စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မြန်မာနိုင်ငံကို ၂၆ နှစ် ချုပ်ကိုင်ခဲ့သည့် ယခင် အာဏာရှင် ဗိုလ်ချုပ်ကြီး နေဝင်းခြေရာနင်းကာ အိမ်စောင့်အစိုးရဟု အမည်ပေးပြီး သူ့ကိုယ်သူဝန်ကြီးချုပ် ခန့်လိုက်သောကြောင့် မြန်မာနိုင်ငံသည် ဆယ်စုနှစ် ရှည်ကြာသော နောက်ထပ်စစ်အာဏာရှင်စနစ်ကို ရင်ဆိုင်ရလိမ့်မည်ဆိုသည့် စိုးရိမ်ပူပန်မှုများ မြင့်မားနေသည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဝန်ကြီးချုပ် ရာထူးတွင် သူ့ကိုယ်သူခန့်ပြီး အစိုးရသစ်ဖွဲ့စည်းခြင်းကို စစ်ကောင်စီ အာဏာသိမ်းခြင်း ၆ လပြည့်သည့် တနင်္ဂနွေနေ့က ကြေညာသည်။ ရွေးကောက်ပွဲများကို ၂၀၂၃ ခုနှစ်တွင် ကျင်းပမည်ဖြစ်ကြောင်းလည်း သူကြေညာသည်။
ဒီမိုကရေစီနည်းကျရွေးကောက်ခံ ဒေါ်အောင်ဆန်းစုကြည်အစိုးရထံမှ အာဏာကို ဖေဖေါ်ဝါရီလတွင် စစ်တပ်က သိမ်းယူပြီးချိန်မှ စတင်သည် မြန်မာနိုင်ငံသည့် စီးပွားရေး၊လူမှုရေးနှင့် နိုင်ငံရေးအရ ဖရိုဖရဲဖြစ်နေသည်။ စစ်ကောင်စီသည် လူထုဆန္ဒပြပွဲများနှင့် အရပ်သားလက်နက်ကိုင် ပုန်ကန်မှုများ ရင်းဆိုင်နေရပြီး တိုင်းပြည်ကို အုပ်ချုပ်ရန် ရုန်းကန်နေရဆဲဖြစ်သည်။ လတ်တလောတွင် လွန်စွာကူးစက်မြန်သည့် ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲကလည်း နိုင်ငံကို အကြီးအကျယ်ထိုးနှက်နေသည်။
“မြန်မာ့နိုင်ငံရေးသမိုင်းကို ပြန်ကြည့်ရင် စစ်တပ်က အင်မတန် စိတ်ကူးယဉ်တဲ့ စစ်တပ်လို့ပြောလို့ ရတယ်။ သူ့နိုင်ငံရေးက ၁၉၆၂ အာဏာသိမ်းပြီးတော့ သာယာဝပြောသော နိုင်ငံကြီးဆီသွားမယ်ဆိုပြီး လုပ်လိုက်တာ အဆင်းရဲဆုံးနိုင်ငံအဖြစ်နဲ့ အဆုံးသတ်သွားတယ်။ အခုလည်း ဖက်ဒရယ်ဒီမိုကရေစီဆိုပြီး အာဏာသိမ်းလိုက်တာ ၆ လအတွင်းမှာပဲ ကျဆုံးနိုင်ငံအဖြစ်ကို ဦးတည်သွားတာပဲ”ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာတင်မောင်သန်းက ပြောသည်။
အိမ်စောင့်အစိုးရဆိုသည်မှာ မြန်မာအတွက် အသစ်အဆန်းမဟုတ်ပေ။ ၁၉၅၈ ခုနှစ်က အာဏာရ ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်မြောက်ရေးအဖွဲ့ချုပ် (ဖဆပလ) အတွင်း ဂိုဏ်းဂဏများနှင့် လျှို့ဝှက်အကောက်ကြံမှုများကြောင့် အကွဲကွဲအပြဲပြဲဖြစ်နေချိန်တွင် ထိုစဉ်က ဝန်ကြီးချုပ် ဦးနုက နောက် ၆ လအကြာတွင် အာဏာပြန်လွှဲမည်ဆိုသည့် ကတိရယူပြီး နိုင်ငံတော် အာဏာကို ထိုစဉ်က စစ်အုပ်စုခေါင်းဆောင် ဗိုလ်ချုပ်နေဝင်းထံ လွှဲပေးခဲ့သည်။ ဗိုလ်ချုပ် နေဝင်းကလည်း ထိုအချက်ကို သဘောတူပြီး အိမ်စောင့်အစိုးရဖွဲ့ပြီး ဝန်ကြီးချုပ် လုပ်သည်။
၁၉၆၂ အာဏာသိမ်းပြီးတော့ သာယာဝပြောသော နိုင်ငံကြီးဆီသွားမယ်ဆိုပြီး လုပ်လိုက်တာ အဆင်းရဲဆုံးနိုင်ငံအဖြစ်နဲ့ အဆုံးသတ်သွားတယ်။ အခုလည်း ဖက်ဒရယ်ဒီမိုကရေစီဆိုပြီး အာဏာသိမ်းလိုက်တာ ၆ လအတွင်းမှာပဲ ကျဆုံးနိုင်ငံအဖြစ်ကို ဦးတည်သွားတာပဲ
သို့သော် ၁၉၆၀ ခုနှစ်အထိ ရွေးကောက်ပွဲမကျင်းပပေ။ ဦးနု၏ပါတီ ရွေးကောက်ပွဲအနိုင်ရပြီးနောက် ဗိုလ်ချုပ် နေဝင်းက အာဏာပြန်လွှဲပေးသည်။ သို့သော် နောက် ၂ နှစ်ကြာသောအခါ ထိုစစ်ဗိုလ်ချုပ်က ဦးနုအစိုးရအောက်တွင် မြန်မာနိုင်ငံ ပြိုကွဲတော့မည်ဟုဆိုပြီး အာဏာပြန်သိမ်းသည်။
၁၉၆၂ ခုနှစ်တွင် အာဏာသိမ်းပြီးနောက် ဗိုလ်ချုပ် နေဝင်းသည် နိုင်ငံခေါင်းဆောင်အဖြစ် အာဏာကို ၂၆ နှစ်ကြာ ချုပ်ကိုင်ထားသည်။ သူသည် အရှေ့တောင်အာရှတွင် အချမ်းသာဆုံးသော မြန်မာနိုင်ငံကို ဆင်းရဲသော ဆိုရှယ်လစ်နိုင်ငံအဖြစ် ပြောင်းလဲလိုက်ပြီး ပြင်ပကမ္ဘာနှင့် အဆက်ဖြတ်ကာ အဆင်းရဲဆုံးနိုင်ငံအဆင့်သို့ တွန်းချလိုက်သောကြောင့် မြန်မာနိုင်ငံသည် ကုလသမဂ္ဂ၏ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံ (LCD) အဆင့်သို့ ၁၉၈၇ ခုနှစ်တွင် ရောက်ရှိသွားသည်။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၏ တပါတီအာဏာရှင်စနစ်ကို နိုင်ငံတဝှမ်းကျယ်ပြန့်သည့် ၁၉၈၈ ဒီမိုကရေစီ အရေးတော်ပုံက ဖြုတ်ချလိုက်သော်လည်း ထိုအရေးတော်ပုံကို စစ်အုပ်စုက ရက်စက်ကြမ်းကြုတ်စွာ နှိမ်နင်းခဲ့ပြီး ၂၀၁၁ ခုနှစ်အစောပိုင်းအထိ နောက်ထပ် စစ်အာဏာရှင်အုပ်ချုပ်ရေးတခုအောက် ပြန်ရောက်သွားသည်။
ထိုသို့သော သမိုင်းနောက်ခံကြောင့် စစ်ကောင်စီ၏ အိမ်စောင့်အစိုးရဖွဲ့စည်းသည့် တနင်္ဂနွေနေ့က ကြေညာချက်နှင့် ၂ နှစ်အတွင်း ရွေးကောက်ပွဲကျင်းပရန် ၎င်း၏ကတိကို သံသယဖြင့် မြင်ကြသည်။
“စစ်တပ်က အကြွင်းမဲ့အာဏာကို အကြာကြီး ကိုင်ထားတော့မယ်” အရှေ့တောင်အာရှရေးရာများကို ဆယ်စုနှစ်ပေါင်းများစွာရေးသားခဲ့သည့် ဆွီဒင် သတင်းစာဆရာကြီး ဘာတေးလ်လင့်တနာကပြောသည်။
ဒီမိုကရေစီနည်းကျ ရွေးကောက်ခံအစိုးရကို ဖေဖေါ်ဝါရီလ ၁ ရက်နေ့ ဖြုတ်ချချိန်က စပြီး စစ်တပ်၏ ရည်ရွယ်ချက်မှာ စစ်မှန်သော အရပ်သားအုပ်ချုပ်ရေး ထူထောင်ရန် မည်သည့် အားထုတ်မှုကိုမဆို ချေမှုန်းရေး ဖြစ်ပြီး ယခုအခါ အကြွင်းမဲ့ အာဏာကို စစ်တပ်က ချုပ်ကိုင်တော့မည်မှာ ထင်ရှာနေပြီဖြစ်သည်။ စစ်မှန်သော အရပ်သားအစိုးရ ထူထောင်ရေးမှာ ဒေါ်အောင်ဆန်းစုကြည်၏ ဖြုတ်ချခံ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရ၏ ရည်မှန်းချက်ဖြစ်သည်။
တိုင်းပြည်ကို အဖက်ဖက်က ယိုယွင်းစေခဲ့သော နှစ် ၆၀ နီးပါး စစ်အာဏာရှင်စနစ် အုပ်ချုပ်ရေး သမိုင်း၏ အဦးအစသည် ၁၉၅၈ ခုနှစ် အိမ်စောင့်အစိုးရက ဖြစ်သည်
စစ်ကောင်စီသည် အာဏာ တတ်နိုင်သမျှကြာကြာထိန်းချုပ်ထားမည့်သဘောရှိကြောင်း အန္တရာယ်ရှိသောကြောင့် အမည်မဖေါ်လို့ ရန်ကုန်အခြေစိုက်လေ့လာသူတဦးပြောသည်။ အိမ်စောင့်အစိုးရ ထူထောင်လိုက်ခြင်းဖြင့် စစ်ကောင်စီက ၎င်းတို့သည် စစ်အစိုးရမဟုတ်ဘဲ အာဏာကို ယာယီထိန်းချုပ်ထားသည့် အစိုးရသာဖြစ်ကြောင်း နိုင်ငံတကာအသိုက်အဝန်းကို အယုံသွင်းသည့် လှည့်စားနည်း နောက်ထပ်ဖဲတချပ်ကို ဆွဲထုတ်လိုက်ခြင်းဖြစ်ကြောင်း သူပြောသည်။
“သူတို့က အာဏာကိုပြန်ပေးမှာမဟုတ်ဘူး။ တိုင်းပြည်အတွက်ကတော့ အရမ်းကို ဆိုးရွားသွားပြီ” ဟု သူပြောသည်။
ထို့အပြင် တိုင်းပြည်ကို အဖက်ဖက်က ယိုယွင်းစေခဲ့သော နှစ် ၆၀ နီးပါး စစ်အာဏာရှင်စနစ် အုပ်ချုပ်ရေး သမိုင်း၏ အဦးအစသည် ၁၉၅၈ ခုနှစ် အိမ်စောင့်အစိုးရက ဖြစ်သည်ဟု တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်တဦးလည်းဖြစ် NUG အစိုးရ၊ ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးလည်း ဖြစ်သူ ဒေါက်တာလျန်မှုန်းဆာခေါင်းက ပြောသည်။
“အခု ၂၀၂၁ မှာ ဒီနည်းလမ်းကို ထပ်လုပ်လာတာက စစ်အာဏာရှင်အောက်မှာ ပြားပြားဝပ်သွားအောင် လုပ်ဖို့ ပြင်ဆင်တဲ့ စီမံချက် တခုလို့ပဲ မြင်ပါတယ်။ စစ်အာဏာရှင်စနစ်နဲ့ လူထုဘယ်တော့မှမလွတ်စေရဘူး၊ စစ်ဖိနပ်အောက်မှာ လူထုတရပ်လုံး ဒုက္ခခံစေရမယ် ဆိုတဲ့ မကောင်းဆိုးဝါး အကြံအစည်တခုပဲ ဖြစ်တယ်။ စစ်အာဏာရှင်ဗီဇပဲ ဖြစ်တယ်”လို့လည်း ၎င်းကဝေဖန်ပါတယ်။
“အိမ်စောင့်အစိုးရဖွဲ့စည်းတယ်ဆိုတာက သူတို့ရဲ့စစ်အာဏာသိမ်းမှု မအောင်မြင်ဘူးဆိုတာကို သက်သေပြတာပဲ။ သူတို့ ဘယ်လိုပဲ နာမည်ပြောင်းပြောင်း နိုင်ငံတကာရော လူထုရောက လက်ခံမှာမဟုတ်ဘူး၊ လူထုက ဆက်ပြီး အံတုတော်လှန်နေမှာပဲ ဖြစ်ပါတယ်”လို့ ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်းက ဆက်ပြောသည်။
နောက်ရွေးကောက်ပွဲတွင် အနိုင်ရသော ပါတီကို အာဏာပြန်လွှဲပေးမည်ဟု ကနဦးက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကတိပေးသည်။ တနင်္ဂနွေနေ့တွင်မူ အရေးပေါ်ကာလကုန်ဆုံးသောအခါ ၂၀၂၃ ခုနှစ်မှ ရွေးကောက်ပွဲကျင်းပမည်ဟု သူပြောသည်။
လွန်ခဲ့သောအပတ်က စစ်ကောင်စီသည် NLD တောင်ပြိုကမ်းပြိုနိုင်သော ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို တရားဝင်ဖျက်သိမ်းသည်။ NLD သည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ရွေးကောက်ပွဲ ဥပဒေများကို ချိုးဖေါက်သည်ဟု သူပြောသည်။ စစ်ကောင်စီသည် ထိုစွပ်စွဲချက်များဖြင့် NLD ကို ဖျက်သိမ်းရန်လည်းုလုပ်ဆောင်နေသည်။
လက်ရှိအခြေအနေအရ NLD သည် စစ်ခေါင်းဆောင် ကတိပေးထားသည့် ရွေးကောက်ပွဲတွင် မြင်ရလိမ့်မည်မဟုတ်ပေ။
မြန်မာ စစ်ဗိုလ်ချုပ်များသည် ကတိမတည်ကြောင်းနှင့် ရွေးကောက်ပွဲများနှင့်ပတ်သက်လျှင် မယုံရကြောင်း နိုင်ငံ၏ မကြာသေးမီ သမိုင်းကြောင်းကလည်း ပြသနေသည်။
လွှတ်တော်ကိုယ်စားလှယ်တဦးဖြစ်တဲ့ ဦးဖေသန်းက “အဓိကတော့ တပ်မတော်က အချိန်ဆွဲပြီးတော့ နောက် ၂ နှစ်ကြာတဲ့အခါမှာ ဖွဲ့စည်းပုံအသစ်တခုကို ရေးဆွဲလာလိမ့်မယ်လို့ပဲ ယူဆမိပါတယ်၊ အဲဒီလိုဆိုရင်တော့ အချိန်များစွာ ထပ်ကြာသွားနိုင်ပါတယ်”ဟု ဆိုသည်။
မြန်မာ စစ်ဗိုလ်ချုပ်များသည် ကတိမတည်ကြောင်းနှင့် ရွေးကောက်ပွဲများနှင့်ပတ်သက်လျှင် မယုံရကြောင်း နိုင်ငံ၏ မကြာသေးမီ သမိုင်းကြောင်းကလည်း ပြသနေသည်။
၁၉၉၀ ရွေးကောက်ပွဲတွင် NLD နိုင်သောအခါ ထိုစဉ်က စစ်အုပ်စုသည် ရလဒ်များကိုလေးစားလိုက်နာခြင်း မရှိပေ။ ၎င်းတို့သည် ၂၀၁၀ တွင် ရွေးကောက်ပွဲကျင်းပပြီး ၎င်းတို့၏ လက်ဝေခံပါတီကို အနိုင်ရစေသော်လည်း ထိုရွေးကောက်ပွဲသည် အတုအယောင်ဖြစ်ကြောင်း နိုင်ငံတကာကပယ်ချသည်။ ထိုစဉ်က ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးခေါင်းဆောင်များကို ဖမ်းဆီးထားပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က သပိတ်မှောက်ထားသည့်တိုင် မဲအကြီးအကျယ် လိမ်ခဲ့သည်။
၂၀၂၃ ရွေးကောက်ပွဲကို ကျင်းပဖြစ်မည်ဆိုလျှင်လည်း ဖြစ်နိုင်သော အလားအလာမှာ NLD မရှိတော့သောကြောင့် ၎င်းတို့ကျောထောက်နောက်ခံပါတီတခုသည် အပေါ်စီး ရမည်ဖြစ်သည်။
“ဒီမိုကရေစီနည်းကျ ရွေးကောက်ခံ အရပ်သားအစိုးရကို စစ်တပ်က အာဏာပြန်လွှဲပေးမယ်လို့ ယုံကြည်ရင် ဒါဟာ လက်မခံနိုင်လောက်အောင် တုံးအခြင်းသာဖြစ်တယ်” ဟု ဘာတေးလ် လင့်တနာ ပြောသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Fears of Another Long Dictatorship as Myanmar Coup Maker Appoints Himself PM ကို ဘာသာပြန်ဆိုပြီး ဖြည့်စွက်ရေးသားသည်။)
You may also like these stories:
မြန်မာ ရွေးကောက်ပွဲအစီအစဉ် အမေရိကန် လက်မခံ
ရွေးကောက်ပွဲရလဒ်များကို ပယ်ဖျက်ခြင်းက စစ်ဗိုလ်ချုပ်များ၏ ထုံးစံဖြစ်သည်
ရွေးကောက်ပွဲ ရလဒ်ဖျက်သိမ်းမှု SNLD လက်မခံ
NLD ကို ပိတ်ပင်ရုံဖြင့် စစ်အာဏာသိမ်းဆန့်ကျင်ရေး ရပ်ဆိုင်းမည် မဟုတ်
အာဏာသိမ်းမှု ၆ လပြည့်နဲ့ သူတို့ အမြင်