အာဏာသိမ်းအပြီး ၆ လအကြာ အထိ စစ်တပ်ဟာ အုပ်ချုပ်ရေး ယန္တရားရဲ့ အရေးကြီးဆုံး အုတ်မြစ် ဖြစ်တဲ့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနကို ပြည့်ဝစွာ ချုပ်ကိုင်နိုင်ခြင်း မရှိသေးပါဘူး။ သိသာတဲ့ အချက်ကတော့ တိုက်ခိုက်သတ်ဖြတ်ခံရမှုတွေ ရှိနေလို့ စိုးရိမ်စိတ်တွေနဲ့ ရင်ဆိုင်နေရတဲ့ ရပ်/ကျေး အုပ်ချုပ်ရေးမှူးတွေကို အကာအကွယ် အပြည့်အဝ မပေးနိုင်ဘူး လို့ စစ်ကောင်စီက ဝန်ခံထားတာပါပဲ။
အုပ်ချုပ်ရေး ယန္တရားရဲ့ ရေသောက်မြစ်လည်းဖြစ်၊ မြန်မာတနိုင်ငံလုံးက ကျေးရွာပေါင်း ၆ သောင်းကျော် နဲ့ ရပ်ကွက်ပေါင်း ၃၃၀၀ ကျော်ကို အစိုးရအဖွဲ့ တွေ ရုံးစိုက်ရာ နေပြည်တော်နဲ့ ဆက်သွယ်ပေးရတဲ့ အဓိက ပံ့ပိုးသူလည်း ဖြစ်တဲ့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနကို ယနေ့အထိ မလွှမ်းခြုံနိုင်သေးတာဟာ စစ်ကောင်စီရဲ့ အရေးပါတဲ့ ကျဆုံးမှုတွေထဲက အဓိက တခုလို့ ပြောလို့ရပါတယ်။
ယခင်က ပြည်ထဲရေး ဝန်ကြီးဌာနအောက်မှာ နှစ်များစွာ ရှိခဲ့တဲ့ အထွေထွေ အုပ်ချုပ်ရေး ဦးစီး ဌာနဟာ သမ္မတ ဦးဝင်းမြင့်လက်ထက် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်မှာ ပြည်ထောင်စု အစိုးရ အဖွဲ့ရုံး ဝန်ကြီးဌာန လက်အောက်ကို ရောက်ခဲ့ပါတယ်။ ရပ်/ကျေး အုပ်ချုပ်ရေးမှုးတွေကိုလည်း NLD အစိုးရလက်ထက်မှာ ရွေးချယ်ခန့်ခဲ့ ကြပါတယ်။
အာဏာသိမ်းအပြီး ရပ်/ကျေးအုပ်ချုပ်ရေး
အာဏာသိမ်းအပြီး ဖေဖော်ဝါရီ ၁၁ ရက်မှာတော့ စစ်ကောင်စီဟာ ရပ်/ကျေး အုပ်ချုပ်ရေးမှုး ဟောင်းတွေကို တာဝန်က ရပ်စဲကြောင်း ကြေညာခဲ့ပြီး အုပ်ချုပ်ရေး ယန္တရားကို လူသစ်တွေနဲ့ အသက်သွင်းဖို့ စတင်ခဲ့ပါတယ်။

ဒါပေမယ့် စစ်ကောင်စီ ကြေညာချက် ထုတ်ပြန်အပြီး နောက်ပိုင်းရက်တွေမှာပဲ ရပ်ကွက် အသီးသီးက ပြည်သူတွေက အုပ်ချုပ်ရေးမှူးအသစ်တွေကို လက်မခံတဲ့ အကြောင်း ဆန္ဒပြခဲ့ကြပါတယ်။ အုပ်ချုပ်ရေးမှူးရုံးတွေကို စစ်ကောင်စီခန့်လူသစ်တွေ ဝင်မလာနိုင်ဖို့ သော့တွေ အထပ်ထပ်ခက်တာ၊ ရုံးတံခါးတွေမှာ အုပ်ချုပ်ရေးမှူးအသစ်တွေကို အလိုမရှိတဲ့ စာသားတွေ ကပ်တာ၊ ဆေးတွေချယ်တာ စတဲ့ ဆန္ဒပြမှု နည်းလမ်းပေါင်းစုံကို လုပ်ခဲ့ကြတာပါ။
ဒီလိုဆန္ဒပြမှုတွေကြားထဲကပဲ စစ်ကောင်စီဟာ မြို့နယ်ရုံးတွေ ၊ ရပ်ကွက်ရုံးတွေကို အင်အားသုံး ဖြိုခွင်းရင်း အကာအကွယ်ပေးပြီး အုပ်ချုပ်ရေးမှူး အသစ်တွေကို ခန့်အပ် တာဝန်ပေး ထမ်းဆောင်စေခဲ့ ပါတယ်။ ဧည့်စာရင်း လာတိုင်ခိုင်းတာ၊ ညအချိန်မတော် ရပ်ကွက်တွေထဲမှာ ဧည့်စာရင်း စစ်တာ၊ ကင်းလှည့်တာတွေကို အသစ်ခန့်အပ်တဲ့ အုပ်ချုပ်ရေးမှူးတွေရဲ့ အကူအညီနဲ့ လုပ်ဆောင်ခဲ့ပါတယ်။
စစ်ကောင်စီဘက်က အုပ်ချုပ်ရေးယန္တရားကို လူသစ်တွေနဲ့ မဖြစ်ဖြစ်အောင် အင်အားသုံး အစားထိုး လုပ်ဆောင်မှုတွေ များလာချိန်မှာတော့ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွေကို တိုက်ခိုက်ခံ ရတာ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ အသက်ခံရတာတွေ စတင်ဖြစ်ပေါ်လာပါတယ်။
စစ်ကောင်စီရဲ့ လူသစ်တွေ အစားထိုးအပြီး တလအကြာ မတ်လက စတင်ပြီး အုပ်ချုပ်ရေးမှူးတွေ အသက်ခံရသလို ရုံးတွေလည်း မီးရှို့တာ၊ ဗုံးခွဲတာတွေ ခံခဲ့ရပါတယ်။ သတင်းဌာနတွေက ရေးသားဖော်ပြတဲ့ သတင်းတွေကို အတည်ပြု စုဆောင်းထားတဲ့ အချက်အလက်အရ ဆိုရင် မတ်လကနေ အခု ဇူလိုင်လကုန်အထိ ၅ လအတွင်း အသက်ခံခဲ့ရတဲ့ အုပ်ချုပ်ရေးမှူး ၅၁ ဦး အထိ ရှိပါတယ်။ အဲ့ဒီ ၅ လအတွင်းမှာ အုပ်ချုပ်ရေးမှူးရုံးတွေ တိုက်ခိုက်ခံရမှူ အကြိမ်ရေကလည်း ၅၁ ကြိမ် ရှိတာကို တွေ့ရပါတယ်။ အချက်အလက် အတည်ပြုမှုအရ မလုပ်နိုင်တာတွေ ကျန်နေနိုင်သေးတာမို့ ဒီထက် ပိုနေနိုင်တာပဲ ရှိပါတယ်။
အခုလို အုပ်ချုပ်ရေးမှူးတွေ အသတ်ခံရတာ၊ ရုံးတွေ တိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်တွေ ဆက်တိုက်ရှိလာခဲ့သလို စစ်ကောင်စီခန့်တဲ့ အုပ်ချုပ်ရေးမှူး ရာထူးကနေ နှုတ်ထွက်သွားတဲ့ သူတွေကလည်း တနိုင်ငံလုံးက နေရာအနှံအပြားမှာ ရှိခဲ့ပါတယ်။ အထင်ရှားဆုံးနဲ့ နှုတ်ထွက်မှု အများဆုံးလို့ ပြောလို့ရတဲ့ နေရာကတော့ စစ်ကိုင်းတိုင်းပါပဲ။ စစ်ကိုင်းတိုင်း မုံရွာက အုပ်ချုပ်ရေးမှူးတွေ အစုလိုက် အပြုံလိုက်နှုတ်ထွက်တာ၊ ကောလင်းက အုပ်ချုပ်ရေးမှူးတွေ၊ ကလေးက အုပ်ချုပ်ရေးမှူးတွေ ၊ မြောင်က အုပ်ချုပ်ရေးမှူးတွေဟာ အစုလိုက် အပြုံလိုက်ထွက်တဲ့ ထင်ရှားတဲ့ ဥပမာတွေပါပဲ။
ဒလန်လား အုပ်ချုပ်ရေးမှူးလား
စစ်ကိုင်းတိုင်းထဲက ပုလဲမြို့နယ်မှာဆိုရင် လက်တလော ဇူလိုင် ၂၉ ရက်နေ့မှာပဲ ပုလဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PPDF က သူတို့မြို့နယ်ထဲက အုပ်ချုပ်ရေးမှူးတွေ အခုဩဂုတ် ၁ ရက်နေ့ နောက်ဆုံးထား ထွက်ကြဖို့ သတိပေး ထုတ်ပြန်လိုက်ပြီး မလိုက်နာတဲ့ အုပ်ချုပ်ရေးမှူးတွေကို ပြည့်သူ့သစ္စာဖောက်အဖြစ် သတ်မှတ်ပြီး ချေမှုန်းသွားမယ်လို့ ဆိုထားပါတယ်။
အာဏာသိမ်းမှုအပြီး သတ်ဖြတ်ခံရမှူတွေကို ခြုံကြည့်မယ်ဆိုရင်တော့ ရပ်/ကျေး အုပ်ချုပ်ရေးမှူးတွေသာ မကပဲ ကြံ့ခိုင်ရေး အဖွဲ့ဝင်တွေနဲ့ ဒလန်၊ စစ်ကောင်စီ သတင်းပေးဆိုပြီး အသတ်ခံရတဲ့ သူတွေလည်းရှိပြီး ဇွန်လဆန်းအထိဆို စုစုပေါင်း ၁၇၃ ဦး ရှိတယ်လို့ ဇွန် ၁၂ ရက်ကလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ စစ်ကောင်စီဘက်က ပြောဆို ထားပါတယ်။

“ လုပ်နေတဲ့လူတွေလည်း ရှိတယ်။ လုပ်ရဲကြတဲ့ သူတွေလည်း ရှိတယ်။ အုပ်ချုပ်ရေးမှူး တစ်ယောက်ကို မေးကြည့်တော့ သူတို့ ကြောက်ကြောက်နဲ့ ပဲ လုပ်နေရတယ်။ ရှေ့ဘာဖြစ်မလဲ သူတို့မသိဘူး ပြောတယ်။ ပြည်သူကလည်း သူတို့တွေရုံး ထိုင်နေတာကို စိတ်မဝင်စားပါဘူး။ လုပ်ချင်တဲ့ သူတွေကတော့ ရှိနေကြတာပဲ။ ဘယ်လို အခြေအနေမှာ မဆို။ တချို့တွေလည်း နေရာပျောက်သွားမှာ စိုးရွံ့စိတ်နဲ့ လုပ်နေကြတာ ပါတာပေါ့ ” လို့ လက်ရှိ လုပ်ကိုင်နေကြတဲ့ အုပ်ချုပ်ရေးမှူး တစ်ဦးရဲ့ အခြေအနေကို အင်းစိန်မြို့နယ်က ဆယ်အိမ်မှူး တဦးက ပြောပါတယ်။
အုပ်ချုပ်ရေးမှူးတွေရဲ့ လုပ်ပိုင်ခွင့်နဲ့ တာဝန်တွေကို ကြည့်ရင် မြို့နယ်ထွေအုပ်တွေဟာ ယစ်မျိုး လိုင်စင်ကိစ္စတွေ၊ မြေနဲ့ပစ္စည်း စီမံခန့်ခွဲမှုတွေ ၊မြို့နယ် ပြန်တမ်းကိစ္စတွေ ရှိနေပါတယ်။ အသေးစားနဲ့ အလတ်စားလုပ်ငန်းတွေကို အဓိက ဆက်ဆံထိတွေ့ရပြီး အရက်သေစာ ရောင်းချတာ၊ အိမ်ခြံမြေ ရောင်းချတာတွေမှာ ထွေအုပ်က လိုင်စင်ထုတ်ပေးရပါတယ်။ မြေလွှဲပြောင်းခြင်း၊ ဆောက်လုပ်ရေး ခွင့်ပြုချက်နဲ့ တည်ဆောက်ခွင့် ခွင့်ပြုမိန့် လိုင်စင်တွေကိုလည်း ထုတ်ပေးရပြီး မြေနဲ့ ယစ်မျိုးခွန်ကိုလည်း ကောက်ခံရပါတယ်။ ဓာတ်ဆီဆိုင်တွေ ၊ တရားမဝင်တည်းခိုးခန်းတွေနဲ့ ဟိုတယ်တွေ အပေါ်မှာလည်း လုပ်ပိုင်ခွင့် ရှိနေပါတယ်။

ရပ်ရွာအုပ်ချုပ်ရေးမှူးတွေကတော့ အခွန်ကောက်တာ၊ မြေယာမှတ်ပုံတင်ပေးတာ၊ လူဦးရေ အခြေအနေ အစီရင်ခံတာတွေမှာ တာဝန်ရှိသလို မြန်မာ့လယ်ယာစိုက်ပျိုးရေးဘဏ်က တောင်သူတွေကို ချေးငွေ ထုတ်ချေးမှုမှာ ရပ်ရွာ အုပ်ချုပ်ရေးမှုး လက်မှတ် လိုအပ်ပါတယ်။
ကိုဗစ်ကြားက အုပ်ကြီးများ
ဒီလို လုပ်ပိုင်ခွင့်တွေနဲ့ အုပ်ချုပ်ရေးမှူးတွေရဲ့ အခန်းကဏ္ဍကို လက်ရှိ ကိုဗစ်ကူးစက်မှု နှုန်းတွေ အဆိုးဝါးဆုံး ဖြစ်နေတဲ့ အခြေအနေမှာ စစ်ကောင်စီက ထပ်ပြီး တိုးမြှင့်လိုက်ပါတယ်။ ဒါကတော့ အိမ်မှာကုသနေရတဲ့ ကိုဗစ် လူနာတွေ အောက်ဆီဂျင် လိုအပ်နေတယ်ဆိုရင် စစ်ကောင်စီ ဖွဲ့စည်းထားတဲ့ မြို့နယ်အောက်ဆီဂျင် ဖြန့်ဝေရေး အထောက်အကူပြု အဖွဲ့ထံမှာ သွားရောက်ယူစေဖို့ လုပ်ဆောင်စေတာပါ။
အဲ့ဒီလိုသွားယူမယ်ဆိုရင် သက်ဆိုင်ရာ ရပ်ကျေး အုပ်ချုပ်ရေးမှုးတွေရဲ့ ထောက်ခံစာ ပါရှိ ရမယ်ဆိုတဲ့ အချက်အပါအဝင် လူနာမှတ်ပုံတင် (သို့) သန်းခေါင်စာရင်း၊ ဆေးလက်မှတ် အထောက်အထား၊ ကျန်းမာရေးဌာနရဲ့ စီစစ်ချက် စတဲ့ အချက် ၇ ချက်နဲ့ ကန့်သတ်ထားပါတယ်။
ပုဂ္ဂလိက အောက်ဆီဂျင်စက်ရုံတွေမှာ အများပြည်သူ တစ်ဦးချင်း ဝယ်ယူခွင့်ကို ကန့်သတ်ထားပြီး နောက် အုပ်ချုပ်ရေးပိုင်းနဲ့ အောက်ဆီဂျင် ပြန်လည်ဖြန့်ဝေပေးတာ ဖြစ်ပါတယ်။
“ အောက်စီဂျင်ယူတဲ့ အခါမှာ အုပ်ချုပ်ရေးမှူးလက်မှတ် ပါမှဆိုတော့ ရုံးကိုတော့ သွားနေ ကြတာပေါ့။ သူတို့ အုပ်ချုပ်ရေးကို ဒါနဲ့ အသက်သွင်းဖို့တော့ ကြိုးစားနေကြတယ် ” လို့ မရမ်းကုန်းမြို့နယ်မှာ နေထိုင်တဲ့ အသက် ၄၀ အရွယ် အမျိုးသား တဦးက ပြောပါတယ်။
ဇွန်လဆန်းက စတင်ခဲ့တဲ့ ကိုဗစ် တတိယလှိုင်းဟာ မြန်မာနိုင်ငံမှာ ဆိုးရွာစွာ ရိုက်ခက်နေပြီး အာဏာသိမ်း စစ်တပ်ရဲ့ အသုံးမကျတဲ့ စီမံခန့်ခွဲမှူတွေကြောင့် ကူးစက်သူနဲ့ သေဆုံး အရေအတွက်ဟာ များစွာ မြင့်တက်နေပါပြီ။ စစ်ကောင်စီက ထုတ်တဲ့ ကိန်းဂဏန်းအရဆိုရင်ကို ဇူလိုင် ၂၈ မှာ ကူးစက်မှူနှုန်း ၃၆ ရာခိုင်နှုန်း ( ဒုတိယလှိုင်းကူးစက်မှုအမြင့်ဆုံးရက်ရဲ့ နှစ်ဆ) နဲ့ တရက်သေဆုံး အရေအတွက် ၃၆၅ ဦး (ဒုတိယလှိုင်း အများဆုံးသေဆုံးရက်ရဲ့ ၉ ဆ) ရှိနေတာပါ။ စစ်ကောင်စီက ထုတ်ပြန်တဲ့ အချက်အလက်တွေကို မယုံကြည်ရပေမယ့် ရှိတဲ့ အချက်အလက်နဲ့ ပြောဆိုတာတောင် ဒီလောက်များပြားနေပါပြီ။ အပြင်မှာ အခုထက် ပိုမိုများပြားနေမှာပါ။
ဝရုန်းသုန်းကား ရပ်/ကျေး အုပ်ချုပ်ရေး
အချုပ်ဆိုရင်တော့ စစ်ကောင်စီရဲ့ ဗရုတ်သုတ်ခ စီမံခန့်ခွဲမှုတွေနဲ့ ဝရုန်းသုန်းကား ရပ်/ကျေး အုပ်ချုပ်ရေး ယန္တရားဟာ ယနေ့ အချိန်ထိ ထိထိရောက်ရောက် မလည်ပတ်နိုင်သေးသလို အားလုံးရဲ့ လျစ်လျူရှုမှုကို ရင်ဆိုင်ရင်း အကြီးအကျယ် ကျရှုံးနေပါတယ်။
ကိန်းဂဏန်း အချက်အလက်တွေအရ ဆိုရင်တော့ မြန်မာတနိုင်ငံလုံးမှာ ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးမှူးပေါင်း ၁၅၉၇၂ ဦး ရှိတယ်လို့ Asia Foundation နဲ့ မြန်မာ့အရင်းအမြစ်ဖွံ့ဖြိုး တိုးတက်ရေး အဖွဲ့ MDRI တို့ လုပ်ထားတဲ့ သုတေသန စာတမ်းမှာ ဆိုထားပါတယ်။ ဒီအရေအတွက်ကို ဘယ်လောက်လွှမ်းခြုံပြီး ဘယ်လိုအသိအမှတ်ပြုခံရတယ်ဆိုတာတော့ မပြောနိုင်ပါဘူး။
“လူထုကို အတင်းအားဓမ္မ တွန်းအားပေး ခန့်အပ်ပြီးတော့ သူတို့ ချမှတ်တဲ့ မူဝါဒအတိုင်း လိုက်နာဆောင်ရွက်ခိုင်းပြီး အကောင်အထည်ဖော်နေတာ လုပ်နေတယ်။ ဒါပေမယ့် အခုထိတော့ မအောင်မြင်သေးပါဘူး။ အခုကိုဗစ်မှာလည်း သူတို့ရဲ့လုပ်ဆောင်ချက်တွေ လူထုကို ဘယ်လောက်ထိ ကိုယ်စားပြုတယ် ဆိုတာပေါ်လွင်နေတယ်။ သူတို့က အကြောက်တရားနဲ့ပဲ လူထုကို အတင်းအားဓမ္မ စီမံအုပ်ချုပ်နေကြတာပါ ” လို့ အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့ NUG ရဲ့ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခူဒဲဘူး က ပြောပါတယ်။
(ဝေယံမိုးမြင့်သည် ရန်ကုန်အခြေစိုက် အမျိုးသမီး ဂျာနယ်လစ်တဦး ဖြစ်သည်။)
You may also like these stories:
အာဏာသိမ်းမှု ၆ လပြည့်နဲ့ သူတို့ အမြင်
ရွေးကောက်ပွဲ ရလဒ်ဖျက်သိမ်းမှု SNLD လက်မခံ
အာဏာသိမ်းပေမယ့် အာဏာမထိန်းနိုင်သေးပါ
၆ လအတွင်း စစ်ကောင်စီ၏ မီဒီယာနှိပ်ကွပ်မှု
ဓာတ်ပုံများမှ ရှောင်တာနဲလ်အခြေအနေကို သူ့မိသားစု လေ့လာနေ