အာဏာသိမ်း စစ်ကောင်စီ လက်အောက် ပျက်စီးယိုယွင်းနေတဲ့ ကျန်းမာရေး ယန္တရားဟာ ကိုဗစ်တတိယလှိုင်း ကူး စက်မှုကို ထိန်းချုပ်နိုင်ခြင်း မရှိသလို နေ့စဉ် ရာနဲ့ချီတဲ့ ပြည်သူ့အသက်တွေလည်း ဆုံးရှုံးနေရပါတယ်။
ဆေးရုံမှာ လူနာလက်မခံတာတွေ၊ အောက်ဆီဂျင်စက်ရုံတွေကို ဝင်ရောက်စီးနင်း ထိန်းချုပ်မှုကြောင့် အချိန်မီ ဆေးကု သခွင့်မရတာတွေ စသဖြင့် စစ်ကောင်စီရဲ့ စီမံခန့်ခွဲမှု အလွဲတွေနဲ့အတူ ပြည်သူတွေဟာ ကိုဗစ်တတိယလှိုင်းဒဏ်ကို ခါးစည်းခံနေရကြပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် မေလလယ်လောက်ကစပြီး ကိုဗစ်တတိယလှိုင်းအဖြစ် ကူးစက်မှုတွေ တဖန်ပြန် လည်မြင့်တက်လာကာ သေဆုံးနှုန်းဟာလည်း အမြင့်ဆုံး အနေအထားကို ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။
ဒီလိုအချိန်မှာပဲ အာဏာသိမ်း စစ်ကောင်စီဟာ ကိုဗစ်ကာကွယ်ဆေးထိုးမယ့် အစီအစဉ်တွေ စတင်လာပါတယ်။
စစ်ကောင်စီက ထိုးနှံပေးနေတဲ့ ကိုဗစ်ကာကွယ်ဆေးဟာ မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ်အဖြစ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရ လက်ထက်က ထိုးနှံပေးခဲ့တဲ့ အန္ဒိယနိုင်ငံထုတ် ကာကွယ်ဆေးမဟုတ်ဘဲ တရုတ်နိုင်ငံထုတ် Sinovac နဲ့ Sinopharm ကာကွယ်ဆေးတွေပဲ ဖြစ်ပါတယ်။
ကိုဗစ် ပထမလှိုင်းနဲ့ ဒုတိယလှိုင်းကို အစိုးရနဲ့အတူ လက်တွဲတွန်းလှန်ခဲ့ကြတဲ့ ပြည်သူတွေဟာ ဇန်နဝါရီ ၂၇ ရက်နေ့မှာ စတင်ခဲ့တဲ့ NLD ရဲ့ ကိုဗစ်ကာကွယ်ဆေး ထိုးနှံရေးအပေါ် မျှော်လင့်ချက်ကြီးခဲ့ကြပေမယ့် ရက်ပိုင်းအကြာမှာပဲ စစ် တပ်က အာဏာသိမ်းလိုက်တဲ့အခါ အရာအားလုံး ပျက်သုဉ်းသွားခဲ့ရပါတယ်။
စစ်အာဏာသိမ်းမှုအပေါ် ဆန့်ကျင်တဲ့ လူထုအတွက် စစ်ကောင်စီရဲ့ လုပ်ဆောင်မှုတိုင်းဟာ ဆန့်ကျင်ဘက် ဖြစ်နေခဲ့ပြီး စစ်ကောင်စီ ဆောင်ရွက်တဲ့ လုပ်ငန်းစဉ်တိုင်းကိုလည်း ပူးပေါင်းပါဝင်ခြင်း မပြုဘဲ သပိတ် မှောက်ခဲ့ကြပါတယ်။
ထိုအထဲ ကိုဗစ်ကာကွယ်ဆေးထိုးတဲ့ လုပ်ငန်းစဉ်လည်း ပါဝင်ပြီး စစ်ကောင်စီက ထိုးပေးတဲ့ဆေးကို မထိုးကြဖို့ တိုက် တွန်းလှုံ့ဆော်မှုတွေ ရှိခဲ့သလို NLD အစိုးရလက်ထက် ကာကွယ်ဆေး တကြိမ်စီထိုးထားကြတဲ့ ကျန်းမာရေး ဝန် ထမ်းတွေဟာလည်း အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်ကာ ရာထူးတာဝန်တွေကနေ စွန့်ခွာခဲ့ကြပါတယ်။
စစ်ကောင်စီဘက်ကလည်း NLD အစိုးရ ကြိုးပမ်းချက်နဲ့ အိန္ဒိယနိုင်ငံကနေ ရရှိခဲ့တဲ့ Covishield/Astrazenca ကိုဗစ် ကာကွယ်ဆေး ၃ သန်းခွဲကို ၎င်းတို့ စိတ်တိုင်းကျ အစီအစဉ်တွေနဲ့ ဆက်လက် ထိုးနှံခဲ့ပါတယ်။
NLD အစိုးရ လက်ထက်မှာ အန္ဒိယထံကနေ လူ ၁၅ သန်းစာအတွက် ကာကွယ်ဆေး အလုံးရေ သန်း ၃၀ ဝယ်ယူဖို့ ၂၀၂၀ ဒီဇင်ဘာလမှာ သဘောတူစာချုပ် ချုပ်ဆိုပြီး ဝယ်ယူခဲ့ရာမှာ ကာကွယ်ဆေး ၂ သန်းနဲ့ အန္ဒိယနိုင်ငံက လှူဒါန်း တဲ့ ၁ သန်းခွဲကို ကနဦး လက်ခံရရှိခဲ့ပါတယ်။
သို့ပေမယ့် ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်းမှာတော့ NLD အစိုးရနဲ့ အိန္ဒိယအစိုးရကြား စာချုပ်ချုပ်ဆို ဝယ်ယူထားတဲ့ ကိုဗစ်ကာကွယ်ဆေးတွေဟာ ယနေ့ထိတိုင် ထပ်မံ ရောက်ရှိလာခြင်း မရှိသေးပါ။
ဒီကြားထဲမှာတော့ မေလ ၂ ရက်နေ့က စစ်ကောင်စီအနေနဲ့ တရုတ်က လှူဒါန်းတဲ့ ကိုဗစ်ကာကွယ်ဆေး အလုံးရေ ၅ သိန်းကို ရရှိခဲ့ပြီး အဲဒီဆေးတွေနဲ့ ပထမအကြိမ် ထိုးနှံရာမှာ လူ ၁.၇ သန်းခန့်ကို ထိုးပေးခဲ့ကာ အသက် ၆၅ နှစ် အထက်ရှိသူ ၈ သိန်းခန့် ပါဝင်တယ်လို့ စစ်ကောင်စီ လက်အောက်ခံ သတင်းစာတွေက ဖော်ပြခဲ့ပါတယ်။
အဲဒီနောက် စစ်ကောင်စီဟာ တတိယလှိုင်း ကူးစက်မှု မြင့်တက်နေချိန် ဇူလိုင်လအတွင်းမှာပဲ တရုတ်နိုင်ငံက ဝယ်ယူခဲ့ တဲ့ Sinovac ဆေး ၄ သန်းထဲက အလုံးရေ ၁ သန်းနဲ့ တရုတ်နိုင်ငံက လှူဒါန်းတဲ့ Sinopharm ဆေး ၂ သန်းကို ရရှိခဲ့ပါ တယ်။
တရုတ်နိုင်ငံ ဝယ်ယူတဲ့ ကာကွယ်ဆေးအတွက် NLD အစိုးရ လက်ထက်မှာ ပြည်သူတွေ လှူဒါန်းငွေထဲက အမေရိကန် ဒေါ်လာ ၁၀ ဒဿမ ၅ သန်းကို ကနဦး ပေးချေခဲ့တယ်လို့ ဇူလိုင် ၁၆ ရက်နေ့မှာ စစ်ကောင်စီက ထုတ်ပြန်ခဲ့ပါတယ်။
သြဂုတ်လအတွင်းမှာလည်း နောက်ထပ် ကာကွယ်ဆေး ၃ သန်း ထပ်မံရောက်ရှိမှာဖြစ်ပြီး ရောက်ရှိပြီး ကာကွယ်ဆေး တွေကို အမြန်ဆုံးထိုးနှံပေးမှာ ဖြစ်တယ်လို့ စစ်ကောင်စီက ဆိုပါတယ်။
လက်ရှိမှာ စစ်ကောင်စီ အနေနဲ့ တရုတ်ထံက ရရှိထားတဲ့ ကာကွယ်ဆေးတွေကို အသက် ၆၅ နှစ် အထက်ရှိသူတွေ၊ ကာကွယ်ဆေး မထိုးရသေးတဲ့ ကျန်းမာရေး ဝန်ထမ်းတွေ၊ အစိုးရဝန်ထမ်းတွေ၊ စေတနာ့ဝန်ထမ်းတွေ အပါအဝင် ဦး စားပေးအုပ်စု ၁၂ စု သတ်မှတ်ပြီး စတင်ထိုးပေးနေပြီ ဖြစ်ပါတယ်။
ဒီလိုထိုးနှံပေးရာမှာ အင်းစိန်အကျဉ်းထောင်နဲ့ နေပြည်တော်အချုပ်ထောင်က အကျဉ်းသား၊ အချုပ်သား ၁,၀၀၀ ဝန်းကျင်ကိုလည်း ထိုးနှံပေးခဲ့ပါတယ်။
စစ်ကောင်စီရဲ့ ကာကွယ်ဆေးထိုး အစီအစဉ်နဲ့ ပတ်သက်လို့ တရုတ်ဆေးဖြစ်တာကြောင့် တကယ်ပဲ ထိရောက်ပါ့မလား ဆိုပြီး သံသယဖြစ်နေသူတွေနဲ့ စစ်ကောင်စီကို ဆန့်ကျင်တာကြောင့် မထိုးချင်သူတွေ ရှိနေသလို တဖက်မှာလည်း ကူး စက်မှုနဲ့ သေဆုံးမှု မြင့်တက်နေတဲ့ ကိုဗစ်တတိယလှိုင်း အခြေအနေကြောင့် ဆေးထိုးချင်သူတွေလည်း ရှိနေပါတယ်။
“ကာကွယ်ဆေးထိုးဖို့ အခွင့်ကြုံလာရင်တော့ ထိုးမှာပါ။ အခုက ကူးစက်တာတွေကလည်း တအားများနေတယ်လေ။ ထိုးလို့ရရင် ထိုးမှာပါ” လို့ အသက် ၇၀ ကျော်အရွယ် တရားလွှတ်တော်ရှေ့နေတဦးက ပြောပါတယ်။
ဆေးထိုးလိုခြင်း မရှိတဲ့သူတွေကတော့ အဓိက အချက်အနေနဲ့ တရုတ်ကာကွယ်ဆေးတွေဟာ စိတ်ချရမှု မရှိဘဲ လတ် တလော တရုတ်ဆေး ထိုးနှံထားကြတဲ့ နိုင်ငံတွေမှာလည်း ကူးစက်မှုတွေ မြင့်တက်နေတာတွေကြောင့် ဆေးအပေါ် ယုံ ကြည်မှု သိပ်မရှိဘူးလို့ ပြောဆိုကြပါတယ်။
ရန်ကုန်မြို့မှာ နေထိုင်တဲ့ အသက် ၆၀ ကျော်အရွယ် အမျိုးသမီးတဦးကတော့ “တရုတ်ဆေးက ဘာတွေမှန်းမသိဘူး။ စိတ်မချရဘူး” လို့ ပြောပါတယ်။
ဒါ့အပြင် ကာကွယ်ဆေး တကြိမ်သာထိုးလိုက်ရပြီး တချို့ဆို လုံးဝ မထိုးလိုက်ရသေးတဲ့၊ ပထမလှိုင်းနဲ့ ဒုတိယလှိုင်း တုန်းက ရှေ့တန်းကနေ တိုက်ပေးခဲ့တဲ့ CDM ကျန်းမာရေးဝန်ထမ်းတွေကိုလည်း အားနာတဲ့စိတ်တဲ့ စစ်ကောင်စီရဲ့ ကာကွယ်ဆေးကို မထိုးမယ့်သူတွေလည်း ရှိနေပါတယ်။
စစ်ကောင်စီ စီစဉ်ပေးတဲ့ဆေးကို ထိုးနှံလိုက်ရင် ၎င်းတို့ရဲ့ လုပ်ငန်းစဉ်မှာ ပူးပေါင်းပါဝင်သလို ဖြစ်မှာကြောင့် ဒွိဟဖြစ်နေ သူတွေ ရှိသလို တချို့ကလည်း ပြည်သူ့ဘဏ္ဍာနဲ့ ဝယ်ထားတဲ့ ဆေးတွေကို ပြည်သူတွေအနေနဲ့ ထိုးနှံဖို့ ထိုက်တန် တယ်လို့ ယူဆသူတွေလည်း ရှိပါတယ်။
တချို့ကလည်း ကိုဗစ်ကာကွယ်ရေးအတွက် ကာကွယ်ဆေးကို ထိုးနှံရမှာဖြစ်ပြီး ကျန်းမာမှသာ စစ်အာဏာရှင် တော် လှန်ရေးကို ဆက်လုပ်နိုင်မှာ ဖြစ်တယ်လို့လည်း ပြောဆိုကြပါတယ်။
စစ်ကောင်စီ လက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူတွေကတော့ ပြည်သူတွေ အနေနဲ့ ကာကွယ်ဆေး ထိုးကြဖို့ နေ့စဉ် တိုက်တွန်းနေပြီး Sinovac နဲ့ Sinopharm ကာကွယ်ဆေး ၂ မျိုးလုံးဟာ ရောဂါဝေဒနာ ပြင်းထန်မှု နဲ့ သေဆုံးမှုနှုန်းကို လျော့ချပေးနိုင်တယ်လို့ ဆိုပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကတော့ တရုတ်နိုင်ငံထုတ် Sinovac နဲ့ Sinopharm ကာကွယ်ဆေးတွေကို အရေး ပေါ် အသုံးပြုနိုင်တဲ့ ဆေးတွေအဖြစ် ပြီးခဲ့တဲ့ မေနဲ့ဇွန်လတို့မှာ ခွင့်ပြုပေးထားခဲ့ပြီး လက်ရှိမှာ ဒီဆေးတွေကို နိုင်ငံပေါင်း ၈၀ ကျော် အသုံးပြုနေကြပြီလို့ သိရပါတယ်။
ဒီကာကွယ်ဆေးတွေဟာ ပြင်းထန်နာမကျန်းဖြစ်မှု၊ ဆေးရုံ တက်ရောက်ရမှုတွေကနေ ကွယ်ကွယ်ပေးနိုင်တယ်လို့ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနမှ ဒေါက်တာခင်ခင်ကြီးက ပြောဆိုထားပါတယ်။
၎င်းက “လက်ရှိ WHO အသိအမှတ်ပြုတဲ့ ကာကွယ်ဆေးတွေ အားလုံးသည် ဗီဇပြောင်းမျိုးတွေကိုလည်း ၆၀ နဲ့ ၇၀ ရာခိုင်နှုန်း အထက် ကာကွယ်တယ်လို့ ပြောထားတာ ဖြစ်တဲ့အတွက် ကျမတို့သည် လက်ရှိ WHO အသိအမှတ်ပြုတဲ့၊ ဒီရောဂါကို ကာကွယ်နိုင်တဲ့၊ ဒိုင်းနဲ့တူတဲ့ ကာကွယ်ဆေးတွေလည်း ရရှိလာပြီဆိုတော့ ကာကွယ်ဆေး ထိုးဖို့တာဝန်က ပြည်သူတွေ ရဲ့ တာဝန်ပဲ ဖြစ်ပါတယ်” လို့ ဆိုပါတယ်။
ဒါ့အပြင် ကျန်းမာရေးဝန်ကြီးဌာနကလည်း ၎င်းတို့ထိုးနှံပေးမယ့် ကာကွယ်ဆေးနဲ့ ပတ်သက်လို့ WHO အသိအမှတ်ပြု ထားတဲ့ အာနိသင်ထက်မြက်ပြီး ဘေးကင်းလုံခြုံ စိတ်ချကာ အရည်အသွေး ကောင်းမွန်တဲ့ ဆေးများဖြစ်တယ်လို့ အာ မခံ ထုတ်ပြန်ထားပါတယ်။
တဖက်မှာလည်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေနဲ့ တိုင်းရင်းသားဒေသ ကျန်းမာရေးအဖွဲ့တွေနဲ့ ပူးပေါင်း ပြီး ကိုဗစ်-၁၉ ကာကွယ်ဆေးတွေ မကြာခင် ထိုးနှံပေးမယ်လို့ ဇူလိုင် ၂၅ ရက်နေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲ မှာ ပြောဆိုခဲ့ပါတယ်။
NUG အနေနဲ့ ကိုဗစ်ကာကွယ်ဆေး ၆ သန်း လက်ခံရရှိဖို့ ရှိနေပြီး တိုင်းရင်းသားဒေသတွေနဲ့ ပြည်သူတွေကို ကြားခံ အဖွဲ့အစည်းတွေကနေတဆင့် ထိုးနှံပေးနိုင်ဖို့ စီစဉ်နေတယ်လို့လည်း NUG ရဲ့ ကျန်းမာရေးနဲ့ ပညာရေးဝန်ကြီး ဒေါက် တာ ဇော်ဝေစိုး က ပြောထားပါတယ်။
သို့ပေမယ့် NUG ဘက်က ကာကွယ်ဆေး အမျိုးအစားနဲ့ ဘယ်အချိန်မှာ စတင်ထိုးနှံပေးမယ် ဆိုတာတော့ ထုတ်ဖော် ပြောဆိုတာမျိုး မရှိသေးပါဘူး။
လက်ရှိ မြန်မာပြည်သူတွေ ရင်ဆိုင်နေရတဲ့ ကိုဗစ်တတိယလှိုင်းဟာ ကူးစက်မှုနဲ့ သေဆုံးမှုတွေ မြင့်မားနေဆဲ ဖြစ်ပြီး ကိုဗစ်ဗီဇပြောင်းပိုးဖြစ်တဲ့ Alpha, Beta, Delta နဲ့ Kappa ၄ မျိုးအထိ တွေ့ရှိထားတယ်လို့လည်း ကျန်းမာရေးဝန်ကြီး ဌာနက ထုတ်ပြန်ထားပါတယ်။
ဒီအထဲက အန္ဒိယနိုင်ငံနဲ့ ထိစပ်နေတဲ့ ကလေး၊ တမူးဒေသမှာ တွေ့ရှိခဲ့တဲ့ Delta နဲ့ Alpha ဗီဇပြောင်းပိုးတို့ဟာ ကူးစက် မှု မြန်ဆန်ပြီး ရောဂါဝေဒနာ ပြင်းထန်တာ၊ သေဆုံးနှုန်း များတာတွေနဲ့ ဆက်စပ်မှု ရှိနေတယ်လို့ WHO ရဲ့ ပြောဆိုချက် ကို ဒေါက်တာခင်ခင်ကြီးက ကိုးကားပြောဆိုထားပါတယ်။
ဇူလိုင် ၃၀ ရက်အထိ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ ကိုဗစ်အတည်ပြုလူနာပေါင်း ၂၉၄,၄၆၀ ဦးရှိပြီး ဆေးရုံဆင်းခွင့်ရရှိသူ ၂၀၅,၆၇၇ ဦးနဲ့ သေဆုံးသူ စုစုပေါင်း ၈,၉၄၂ ဦး ရှိပြီ ဖြစ်ပါတယ်။
ဒီအချက်အလက်တွေဟာ စစ်ကောင်စီ လက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနရဲ့ စာရင်းသာဖြစ်ပြီး တကယ့် မြေပြင် မှာတော့ ကိုဗစ်ကူးစက်ခံရသူနဲ့ သေဆုံးသူ အရေအတွက်ဟာ ဒီထက်ပိုနေတယ်လို့ ကျန်းမာရေး ပညာရှင်တွေနဲ့ လူမှု ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ပြောဆိုထားကြပါတယ်။
ဒီလို ကိုဗစ်တတိယလှိုင်းဒဏ်ကို အလူးအလဲ ခံစားရင်ဆိုင်နေရတဲ့ ပြည်သူတွေ အနေနဲ့ ရရှိလာတဲ့ ကာကွယ်ဆေး တွေကို ထိုးနှံကြဖို့ ကျန်းမာရေးပညာရှင် တချို့က တိုက်တွန်းလာကြတာ ရှိပါတယ်။
ပြင်သစ်အခြေစိုက် Pfizer ဆေးကုမ္ပဏီမှ ကပ်ရောဂါဗေဒပညာရှင် ဒေါက်တာ တင်တင်ထားမြင့်က “အရည်အသွေး (Quality) ပြည့်တဲ့ ကာကွယ်ဆေး ကိုယ့်ဆီ ရောက်လာမယ်ဆိုရင် ထိုးစေချင်ပါတယ်။ အထူးသဖြင့် ဒီလို အချိန်မျိုးမှာ အသက်ရှင်မှ ဖြစ်မှာပါ။ ဖြစ်နိုင်ရင် ထိုးစေချင်ပါတယ်” လို့ အကြံပြု ပြောဆိုပါတယ်။
လတ်တလော တရုတ်ထံက ရရှိထားတဲ့ ကာကွယ်ဆေး ၃ သန်းကို လူ ၃ သန်းစာအတွက် ၁ ကြိမ်စီသာ ထိုးပေးမှာဖြစ် ပြီး သြဂုတ်လအတွင်း ဆေးတွေ ထပ်ရလာတဲ့အခါမှာ ထပ်မံထိုးပေးသွားမယ်လို့ ဒေါက်တာခင်ခင်ကြီးက ပြောထားပါ တယ်။
လက်ရှိမှာတော့ မြန်မာနိုင်ငံမှာ ၂၀၁၄ သန်းခေါင်စာရင်းအရ အသက် ၁၈ နှစ်အထက်ရှိသူ ၃၈ သန်းခန့်ရှိရာမှာ ပထမ အကြိမ် ကိုဗစ်ကာကွယ်ဆေး ထိုးနှံပြီးစီး အနေနဲ့ ၄ ရာခိုင်နှုန်းခန့်သာ ရှိသေးတယ်လို့ စစ်ကောင်စီဘက်က ပြောဆို ချက်တွေအရ သိရပါတယ်။
စစ်အာဏာရှင်ကို ရရာနည်းလမ်းတွေနဲ့ တော်လှန်နေတဲ့၊ လက်ရှိ အာဏာကို ရယူအုပ်ချုပ်နေတဲ့ စစ်ကောင်စီရဲ့ ကို ဗစ်ပြဿနာကို ကိုင်တွယ် နိုင်စွမ်းမရှိခြင်းရဲ့ အကျိုးဆက်တွေကို ကျောကော့အောင်ခံနေရတဲ့ ပြည်သူတွေဟာ မိမိတို့ အသက် ရှင်သန်ရေးအတွက် ကာကွယ်ဆေး ထိုးဖို့၊ မထိုးဖို့ ခုအချိန်မှာ စဉ်းစားဆုံးဖြတ်ကြရတော့မှာ ဖြစ်ပါတယ်။ ။
You may also like these stories:
ကိုဗစ်နိုင်တင်းကြောင့် နိုင်ငံတကာအကူအညီ မြန်မာလို
စစ်ကောင်စီက တရုတ်ကိုဗစ်ကာကွယ်ဆေး ၃ သန်းကျော် ထိုးပေးရန် စီစဉ်
ဆရာဝန်များကို လိုက်ဖမ်းနေသည့် စစ်ကောင်စီ ဝေဖန်ခံနေရ