မြန်မာနိုင်ငံတွင် ကိုဗစ်ရောဂါ ကူးစက်မှု မြင့်တက်ပြီး သေဆုံးမှုများ တစထက်တစ များပြားနေစဉ်မှာပင် လူအများ သတိမထားမိကြသည့် ကိုဗစ်ကူးစက်မှု အန္တရာယ်၏ ဗဟိုချက်တွင် အလုပ် လုပ်နေကြသူများ ရှိရာ ထိုသူတို့မှာ
သုဘရာဇာများပင် ဖြစ်သည်။
ကိုဗစ် တတိယလှိုင်း ကာလအတွင်း၌ သုဘရာဇာများသည် ၎င်းတို့၏ နေ့စဉ်ဘဝတွင် ရုပ်အလောင်းများနှင့် ခပ်ခွာ ခွာနေ၍ မရ အမြဲမပြတ် ထိတွေ့ကာ အလုပ် လုပ်နေကြရသည်။ အန္တရာယ်ကြားတွင် အလုပ်လုပ်ကိုင်နေကြရသော် လည်း ၎င်းတို့သည် သူတို့၏ အလုပ်မှ စွန့်ခွာ ပြေးမသွားကြပေ။
အခက်အခဲ အမျိုးမျိုးကြားမှာပင် လူအများအတွက် သုဘရာဇာ အလုပ်ကို ဆက်လက် လုပ်ကိုင်နေကြသည်။ ၎င်းတို့ သုဘရာဇာ ဖြစ်လာခြင်းမှာလည်း အကြောင်းအရင်း အမျိုးမျိုးနှင့်ပင် ဖြစ်သည်။
ဆားလင်းကြီးက ကိုခင်မောင်စီ
သစ်သား တထပ်အိမ်တလုံး၏ အတွင်းပိုင်းမှ စူးစူးဝါးဝါး ငိုကြွေးသံသည် အိမ်အပြင်ကပင် ကြားနိုင်လောက်ပေသည်။ ငိုသံသည် ဆောင်းဘောက်မှ လာသည့် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတပါး၏ တရားသံနှင့် ရောထွေးနေလျက်။
အိမ်အဝင်တံခါး၏ ဘယ်ဘက်တွင် သစ်သား ခုတင်တလုံးရှိပြီး ခုတင်ပေါ်တွင် အမျိုသမီးအလောင်း တလောင်း တိတ်ဆိတ်စွာ လဲလျောင်းနေသည်။ အဖြူရောင် PPE ဝတ်စုံဖြင့် လူသုံးဦးသည် အလောင်းကို ဝန်းရံထားပြီး ၎င်းတို့ထဲ မှ တယောက်က အလောင်းကို ဂရုတစိုက် ပိုးသတ်ဆေး ဖြန်းနေသည်။
ဤမြင်ကွင်းသည် ကိုဗစ်ရောဂါဖြင့် သေဆုံးသွားသူ တဦးကို သင်္ဂြိုဟ်ရန် အလောင်းအား သွားရောက်သယ်ယူစဉ်တွင် ရိုက်ထားသော ဗွီဒီယို မှတ်တမ်း ဖြစ်သည်။
ယင်း ဗွီဒီယို မှတ်တမ်းထဲမှ PPE ဝတ်စုံဖြင့် လူသုံးဦးသည် စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့တွင် ကိုဗစ်ဖြင့် သေဆုံးသူ များကို သင်္ဂြိုဟ်ပေးနေသည့် တခုတည်းသော “စာနာမှု” အမည်ရှိ ပရဟိတအဖွဲ့ ဖြစ်သည်။ ထိုဗီဒီယိုကို အဆိုပါ အဖွဲ့ ၏ ခေါင်းဆောင်ဖြစ်သူ ကိုခင်မောင်စီက ၎င်း၏ Facebook အကောင့်တွင် တင်ထားသည်။
တကယ်တော့ ကိုခင်မောင်စီဆိုသည်မှာ သုဘရာဇာလုပ်ငန်း လုပ်ကိုင်သူမဟုတ်သလို မျိုးရိုးလည်း မရှိပေ၊ သူ့မြို့ သူ့ဒေသ သူ့နယ်၏ လိုအပ်ချက်ကွက်လပ်ကို ဝင်ရောက်ဖြည့်ဆည်းရင်း ဆိုင်ကယ်တစီးနောက်တွင် ရုပ်အလောင်းများ ကို သယ်ကာ လိုရာပို့ပေးရင်းမှ ကိုဗစ်ကာလ သည်လောကက ပြန်ထွက်မရသူဖြစ်သည်။
“ကျနော်တို့ဆီမှာ သင်္ဂြိုဟ်ပေးမယ့် သူမရှိလို့ သုဘရာဇာ ဖြစ်လာတာ” ဟု အသက် ၄၇ နှစ်အရွယ်ရှိ ကိုခင်မောင်စီက ၎င်း သုဘရာဇာ ဖြစ်လာပုံကို ပြောပြသည်။
၎င်းသည် ကိုဗစ် ပထမလှိုင်းနှင့် ဒုတိယလှိုင်းကာလများက ဆားလင်းကြီးမြို့တွင် ခပ်ခပ်ငယ်လက်ဖက်ရည်ဆိုင် တဆိုင် ဖွင့်ထားသူဖြစ်ပြီး ကိုဗစ်ရောဂါဖြစ်သည့် လူနာများကို ၎င်းအားလပ်ချိန်တွင် ဆေးရုံသို့ သယ်ပို့ပေးသည့် ပရဟိ အလုပ်ကို လုပ်ကိုင်သူ ဖြစ်သည်။
ကိုဗစ်တတိယလှိုင်း ကူးစက်မှု ပြင်းထန်လာပြီး ဆားလင်းကြီးမြို့နယ်တွင် လူသေဆုံးမှုများ မြင့်တက်လာချိန်တွင် လက်ဖက်ရည်ဆိုင်ဖွင့်ရန် အဆင်မပြေတော့သည့်နောက် ကိုဗစ်ရောဂါဖြစ်သည့်လူနာနှင့် သံသယလူနာများကို ဆား လင်းကြီး ဆေးရုံသို့ ပို့ပေးသည့် အလုပ်ကိုသာ ဇောက်ချ လုပ်ကိုင်ဖြစ်လာသူ ဖြစ်သည်။
ကိုဗစ်ကပ်ရောဂါ မဖြစ်ခင်ကတည်းကပင် ဆားလင်းကြီးမြို့နယ်သည် သုဘရာဇာ ဟူ၍ မယ်မယ်ရရ မရှိပေ။ ရပ်ထဲ ရွာထဲက လူငယ်များက သင်္ချိုင်းတွင် ဝိုင်းဝန်း ကျင်းတူးကာ အလောင်းကို သင်္ချိုင်းသို့ လှည်း သို့မဟုတ် ကားဖြင့် သယ်ပြီး မြေမြှုပ်သင်္ဂြိုဟ်လေ့ ရှိသည်။
မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီးနောက် ကူးစက်မြန် ကိုဗစ်ရောဂါပိုးသစ်ကြောင့် ကူးစက်ခံရသူ များပြားပြီး လူသေဆုံးမှုများ များလာသည့် နောက်တွင် ရပ်ရွာအတွင်းရှိလူငယ်များကလည်း အလောင်းကို မကိုင်ရဲကြတော့သလို သင်္ချိုင်းတွင်လည်း ကျင်းတူး သင်္ဂြိုဟ်ပေးမည့် အလုပ်ကို မလုပ်ရဲကြတော့ချေ။
ထိုအခါတွင် ဆားလင်းကြီးမြို့ပေါ် ရပ်ကွက်များနှင့် ရွာများမှ အလောင်းပိုင်ရှင်များက ကိုဗစ်လူနာများကို ဆေးရုံသို့ ပို့ပေးနေသည့် ကိုခင်မောင်စီ တို့၏ စာနာမှု လူမှုနှင့် နာမှုကူညီရေး အသင်းကို အကူအညီ တောင်းလာကြသည်။
လူအများက အကူအညီ တောင်းလာသောအခါ နဂိုကပင် လူမှုဝန်ထမ်း စိတ်ရှိသည့် ကိုခင်မောင်စီနှင့် သူ၏ မိတ်ဆွေ များသည် မနေသာတော့ဘဲ သုဘရာဇာ အလုပ်ကို တွဲ၍ လုပ်ကိုင်လာရတော့သည်။ တနည်းအားဖြင့် ကိုခင်မောင်စီ သည် မရည်ရွည်ဘဲ စော်ကဲ မင်းဖြစ်မဟုတ် သုဘရာဇာဖြစ်လာခြင်း ဖြစ်သည်။
“မြို့မှာ ဆေးလာကုရင်းနဲ့ သေဆုံးသွားရင် သယ်ပေးမယ့် နိဗ္ဗာန်ယာဉ် မရှိဘူးဗျ။ နောက်တခါ သူတို့ရွာကို ပြန်သယ် ရင်လည်း မီးသင်္ဂြိုဟ်ပေးမယ့်သူ မရှိဘူး။ တချို့ကျတော့ ရွာတွေကလည်း အဝင်မခံတဲ့ အနေအထားဆိုတော့ ကျနော် တို့က သုသာန်မှာပဲ ပို့ဆောင်ပြီး သင်္ဂြိုဟ်ပေးရတာ။ သင်္ဂြိုဟ် ပေးမယ့်သူမရှိလို့ ကျနော်တို့ကို အကူအညီ တောင်းတာ နဲ့ သုဘရာဇာ ဖြစ်လာတာ” ဟု ၎င်းက ဆိုသည်။
ကိုဗစ်ကာလ လူတဦး သေဆုံးသွားသဖြင့် အလောင်းသွားယူ၍ သင်္ဂြိုဟ်ပေးရမည်ဆိုပါက ကိုခင်မောင်စီနှင့် သူ၏ မိတ်ဆွေ ၃ ဦး တို့သည် PPE ဝတ်စုံများ ဝတ်ကာ အလောင်းရှိရာသို့ သွားရသည်။ အလောင်းရှိရာသို့ ရောက်ပါက အလောင်းကို ပိုးသတ်ဆေးဖြန်းကာ အလောင်းပိုင်ရှင်၏ သဘောဆန္ဒအတိုင်း သင်္ဂြိုဟ် ပေးရကြောင်း ကိုခင်မောင်စီ က ပြောသည်။
“ကျနော်တို့က မီးသင်္ဂြိုဟ် ပေးရတဲ့ အခါမှာလည်း မီးသင်္ဂြိုဟ်၊ ကျင်းတူးပြီး မြှုပ်ပေးတန်လည်း မြှုပ်ပေးပေါ့။ ပိုးသတ် ဆေးဖြန်းပြီးရင် ပလတ်စတစ်နဲ့ ထုပ်တယ်။ ဂူသွင်းချင်တဲ့သူတွေကို ကျနော်တို့က ခေါင်းထဲထည့်ပြီး ဂူသွင်းပေးတယ်။ များသောအားဖြင့်ကတော့ မီးသင်္ဂြိုဟ် ပေးရတာ များတယ်ဗျ။ ထင်းမီးနဲ့ သင်္ဂြိုဟ်တာပေါ့” ဟုလည်း ပြောပြသည်။
ကိုခင်မောင်စီနှင့် သူ၏ မိတ်ဆွေများသည် သုဘရာဇာအလုပ်ကို လုပ်ကိုင်နေသည်မှာ ၁ လကျော်သာ အချိန်ကြာ သေးသည်။ လက်ရှိအချိန်အထိ အလောင်းပေါင်း ၂၀ ကျော်ကို သင်္ဂြိုဟ် ထားသည်။
အလောင်းများကို ကိုင်တွယ် သင်္ဂြိုဟ်ရသည့် ကိုခင်မောင်စီတို့ အဖွဲ့ကိုလည်း ကိုဗစ်က အလွတ်မပေးပေ။ ၎င်းတို့အဖွဲ့မှ လူငယ်တဦးသည် လက်ရှိတွင် ကိုဗစ်ရောဂါ ဖြစ်နေပြီး ဆားလင်းကြီးဆေးရုံတွင် ဆေးကုသမှုခံနေရကြောင်း ကိုခင် မောင်စီက ပြောသည်။
“သူ့ကို ဖြစ်တာ သိသိချင်း သူ့မိသားစုနဲ့ အဆက်အသွယ် ဖြတ်တောက်ထားလိုက်တယ်။ ဆေးရုံမှာ Test Kit နဲ့ စစ်ပြီး တော့ ဆေးရုံမှာပဲ ဆေးကုသမှု ခံခိုင်းထားတယ်။ သူက သက်သာပါတယ်။ အောက်စီဂျင်ကျတဲ့အထိ မရှိပါဘူး” ဟု ၎င်းက ဆိုသည်။
ကိုခင်မောင်စီတို့သည် သုဘရာဇာအလုပ်ကို အသက်မွေးဝမ်းကျောင်းအတွက် လုပ်ကိုင်နေခြင်း မဟုတ်ဘဲ ပရဟိတ အခြေခံဖြင့် လုပ်ကိုင်နေခြင်း ဖြစ်သည်။
အလောင်းပိုင်ရှင်၏ ဆန္ဒအတိုင်း သင်္ဂြိုဟ်ရသည့် အခြေအနေကို မူတည်ကာ မဖြစ်မနေ ကုန်ကျမည့် သင်္ဂြိုဟ်စရိတ် ကိုသာ ယူ၍ လုပ်ဆောင်ပေးနေခြင်းဖြစ်သည်။ တခါတရံတွင် အလောင်းပိုင်ရှင်သည် ငွေကြေးမတတ်နိုင်သဖြင့် အခ ကြေးငွေ မရသည့် အခြေအနေများလည်း ရှိသည်။
“ဘယ်လိုမှ မထင်နဲ့နော် လက်ဖက်ရည်ဖိုး လေးပေးချင်လို့ ဆိုပြီး နှစ်ရာတန်လေး ၁ ရွက်ပေးလည်း စိတ်မဆိုးပါဘူး.. ဟုတ်ကဲ့ ရပါတယ်လို့ ယူခဲ့လိုက်တာပဲ။ ဘာမှ မခံစားဘူး” ဟု ၎င်းက ပြောပြသည်။
သို့သော်လည်း ငွေကြေး မပြေလည်သဖြင့် မပေးနိုင်သူမှာ လူနည်းစုသာဖြစ်ပြီး များသောအားဖြင့် PPE ဝတ်စုံ ၃ စုံဖိုး နှင့် အသင်းအတွက် အလှူငွေ ငွေကျပ် ၁ သိန်း လှူဒါန်းကြကြောင်း ကိုခင်မောင်စီက ပြောပြသည်။
ကိုခင်မောင်စီနှင့် သူ၏ မိတ်ဆွေများကို ဆားလင်းကြီးမြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီမှ PPE ဝတ်စုံနှင့် Mask များ ထောက်ပံ့ပေးပြီး ၎င်း၏ မိတ်ဆွေအများစုက အစားအစာနှင့် ငွေကြေး ထောက်ပံ့ပေးနေသည်။ မိတ်ဆွေများ၏ ထောက်ပံ့မှုဖြင့် မိသားစု စားသောက်နေရကြောင်း ကိုခင်မောင်စီက ဧရာဝတီသို့ ပြောသည်။
ဝင်ငွေတိတိပပ မရှိသဖြင့် မိသားစုစားဝတ်နေရေးအတွက် ခြိုးခြံ ချွေတာနေရကြောင်း ၎င်းက ရင်ဖွင့်သည်။
“စားဝတ်နေရေးကတော့ အထိုက်အလျောက်တော့ အခက်အခဲ ရှိတာပေါ့ဗျာ။ ခြိုးခြံချွေတာရတာပေါ့။ တချို့လည်း ကျနော့် မိတ်ဆွေအပေါင်းအသင်းက ထောက်ပံ့ပေးတာတွေနဲ့ စားရတယ်ဗျ။ မိသားစုကသားသမီး ၃ ယောက်ရှိတယ်။ ကျနော့် မိန်းမနဲ့ဆို မိသားစုက ၅ ယောက် ရှိပါတယ်” ဟု ကိုခင်မောင်စီက ပြောသည်။
လူမှုဝန်ထမ်းစိတ် အခြေခံဖြင့် PPE ဝတ်စုံဝတ်ကာ သုဘရာဇာ အလုပ်ကို ပရဟိတ လုပ်နေရသော်လည်း ကိုဗစ်ရော ဂါပိုး ၎င်းထံ ကူးစက်မည်ကို စိုးရိမ်မိကြောင်းလည်း ဆိုသေးသည်။ ထိုသို့ စိုးရိမ်စိတ်ရှိသော်လည်း အများကို ကူညီချင် သည့် စိတ်ကသာ ပိုမိုအားသန်နေသဖြင့် သုဘရာဇာ အလုပ်ကို ဆက်လုပ်ဖြစ်နေကြောင်း ကိုခင်မောင်စီက ရှင်းပြ သည်။
“အသက်ကို အသက်နဲ့ရင်းပြီး လုပ်ပေးနေရတာဆိုတော့ စိုးရိမ်မှုတော့ ရှိပါတယ်။ ဒါပေမယ့် ဒီအလုပ်ကို ကျနော် ကိုယ်စွမ်း ဉာဏ်စွမ်း ရှိသလောက် လုပ်သွားမယ်” ဟု ကိုခင်မောင်စီက ပြောသည်။
ဘဝရပ်တည်ရေး ဘက်တွင်မူ ပရဟိတအလုပ်ကို ရေရှည်လုပ်ကိုင်ရင်း မိသားစုစားဝတ်နေရေးကို မည်ကဲ့သို့ ထောက်ပံ့မည်ဆိုသည့် ကိစ္စနှင့် ပတ်သက်၍ ကိုခင်မောင်စီ့တွင် တိတိပပ အဖြေ မရှိချေ။
သူက “ကျနော့်မိတ်ဆွေတွေ ထောက်ပံ့တာလေးနဲ့ စားတာပေါ့။ ရေရှည်မှာဆိုရင်တော့ ဒီခေတ်ကာလကြီးမှာ ကျနော့် ကိုလည်း အမြဲတမ်း ထောက်ပံ့ပေးနိုင်မှာ မဟုတ်ဘူးလေ။ ဘယ်လို လုပ်ကိုင်စားသောက်မယ်တော့ လောလောဆယ် စဉ်းစားထားတာ မရှိပါဘူး” ဟု ဆိုသည်။
သုဘရာဇာ ကိုကျော်ဌေး
ကိုခင်မောင်စီကဲ့သို့ပင် ကိုဗစ်ကပ်ရောဂါ အကြားတွင် မနားမနေ အလုပ်လုပ်နေရသူ တဦး ရှိနေသေးသည်။ ၎င်းမှာ စစ်ကိုင်းတိုင်း ကလေးမြို့ ဒိုးဝိုင်းချောင်း သုသာန်တွင် နေထိုင်သည့် သုဘရာဇာ ကိုကျော်ဌေး ဖြစ်သည်။
ကိုကျော်ဌေးသည် အသက် ၄၀ အရွယ်ရှိပြီဖြစ်ပြီး သုဘရာဇာအလုပ်ဖြင့် အသက်မွေးဝမ်းကျောင်းနေသူဖြစ်သည်။ ၎င်းတွင် ဇနီး၊ သား ၂ ဦးနှင့် သမီး ၁ ဦး ရှိသည်။ ၎င်း၏ သားအကြီးမှာ ၁၁ နှစ်အရွယ်ရှိပြီး အငယ်ဆုံး သမီးလေးမှာ အသက် ၃ နှစ်သာ ရှိသေးသည်။
၎င်းသည် မနက်စောစော မှောင်စ မပြယ်သေးသည့် အချိန် ကလေးမြို့ အနောက်မြောက်ဘက် ဒေသအခေါ် ဒိုးဝိုင်း ချောင်း သုသာန်တွင် မြို့၏ သေဆုံးသူ လူသေ အလောင်းများကို သင်္ဂြိုဟ်ရန် အလုပ်များနေလေ့ရှိသည်။
အရပ်မြင့်မြင့်၊ အသားညိုညို ဗလ ခပ်တောင့်တောင့်နှင့် သန်မာဟန်ရှိသော အဆိုပါ ပုဂ္ဂိုလ်သည် အလောင်းများကို ပိုးသတ်ဆေးဖြန်းကာ မီးသင်္ဂြိုဟ် စက်ထဲထည့်ရန် အလုပ်များနေတတ်ကြောင်း ဒိုးဝိုင်းချောင်းသို့ အလောင်းများ သွား ပို့လေ့ရှိသည် ကလေးမြို့အခြေစိုက် ပရဟိတလူငယ်များက ပြောပြသည်။
ကလေးမြို့တွင် ဗုဒ္ဓဘာသာဝင်များ သေဆုံးပါက ကိုကျော်ဌေးထံတွင်သာ မီးသင်္ဂြိုဟ်လေ့ ရှိသည်။
အလောင်းတလောင်း သင်္ဂြိုဟ်မည်ဆိုပါက မီးသင်္ဂြိုဟ်ခ ငွေကျပ် ၄ သောင်းယူပြီး စည်ပင်အခွန်အဖြစ် ငွေကျပ် ၃၀၀၀ လည်းယူကြောင်း ၎င်းထံမှ သိရသည်။
ကိုကျော်ဌေး၏ လုပ်ပုံကိုင်ပုံမှာ ကိုခင်မောင်စီတို့ထက် အန္တရာယ် ပိုများသည်။ သူသည် သူ၏ အလုပ်များကို ပြီး မြောက်ရန် လူများများ သုံးတတ်သူ မဟုတ်ဘဲ တယောက်တည်း ဒိုင်ခံလုပ်ကိုင်သူဖြစ်သည်။
ကိုကျော်ဌေးသည် ယခင်က ကိုဗစ် ပထမလှိုင်းနှင့် ဒုတိယလှိုင်းတို့တွင် PPE ဝတ်စုံဝတ်ပြီး မီးသင်္ဂြိုဟ်ခဲ့သော်လည်း ယခုကဲ့သို့ နေ့စဉ် အလောင်း ၁၀ လောင်းထက်မနည်း သင်္ဂြိုဟ်ရသည့် အချိန်တွင် PPE ဝတ်စုံ မဝတ်တော့ပေ။ PPE ဝတ်စုံသည် သူ့ကို အနှောင့်အယှက် ဖြစ်စေသဖြင့် မဝတ်တော့ခြင်း ဖြစ်ကြောင်း ကိုကျော်ဌေးက ဆိုသည်။
အလုပ်ရှုပ်ခြင်း၊ မီးသင်္ဂြိုဟ်စက် အနားတွင် PPE ဝတ်ပြီး အလုပ်လုပ်ပါက အသက်ရှုကျပ်ခြင်း စသည့် အကြောင်း များကြောင့် PPE ဝတ်စုံကို မဝတ်တော့ ခြင်းဖြစ်ကြောင်း ၎င်းကဆက်လက် ရှင်းပြသည်။
“လက်ရှိမှာ လာသမျှဟာ အကုန်လုံး အကုန် ပိုးသတ်ဆေးဖြန်းပြီးတော့ မီးသင်္ဂြိုဟ်တာပဲ။ PPE တွေဘာတွေလည်း မဝတ်တော့ပါဘူး။ ကိုယ်လုပ်ရတာက မီးအပူဆိုတော့ Mask နဲ့ လက်အိတ်လောက်ပဲ သုံးတော့တာ” ဟု ၎င်းက ဆိုသည်။
ကိုဗစ်ရောဂါပိုး ကူးစက်မည်ကို စိုးရိမ်သော်လည်း တနေ့လျှင် လူသေအလောင်း ၁၀ လောင်းမှ တခါတရံ အလောင်း ၂၀ ခန့် သင်္ဂြိုဟ်နေရသည်ဖြစ်ရာ အလုပ် အရမ်းများနေသဖြင့် ရောဂါပိုးအန္တရာယ်ကို အထူးဂရုမစိုက်နိုင်တော့ကြောင်း ကိုကျော်ဌေးက ပြောသည်။
သို့သော်လည်း ကိုကျော်ဌေးသည် လက်ရှိအချိန်အထိ သူ၏ အလုပ်ကို မနားမနေ လုပ်ကိုင်နိုင်နေဆဲဖြစ်ပြီး သူ့အဆို အရ ကျန်းမာရေးမှာလည်း ကောင်းမွန်နေဆဲပင် ဖြစ်သည်။
လူထု အာဏာဖီဆန်ရေး (CDM) လှုပ်ရှားမှုတွင် ပါဝင်သည့် ဆရာဝန်တဦးကမူ သုဘရာဇာများသည် အခြားလူများ ထက် ကိုဗစ်ကူးစက်ခံရနိုင်သည့် အန္တရာယ်ပိုများနေသဖြင့် လူသေအလောင်းများကို ကိုင်တွယ်ရာတွင် အထူးသတိ ထားသင့်ကြောင်း သတိပေးသည်။
“Dead Body ဖြစ်သွားရင်က အန္တရာယ် (Risk) ပိုများတယ်။ အဲဒီအချိန်မှာ ခန္ဓာကိုယ်ထဲက အရည်တွေ၊ အချွဲတွေ ထွက်တယ်။ အဲဒါတွေကို ထိမိကိုင်မိရင်။ ပိုးကောင် အရေအတွက်က ပုံမှန် သာမန်လူကောင်း တယောက်တောင် နှာ စေးရင်း၊ ချောင်းဆိုးရင်း ကူးနေတာဆိုတော့ သေသွားတဲ့လူတယောက်က ထွက်လာတဲ့ အရည်တွေ အချွဲတွေက တဆင့် ကူးနိုင်ခြေကတော့ ပိုများနိုင်တယ်ပေါ့။ အဲဒါကြောင့်လည်း ဒီဟာတွေကို ကိုင်တွယ်မယ်ဆိုရင် ကြွပ်ကြွပ်အိတ် ၂ ထပ်စွပ်ရတာမျိုးတို့၊ သူ့ဟာနဲ့သူ စနစ်တကျ သင်္ဂြိုဟ်ရမယ့် နည်းလမ်းတွေ ရှိတယ်” ဟု ၎င်းက ဆိုသည်။
ထိုသို့ ဂရုမစိုက်ဘဲ ကိုင်တွယ်မှု များလာပါက ရောဂါကူးစက်မှု ပိုများလာနိုင်သဖြင့် သုဘရာဇာများအနေနှင့် PPE ဝတ်စုံ ဝတ်ကာ သင်္ဂြိုဟ်သည့်အလုပ်ကို လုပ်ကိုင်သင့်ကြောင်း CDM ဆရာဝန်တဦးက သတိ ပြောဆိုသည်။
သို့သော်လည်း ကိုဗစ်တတိယလှိုင်းအတွင်း လူသေဆုံးမှုများ အဆမတန်များလာသည့်နောက်တွင် ကိုကျော်ဌေးကဲ့သို့ သုဘရာဇာများသည် ၎င်း၏ အသက်ကိုပင် ဂရုမစိုက်နိုင်တော့ဘဲ အလောင်းများ သင်္ဂြိုဟ်နိုင်ရေးကိုသာ လုပ်ဆောင် နေသည်။
တဖက်တွင်လည်း ကိုဗစ်ကူးစက်လာသဖြင့် သုဘရာဇာများ သေဆုံးသွားပါက သုဘရာဇာနှင့် ကိုဗစ်ကြောင့် သေဆုံး သည့် အခြားလူများကို မည်ကဲ့သို့ သင်္ဂြိုဟ်ကြမည်နည်း ဆိုသည့် စိတ်ဝင်စားစရာ မေးခွန်းတခု ဖြစ်လာသည်။
ကလေးမြို့မှ ပရဟိတလူငယ်တဦးကမူ ကိုကျော်ဌေး ကွယ်လွန်သွားပါက ကလေးမြို့တွင် ကျင်းခပ်ကြီးကြီး တူးကာ အလောင်းများကို အစုလိုက် အပြုံလိုက် မြှုပ်နှံပေးရနိုင်ခြေရှိကြောင်း သုံးသပ်သည်။
မည်သို့ပင် ဖြစ်စေ သေချာသည်က လက်ရှိအချိန်အထိ ကိုကျော်ဌေးရော ကိုခင်မောင်စီပါ အိပ်ရာပေါ် လဲမကျသေး။ အသက်ရှင်နေသမျှ သုဘရာဇာ အလုပ်ကို ဆက်လုပ်မည်ဟု စိတ်ပိုင်းဖြတ်ထားပြီး ဖြစ်သည့်အတိုင်း လက်ရှိအလုပ်ကို ပဲ အားတက်သရော လုပ်ကိုင်နေကြဦးမည် ဖြစ်ပေသည်။ ။
You may also like these stories:
ကိုဗစ် လက်ကားဖြန့်ချိသောနိုင်ငံ မြန်မာ ဖြစ်လာနေသည်
ကိုဗစ်တတိယလှိုင်း သေဆုံးသူ ယခင်လှိုင်းများထက် ၂ ဆရှိ