ဖေဖေါ်ဝါရီလ ၁ ရက်နေ့က မြန်မာနိုင်ငံတွင် ဆယ်နှစ်ကြာ ဒီမိုကရေစီအသွင်ကူးပြောင်းမှုနှင့် ထွန်းသစ်စ သတင်းလွတ်လပ်ခွင့်ကို ဖျက်ဆီးပစ်လိုက်သည့် စစ်အာဏာသိမ်းမှုအပြီး ၆ လကြာသောအခါ နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) သည် စစ်ကောင်စီက သတင်းသမားများကို ညှင်းပမ်းနှိပ်စက် ခြိမ်းခြောက်ပြီး သတင်းလွတ်လပ်ခွင့်ကို ကြောက်စရာကောင်းသည့် လက်ရှိအခြေအနေသို့ရောက်အောင် လုပ်သည့် အဆင့်ဆင့်ကို ပြန်လည်ခြေရာခံ တင်ပြထားသည်။
အခြေအနေသည် တစတစ ဆိုးရွားနေသည်။ RSF က အတည်ပြုနိုင်သည့် စာရင်းများအရ သတင်းသမား ၄၃ ဦးကို မြန်မာနိုင်ငံရှိ ထောင်များတွင် ဖမ်းဆီးထားသည်။ လွန်ခဲ့သော ၆ လအတွင်း စုစုပေါင်း ၉၈ ဦး ဖမ်းဆီးခံရသည်။ အများစုကို ရာဇဝတ်မှုဥပဒေပုဒ်မ ၅၀၅ (ခ) ဖြင့် စီရင်သည်။ ဥပဒေအရ သတင်းတု ဖြန့်ချိခြင်းကို ထောင် ၃ နှစ်အထိ ချနိုင်သည်။ ထို့ကြောင့် အခြားသတင်းသမား ဒါဇင်ပေါင်း များစွာသည် လျှို့ဝှက်စွာ လုပ်ကိုင်နေရ သို့မဟုတ် ပြည်ပမှ ဆက်လက်သတင်းယူရန် နိုင်ငံမှ ထွက်ပြေးရသည်။
အောက်ဖေါ်ပြပါ ဇာတ်လမ်းသည် သတင်းလွတ်လပ်ခွင့်ကို ဖျက်ဆီးရန် စစ်ဗိုလ်ချုပ်များညှင်းပမ်းနှိပ်စက်မှု ၆ လတာကာလ၏ ဇာတ်လမ်းဖြစ်သည်။
ဖေဖေါ်ဝါရီ ၂၀၂၁၊ တုန်လှုပ်မှုနှင့် ဖြိုခွဲမှု
စစ်အာဏာသိမ်းပြီးနောက် မြန်မာသတင်းသမားများသည် စစ်ကောင်စီသစ်အား လက်မခံကြောင်း တနိုင်ငံလုံးတွင် ကန့်ကွက်ဆန္ဒပြနေသော ပြည်သူများ၏ အာဘော်အဖြစ် တာဝန်ထမ်းဆောင်ကြသည်။ သတင်းသမားများသည် ရက်စက်ကြမ်းကြုတ်သော ဖြိုခွဲမှု၏ ပစ်မှတ်များ ချက်ခြင်းဖြစ်လာသည်။
ဖေဖေါ်ဝါရီလ ၁ ရက်နေ့။ မြို့တော် နေပြည်တော်ရှိ လမ်းမများတွင် စစ်အုပ်စု၏ တင့်ကားများကို ဖြန့်ချထားသည်။ ၂၀၂၀ နိုဝင်ဘာလတွင် ရွေးကောက်ခံအစိုးရ၏ အခြားအဖွဲ့ဝင်များကဲ့သို့ပင် ပြန်ကြားရေးဝန်ကြီး ဦးဖေမြင့်ကို ဖမ်းဆီးလိုက်သည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ခေါင်းဆောင်သော စစ်ကောင်စီသစ်သည် ၎င်းတို့ကိုယ်ပိုင် ဇာတ်ကြောင်းကို စတင်ပုံသွင်းသည်။
ဖေဖေါ်ဝါရီလ ၄ ရက်။ စစ်အုပ်စုထိန်းချုပ်မှုအောက် ရောက်သွားပြီဖြစ်သော ပြန်ကြားရေး ဝန်ကြီးဌာနက Facebook, Twitter နှင့် Instagram တို့ကို ပိတ်ပင်လိုက်သည်။
စစ်အာဏာသိမ်းပြီးနောက် မြန်မာသတင်းသမားများသည် စစ်ကောင်စီသစ်အား လက်မခံကြောင်း တနိုင်ငံလုံးတွင် ကန့်ကွက်ဆန္ဒပြနေသော ပြည်သူများ၏ အာဘော်အဖြစ် တာဝန်ထမ်းဆောင်ကြသည်။
ဖေဖေါ်ဝါရီလ ၉ ရက်။ မြန်မာနိုင်ငံမှ ဒုတိယ အကြီးဆုံးမြို့ဖြစ်သော မန္တလေးမှ စစ်ကောင်စီဆန့်ကျင်ရေး ဆန္ဒပြပွဲများကို သတင်းယူနေသည့် သတင်းထောက်တဦး အဖမ်းဆီးခံရသည်။ သူသည် စစ်ကောင်စီကသစ် တရားဝင်ဖမ်းဆီးလိုက်သည့် ပထမဆုံး သတင်းထောက်ဖြစ်လာသည်။
ဖေဖေါ်ဝါရီလ ၁၄ ရက်။ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဟု ခေါ်သည့် စစ်ကောင်စီသည် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (ခ) ကိုပြင်ဆင်ပြီး ပြည်သူလူထု ထိတ်လန့်တုန်လှုပ်စေခြင်း သို့မဟုတ် သတင်းတု ဖြန့်ချိခြင်းသည် ထောင် ၃ နှစ်အထိချနိုင်သော ပြစ်မှုအဖြစ် သတ်မှတ်ခြင်းအပါအဝင် လုပ်ထုံးလုပ်နည်း ပြုပြင်မှု အများအပြားကို ကြေညာသည်။ စစ်အာဏာသိမ်းမှု၊ စစ်ကောင်စီ၊ စစ်အုပ်စု စသည့် ဝေါဟာရများသုံးစွဲခြင်းကို တားမြစ်သည့် အမိန့်ကိုလည်း ထုတ်ပြန်သည်။
ဖေဖေါ်ဝါရီလ ၂၆ မှ ၂၈ ရက်နေ့များ။ ရဲတပ်ဖွဲ့သည် သတင်းသမားများကို ပစ်မှတ်ထား ဝင်ရောက်စီးနင်းမှုများ ပြုလုပ်ပြီး သတင်းသမား စုစုပေါင်း ၁၇ ဦးဖမ်းဆီးသည်။ အချို့သတင်းသမားများကို နေအိမ်များတွင် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
မတ်-ဧပြီ ၂၀၂၁၊ ခြိမ်းခြောက်ခြင်း
သတင်းသမားအများအပြားသည် ကျော်လွှားရန် ခက်ခဲသည့် အကျပ်အတည်းနှင့် ရင်ဆိုင်နေရသည်။ တဖက်တွင် စစ်အာဏာသိမ်းမှု အကျိုးဆက်များ အထူးသဖြင့် စစ်အာဏာသိမ်းမှုက ဖြစ်ပေါ်စေသည့် သမိုင်းဝင် ဆန္ဒပြပွဲများကို သတင်းယူရန် ၎င်းတို့တွင် တာဝန်ရှိသည်ဟု ခံယူကြသည်။ အခြားတဖက်တွင်လည်း စစ်ကောင်စီတပ်များက ငြိုငြင်နိုင်သော အလုပ်ကို လုပ်ဆောင်နေသောကြောင့်လည်းကောင်း၊ ၎င်းတို့သည် သတင်းသမားများဖြစ်ပြီး ၎င်းတို့အလုပ်ကို ၎င်းတို့လုပ်ဆောင်လိုသည်ဆိုသည့် ရိုးရှင်းသော အကြောင်းကြောင့်ပင် အဖမ်းခံရနိုင်ကြောင်း သူတို့သိသည်။ ထို့ကြောင့် အများအပြားသည် လျှို့ဝှက်လုပ်ဆောင်နေရပြီး အချို့က ပြည်ပသို့ ထွက်ခွာသွားကြသည်။
၎င်းတို့အလုပ်ကို ၎င်းတို့လုပ်ဆောင်လိုသည်ဆိုသည့် ရိုးရှင်းသော အကြောင်းကြောင့်ပင် အဖမ်းခံရနိုင်ကြောင်း သူတို့သိသည်။ ထို့ကြောင့် အများအပြားသည် လျှို့ဝှက်လုပ်ဆောင်နေရပြီး အချို့က ပြည်ပသို့ ထွက်ခွာသွားကြသည်။
မတ်လ ၈ ရက်။ အယ်ဒီတာအဖွဲ့ ရပ်တည်ချက် လွတ်လပ်သည်ဟု ကျော်ကြားသည့် သတင်းဌာန ၅ ခု၏ လိုင်စင်များကို စစ်ကောင်စီက ရုတ်သိမ်းလိုက်သည်။ ဒီမိုကရက်တစ်မြန်မာ့အသံ၊ ဆဲဗင်းဒေးသတင်းဌာန၊ ခေတ်သစ် သတင်းဌာန၊ မဇ္ဈိမ သတင်းဌာနနှင့် မြန်မာနောင်း သတင်းဌာနများသည် သတင်းများကို ထုတ်ဝေခွင့် သို့ ထုတ်လွှင့်ခွင့် မပြုနိုင်တော့ပေ။ ဗိုလ်ချုပ်များ ချမှတ်သည့် အမိန့်များကို မလိုက်နာသည့် အခြားသတင်းဌာနများသည်လည်း နောက်ဆုံးတွင် အလားတူ ကံကြမ္မာကို ရင်ဆိုင်ရနိုင်သည်။
မတ်လ ၁၅ ရက်။ လမ်းမပေါ် ဆန္ဒပြပွဲများကို သတင်းယူခြင်း ရပ်ဆိုင်းရန် ကတိပြုသည့် ခံဝန်ချက်များအား လက်မှတ်ရေးထိုးရန် ဖမ်းဆီးခံသတင်းသမားများကို ရဲက ဖိအားပေးသည်။
မတ်လ ၁၇ ရက်။ အယူခံခွင့်မရှိဘဲ သေဒဏ်ချနိုင်သည့် ရာဇဝတ်မှု ၂၃ မျိုးကို စစ်ကောင်စီကကြေညာသည်။ ထိုရာဇဝတ်မှုများတွင် မီဒီယာဥပဒေချိုးဖေါက်ခြင်းနှင့် သတင်းတု ဖြန့်ချိခြင်းလည်း ပါဝင်သည်။
ဧပြီလ ၄ ရက်။ ဒီမိုကရေစီ လိုလားသော လှုပ်ရှားမှုအကြောင်း သတင်းဖြန့်ချိခြင်းအတွက် အလိုရှိနေသော သတင်းသမားစာရင်းကို စစ်ကောင်စီမီဒီယာက နေ့စဉ်သတင်းများတွင် စတင်ထုတ်ဝေသည်။ ထိုပစ်မှတ်ထားသော သတင်းသမားများနှင့်ပတ်သက်ပြီး သတင်းပေးရန်လည်း စစ်အုပ်စုက လူထုကို တိုက်တွန်းသည်။
မေ-ဇွန်-ဇူလိုင် ၂၀၂၁၊ ကျစ်လစ်ခိုင်မာအောင် လုပ်ခြင်း
လွတ်လပ်သော မီဒီယာများအားလုံးကို မလှုပ်ရှားနိုင်အောင် လုပ်လိုက်ပြီး သတင်းသမား ဒါဇင်များစွာကို ထောင်ထဲ ထည့်ပြီးသောအခါ စစ်ကောင်စီသည် အကြောက်တရားလွှမ်းမိုးအောင် လုပ်သည့် ကနဦးရည်မှန်းချက် အောင်မြင်သွားသည်။ မြန်မာနောင်း သတင်းစာမျက်နှာ အယ်ဒီတာ ကိုဆွေဝင်းက နယ်စည်းမခြား သတင်းထောက်များအဖွဲ့သို့ ပြောကြားရာတွင် “အခု ကျနော်တို့ ကိုယ့်အလုပ်ကိုယ်ဆက်လက်ရင် ထောင်ချ သို့မဟုတ် သတ်ဖြတ်ခံရမယ့် အခြေအနေကို ရောက်နေပြီ” ဟုပြောသည်။ ဇွန်လတွင် စစ်ကောင်စီသည် ၎င်းတို့ထိန်းချုပ်မှုကို ကျစ်လစ်ခိုင်မာအောင် လုပ်သည့် အဆင့်ကို စတင်လိုက်သည်။
မေလ ၁၂ ရက်။ ဒီမိုကရက်တစ် မြန်မာ့အသံမှ သတင်းသမား ကိုမင်းညိုကို ရာဇဝတ် ပုဒ်မ ၅၀၅ (က) အရ ရာဇဝတ်ပုန်ကန်မှုဖြင့် စွပ်စွဲပြီး ထောင် ၃ နှစ်ချသည်။ သူသည် ဖေဖေါ်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းမှုအပြီး စစ်ခုံရုံးတွင် စီရင်ခံရသည့် ပထမဆုံး သတင်းသမားဖြစ်လာသည်။
မြန်မာနောင်း သတင်းစာမျက်နှာ အယ်ဒီတာ ကိုဆွေဝင်းက “အခု ကျနော်တို့ ကိုယ့်အလုပ်ကိုယ်ဆက်လက်ရင် ထောင်ချ သို့မဟုတ် သတ်ဖြတ်ခံရမယ့် အခြေအနေကို ရောက်နေပြီ” ဟုပြောသည်။
မေလ ၂၄ ရက်။ Frontier Myanmar သတင်းမဂ္ဂဇင်းမှ မန်နေဂျင်းအယ်ဒီတာ အမေရိကန် နိုင်ငံသား ဒန်နီဖန်စတားသည် မြန်မာမှ ထွက်ခွာခါနီးအချိန်တွင် ရန်ကုန်လေဆိပ်တွင် အကြောင်းမရှိဘဲ ဖမ်းဆီးခံရသည်။ လုံး၀ အငြင်းပွားဖွယ်ဖြစ်သော ထိုဖမ်းဆီးမှုသည် မြန်မာနိုင်ငံအခြေအနေကို သတင်းယူရန် မြန်မာသို့ လာရောက်သော နိုင်ငံခြားသတင်းသမား အားလုံးကို သတိပေးလိုက်ခြင်းပင်ဖြစ်သည်။
ဇွန်လ ၂ ရက်။ ဒီမိုကရက်တစ် မြန်မာ့အသံသတင်းထောက် ကိုအောင်ကျော်နှင့် မဇ္ဈိမအတွက် အလွတ်သတင်းထောက် ကိုဇော်ဇော်တို့ကို နိုင်ငံတောင်ပိုင်းမြို့ကြီးဖြစ်သည့် မြိတ်တွင် စစ်ခုံရုံးဖြင့် စီရင်သည်။ နှစ်ဦးစလုံးကို ရာဇဝတ်မှု ဥပဒေပုဒ်မ ၅၀၅ (က) အရ ထောင် ၂ နှစ်စီချသည်။
ဇွန်လ ၃၀ ရက်။ စစ်ကောင်စီ၏ ပုံရိပ်ကို ပိုမိုကောင်းမွန်ရန် လုပ်ဆောင်မှုအဖြစ် ဆန္ဒပြပွဲများကို သတင်းယူစဉ် ဖမ်းဆီးထားသည့် သတင်းသမား ၆ ဦးအပါအဝင် အကျဉ်းသားရာချီ ပြန်လွှတ်ပေးကြောင်း စစ်ကောင်စီရုပ်သံက ကြေညာသည်။ နောက်ရက်အနည်းငယ်အကြာတွင် ထိုသတင်းသမားများအနက် အချို့ပြန်လည်ဖမ်းဆီးခံရသောအခါ မျက်နှာဖုံးကွာကျသွားသည်။ ပြန်လည်ဖမ်းဆီးခံရသူများတွင် ဧရာဝတီတိုင်းမ် သတင်းထောက် ကိုအောင်မြသန်းလည်း ပါဝင်ပြီး သူ့ကို ဇူလိုင်လ ၁၀ ရက်နေ့တွင်ဖမ်းပြီး ထောင်ထဲပြန်ထည့်ထားသည်။
ဇူလိုင်လ ၂၀ ရက်။ ရဲက အမျိုးသမီးသတင်းသမား ၃ ဦးကို ရှမ်းပြည်အရှေ့ပိုင်း မြို့တော် တောင်ကြီးတွင်ဖမ်းသည်။ သံလွင်သွေးချင်းအမည်ရှိ လျှို့ဝှက်သတင်းဌာနကို လုပ်ကိုင်သည်ဆိုသည့် သံသယဖြင့် ဖမ်းခြင်းဖြစ်သည်။ ထိုမီဒီယာကဲ့သို့သော ဆက်လက်ခုခံနေသည့် အခြားသတင်းဌာနများကို စစ်ကောင်စီယန္တရားက တနိုင်ငံလုံးတွင် ချေမှုန်းနေသည်။ သတင်းလုပ်ငန်းကို ပိတ်ဆို့ထားသည်။
မြန်မာနိုင်ငံသည် ၂၀၂၁ ခုနှစ်က နယ်စည်းမခြားသတင်းထောက်များအဖွဲ့၏ သတင်းလွတ်လပ်ခွင့် အညွှန်းကိန်းတွင် နိုင်ငံပေါင်း ၁၈၀ အနက် ၁၄၀ တွင် ရှိနေသည်။
(နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) မှ The story of how press freedom was crushed in six months in Myanmar ကို ဘာသာပြန်ဆိုသည်။)
You may also like these stories:
အဖမ်းခံခဲ့ရတဲ့ သတင်းထောက်တွေ ဘယ်လိုတွေ ရင်ဆိုင်ခဲ့ရသလဲ
မရေရာမှုများကြားက CDM မြန်မာသံတမန်တွေ
စစ်ကောင်စီ၏ ညှင်းပမ်း သတ်ဖြတ်မှုများကို LGBTIQ တွေလည်း ခံစားနေရ
ကျန်းမာရေးအရာရှိ၏ ၇ နှစ်အရွယ် သားငယ်ကို စစ်ကောင်စီ ဖမ်းထား