အချိန်က ဇူလိုင် ၆ ရက် နံနက် ၃ နာရီ ဝန်းကျင်ဖြစ်သည်။ ဖုန်းမြည်သံကြောင့် အိပ်နေရာမှ လန့်နိုးသွားခဲ့သည်။ အိပ်ယာဘေးရှိ ဖုန်းကို လှမ်းယူကြည့်လိုက်ရာ ကျနော့်အမေဆီက ဖုန်းဝင်လာခြင်းဖြစ်သည်။
“သားရေ အမေ အဖျားတွေတက်ပြီး ဝမ်းလည်းသွားနေတယ်။ အမေကို လာခေါ်လို့ရရင် လာခေါ်ပေးပါ” ဟု ဖုန်းကတဆင့် ဆက်သွယ်ပြောလာသူက အသက် ၇၁ နှစ်ရှိပြီဖြစ်တဲ့ ကျနော့်မိခင်ဖြစ်သည်။ ကျနော် ခေါင်းတွေ ထူပူသွားသလို မိန်းမဖြစ်သူကလည်း ချက်ချင်း အိပ်ရာမှထ ကိုယ်လက်သန့်စင်ပြီး သွားဖို့ ပြင်ဆင်လေတော့သည်။
သို့သော် ကျနော်နေသော မြို့နယ်က ကာဖျူးရှိနေသည်။ ည ၁၀ နာရီမှ နံနက် ၄ နာရီအထိဖြစ်ရာ နေအိမ်မှ ထွက်ရန် တနာရီနီးပါးလိုသေးသဖြင့် အချိန်ပြည့်အောင် စောင့်ဆိုင်းနေလိုက်သည်။ နံနက် ၄ နာရီထိုးသည်နှင့် တပြိုင်တည်း ကျနော်တို့ ကားငှားရန် လမ်းပေါ် စထွက်ခဲ့သည်။ ကားတစီးတလေမှ မတွေ့ ။ ကျနော်တို့ နေထိုင်ရာ အိမ်ရာအတွင်းရှိ ရင်းနှီးသူကို နှိုးကာ မိခင်ဖြစ်သူဆီသို့ တက်သုတ်ရိုက် ထွက်လာခဲ့သည်။
“ဖျားတယ်ဆိုရင် ဝင်လို့ မရဘူး။ အထဲက ဆရာဝန်တယောက်ဖုန်း နံပါတ်ပေးမယ်။ အဲ့အပြင်ကနေဘဲ ဖုန်းဆက်လှမ်းမေးလိုက်။ ဝင်လို့ တော့မရဘူး။”
မိခင်ဖြစ်သူ နေထိုင်ရာ နေအိမ်မှ တဆင့် အနီးဆုံးပုဂ္ဂလိက ဆေးရုံသို့ ခေါ်ဆောင်ပြသရာ လက်မခံ၊ ဆေးစစ်ချက်သာ ရယူလိုကြောင်း ရှင်းပြသော်လည်း လူနာကို ကြည့်ကာ ကိုဗစ်နိုင်တင်း လက္ခဏာနှင့် နီးစပ်နေသဖြင့် မစစ်ဆေးပေးနိုင်ကြောင်း ပြောကြားပြီး အစိုးရ မြို့နယ်အဆင့် ကျန်းမာရေးဦးစီးဋ္ဌာနသို့ သွားရန်သာ ညွှန်ကြားသည်။
ထို့နောက် လူသူကင်းမဲ့နေသော မြို့နယ်အဆင့် အစိုးရပြည်သူ့ဆေးရုံသို့ အရောက် အနည်းငယ်ဖွင့်ထားသော ခြံတံခါးကို တွန်းဝင်ဖို့ ကြိုးစားနေစဉ်မှာပင် အတွင်းမှ စူးစူးရှရှ မိန်းမအော်သံတခုထွက်လာသည်။ “ဖျားတယ်ဆိုရင် ဝင်လို့ မရဘူး။ အထဲက ဆရာဝန်တယောက်ဖုန်း နံပါတ်ပေးမယ်။ အဲ့အပြင်ကနေဘဲ ဖုန်းဆက်လှမ်းမေးလိုက်။ ဝင်လို့ တော့မရဘူး။”
ပေးသော ဖုန်းနံပါတ်ကိုယူ၍ ဆက်သွယ်ရာ ဆရာဝန်ဖြစ်ဟန်တူသူ တဦးဖုန်းကိုင်၍ ကိုဗစ်နိုင်တင်းအတွက် သံသယရှိပါက သွာရောက်စစ်ဆေးရမည့် ပုဂ္ဂလိက ဆေးခန်းအချို့ကို ညွှန်ကြားပြန်သည်။ ညွှန်ကြားသည့် ဆေးခန်းသို့ သွားရောက်ရာတွင်လည်း ပိတ်ထားသည်မှာ တပတ်ရှိပြီ ဖြစ်ကြောင်းနှင့် မည်သည့် လူနာမှ လက်မခံကြောင်း လုံခြုံရေး ဖြစ်သူက အပေါက်ဝမှပင် စီးပြော ပြန်သည်။ ကျနော်တို့ လင်မယားဆုံး ဖြတ်ချက်တခုကို ပိုင်ပိုင်နိုင်နိုင် ချလိုက်သည်။ အမေ့ကို အိမ်သို့ ပြန်လည်ခေါ်ဆောင်သွားရန်ပင်။
ထိုအတွေ့အကြုံသည် အာဏာသိမ်းစစ်ကောင်စီလက်ထက် တတိယအကြိမ်မြောက် ဖြစ်ပွားနေသော မျိုးဗီဇပြောင်း ကိုဗစ်နိုင်တင်း ကူးစက်မြန်ကပ်ရောဂါအတွက် အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှု ရှာဖွေရာတွင် မျှော်လင့်ချက်မဲ့နေသော မိသားစုတစု၏ အခြေအနေဟု ဆိုနိုင်သော်လည်း အလားတူ ကျနော့်လို မိသားစုမျိုးတွေ ဘယ်လောက်တောင် ရှိနေခဲ့ပြီလဲ။
စစ်အစိုးရပိတ်ထား၍ ဗီပီအန်ခံ ဝင်ရသော ဖေ့ဘွတ်လူမှုကွန်ရက်သာ လိုအပ်သည့် သတင်းအချက်အလက်နှင့် ပြင်ပဆက်သွယ်ရေး အားကိုးစရာ ရှိတော့သည်။
ကျနော့်မိခင်မှာ အဖျား သုံးရက်တိတိ တက်ပြီးနောက်ပိုင်း ချွေးအနည်းငယ်ထွက်လာကာ အဖျားပြန်လည်ကျသွားသည်။ ခေါင်းမှာ မထူနိုင်လောက်အောင် ကိုက်ခဲနေပြီးနောက် ချောင်း တဟွတ်ဟွတ် စတင်ဆိုးလာ တော့သည်။ အစားအသောက် မစားချင်တော့။ ပိုဆိုးသည်မှာ အနံ့နှင့် အရသာပါပျောက်ကာ အသက်ရှု ဝတချက် မဝတချက်ဖြစ်လာသည်။ ကျနော်တို့ အထင် မလွဲပေ။ အမေ ကိုဗစ်နိုင်တင်းကူးစက် ခံရပေပြီ။
ကျနော်တို့မှာ အမေ့အတွက် လိုအပ်သည်များ ပြုစုပေးရုံမှတပါး အခြားသော ဆေးဝါးဆိုင်ရာ ကုသမှု ခံယူရန် မရရှိတော့သည့် အနေအထားဖြစ်နေသည်။ အမေ့ကို အောက်စီဂျင်တိုင်းတာသည့်အခါ ပုံမှန်မဟုတ်ပေ။ တခါတရံ ၈၀ အောက် ကျဆင်းနေသည်။ တခါတလေ ၉၀ အတိဖြစ်သည်။ နောက်တခါတိုင်းလျှင် ၉၄ အများဆုံးဖြစ် အောက်စီဂျင် အတက်အကျ မငြိမ်ဖြစ်နေသည်။
စစ်အစိုးရပိတ်ထား၍ ဗီပီအန်ခံ ဝင်ရသော ဖေ့ဘွတ်လူမှုကွန်ရက်သာ လိုအပ်သည့် သတင်းအချက်အလက်နှင့် ပြင်ပဆက်သွယ်ရေး အားကိုးစရာ ရှိတော့သည်။
လူမှုကွန်ရက်မှတဆင့် အသိမိတ်ဆွေများ၏ ညွှန်ကြားပေးမှုများအတိုင်း လိုအပ်သည့် ဆေးဝါးကို ယခင်ဈေးထက် အဆမတန်ကြီးမြင့်ကာ ဝယ်ယူ တိုက်ကျွေးရသည်။ အမေ အောက်စီဂျင်ကျသွားပါက ရှုရန် ပရဟိတသမားများကို ချိတ်ဆက်သော်လည်း အချည်းနှီးပင်။ အလွယ်တကူ မရနိုင်ကြောင်းနှင့် ၎င်းတို့ အနေဖြင့်လည်း ရန်ကုန်မြို့နေရာစုံ ရှာဖွေနေကြသော်လည်း အခက်အခဲ ကြုံနေရကြောင်း ဆိုသည်။ အောက်စီဂျင်ရရှိပါက ပြန်လည်ဆက်သွယ်ပေးပါမည်ဟုသာ ဆိုသည်။
ယခု တတိယလှိုင်းတွင် မိမိပတ်ဝန်းကျင်နှင့် ဆွေမျိုးသားချင်းများထဲမှ သေဆုံးမှုများ တွေ့လာရသည့်အတွက် ကိုဗစ်ရောဂါဟာ အနားသို့ ရောက်လာသလို ခံစားရသည်။
ကံကောင်းသည်က အသက် ၇၁ နှစ်အရွယ်မိခင်ကြီးမှာ တပတ်အကျော်အထိ အောက်စီဂျင်ထိုး ကျသွားခြင်းမရှိချေ။ ဝယ်ယူထားသော ဆေးများကို တနေ့လျှင် သုံးကြိမ် တိုက်ခြင်း၊ ရေနွေးငွေ့ တရက်လျှင် နှစ်ကြိမ်မှ သုံးကြိမ်အထိ ရှုစေခြင်း အပါအဝင် အခြားသော ကိုဗစ်နိုင်တင်း ကူးစက်ခံထားရသူတိုင်း လိုက်နာရမည့်အချက်များကို လိုက်နာခြင်းဖြင့် နေထိုင်ရင်း အမေ သက်သာလာခဲ့သည်။
ထိုရက်များအတွင်း ကျနော့်ဇနီးသည်မှာ နေ့စဉ် ဈေးသွားနေရာမှ တရက်ခြားသာ ဈေးသွားတော့သည်။ တရက်ခြား တခါမသွားလို့ မဖြစ်ချေ။ ကုန်ဈေးနှုန်းကိုလည်း မျက်ချေပြတ်ခံ၍ မဖြစ်။ ဈေးသွားသည့်နေ့ ဝယ်ယူမည့်ဆေးဝါးနှင့် အစားအသောက်မှာ ဈေးနှုန်း တရိပ်ရိပ်တက်လာနေသည်။ ဈေးအပြန် ဝယ်ယူထားသော ပစ္စည်းများနှင့်အတူ ရေချိုးခန်းအတွင်း ဝင်ကာ ပိုးသတ်ဆေးဖြန်းခြင်း၊ ရေဆေးကြောခြင်းများ ပြုလုပ်သကဲ့သို့ သူဝတ်ထားသည့် အဝတ်အစားများကို ဇလုံအတွင်းသို့ ဆပ်ပြာမှုန်ဖြင့် စိမ်ထားရသည်။ ထို့နောက် ရေချိုးပြီးမှ ထွက်လာရသည်က ဈေးသွားတိုင်း သူမ၏ နိစ္စဓူ၀ လုပ်ဆောင်ခြင်းများဖြစ်သည်။
အိမ်အတွင်း အရက်ပျံနံ့နှင့် Dettol နံ့က အမြဲနေရာယူနေသည်။ ထို့အပြင် အိမ်တွင် လိုအပ်သည့် ပစ္စည်းများ ထွက်ဝယ်ရသည့် အခါရှိပြီး၊ သွားဝယ်ချိန်တိုင်းတွင် Mask တပ်ခြင်း၊ လက်အိတ်စွပ်ခြင်းများကို လုပ်ဆောင်နေရသည်။
ယခုအချိန်က သတိကြီးကြီးထားကာမှ တော်ရာကျမည်။ နေ့စဉ် သေဆုံးမှုတွေရှိလာတာကြောင့် ကိုဗစ်ရောဂါပိုးဟာ လူတိုင်းနှင့် နီးစပ်နေလာသည်ဟု ခံစားရသည်။ ယခင်က လူမှုကွန်ယက်စာမျက်နှာအပေါ်၌ ကိုဗစ်ကြောင့် သေဆုံးသည်ကို ကြားသိနေရသော်လည်း မိမိပတ်ဝန်းကျင်က လူများမပါဝင်ခဲ့သောကြောင့် ကိုယ်နှင့် ရောဂါပိုးဝေးနေသလို ခံစားရပြီး ယခု တတိယလှိုင်းတွင် မိမိပတ်ဝန်းကျင်နှင့် ဆွေမျိုးသားချင်းများထဲမှ သေဆုံးမှုများ တွေ့လာရသည့်အတွက် ကိုဗစ်ရောဂါဟာ အနားသို့ ရောက်လာသလို ခံစားရသည်။
ကိုဗစ်နိုင်တီး ရောဂါပိုး ကူးစက်ခံစားရပြီဆိုလျှင် အောက်စီဂျင်နှင့် တွဲမြင်ကြသည်မှာ မဆန်းကြယ်ပေ။ ယင်းရောဂါသည် လူတိုင်း၏ အသက်ရှုလမ်းကြောင်း ဆိုင်ရာ လုပ်ဆောင်ချက်များကို တိုက်ခိုက်ခံရသဖြင့် အသက်ရှုမ၀ဖြစ်လာရာမှ အသက်ကြပ်ကာ သေဆုံးခြင်းမျိုးဖြစ်သည်။ နေ့စဉ်သတင်းများတွင် ကူးစက်ခံသူများသေဆုံးခြင်းနှင့် အောက်စီဂျင် လိုအပ်ချက်မှာ မညီမျှသည့် အခြေအနေကို ဖတ်နေရသည်။ အောက်စီဂျင်လိုအပ်ချက်မှာလည်း ယနေ့အထိ မြင့်တက်နေဆဲဖြစ်သည်။
ကြံရာမရ ဖြစ်နေသော အာဏာသိမ်းစစ်ကောင်စီကမူ တနေ့လူထောင်ချီ မီးသင်္ဂြိုဟ်နိုင်သော စက်သစ်များ ဆောက်ပေးခဲ့သည်။
သေဆုံးမှုကြောင့် ခရိုင်အလိုက် သုဿန်များတွင် အလောင်းများ ပုံလာခဲ့သည်။ တရက်လျှင် တထောင်ကျော်လာပြီး အလောင်းသယ်ယူရာတွင်လည်း ကားတစီး ၂ လောင်း ၃ လောင်း မျှတင်နေကြရသည်။ ယင်းနှင့် ပတ်သက်၍ စစ်ကောင်စီအဖွဲ့များက မဟုတ်ကြောင်း ဖုံးဖိနေခဲ့ကြသေးသည်။ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာခေတ်ဆိုသည်ကို ၎င်းတို့ မေ့များ မေ့နေရော့သလားပင် ထင်မိသည်။
စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက တတိယလှိုင်းစတင်ချိန်မှ ဇူလိုင် ၂၇ ရက် ည ၈နာရီအထိ ဓာတ်ခွဲနမူနာစုစုပေါင်း ၃၁၀၂၆၈၈ ဦး စစ်ဆေးခဲ့ပြီး အတည်ပြုလူနာ စုစုပေါင်း ၂၇၉၁၁၉ ဦးကြောင်း ထုတ်ပြန်ထားသည်။ ယင်းတို့အနက် ဆေးရုံဆင်းခွင့်ရှိသူ ၁၉၄၄၁၀ ဦး ၊ သေဆုံးသူ စုစုပေါင်း ၇၈၄၅ ဦးတို့ဖြစ်ကြောင်း ထုတ်ပြန်ဖော်ပြထားသည်။ သို့သော် မြေပြင်တွင် တရက် ကူးစက်ခံရမှုနှုန်းနှင့် သေဆုံးမှုနှုန်းများ ကွာခြားလျက်ရှိသည်။
ထိုကဲ့သို့ သုဿာန်များတွင် အဆမတန် များပြားစွာ သေဆုံးနေမှုများသည် အသက်ရှုကြပ်ခြင်း၊ အောက်ဆီဂျင် ကျဆင်းခြင်း အစရှိသည့် ကိုဗစ်ရောဂါ လက္ခဏာများဖြင့် သေဆုံးသူများဖြစ်ပြီး ဆေးရုံနှင့် ကိုဗစ်ကုသရေး စင်တာများက လက်မခံကြသည့်အတွက် အိမ်တွင်းကုသမှုများ၏ နောက်ဆက်တွဲ အခြေအနေများ ဖြစ်ကြောင်း ကိုဗစ်အရေး ဆောင်ရွက်ပေး နေသည့် ပရဟိတအသင်းအဖွဲ့များက ဆိုကြသည်။
ကြံရာမရ ဖြစ်နေသော အာဏာသိမ်းစစ်ကောင်စီကမူ တနေ့လူထောင်ချီ မီးသင်္ဂြိုဟ်နိုင်သော စက်သစ်များ ဆောက်ပေးခဲ့သည်။ ပြည်သူမလိုလားသည့် အာဏာသိမ်း ဖြစ်စဉ်အပြင် ကပ်ရောဂါကပါ ဆင့်ကဲ ဖြစ်ပေါ်လာတာကြောင့် ပြည်သူလူထုအတွက် သောကပေါ်အပူဆင့်လို့ မျှော်လင့်ချက်မဲ့ နေကြသော အခြေအနေမျိုးပင်။
ကျနော်နေထိုင်ရာ ပတ်ဝန်းကျင်ကို ကြည့်မည်ဆိုလျှင် ကျနော်တို့သာမက လုပ်ဖော်ကိုင်ဖက် အခြား သတင်းသမားတဦး၏ မိသားစုဝင်သုံးဦးစလုံး ကိုဗစ်နိုင်တီး ကူးစက်ခံနေရသည်။ ကျနော်ပင် လိုအပ်မည်ထင်သည့် ပစ္စည်းအချို့ ဝယ်ခြမ်းပို့ပေးရသည်။ မိသားစုသုံးဦးမှာ ဆေးဝါး လိုအပ်ချက်အတွက် အပြင်ထွက်၍ပင် မဝယ်ကြချေ။ “ လူစိတ်ရှိလို့ လူထဲမလာတာ။ သူတို့ကြောင့် အခြားသူ ကူးစက်ခံရမှာဆိုးလို့ လိုအပ်တဲ့ဆေးဝါးတောင် ဆင်းမဝယ်တာ ကြည့်ပေါ့။ လိုအပ်တာကို တတ်နိုင်သလောက် ကူညီရမယ်” ဟု လည်း ကျနော့်ဇနီးက အားပေးသည်။
ကျနော်နှင့် ကျနော့်အမေ ကူးစက်ခံရသည်ကို ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ ဆေးရုံ ဆေးခန်းများက စစ်ဆေးစမ်းသပ်ပြီး တွေ့ရှိခြင်း မဟုတ်ပါ။ ကိုယ်ခံစားနေရသည့် ဝေဒနာအပေါ် ကြည့်ကာ ကိုဗစ်ဆိုသည်ကို သိလိုက်ခြင်းပင်ဖြစ်သည်။
ကျနော့်မှာ သူငယ်ချင်းမိသားစုကို မျက်ခြေမပြတ် ဖုန်းဖြင့် ဆက်သွယ်မေးမြန်းပြီး မှာကြားသည့် ပစ္စည်းအနည်းငယ်နှင့် အိမ်မှ ချက်ပြုတ်သည့် အစားအသောက်အချို့ကို ပို့ဆောင်ပေးရသည်။ သူငယ်ချင်းဖြစ်သူမှာ ဝမ်းနည်း၍ မျက်ရည်ကျသဖြင့် အားပေး နှစ်သိမ့်ပေးရသေးသည်။ သို့သော် သူမတို့ မိသားစု သုံးယောက်သည် အာဂ သတ္တိခဲများဖြစ်သည်။ လိုအပ်သည်အရာများ ဝယ်ခြမ်းထားပြီးတပြိုင်နက် အခန်းတံခါးပိတ်ကာ ကိုဗစ်ကို ကြံ့ကြံ့ခံတိုက်သည်။
ဒီကြားထဲ ကျနော်ကိုယ်တိုင်က မိခင်ကို အနီးကပ်ပြုစုရာမှတဆင့် ကိုဗစ်နိုင်တီး ကူးစက်ခံလိုက်ရကာ သူငယ်ချင်းမိသားစုကိုပါ မကူညီနိုင်တော့သည့် အဖြစ်ကို ရောက်ရပေတော့သည်။ ဇနီးသည်ဖြစ်သူမှာလည်း မိခင်နှင့် ကျနော့် အကြား တလှည့်စီ ပြုစုရင်းဖြင့် မအားလပ်တော့ပေ။ ကံကောင်းသည်က အိမ်တွင် ကျန်ရှိသော အမျိုးသမီးနှင့် ခယ်မဖြစ်သူမှာ ကူးစက်ခံရသည့် လက္ခဏာ ယနေ့ထိ မတွေ့ရခြင်းပင်။
ကျနော့်အခြေအနေကို ပြောရလျှင် ဇူလိုင် ၈ ရက် အဖျားတက်မည့်နေ့ ညပိုင်းက ကိုဗစ်မကူးစက်စေရန် အရက်သောက်ရသည်ဆိုသဖြင့် အရက်သောက်လိုက်သေးသည်။ ကိုဗစ်ရောဂါ မကူးစက်ရန် အရက်သောက်ရသည်ဆိုခြင်းမှာ အထင်နှင့် အမြင်လွဲချေပြီ။ ဇူလိုင် ၉ ရက် နံနက် ၁ နာရီ အချိန်တွင် အဖျားတွေ စတက်တော့သည်။ ကျောထဲက စိမ့်ကာ ချမ်းတက်လာပြီးနောက် ခေါင်းတွေ ကိုက်ခဲလာသည်။ နှစ်ရက်ဆက်တိုက် အဖျားတက်လိုက် ကျလိုက်ဖြစ်ပြီးနောက် အနံ့ စတင်ပျောက်တော့သည်။ အနံ့ပျောက်ပြီး နောက်တရက် အရသာပါ မရတော့ချေ။ ကြိမ်းသေပြီ ကိုယ်ဖတ်ဖူး မှတ်ဖူးသလောက် ဒါ ကိုဗစ်ကူစက်ခြင်းဖြစ်သည်။
ဒီနေရာမှာ ကျနော်တခု ပြောချင်သည်မှာ ကျနော်နှင့် ကျနော့်အမေ ကူးစက်ခံရသည်ကို ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ ဆေးရုံ ဆေးခန်းများက စစ်ဆေးစမ်းသပ်ပြီး တွေ့ရှိခြင်း မဟုတ်ပါ။ ကိုယ်ခံစားနေရသည့် ဝေဒနာအပေါ် ကြည့်ကာ ကိုဗစ်ဆိုသည်ကို သိလိုက်ခြင်းပင်ဖြစ်သည်။ ထို့ကြောင့် ကိုဗစ်ကူးစက်ခံရသူများ ဆောင်ရန် ရှောင်ရန်များကို လိုက်နာကာ နေထိုင်မှုပုံစံအသစ်ကို ကျင့်သုံးလိုက်သည်။
ကျနော် ကူးစက်ခံရပြီးနောက် ခေါင်းများ ကိုက်ခဲခြင်း၊ ကိုလက်နာကျင်ခြင်း၊ ချောင်းခြောက် တခါတရံ ဆိုးခြင်းနှင့် မည်သည့် အစားအစာကိုမှ မက်မက်မောမော မစားချင်တော့ပေ။ ဇနီးသည်လုပ်ပေးသော ကြက်စွပ်ပြုတ်နှင့် ဆန်ပြုတ်မှ လွဲ၍ ဘာမှမစားချင်ပေ။ စားချင်စိတ်လည်း မရှိပေ။ ဒီလိုနှင့် ၁၀ ရက်မြောက်သောနေ့တွင် အနံ့ပြင်းပြင်းများ ပြန်ရလာသည်။ အနံ့အပျော့လေးများ မရသေးချေ။
နောက်တရက်တွင် အနံ့ပျော့ပျော့လေးများပါ ပြန်လည်ရရှိလာပြီးနောက် အနံ့အားလုံပြန်ရကာ အစားအသောက်များ စားချင်စိတ်ဖြစ်လာသည်။ နေမကောင်းစဉ် အစားမစားသည့် ၁၀ ရက်လုံးအတွက် အတိုးချစားသလားပင်ထင်ရသည်။ စားပြီးရင် စားချင် အရသာမှာလည်း အလွန်ကောင်းလာသည်။ သတိထားမိသည့် ထူးဆန်းမှုတခုမှာ အနံ့ရသည်နှင့် တပြိုင်နက်အရသာပါ ရလာသည်။ အနံ့ပျောက်တုန်းကလည်း အရသာပါ တွဲ၍ ပျောက်ခဲ့သောကြောင့် ဘာမှ မစားချင် မသောက်ချင်ခဲ့သည်ကို သတိပြုမိသည်။
ရက်ပေါင်း ၁၄ ရက်ပြည့်ပြီးနောက်ပိုင်း ကျနော် အစာစားနှုန်းက ပြန်တက်လာသည်။ စားပြီးလျှင် ဗိုက်ဆာနေတတ်ပြန်သည်။ တခုရှိသည်မှာ တထိုင်တည်း အဝစားလျှင် ရင်ထဲပြည့်ကျပ်လာပြီး အသက်ရှုမဝသလို ခံစားလာရသည်။ ထို့ကြောင့် နည်းနည်းနှင့် ခဏခဏစားသည့် ပုံစံကို ပြောင်းလဲ ကျင့်သုံးလိုက်ရသည်။
နောက်ပိုင်း ကူးစက်ခံရမှုပျောက်ပြီးနောက် ကျန်ခဲ့သည့် လက္ခဏာမှာ နည်းနည်း လှုပ်လျှင် မောသည်။ များများလှုပ်လျှင် များများမောသည်။ ထို့အပြင် ကျောနှင့် ရင်နှင့် ညှပ်အောင့်သည့် လက္ခဏာ မကြာခဏဆိုသလိုခံစားရသည်။ အသက်ရှုလေ့ကျင့်ခန်းလုပ်တိုင်း ဘယ်ဘက်ရင်အုံအတွင်းမှ တဆစ်ဆစ်ဖြင့် နာကျင်တတ်သည်။ ထိုအရာဖြစ်သည်များမှ လွဲ၍ စားကောင်းသည်။ အိပ်ကောင်းသည်။ ဒီနေရာမှာ ထူးခြားသည်ကို ဆက်ပြောရလျှင် ရောဂါကူးစက်မှု မခံရခင်အထိ အိပ်ယာဝင်လျှင် မိုးလင်းအထိ တချိုးတည်း အိပ်တတ်သော်လည်း ကူးစက်ခံရပြီးနောက်ပိုင်း ခဏခဏနိုးသည်။ အပေါ့ ခဏခဏ သွားနေခြင်းကို သတိပြုမိသည်။ လေ့လာကြည့်ချက်အရ ကိုဗစ်နိုင်တင်းသည် ကျောက်ကပ်အလုပ်ကိုလည်း ဖျက်ဆီးပစ်တတ်သည်ဟု သိရသည်။
ထိုရက်ပိုင်းအတွင်း ကျနော်နေထိုင်သော လမ်းထိပ်ရှိ တိုက်ခန်းတခုမှ ကျနော်နှင့် သက်တူရွှယ်သူ တဦးှမှာ သေဆုံးခဲ့သည်။ သေဆုံးသူ၏ အိမ်တွင် အသက်၈၀ ကျော်အဖွားအိုတဦးနှင့် ၅၀ ဝန်းကျင်ခန့်ရှိသည့် အမျိုးသမီးတဦး ကျန်ရစ်ခဲ့သည်။ နောက်ရက်တွင် အဆိုပါအိမ်မှ အလံဝါထောင်သဖြင့် ပတ်ဝန်းကျင် ဆေးဆိုင်တဆိုင်က ဆေးဝါးအချို့ သွားပို့ပေးခဲ့သည်။ အဆိုပါ အလံအဝါထောင်ထားသော အခန်းကို လူမှုကွန်ရက်တွင် တွေ့ပြီး အကူအညီများ လာပေးလိုကြောင်း ကျနော့်ထံ ဖုန်းများဝင်ရောက်လာသောကြောင့် ယင်းအခန်းကို လမ်းညွှန်ပြခဲ့သည်။ ပြည်သူမှ ပြည်သူသို့ အထောက်အပံ့များ ပေးနေသည်ကို ရှင်းလင်းစွာ တွေ့မြင်ခဲ့ရပြီး ငါတို့အတွက် ငါတို့ပဲရှိတယ်ဆိုသည်ကို ကောင်းကောင်းကြီး နားလည်မိသည်။
ပြည်သူမှ ပြည်သူသို့ အထောက်အပံ့များ ပေးနေသည်ကို ရှင်းလင်းစွာ တွေ့မြင်ခဲ့ရပြီး ငါတို့အတွက် ငါတို့ပဲရှိတယ်ဆိုသည်ကို ကောင်းကောင်းကြီး နားလည်မိသည်။
သို့သော် မြောက်ဒဂုံမြို့နယ်က ကျန်းမာရေးကိစ္စများအတွက် တပိုင်တနိုင် ကူညီဆောင်ရွက်ပေးနေသော အမည်မဖော်လိုသူ ပရဟိတ လူငယ်အချို့က “ကျန်းမာရေးနဲ့ ပတ်သက်လို့ အစိုးရ(အာဏာသိမ်းစစ်ကောင်စီ) ရဲ့ အပေါ် အားရကျေနပ်မှု လုံးဝမရှိဘူး။ သူတို့လိုအပ်ချက်တွေ ဖြည့်ဆည်းဖို့ နိုင်ငံရေးအပြောင်းအလဲ ဖြစ်စဉ်အရမှာလည်း သူတို့အားနည်းချက်တွေ တွေ့ရတယ်။ သူတို့မလုပ်ပေးနိုင်လို့ ပြည်သူအချင်းချင်း ကူညီကြပြန်တော့လည်း ဖမ်းဆီးတာ၊ ထောင်ချောက်ဆင် ဖမ်းတာမျိုးတွေ ကြုံရတယ်။ နောက်ပိုင်း အကူအညီလိုအပ်လို့ အလံဖြူ အလံဝါထောင်တဲ့ အိမ်တွေကိုတောင် ပစ်မှတ်ထား ဖမ်းဆီးနေတယ်” ဟု ဆိုသည်။
စစ်ကောင်စီသည် တိုင်းပြည်၏ အချုပ်အခြာအာဏာကို လက်နက်အားကိုးဖြင့် အနိုင်ကျင့်သိမ်း ယူထားခြင်း ကလွဲပြီး ပြည်သူ့ကျန်းမာရေးအတွက် ဘာတခုမှ ရေရေရာရာ လုပ်ပေးနိုင်စွမ်းမရှိ။ ထို့အပြင် ပြည်သူက ပြည်သူကို ပြန်လည်စောင့်ရှောက်နေသော အခြေအနေမျိုးမှာပင် ဖမ်းဆီး စစ်ဆေးခြင်း၊ အောက်စီဂျင် လိုအပ်သည့် လူနာရှိတယ်ဆိုပြီး ဖျားယောင်း ခေါ်ဆောင်ကာ ဖမ်းဆီးတာမျိုးတွေကို စစ်ကောင်စီက တွင်တွင်ကျယ်ကျယ် လုပ်ဆောင်နေကြသည်။
ဇူလိုင်လ ၁၉ ရက် ရန်ကုန်တိုင်း မြောက်ဒဂုံမြို့နယ် ၄၆ ရပ်ကွက်တွင်ရှိသည့် ကိုဗစ်နိုင်တီး ကာကွယ်ရေးနှင့် ပြည်သူ့အကျိုးပြု အဖွဲ့မှ စေတနာ့ဝန်ထမ်း ဆရာဝန် ၅ ဦးကို စစ်ကောင်စီက ထောင်ချောက်ဆင်၍ ဖမ်းဆီးခဲ့ကြောင်း၊ ထို့ပြင် မန္တလေးမြို့ကျန်းမာရေးလောကတွင် ထင်ရှားသူတဦးဖြစ်သည့် အသက် ၃၀ အရွယ် ဒေါက်တာ ကျော် ကျော်သက်ကို ဇူလိုင်လ ၁၃ ရက်က မန္တလေးမြို့နေအိမ်တွင် ဝမ်းကွဲ အစ်ကိုဖြစ်သူနှင့်အတူ ရိုက်နှက် ဖမ်းဆီးခဲ့ ပြီး ဇူလိုင်လ ၁၆ ရင်တွင် မန္တလေးမြို့ရှိ ခွဲစိတ်ဆရာဝန်ကြီး ဒေါက်တာ သက်ဌေးအား စစ်ကောင်စီမှ ဖမ်းဆီးခဲ့ကြောင်း သတင်းများက သက်သေအထင်အရှား ပြနေသည်။
အခုတော့ ရပ်ကွက်ထဲ ကိုဗစ်ကာကွယ်ဆေး ထိုးဖို့ လိုက်နှိုးဆော်နေသည်။ အာဏာသိမ်း စစ်ကောင်စီက ဇူလိုင်လအတွင်း ရောက်လာသော တရုတ်နိုင်ငံထုတ် ကိုဗစ်ကာကွယ်ဆေး ၃ သန်းကျော်ကို ပြည်နယ်နှင့်တိုင်း အသီးသီးတွင် ဦးစားပေးအဆင့်လိုက် ထိုးပေးရန် စီစဉ်နေသည်။ အရင်က စစ်ကောင်စီကို မယုံကြည်သောကြောင့် လူအများက ကာကွယ်ဆေးထိုးရန် ငြင်းဆန်ခဲ့ကြသော်လည်း ကိုဗစ်တတိယလှိုင်းတွင် သေဆုံးမှု မြင့်တက်လာခြင်းအား ကိုယ်တိုင်ကိုယ်ကျ ခံစားလာခဲ့ကြအပြီး ဆက်လက် အသက်ရှင်သန်ရေး ကာကွယ်ဆေးထိုးရန် စိတ်ပြောင်းလာခဲ့သည်။ တရုတ်ဆေးဖြစ်ပေမယ့် WHO က အရေးပေါ်သုံးရန် ထောက်ခံတင်ပြထားသည်။ နောက် ဒီဆေးများသည် ကျနော်တို့ပြည်သူလူထု၏ ငွေဖြင့် ဝယ်ယူထားခြင်း ဖြစ်သည်။ ကျနော်တို့တွင် ရွေးစရာမရှိ။ လူတိုင်းက အသက်ရှင်သန်လိုသည်။ လတ်တလော ကျနော်တို့ မိသားစုတွင်တော့ အမေသာ ဦးစားပေး အသက်အရွယ်ထဲ ပါသေးသည်။
(ဝေဟင်စိုးသည် ရန်ကုန်အခြေစိုက် ဂျာနယ်လစ်တဦး ဖြစ်သည်။)
You may also like these stories:
ကိုဗစ်နိုင်တင်းကြောင့် နိုင်ငံတကာအကူအညီ မြန်မာလို
စစ်ကောင်စီက တရုတ်ကိုဗစ်ကာကွယ်ဆေး ၃ သန်းကျော် ထိုးပေးရန် စီစဉ်
ရန်ကုန်မြို့ပေါ်က အဝါရောင် အလံများ
ဒယ်လ်တာ ကိုဗစ်မျိုးကွဲအကြောင်း သိကောင်းစရာ ၅ ချက်
ဆရာဝန်များကို လိုက်ဖမ်းနေသည့် စစ်ကောင်စီ ဝေဖန်ခံနေရ