တည်းပဲ ကြုံလာတဲ့ အခက်အခဲ၊ ဒုက္ခတွေ ရင်ဆိုင်ပြီးတော့ သေတဲ့အထိ ဖောက်လည်း မဖောက်ပြန်ဘဲ ရပ်တည်ချက် ခိုင်မာပြီး၊ ယုံကြည်ချက် ခိုင်မာတဲ့ ကာတွန်းဆရာတယောက်ပါ”လို့ ကာတွန်း ဝင်းအောင်က ဧရာဝတီကို ပြောပါတယ်။
ကာတွန်း ဝင်းအောင်ဟာ ဆရာကြီး (ဦး) မြေဇာနဲ့ ညီအစ်ကိုတမျှ ခင်မင် ရင်းနှီးသူဖြစ်ပြီး၊ သူ့အပေါ် စီနီယာတဦးအနေနဲ့လည်း လေးစား တန်ဖိုးထားရတယ်လို့ ဆိုပါတယ်။
“နောက်တခုက သူ့ကို လူပုဂ္ဂိုလ်ရေးရာအရ ပြောမယ်ဆိုရင် ကျနော်နဲ့ ညီအစ်ကိုရင်းတမျှ ဖြစ်ပေမယ့် ကျနော် သူ့အပေါ်မှာ ကိုယ့်စီနီယာအနေနဲ့ တန်ဖိုးထားတယ်။ လေးစားတယ်။ သူကလည်း ကျနော့်အပေါ်မှာတင်မက နောက်မျိုးဆက်တွေအပေါ်မှာပါ လမ်းပြပေးတယ်။ သွန်သင် ဆုံးမပေးတယ်။ ကူညီ စောင့်ရှောက်ပေးတယ်။ စိတ်သဘောထားလည်း အင်မတန် ဖြူစင် ကောင်းမွန်တဲ့ ကာတွန်းဆရာတယောက် ဖြစ်ပါတယ်”
“အတိုချုပ်ပြောရရင်တော့ ကာတွန်း ဦးမြေဇာ ကွယ်လွန်ခြင်းက မြန်မာကာတွန်းလောကအတွက် အကြီးမားဆုံး ဆုံးရှုံးမှုကြီးတရပ် ဖြစ်ပါတယ်”လို့ ကာတွန်း ဝင်းအောင်က စိတ်မကောင်းစွာ ပြောပါတယ်။
ဆရာကြီး မြေဇာ မကွယ်လွန်ခင် လွန်ခဲ့တဲ့ တလ ဝန်းကျင်က ဆရာကြီးနဲ့ အဆက်အသွယ် ရခဲ့ကြောင်း၊ ဆရာ မြေဇာနဲ့ ကာတွန်း ဝင်းအောင်ကြားက အမှတ်တရတွေ အကြောင်းလည်း အခုလိုပဲ ပြောပြခဲ့ပါတယ်။
“သူနဲ့ နောက်ဆုံး ဆက်သွယ်တာတော့ လွန်ခဲ့တဲ့ တလ ဝန်းကျင်လောက်ကပေါ့။ အခြေအနေ ဘာထူးလဲ ဘာညာပေါ့။ ကိုဗစ်နဲ့ ဘာနဲ့ဆိုတော့။ သူ စိတ်လိုလက်ရ ရှိရင် ဖုန်းဆက်တတ်တယ်။ ကျနော့်ဘက်ကတော့ အရေးအကြောင်းရှိရင် ဖုန်းဆက်ဖြစ်တယ်”
“အမှတ်ရစရာတွေကတော့ အများကြီးပါပဲ။ မန္တလေး အမေ လူထုဒေါ်အမာပွဲ သွားခဲ့တဲ့ ခရီးတွေပေါ့။ မိတ်ဟောင်းဆွေဟောင်းတွေနဲ့ တွေ့ကြဆုံကြပေါ့။ ပျော်စရာ ကောင်းတယ်။ သူကလည်း လူထုတိုက်ထွက်ပဲကိုး။ သူက ဆင်ဖြူကျွန်းသား၊ ဆင်ဖြူကျွန်းကနေမှ မန္တလေး လူထုတိုက်မှာ သတင်းစာပညာ သင်ပြီး ရန်ကုန် ပန်းချီပန်းပုကျောင်းတက်တယ်။ နောက် ကာတွန်းဆရာ ဖြစ်တယ်”
“ဖြည့်စွက်ပြောစရာကတော့ သူက ကာတွန်းပေါ်မှာ တသက်လုံး သစ္စာရှိခဲ့တယ်။ ကာတွန်းကို တကယ်ပဲ ချစ်မြတ်နိုးခဲ့တယ်။ အနုပညာကို လိုင်းသစ်တခုအနေနဲ့ ဖန်တီးတီထွင်နိုင်ခဲ့တယ်။ ကာတွန်း ဦးမြေဇာ ကွယ်လွန်တာက ကာတွန်းလောကအတွက်ရော၊ တိုင်းပြည်အတွက်ရော အင်မတန် ကြီးမားတဲ့ ဆုံးရှုံးမှု တခုပါပဲ”လို့ ကာတွန်း ဝင်းအောင်က ဆိုပါတယ်။
ကာတွန်းဆရာကြီး မြေဇာ ကွယ်လွန်မှုအပေါ် ကာတွန်းလောကမှ ကာတွန်း ရေးဆွဲသူများက နှမြောတသ စိတ်မကောင်းဖြစ်နေကြပြီး၊ ဆရာ မြေဇာ ကွယ်လွန်သွားပေမယ့် သူ့ရဲ့ ကာတွန်း ဇာတ်ကောင်တွေနဲ့ တကွက် ကာတွန်းတွေကတော့ ပရိသတ် ရင်ထဲမှာ ဆက်လက် ရှင်သန်နေဦးမှာ မလွဲပါပဲ။ ။
You may also like these stories:
NUG ကိုဗစ်ထိန်းချုပ်ရေးအဖွဲ့ တိုင်းရင်းသားဒေသများ ကာကွယ်ဆေး ထိုးနိုင်ရေး ရည်ရွယ်
ကိုဗစ်တတိယလှိုင်းကို ဘာသာရေးအဖွဲ့များလည်း ကိုယ်ထူကိုယ်ထ ရင်ဆိုင်နေရ
ကျန်းမာရေးနှင့် သုဿာန်က သေစာရင်း အဆမတန် ကွာဟနေ