ဆောင်းပါး

သံချပ်များဖြင့် ပရိသတ်ကို ရယ်မောစေခဲ့သူ လူရွှင်တော်ကြီး မေတ္တာ

လူရွှင်တော်ကြီး မေတ္တာဟု ဆိုလိုက်လျှင် မျက်နှာ ပြုံးပြုံးရွှင်ရွှင်ဖြင့် ဟာသပြက်လုံးများကို အာဝဇ္ဇန်းရွှင်စွာ လက်တန်း ပြောတတ်သူဟု အများက သိထားကြပြီး၊ မေတ္တာသည် အငြိမ့်သဘင်၊ ရုပ်ရှင်အနုပညာ နယ်ပယ်တွင်သာမက သင်္ကြန်သံချပ်နှင့် စာပေနယ်များတွင် လူချစ်လူခင် ပေါများလှသည်။

မေတ္တာ၏ အမည်ရင်းမှာ ခင်မောင်မြင့်ဖြစ်ပြီး၊ လူရွှင်တော်ဘဝ မစခင် အထက်တန်း ကျောင်းသား ဘဝကတည်းက သင်္ကြန်သံချပ်တွေမှာ လိုက်ပါခဲ့သူ ဖြစ်သည်။

“ကိုမေတ္တာက ဆယ်တန်း မအောင်ခင်ကတည်းက ပထမဆုံး သံချပ် စထွက်တာ “ပြည်တော်ချစ် မင်းသားကြီး”၊ အဲ့မှာ ခေါင်းဆောင် ကိုတင်မြင့်၊ ကိုမေတ္တာရဲ့ ဆရာအရင်းပေါ့။ အဲ့မှာ တောက်လျှောက် ထွက်လာပြီး သူက အဲ့ဒီမှာ သံချပ်ထိုးတာထက်စာရင် သီချင်းလေးတွေနဲ့ ပြက်လုံးထုတ်ပြီး သရုပ်ဆောင်တာ ပိုပြီး ထိထိမိမိနဲ့ ပရိသတ်ကို ပွဲကျအောင် ဆွဲဆောင်နိုင်တယ်။ ဒါသူ့ရဲ့ အနုပညာပေါ့”

“ပရိသတ်ကို ဖမ်းစားနိုင်တယ်။ သူ့ရဲ့ ထူးခြားချက်က အဲဒါပဲ။ သူ့ဘာသာ သီချင်းလေးတွေ စပ်တယ်။ ခေတ်စားနေတဲ့ သီချင်းတွေကို ပြက်လုံး ထုတ်ပြီး ခေတ်နဲ့အညီ ဟာသလုပ်ရင်း သူက သရုပ်ဆောင်တယ်။ အဲ့မှာ “ပြည်တော်ချစ် မင်းသားကြီး”က သူ့စန်းကြောင့်ပဲ တော်တော်လေး နာမည်ကြီးပါတယ်”ဟု ဦးသီဟ (မြန်မာစာ ကထိက – ငြိမ်း)က ဧရာဝတီကို ပြောသည်။

ဦးသီဟ (မြန်မာစာ ကထိက – ငြိမ်း) (ဓာတ်ပုံ- U Aung Myo Shein)

ဦးသီဟသည် ထိုခေတ်အချိန်က “အပ္ပမာဒေန သမ္မာဒေထ” သံချပ်အဖွဲ့၏ နာယက တဦးဖြစ်ပြီး၊ သံချပ်များကို ရေးသားသည့် သံချပ်ပညာရှင်တဦး ဖြစ်သည်။

ယင်းနောက် မေတ္တာ (ခ) ခင်မောင်မြင့်သည် “၂၀ ရာစု ဟာသ အကယ်ဒမီ” ဆိုသည့် အသင်းခွဲထောင်ခဲ့ပြီး၊ အဆိုပါ အသင်းတွင်လည်း “ကုလားလေး ကိုခင်မောင်မြင့်” ဟူ၍ နာမည် စတင် ရလာကာ ခေတ်ပေါ် အိန္ဒိယသီချင်းများဖြင့် ကပြ သရုပ်ဆောင် ဖျော်ဖြေမှုကြောင့် လူသိများလာခဲ့သည်။

ထိုမှတဆင့် သံချပ် အသင်း ၃ သင်း ပေါင်းကာ “ပြည်တော်ချစ် မင်းသားကြီး”၊ “၂၀ ရာစု ဟာသ အကယ်ဒမီ” နှင့် “ဘုရားမကြိုက်တဲ့ လူစု” စသည့် သံချပ် ၃ ပွင့်ဆိုင် ထွက်လာသည့်အခါတွင်လည်း မေတ္တာ၏ စန်းမှာ တစတစ ထွန်းပေါက်ကာ စင်ပေါ်တွင် သူဖျော်ဖြေသည့်အခါ သူ၏ ဟာသ အာဝဇ္ဇန်းရွှင်မှုကို မည်သူမှ မမီနိုင်ခဲ့ပေ။

ဝါရင့် လူရွှင်တော်ကြီး မေတ္တာ (ဓာတ်ပုံ- U Aung Myo Shein)

“သူ့စန်းကို ဘယ်သူမှ ကျော်မရဘူး။ သူကပဲ စင်ပေါ်ရောက်သွားရင် သူ့စန်းကို ဘယ်သူမှ လိုက်လို့ မရဘူး။ အဲ့လောက်ထိ မျက်နှာခံကော၊ စန်းကော၊ ဖြတ်ထိုးဉာဏ်ကော အလွန်ကောင်းပါတယ်။ အဲ့ကနေ “ပြည်သူ့တရားရှင်” ဆိုပြီးတော့ ကိုခင်မောင်မြင့်က နာမည်အရမ်းကြီးသွားတာ ဖြစ်ပါတယ်။ နောက်ပိုင်း သူက ရုပ်ရှင်နယ်ပယ်ထဲ တဖြည်းဖြည်း ရောက်သွားတယ်”ဟု ဦးသီဟက ဆိုသည်။

ထိုခေတ်အခါက သံချပ်သမားများသည် မေတ္တာ၏ အမည်ရင်းဖြစ်သည့် ကိုခင်မောင်မြင့်ကိုသာ လူသိများပြီး၊ မေတ္တာဆိုသည့် အမည်ကို စီးပွားရေးတက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာ ခင်မောင်ညွှန့်က တက္ကသိုလ်အငြိမ့်တွင် ပါဝင်သည့် လူရွှင်တော် လေးဦးအား “မေတ္တာ၊ ချစ်စရာ၊ ကရုဏာ၊ သစ္စာ”ဟု အမည်ပေးခဲ့ရာမှ အမည်တွင်ခဲ့ခြင်း ဖြစ်သည်။

“သင်္ကြန်သမားတွေကတော့ သူ့ကို ခင်မောင်မြင့်ပဲ သိတယ်။ မေတ္တာဆိုတဲ့ နာမည်က စီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ်က အဲ့မှာ သူတို့တွေ အငြိမ့်ကကြတော့ မေတ္တာတို့၊ ချစ်စရာတို့ လူရွှင်တော်တွေ တက္ကသိုလ် ကျောင်းသားတွေ အငြိမ့်ထောင်ကြတယ်။ အဲ့ဒီမှာ သူက မေတ္တာဆိုတဲ့ နာမည်ရသွားတယ်”

ဝါရင့် လူရွှင်တော်ကြီး မေတ္တာ (ဓာတ်ပုံ- U Aung Myo Shein)

“၁၉၈၈ အပြီးလောက်မှာ ဝဇီရာရုံမှာ ပြဇာတ်တွေကတော့ အဲ့ပြဇာတ်မှာ မေတ္တာဆိုတဲ့ နာမည်နဲ့ သူက သရုပ်ဆောင်တယ်။ အဲ့ဒီမှာ ဘိုကလေးတင့်အောင်က အနုပညာရဲ့ ကြယ်တပွင့်လို့ ချီးကျူးခံရတယ်။ သူက စွယ်စုံရတာကိုး။ အဲ့မှာ မေတ္တာလို့ စပြီး နာမည်ကြီးသွားတယ်”ဟု ဆရာ ဦးသီဟက ဆိုသည်။

လူရွှင်တော် မေတ္တာ နာမည်ကြီးရခြင်း အကြောင်းအရင်းသည် အငြိမ့်သဘင်များကြောင့်ဖြစ်သလို၊ မြန်မာ့အသံတွင် ၁၉၉၆ ခုနှစ်က စတင် တင်ဆက်ခဲ့သည့် “ဆိုကြမယ် ပျော်ကြမယ်” အစီအစဉ်တွင် တင်ဆက်သူအဖြစ် လုပ်ကိုင်ခဲ့စဉ် ပို၍ လူသိများလာခြင်း ဖြစ်သည်။

အဆိုပါ အစီအစဉ်တွင် မေတ္တာက “ဆယ်တန်းပြီးရင် ကျောင်းပြီးပြီ” ဟု ထည့်သွင်း ကျီစယ် တင်ဆက်ခဲ့ခြင်းကြောင့် ယင်းအစီအစဉ်မှ ၁၉၉၈ ခုနှစ်တွင် နုတ်ထွက်ခဲ့ရကြောင်း သိရသည်။

မေတ္တာသည် သူ၏ ဘဝတလျှောက် ရုပ်ရှင်နှင့် ဗီဒီယို ဇာတ်ကားများတွင် ဟာသ သရုပ်ဆောင်အဖြစ် ပါဝင် ခဲ့ပြီး၊ အစီအစဉ် တင်ဆက်သူ၊ ဘိသိက်ဆရာ၊ အခမ်းအနားမှူးများအဖြစ် ပွဲအခမ်းအနားများစွာတွင် ဆောင်ရွက်ခဲ့သည်။

မေတ္တာ၏ မိတ်ဆွေ ဦးအောင်မျိုးရှိန် (ဓာတ်ပုံ- U Aung Myo Shein)

“သူက ပညာတတ်ဘွဲ့ရ၊ လူရွှင်တော်ဖြစ်တဲ့အတွက် သူ့ ပြက်လုံးတွေက သူများနဲ့ မတူဘူး။ သူက ဟာသဉာဏ်ရွှင်တယ်။ မင်္ဂလာပွဲတခုမှာ သူက ဧည့်သည်အနေနဲ့လာတာ။ အဲဒီမှာ ပွဲလုပ်သူက သူနဲ့ ခင်နေတော့ စင်ပေါ်ခေါ်တင်တဲ့အခါ အဆိုတော်တွေကြားမှာပဲ မိနစ် ၂၀ လောက် လူတွေ ပါးစပ် မပိတ်ရအောင် လက်တန်း ပြက်သွားတာ။ သူက နိုင်ငံခြားက ဟာသပညာရှင်တွေလို တယောက်တည်း လူရွှင်တော်၊ ဟာသ လုပ်နိုင်တဲ့ အာဝဇ္ဇန်းမျိုး ရှိတယ်။ ဉာဏ်ရည်မျိုးလည်း ရှိတယ်”ဟု မေတ္တာ၏ မိတ်ဆွေ၊ ဦးအောင်မျိုးရှိန်က ဧရာဝတီကို ပြောသည်။

မေတ္တာ၏ ဟာသ ပြက်လုံးများသည် အောက်လုံးမပါ၊ ရိုင်းစိုင်းသည့် စကားရပ်များ မပါဘဲ ထိထိမိမိနှင့် ပညာသားပါပါသာ ပြက်လေ့ရှိကြောင်း အများက သိရှိ လက်ခံထားကြသည်။ မေတ္တာသည် စီးပွားရေးဘွဲ့ B.Com (Eco) ရရှိထားသူ ဖြစ်သည်။

“သူက ပညာတတ် လူရွှင်တော် တယောက်ဆိုတော့ အောက်လုံး မပြက်ဘူး။ အင်မတန်မှ ယဉ်ကျေးပြီးတော့ သာသာလေးနဲ့ နာနာလေးနဲ့ ထိမိတဲ့ ပြက်လုံးမျိုးပဲ ပြက်လေ့ရှိတယ်။ အတွေးအခေါ်လေးတွေ တဆစ်ချိုးထည့်ပြီး ပြက်လေ့ရှိပါတယ်။ အဲဒါကြောင့်မို့ပဲ အဲ့လို လူရွှင်တော်မျိုး တယောက် ဆုံးရှုံးရတာဟာ လူရွှင်တော် လောကမှာ တော်တော်လေး နစ်နာဆုံးရှုံးမှုပါပဲ”

“ပြက်လုံး ပြက်တာဟာ အတန်းအစား အမျိုးမျိုး ရှိတယ်။ အောက်လုံးပြက်တဲ့ အဆင့်အတန်းလည်း ရှိတယ်။ အတွေးအခေါ်လေးတခုကို သူ့ရဲ့ ဘဝအမြင်နဲ့ အနုပညာသားပါပါ ယဉ်ယဉ်ကျေးကျေးနဲ့ ရယ်ရအောင် လုပ်တဲ့ အဆင့်အတန်းရှိတယ်။ သူက ဒုတိယ အဆင့်အတန်းမျိုး ဖြစ်တဲ့အတွက် အဲ့သလို ပုဂ္ဂိုလ်ကို ဆုံးရှုံးရတာ တော်တော်လေး နှမြောစရာ ကောင်းတယ်”ဟု ဦးသီဟက စိတ်မကောင်းစွာ ဆိုသည်။

မေတ္တာသည် မိမိကိုယ်တိုင်လည်း နှိမ့်ချ ဆက်ဆံတတ်သလို၊ တဖက်သားကိုလည်း လေးစားတတ်ကာ မိမိထက် အသက်ငယ်သူများကိုပင် တရင်းတနှီး လေးစားစွာ ဆက်ဆံတတ်သူ ဖြစ်သည်။

“ဦးမေတ္တာကြီးနဲ့ ဆိုပျော်ပြိုင်တော့ စတွေ့တာပေါ့။ အခုမှ တွေ့တဲ့ ကလေးတွေကို သားသမီးအရင်းတွေလို ဆက်ဆံ ပြောဆိုတတ်တော့ နွေးထွေးပျော်ရွှင်စွာ ပြိုင်ပွဲဝင်ကြရတာ မေ့မရ၊ ပြီးတော့ အခုချိန်ထိ ချစ်ခင် ခင်မင်လာခဲ့ကြတာပေါ့။ တွေ့ဖြစ်တဲ့အခါတိုင်း အတိတ်ကအကြောင်းတွေ ပြန်ပြောဖြစ်ပြီး အမြဲ ဆုံးမစကား ပြောလေ့ရှိတယ်”ဟု အဆိုတော် Rဇာနည်က မေတ္တာ ကွယ်လွန်သည့်နေ့က ဝမ်းနည်းစကား ဆိုသည်။

တူဝရီး တော်စပ်သူ ကိုသော်ဇင်ကလည်း ဦးမေတ္တာသည် သမာသမတ်ကျသည့် အနုပညာရှင်တဦးဖြစ်ပြီး၊ မည်သည့်အခါမှ အောက်ပိုင်း ပြက်လုံးများကို မပြက်သည့်အချက်ကို အဓိက စံထားရသည်ဟု ဆိုသည်။

“အနုပညာမှာ စံထားရတာဆိုရင် အဓိကကတော့ အငြိမ့်မှာ သူ ပြက်လုံး ပြက်တဲ့အခါပေါ့။ သူကိုယ်တိုင်လည်း အမြဲပြောတယ်။ သူ့ရဲ့ ပြက်လုံးတွေမှာ သတိထားမိနိုင်တယ်။ သူက အောက်ပိုင်း ပြက်လုံးတွေ၊ ခါးအောက်ပိုင်း ပြက်လုံးတွေ မပြက်ဘူး။ သူက စကားပြောရင် အဆင့်အတန်းရှိတယ်။ ရိုင်းစိုင်းတဲ့ စကားတွေ မပြောဘူး။ သူ ပြက်တဲ့ ပြက်လုံးတွေက အဆင့်ရှိတယ်။ အဓိပ္ပာယ်ရှိတယ်။ နောက်ပြီး နိုင်ငံရေးကို ထင်ဟပ်စေတယ်။ ညစ်ညမ်းတဲ့ စကားလုံးတွေကို သူ မသုံးဘူး။ အရမ်းကို သမာသမတ်ကျတဲ့ အနုပညာရှင် တယောက်ပါ”

၂၀၀၉ ခုနှစ်၊ မေလအတွင်း ပဲခူးမြို့တွင် တွေ့ရသည့် ဦးမေတ္တာ၏ မိခင်ကြီးနှင့် မိသားစု

“သူက လူတဖက်သားအပေါ်မှာ အရမ်း လေးစားတယ်။ ကိုယ့်ထက် အသက်ကြီးမှ မဟုတ်ဘူး၊ ငယ်တဲ့သူကိုလည်း တလေးတစား ဆက်ဆံတယ်။ ကျနော့်ကိုလည်း ငယ်ငယ်လေးကတည်းက သူတို့နဲ့အတူ ကြီးပြင်းလာပေမယ့် ကလေးလို မဆက်ဆံဘဲ ကျနော်က လက်ရှိ ဆရာ လုပ်နေတော့ ကျနော့်ကို သား ကိုသော်ဇင်ဆိုပြီး လေးလေးစားစား ခေါ်တယ်။ သူက လူမှုရေးအရမ်းကောင်းတယ်။ ကူညီတတ်တယ်။ လိုအပ်တာတွေ လိုက်လုပ်ပေးတယ်။ သူ့မှာဆို အသိပညာတွေ၊ ဗဟုသုတတွေ အများကြီးရှိတယ်။ ဒါပေမဲ့ ပညာဂုဏ် မမောက်ဘဲ သူက နှိမ့်ချပြီး ဆက်ဆံတတ်တယ်”ဟု ကိုသော်ဇင်က ဆိုသည်။

အသက် ၆၇ နှစ်အရွယ်၊ လူရွှင်တော်ကြီး မေတ္တာသည် အဆုတ်နှင့် နှလုံးရောဂါ အခံရှိသူ ဖြစ်ပြီး၊ သြဂုတ်လ ၂ ရက်နေ့၊ နေ့လယ် ၁၂ နာရီအချိန်ခန့်က COVID-19 ရောဂါကြောင့် ကွယ်လွန်သွားခဲ့သည်။

မေတ္တာ ကွယ်လွန်ခြင်းသည် ရုပ်ရှင်၊ သဘင်၊ စာပေနယ်ပယ်များတွင်သာမက သင်္ကြန်သံချပ်သမားတို့၏ အစားထိုးမရသော ဆုံးရှုံးမှုဖြစ်သည်ဟု သံချပ်ပညာရှင် ဦးသီဟက ဆိုသည်။

“သင်္ကြန်လောက အနေနဲ့ ပြောရရင် သင်္ကြန်သမားတွေအားလုံးကို အမြဲတမ်း ရင်းနှီး ချစ်ခင်ပြီးတော့ သင်္ကြန်သမားတွေ စည်းလုံးရေးတို့၊ သာရေးနာရေးတို့၊ အင်မတန် စိတ်ကောင်းရှိတဲ့ ပုဂ္ဂိုလ်တယောက် ဆုံးရှုံးရတဲ့အတွက် သင်္ကြန်သမားတွေအတွက်လည်း အစားထိုး မရတဲ့ ဆုံးရှုံးမှုပေါ့။ သူဆုံးတယ်ကြားတော့ ဘယ်လိုမှ ကျနော့် ရင်ထဲမှာ မဖြေဆည်နိုင်ဘူး”ဟု ဦးသီဟက ဝမ်းနည်းသံစွက်လျက် ဧရာဝတီကို ပြောပြသည်။

“ဘယ်လိုမှ မယုံနိုင်ဘူး။ ဦးမေတ္တာက ကျနော်တို့ လက်ပွန်းတတီး နေခဲ့စဉ်က ကျန်းကျန်းမာမာ သန်သန်မာမာ ထောင်ထောင်မောင်းမောင်းနဲ့ မိသားစုမှာဆိုလည်း သူက အမြဲတမ်း ဦးဆောင်နေတယ်။ တကယ့် စံပြ ပုဂ္ဂိုလ်တယောက် ဖြစ်တယ်။ အခုလိုမျိုး ရုတ်တရက် အသက်ပါသွားလောက်တဲ့အထိ ဖြစ်တဲ့အခါ လုံးဝ မယုံနိုင်ဘူး။ ကျနော်တို့ ဆွေမျိုးအတွက်တင် မကဘူး။ မြန်မာနိုင်ငံမှာရှိတဲ့ သူ့ရဲ့ ပရိသတ်တွေအတွက်ပါ ကိုယ်စားပြုပြီး ဝမ်းနည်းရတယ်”

၂၀၀၉ ခုနှစ်၊ မေလအတွင်း ပဲခူးမြို့တွင် တွေ့ရသည့် ဦးမေတ္တာ၏ မိခင်ကြီးနှင့် မိသားစု

“ဒီလောက်အထိ တန်ဖိုးရှိတဲ့ ပုဂ္ဂိုလ်တယောက် ဆုံးရှုံးရတဲ့အတွက်ပေါ့။ သူသာ ရှိနေဦးမယ်ဆိုရင် ကိုယ့်နိုင်ငံသားတွေအတွက် အသိပညာတွေ ရစေနိုင်မယ့် ဟောပြောမှုတွေ၊ ရေးသားမှုတွေ စွမ်းဆောင်နိုင်မယ်လို့ ယုံကြည်တယ်။ မြန်မာနိုင်ငံမှာ တန်ဖိုးရှိတဲ့ ပုဂ္ဂိုလ်တွေအများကြီး ရှိတဲ့အထဲမှာ သူက အပါအဝင် တယောက် ဖြစ်တယ်ဆိုတော့ သူ မရှိတာ အများကြီး ဆုံးရှုံးမှု ဖြစ်တယ်”ဟု မေတ္တာ၏ တူ ကိုသော်ဇင်က စိတ်မကောင်းစွာ ဆိုသည်။

ဦးမေတ္တာသည် မိသားစု၊ သားသမီးအပေါ် အမြဲ ဂရုစိုက်လေ့ရှိသူဖြစ်ပြီး၊ လိုလေးသေးမရှိ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးကအစ အသေးစိတ် အစအရာရာ သားသမီးအပေါ် စိတ်ရှည် သည်းခံတတ်သူ၊ ပညာရေးကို ဦးစားပေးသူဟု ကိုသော်ဇင်က မှတ်ချက် ပြုသည်။

သင်္ကြန်သံချပ် ချစ်သူအချင်းချင်း ဦးမေတ္တာနှင့် ညီအစ်ကိုရင်းလို ခင်မင်သည့် မိတ်ဆွေ၊ ဦးအောင်မျိုးရှိန်က မေတ္တာ ကွယ်လွန်ခြင်းဟာ သံချပ်မှာ အစားထိုးမရတဲ့ ဆုံးရှုံးမှုဟု ဆိုသည်။

“ကိုမေတ္တာ ဆုံးရှုံးမှုက ရုပ်ရှင်သဘင်၊ အနုပညာကဏ္ဍတင် မကဘူး။ ကျနော့်အနေနဲ့ဆို သံချပ်မှာ အစားထိုးလို့ မရတဲ့ ဆုံးရှုံးမှုပေါ့။ သူ့ရဲ့ အနုပညာ၊ လူရွှင်တော် ဆိုတာထက် သူနဲ့ ကျနော် ညီရင်းအစ်ကိုလို ဖြစ်တာက သင်္ကြန်သံချပ်မှာပါ။ သံချပ်မှာကျတော့ သူ့ရဲ့ အစဉ်အလာ၊ သူ့ရဲ့ ပါရမီ၊ သူ့ရဲ့ သဘာကို လေးစားတယ်။ သူကလည်း ကျနော့်ကို သင်္ကြန်သံချပ် ချစ်သူအချင်းချင်း ကျနော့်ကို တအားချစ်တယ်”

ဝါရင့် လူရွှင်တော်ကြီး မေတ္တာ (ဓာတ်ပုံ- U Aung Myo Shein)

“သံချပ်ဆိုတာက ပြည်သူတွေ ကြားချင်တဲ့စကား၊ ပြည်သူတွေ ပြောချင်တဲ့အသံကို တနှစ်မှာ တခါ သင်္ကြန်မှာ ရင်ဖွင့်ကြတာလေ။ အဲဒီမှာ သူက ပြည်သူ့ကိုယ်စား ပြောနိုင်တယ်။ သူပြောတဲ့ စကားတွေက ထိရောက်တယ်။ သူပေးတဲ့ Message တွေကလည်း လူတွေ ကြိုက်တယ်။ သံချပ်ဆိုတာ ကမ္ဘာမှာ မြန်မာတနိုင်ငံမှာသာရှိတဲ့ ရိုးရာ ယဉ်ကျေးမှု အစစ်တခုပါ”

“ဒီလို သံချပ်သမားတွေ တိမ်မြုပ် ပျောက်ကွယ်တာမျိုး မဖြစ်ဘဲ မျိုးဆက်သစ် သံချပ်သမားတွေ ပေါ်ထွက်လာစေချင်ပါတယ်။ အထူးသဖြင့် ကိုမေတ္တာ မြေတောင်မြှောက်ပေးခဲ့တဲ့ သူ့သားလေး အောင်မြင်အောင် ပရိသတ်တွေ ဆက်အားပေးဖို့၊ သူ့သားလေးလည်း အဖေ့ခြေရာ နင်းနိုင်တဲ့ သံချပ်သမားတယောက်၊ အနုပညာသမားတယောက် ဖြစ်ပါစေ”ဟု မေတ္တာ၏ မိတ်ဆွေ ဦးအောင်မျိုးရှိန်က သူ၏ ဆန္ဒကို ဧရာဝတီသို့ ဖွင့်ဟသည်။

လူရွှင်တော်ကြီး မေတ္တာ ကွယ်လွန်သွားချိန်တွင် ဇနီးနှင့် သားသမီးနှစ်ဦး ကျန်ရစ်ခဲ့ပြီး၊ သားဖြစ်သူ မေတ္တာမြင့်မြတ်ဟိန်းသည် ဖခင်၏ အနုပညာအမွေကို ဆက်ခံကာ လူရွှင်တော် တဖြစ်လဲ သင်္ကြန် သံချပ်များတွင်လည်း ပါဝင်ကာ တင်ဆက် ဖျော်ဖြေသွားဦးမည် ဖြစ်သည်။ ။

Loading