အရှေ့တောင်အာရှနိုင်ငံများအသင်း ASEAN နိုင်ငံခြားရေး ဝန်ကြီးများသည် တနင်္လာနေ့က ကျင်းပသည့် နှစ်ပတ်လည်အစည်းအဝေး သဘောတူညီချက်အရ ဘရူနိုင်းနိုင်ငံ ဒုတိယမြောက် နိုင်ငံခြားရေးဝန်ကြီး အာရီဝန်ယူစွတ်ကို မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်အဖြစ် ခန့်အပ်ခဲ့သည်။
အာဏာသိမ်းမြန်မာစစ်ကောင်စီ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကမူ မြန်မာ့အရေး ကြားဝင်ညှိနှိုင်းပေးမည့် အာဆီယံဥက္ကဌ၏ အထူးကိုယ်စားလှယ်အဖြစ် ထိုင်းနိုင်ငံဘက်က အဆိုပြုထားသည့် ထိုင်းဒုတိယနိုင်ငံခြားရေး ဝန်ကြီးဟောင်းဖြစ်သူ မစ္စတာ Virasakdi Futrakul ကို ခန့်အပ်ရန် သဘောတူကြောင်း ပြောခဲ့သည်။
ဩဂုတ်လ ၁ ရက်က နိုင်ငံပိုင်ရုပ်သံမှတဆင့် ထုတ်လွှင့်သည့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ အာဏာသိမ်းမှု ၆ လပြည့် မိန့်ခွန်းတွင် ထိုသို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ပြီး ၎င်းအနေနှင့် အာဆီယံ မူဘောင်အတွင်း ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိကြောင်း ပြောသည်။
ထို့အပြင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အာဆီယံသဘောတူညီချက် ၅ ချက်ထဲက လုပ်ဆောင်သင့် လုပ်ဆောင်ထိုက်သည်များကိုလည်း ၎င်းအနေနှင့် လုပ်ဆောင်ထားသည်ဟု မရေမရာ ပြောဆိုသေးသည်။
မြန်မာ့အရေး ကြားဝင်ညှိပေးမည့် အထူးကိုယ်စားလှယ်အတွက် ထိုင်းကိုယ်စားလှယ်ကို သဘောတူကြောင်း မြန်မာစစ်ခေါင်းဆောင်က ပြောကြားသော်လည်း အာဆီယံအဖွဲ့ဝင် နိုင်ငံများက ဘရူနိုင်း ကိုယ်စားလှယ်ကို ခန့်အပ်ခဲ့သည်။
အမေရိကန်နိုင်ငံနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ နိုင်ငံခြားရေးဝန်ကြီးများ အကြား အွန်လိုင်း အစည်းအဝေးတရပ်ကို ဩဂုတ် ၂ ရက်မှ ၆ ရက်ထိ ကျင်းပနေသည်။
မြန်မာ့အရေး ကြားဝင်ညှိပေးမည့် အထူးကိုယ်စားလှယ်အတွက် ထိုင်းကိုယ်စားလှယ်ကို သဘောတူကြောင်း မြန်မာစစ်ခေါင်းဆောင်က ပြောကြားသော်လည်း အာဆီယံအဖွဲ့ဝင် နိုင်ငံများက ဘရူနိုင်း ကိုယ်စားလှယ်ကို ခန့်အပ်ခဲ့သည်။
မြန်မာစစ်ကောင်စီ၏ ရွေးကောက်ပွဲအစီအစဉ်ကို ပယ်ချကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်ထော်နီ ဗလင်ကန်က ပြောဆိုသည်။ စစ်ကောင်စီသည် ၂ နှစ်အတွင်း ရွေးကောက်ပွဲကျင်းပရေး အစီအစဉ်ဖြင့် အချိန်ဆွဲနေကြောင်း အမေရိကန်ပြည်ထောင်စုက ပြောသည်။
တချိန်တည်းတွင်ပင် မြန်မာ့အရေး အာဆီယံ၏ ကြားဝင်ဆောင်ရွက်မှုကို ကုလသမဂ္ဂနှင့် တရုတ်တို့နှင့် အတူ အမေရိကန်ကလည်း သဘောတူ ထောက်ခံထားသည်။

ပြီးခဲ့သည့် ဧပြီလက အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့တွင် မြန်မာ့အရေး အာဆီယံအထူးအစည်းအဝေး တရပ်ကျင်းပခဲ့ပြီး ယင်းအစည်းအဝေးတွင် အာဆီယံ ဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ် ခန့်အပ်ရေးအပါအဝင် အချက် ၅ ချက်ကို သဘောတူညီခဲ့သည်။
သဘောတူညီချက် ၅ ချက်တွင် အကြမ်းဖက်မှုများ ချက်ချင်းရပ်ရေး သက်ဆိုင်ရာ အစုဖွဲ့ အားလုံး အတတ်နိုင်ဆုံး ထိန်းချုပ်ရန်၊ သက်ဆိုင်ရာ အစုအဖွဲ့များကြား အပြုသဘော ညှိနှိုင်းဆွေးနွေးမှုများ စတင်ရန်နှင့် လူသားချင်းစာနာ ထောက်ထားမှု အကူအညီများပေးရန် စသည့် အချက်များပါဝင်သည်။
အထူးသံတမန်ခန့်အပ်ရေးကို မြန်မာက သဘောမတူလျှင် သံတမန်ရေး အကျပ်စိုက်နိုင်သည်။ မြန်မာကို အာဆီယံအသင်းမှ ထုတ်ပယ်သည်အထိ ဦးတည်နိုင်ကြောင်း အာဆီယံသံတမန်အသိုင်းအဝိုင်းကြား စိုးရိမ်မှုများ ရှိနေသည်။ အထူးသံတမန်၏လုပ်ငန်းများ အမြန်ဆုံးစတင်ရန် ASEAN ဝန်ကြီးများက မြန်မာနိုင်ငံကို ဖိအားပေးနေကြသည်။
ထိုအထူးသံတမန်ကို ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်ပေးရေးသည် မရေရာပေ။ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထားပြီး များပြားလှသော စွဲချက်များ တင်ထားသည်။
အထူးသံတမန်ခန့်အပ်ရေးကို မြန်မာက သဘောမတူလျှင် သံတမန်ရေး အကျပ်စိုက်နိုင်သည်။ မြန်မာကို အာဆီယံအသင်းမှ ထုတ်ပယ်သည်အထိ ဦးတည်နိုင်ကြောင်း အာဆီယံသံတမန်အသိုင်းအဝိုင်းကြား စိုးရိမ်မှုများ ရှိနေသည်။
စစ်ကောင်စီနှင့် စင်ပြိုင်အဖြစ် အစိုးရဖွဲ့ထားသည့် ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကမူ အာဆီယံ၏ ကြားဝင်စေ့စပ်မှုဖြင့် တွေ့ဆုံဆွေးနွေးရေး မစမီ ဒေါ်အောင်ဆန်းစုကြည်နှင့် အဖမ်းဆီးခံ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေး တောင်းဆိုထားသည်။
NUG လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက မြန်မာ့အရေး အာဆီယံအထူးကိုယ်စားလှယ် ဝင်ရောက်ညှိနှိုင်းပေးရန် စိတ်စေတနာ အမှန်ရှိသည့်တိုင် လက်တွေ့တွင် ဝင်ရောက်ညှိနှိုင်းပေးနိုင်ရန် အခြေအနေကောင်း ရှိမနေကြောင်း ထောက်ပြသည်။
“အခုအချိန်အထိ ကျနော်တို့က ကြည့်ရသလောက် ညှိနှိုင်းဖို့အတွက် လိုအပ်တဲ့ ယုံကြည်မှု၊ ညှိနှိုင်းဖို့အတွက် အခြေအနေကောင်းရနေပြီဆိုတဲ့ သက်သေတခုမှ မဖော်ပြနိုင်ဘူး။ အထူးကိုယ်စားလှယ်က လုပ်ပေးချင်သည့်တိုင်အောင် ဒီလိုလုပ်ဆောင်ဖို့အတွက် သူ့ကို ပံ့ပိုးပေးနေတဲ့ အခြေအနေက မရှိဘူး။ အခုအချိန်အထိ အားလုံးကို တွေ့ဆုံတာမျိုးမဟုတ်ဘဲနဲ့ စစ်တပ်နဲ့ပဲ လမ်းဖွင့်နေတဲ့ပုံစံမျိုးဖြစ်တယ်” ဟု ၎င်းက ဝေဖန်သည်။
တွေ့ဆုံဆွေးနွေးမည်ဆိုပါကလည်း NUG နှင့် စစ်ကောင်စီအကြားတွေ့ဆုံရုံဖြင့် မြန်မာ့အရေး ပြေလည်မည်မဟုတ်ဘဲ တိုင်းရင်းသားလက်နက်ကိုင် အင်အားစုများပါထည့်သွင်း ဆွေးနွေးခွင့်ပြုရန်လိုအပ်ကြောင်း ဦးအောင်မျိုးမင်းက ပြောသည်။
မြန်မာနိုင်ငံအခြေစိုက် တကောင်းနိုင်ငံရေးလေ့လာမှုအဖွဲ့ အမှုဆောင်ဒါရိုက်တာ ကိုရဲကမူ မြန်မာစစ်တပ်သည် ၎င်းတို့အပေါ် နိုင်ငံတကာဖိအား လျော့ကျရန် အာဆီယံကို အသုံးချနေကြောင်း၊ မြန်မာနိုင်ငံ၌ ကိုဗစ်ရောဂါ ကူးစက်မှုမြင့်မားနေသည့် အခြေအနေတွင် ကာကွယ်ဆေးထိုးခြင်းနှင့် အောက်စီဂျင် လိုအပ်ချက်မြင့်တက်နေမှုတို့ကို အသုံးချကာ ၎င်း၏ အုပ်ချုပ်ရေးခိုင်မာရန် ကြိုးပမ်းနေကြောင်း ဆိုသည်။
“နိုင်ငံတကာဖိအားကို တစတစလျော့ကျပြီး သူလိုချင်တဲ့အချိန်အထိဆွဲသွားဖို့ အာဆီယံကို သုံးမှာပဲ” ဟု ၎င်းက ဆိုသည်။
သို့သော် အာဆီယံဥက္ကဌ၏ အထူးကိုယ်စားလှယ်သည် သက်ဆိုင်သူ အားလုံးနှင့် တိုင်ပင်ပြီးနောက် အားလုံး၏ စိုးရိမ်ပူပန်မှုများကို ထည့်သွင်းစဉ်းစားကာ အပြုသဘောဆောင်သည့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်နိုင်သည်။
စင်္ကာပူနိုင်ငံအခြေစိုက် Yusof Ishak Institute ၏ မြန်မာ့အရေးလေ့လာမှု ပရိုဂရမ် ပူးတွဲညှိနှိုင်းရေးမှူးဖြစ်သူ ဒေါ်မိုးသူဇာက မြန်မာစစ်တပ်သည် အာဆီယံ၏ ဆွေးနွေးတိုင်ပင်ပြီး သဘောတူညီမှုချသည့် အာဆီယံနည်းလမ်းကို အခွင့်ကောင်းယူ နေခြင်း ဖြစ်နိုင်ကြောင်း ပြောသည်။
“အာဆီယံနည်းလမ်းဟာ သဘောသဘာဝအားဖြင့် အဖွဲ့ဝင်နိုင်ငံများအားလုံးနှင့်အတူ ရှိနိုင်သော အပေးအယူ ဆုံးဖြတ်ချက်တခုကို ညှိနှိုင်းချမှတ်လေ့ ရှိပါတယ်။ မြန်မာနိုင်ငံက ယခင်နဲ့ လက်ရှိစစ်ခေါင်းဆောင်တွေဟာ အပေးအယူ အလျှော့အတင်းလုပ်ဖို့ အမြဲတမ်းတွန့်ဆုတ်နေခဲ့ကြတာပါ” ဟု ၎င်းက မှတ်ချက်ပေးသည်။
သို့သော် အာဆီယံဥက္ကဌ၏ အထူးကိုယ်စားလှယ်သည် သက်ဆိုင်သူ အားလုံးနှင့် တိုင်ပင်ပြီးနောက် သက်ဆိုင်သူ အားလုံး၏ စိုးရိမ်ပူပန်မှုများကို ထည့်သွင်းစဉ်းစားကာ အပြုသဘောဆောင်သည့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်နိုင်မည်ဖြစ်ကြောင်း ပြောသည်။
“အဲဒါဟာ နေ့ချင်း၊ ညချင်း အဖြေရှာနိုင်မှာမဟုတ်ပါဘူး။ ဆွေးနွေးတိုင်ပင်ခြင်းအတွက် အာဆီယံ အထူးကိုယ်စားလှယ်အနေနဲ့ အချိန်ရော ကြိုးပမ်းအားထုတ်မှုတွေရော အထူးအားစိုက်ဖို့ လိုပါလိမ့်မယ်” ဟု ၎င်းက ဆိုသည်။
နိုင်ငံရေးလေ့လာသူ ဦးတင်မောင်သန်း (သင့်ဘဝ) ကမူ အာဆီယံ အခင်းအကျင်းအရ ကိုဗစ်ကာကွယ်ရေးအတွက် လူသားချင်းစာနာမှု အကူအညီများ ရနိုင်သော်လည်း နိုင်ငံရေးအရ အမြင့်ဆုံးမျှော်လင့်နိုင်သည့် အနေအထားမှာ တွေ့ဆုံဆွေးနွေးညှိနှိုင်းနိုင်ရေး ဖြစ်ကြောင်း ဆိုသည်။
မတူညီသော အစုအဖွဲ့များအကြား တွေ့ဆုံနိုင်ရေး ကြားဝင်ညှိပေးမည့် အာဆီယံဥက္ကဌ၏ အထူးကိုယ်စားလှယ်အတွက် မြန်မာနိုင်ငံအတွင်းရှိ မတူညီသော နိုင်ငံရေးအစုအဖွဲများပြောသည့် နိုင်ငံရေးဆိုင်ရာ ဘာသာစကားနှင့် လူမှုဆက်ဆံရေးနည်းနာများ သိရှိရန် လိုအပ်လာမည်။
သို့သော် လက်တွေ့ အခြေအနေအရ မြန်မာပြည်သူလူထုသည် တွေ့ဆုံဆွေးနွေးမှုကို မလိုလားဘဲ စစ်အစိုးရ ပြုတ်ကျရေးကိုသာ ပိုမိုအားသန် လိုလားနေကြောင်း ၎င်းက ဆိုသည်။
ထို့သို့သော အနေအထားတွင် တွေ့ဆုံဆွေးနွေးရေး ဖြစ်မြောက်ရန် အာဆီယံအထူးကိုယ်စားလှယ်က မည်ကဲ့သို့ ကြိုးပမ်းမည်ဆိုသည်မှာ စိတ်ဝင်စားဖွယ်ရာ အခြေအနေဖြစ်နေကြောင်း ဦးတင်မောင်သန်းက သုံးသပ်သည်။
“မတူညီသော အစုအဖွဲ့များအကြား တွေ့ဆုံနိုင်ရေး ကြားဝင်ညှိပေးမည့် အာဆီယံဥက္ကဌ၏ အထူးကိုယ်စားလှယ်အတွက် မြန်မာနိုင်ငံအတွင်းရှိ မတူညီသော နိုင်ငံရေးအစုအဖွဲများပြောသည့် နိုင်ငံရေးဆိုင်ရာ ဘာသာစကားနှင့် လူမှုဆက်ဆံရေးနည်းနာများ သိရှိရန် လိုအပ်” လာမည်ဖြစ်ရာ “နည်းပညာ အထောက်အကူပြုအဖွဲ့တဖွဲ့ ဖွဲ့ရန် လိုမည်”ဟုလည်း ၎င်းက ဆိုသည်။
ထို့အပြင် မတူညီသော နိုင်ငံရေးအစုအဖွဲ့များအကြား တွေ့ဆုံဆွေးနွေးနိုင်ရေး ကြားဝင်ညှိပေးမည့် အာဆီယံ ဥက္ကဌ၏ အထူးကိုယ်စားလှယ်အတွက်လည်း ကြီးမားသည့် စိန်ခေါ်ချက်အချို့ရှိနေကြောင်း ၎င်းက သုံးသပ်သည်။
“ကိုယ်ကျင့် သိက္ခာပိုင်းအရ ဘာအန္တရာယ်ရှိသလဲဆိုတော့ ရက်ရက်စက်စက် ဖိနှိပ်သတ်ဖြတ်ထားတာတွေ။ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ စွပ်စွဲခံထားရတဲ့သူ၊ အာဏာသိမ်းမှုနောက်ပိုင်း ဖိနှိပ်မှုတွေတော်တော်များများက လူသားမျိုးနွယ်တရပ်လုံးအပေါ်မှာ ကျူးလွန်တဲ့ ရာဇဝတ်မှုဖြစ်သလားလို့ မေးခွန်းထုတ်ခံထားရတဲ့သူ အဲဒီလိုပုဂ္ဂိုလ်အဖွဲ့အစည်းနဲ့ ဆက်ဆံပြီးတော့ တဖက်မှာ သူ့ရဲ့နိုင်ငံတကာဆက်ဆံရေး ပင်ကိုယ်သဘောအရကိုက အကန့်အသတ် ကြီးမားစွာရှိနေတယ်။ မကြိုက်ရင် မလုပ်ရဘူးဆိုတဲ့ အခါကျတော့ သူက စစ်အစိုးရသွားချင်တဲ့ လမ်းကြောင်းကြီးကို လိုက်ပြီး ညှိပေးရတဲ့ ဘဝရောက်သွားမလားဆိုတဲ့ အန္တရာယ်ကြီးတခုတော့ ရှိတယ်” ဟု ဦးတင်မောင်သန်းက ပြောသည်။
You may also like these stories:
မြန်မာ ရွေးကောက်ပွဲအစီအစဉ် အမေရိကန် လက်မခံ
မြန်မာဆိုင်ရာ အထူးသံတမန် အတည်ပြုရေး ASEAN စောင့်ဆိုင်းနေ
မြန်မာသည် ကိုဗစ်နိုင်တင်း ချိန်ကိုက်ဗုံး ဖြစ်သည်။ အသက်များကို ကယ်နိုင်ပါဦးမည်လော
ဗင်နီဇွဲလားလို မြန်မာနိုင်ငံ ချောက်ထဲခုန်ဆင်းနေသည်