မြန်မာပြည်သူများသည် သေရေးရှင်ရေးကိစ္စများ ရင်ဆိုင်ရသည့် အချိန်များတွင် အစိုးရကို အားကိုးမရခြင်းသည် ဝမ်းနည်းစရာကောင်းသော်လည်း အမှန်တရားဖြစ်သည်။ ၂၀၀၈ ခုနှစ်က ဧရာဝတီတိုင်းကို ဖျက်ဆီးလိုက်ပြီး လူပေါင်း ၁၃၀၀၀၀ ကျော်ကို သေဆုံးစေသည့် နာဂစ် ဆိုင်ကလုန်းကို ကြည့်ပါ။ ထိုစဉ်က စစ်အစိုးရသည် နိုင်ငံတကာလူသားချင်းစာနာမှု အကူအညီများကို ခေါင်းမာစွာငြင်းဆန်နေသောကြောင့် မြစ်ဝကျွန်းပေါ်သို့ အကူအညီများဖြင့် အလျှင်အမြန် သွားရောက်ကြရသည်မှာ နိုင်ငံ၏ ကျန်အစိတ်အပိုင်းများမှ ကိုယ်စားလှယ်များဖြစ်သည်။
၂၀၂၁ ခုနှစ်တွင်လည်း အလားတူပင်။ မြန်မာနိုင်ငံသည် နောက်ဆုံး စစ်ကောင်စီအောက်တွင် အသေအပျောက်များသည့် ကိုဗစ်နိုင်တင်းကြောင့် အကြီးအကျယ်ဒုက္ခရောက်ချိန်တွင် စစ်ကောင်စီသည် ပြည်သူလူထု ဒုက္ခလျှော့ကျအောင် မလုပ်နိုင်ဘဲ ကပ်ရောဂါကို ထိန်းချုပ်ရာတွင် ညံ့ဖျင်းလှပြီး ၎င်းတို့အုပ်ချုပ်ရေးကို ဆန့်ကျင်နေသည့် အရပ်သားများကိုသာ ဆက်လက်ချေမှုန်းနေသောကြောင့် ပြည်သူများသည် ၎င်းတို့ ဆက်လက်ရှင်သန်ရေး ၎င်းတို့အချင်းချင်းကိုသာ အားကိုးနေရသည်။
လိုရင်းကိုပြောရပါက “ပြည်သူ့ထံမှ ပြည်သူ့ဆီသို့” ဆိုသည့် စိတ်ဓါတ်ထက်ပိုပြီး မြန်မာနိုင်ငံ၏ မျက်မှောက်အခြေအနေကို မည်သည့် အရာကမျှ ပိုမို ထင်ဟပ်နိုင်ခြင်း မရှိတော့ပေ။
မကြာသေးမီက ရန်ကုန်သည် ကိုဗစ်နိုင်ငံတင်း ရိုက်ခတ်မှုကို အကြီးအကျယ် ခံစားနေရပြီး လူအများအပြားသည် မြင့်မားသော အခြေခံစားသောက်ကုန်ဈေးမြင့်ခြင်း၊ အလုပ်လက်မဲ့ဖြစ်ခြင်းတို့ကို ရင်ဆိုင်နေရချိန်တွင် စေတနာရှင်များက အခြေခံစားသောက်ကုန်များကို ကျပ် ၁၀၀ ခန့်မျှအထိ လွန်စွာလျှော့ချထားသော ဈေးနှုန်းဖြင့် လိုအပ်နေသူများကို ရောင်းသည့် လှုပ်ရှားမှုတခုကို လုပ်ကြသည်။ ထိုငွေသည် လက်ဖက်ရည်တခွက် ဈေးနှုန်းထက် ၅ ဆနည်းသည်။
၎င်းတို့၏ ကိုယ်ခံစွမ်းအားစနစ်မြှင့်တင်ရန် ပြည်သူများက ကြက်ဥများကို အလုအယက် ဝယ်ယူသောကြောင့် ကြက်ဥကြက်သားဈေးနှုန်းများ မကြာသေးမီက တက်လာသောအခါ ရန်ကုန်မှ အထည်အလိပ်ဆိုင် တခုဖြစ်သော Flannel Box သည် ကြက်ဥများကို တလုံး ၅ ကျပ်ဖြင့် ဇူလိုင်လ နှောင်းပိုင်းမှ စတင်ပြီး နေ့စဉ်ရောင်းချပေးသည်။
ယခင်ပုံမှန်အချိန်က တလုံးလျှင် ၁၅၀ အောက်သာရှိသော ကြက်ဥဈေးနှုန်းသည် တလုံးလျှင်၂၀၀ မှ ၃၀၀ ကျပ် အထိ တက်နေသောကြောင့် ဆင်းရဲသားများ မဝယ်နိုင်ကြတော့ပေ။ ထိုသို့သောသတင်းများထွက် ပေါ်လာသောအခါ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စစ်တပ်သည် ကြက်မွေးနေသည်မှာ ၆ နှစ်ခန့် ရှိပြီဖြစ်ကြောင်း၊ ပြည်သူများကို ကြက်ဥများရောင်းချပေးရန် သူ၏တပ်များကို စေလွှတ်ပေးမည်ဖြစ်ကြောင်း ပြောသည်။ သို့သော် ယနေ့တိုင် ထိုသို့မဖြစ်သေးပေ။
“အခုအချိန်က ကျနော်တို့မှာရှိတာကို လိုအပ်သူတွေကို ခွဲပေးပြီး ကူညီရမယ့်အချိန်ဖြစ်တယ်” ဟု Flannel Box မှ ကိုရဲဇော်က ဧရာဝတီ သတင်းဌာနသို့ပြောသည်။
ထိုအထည်အလိပ်ဆိုင်သည် ဆန်၊ ကြက်သွန်နှင့် ခေါက်ဆွဲခြောက်ထုတ်ကဲ့သို့သော အခြား အခြေခံ စားသောက်ကုန်များကိုလည်း ၅၀ ကျပ်ဖြင့် ဝမ်းရေးအခက်အခဲဖြစ်နေသော သူများနှင့် မိသားစုများကို ရောင်းချပေးနေသည်။
ထိုသို့ အကြီးအကျယ်လျှော့ဈေးဖြင့် ရောင်းချပေးရခြင်းအတွက် သူ၏ အကြောင်းရင်းမှာ ရိုးရှင်းလှသည်။ အလုပ်အကိုင်ဆုံးရှုံးပြီး လူနေမှုစရိတ်အတွက် ရုန်းကန်နေရသူများနှင့် ဆင်းရဲနွမ်းပါးသူများသည် ရှက်ကြောက်သောကြောင့် သို့မဟုတ် စိတ်မပါသောကြောင့် သူ့ထံမလာသည်ကို သူမလိုလားပေ။ ထို့ကြောင့် အခမဲ့ပေးခြင်းထက် လွန်စွာနည်းပါးသည့် လျှော့ဈေးဖြင့် ရောင်းချပေးခြင်းဖြစ်သည်။
ထိုလှုပ်ရှားမှုကို အကြီးအကျယ်ချီးကျူးကြပြီး အခြားပြည်သူအများအပြားကလည်း ရန်ကုန်၊ မန္တလေး၊ ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်ရှိ အခြားမြို့နယ်များတွင် လိုက်ပါလုပ်ဆောင်ရန် စိတ်ဓါတ်များကို ပေါ်ပေါက်စေသည်။
ကချင်ပြည်နယ်မှ ကျောက်စိမ်းတူးဖေါ်ရေးမြို့ဖြစ်သော ဖါးကန့်တွင် လူငယ်များသည် ကိုဗစ်နိုင်တင်း ဖြစ်ပွားချိန်တွင် ဝင်ငွေနည်း မိသားစုများကို ကူညီရန်အတွက် ဆန်နှင့် ငါးသေတ္တာဗူးများအပါအဝင် စားသောက်ကုန်များကို ပလပ်စတစ်အိတ်များတွင် ထည့်ပြီး တထုတ် ၁၀၀ ကျပ်ဖြင့် ရောင်းချကြသည်။
ရန်ကုန်မှ တောင်ဥက္ကလာပရှိ ဆွန်နီဂျာမေဗလီ လူမှုဝန်ထမ်းအသင်းကလည်း ယခုအပတ်အတွင်း လိုအပ်နေသူများအတွက် ဆန်တအိတ်လျှင် အခမဲ့နည်းပါးဖြစ်သည့် ကျပ် ၁၀၀ ဖြင့် ရောင်းချပေးသည်။
ယခုနှင့် ဆန့်ကျင်ဖက်ဖြစ်နေသည်မှာ ယခင် ကိုဗစ်နိုင်တင်း ပထမနှင့်ဒုတိယလှိုင်းများက ဖေဖေါ်ဝါရီလ ၁ ရက်နေ့ စစ်အာဏာလုယူခံလိုက်ရသော နိုင်ငံ၏ ရွေးကောက်ခံ အရပ်သားအစိုးရသည် ကိုဗစ်နိုင်တင်း လော့ဒေါင်းကာလအတွင်း တနိုင်ငံလုံးမှ ရုန်းကန်နေရသော ပြည်သူများအတွက် အခြေခံ စားသောက်ကုန်များနှင့် ထောက်ပံ့ကြေးများ ထုတ်ပေးသည်။ ပထမလှိုင်းအတွင်း နိုင်ငံတွင် ကိုဗစ်နိုင်တင်းကြောင့် သေဆုံးမှု စတင်ဖြစ်ပွားသည့် အစားအသောက်များဝေငှခြင်းကို စတင်လုပ်ကိုင်ပြီးနောက် ထောက်ပံ့ကြေးများနှင့် လျှပ်စစ်ဓါတ်အားခများ လျှော့ချပေးကာ ပြည်သူများကို နေအိမ်တွင်းတွင်သာ နေထိုင်ရန်အားပေးသည်။
ယခုအကြိမ်တွင်မူ လွန်ခဲ့သောလက စစ်ကောင်စီသည် ဝါဒဖြန့်ချိရန်မျှအတွက်သာ လက်တဆုပ်စာသော နေရာများတွင်သာ လှူဒါန်းမှု အနည်းငယ်လုပ်သည်။
မြန်မာနိုင်ငံသည် ယခင်ကပ်ရောဂါလှိုင်းအတွင်းက ထိန်းချုပ်နိုင်ခဲ့သော်လည်း ဇူလိုင်လတွင် သေဆုံးမှုနှုန်း အမြင့်မားဆုံးဖြစ်ခဲ့ချိန်တွင်မူ စစ်ကောင်စီသည် လူနာများကို ကျန်းမာရေးနှင့် လူမှုရေးအကူအညီပေးနိုင်ခြင်း မရှိတော့ပေ။
ရုန်းကန်နေရသူများအတွက် အကူအညီပေးသည့် စေတနာရှင်များသည်ပင် အချို့နေရာများတွင် စစ်ကောင်စီတပ်များနှင့် ၎င်းတို့ခန့်ထားသော အာဏာပိုင်များ၏ ဟန့်တားခြင်းကို ခံရသည်။ ထိုသို့လိုအပ်သော ပစ္စည်းများကို ဈေးလျှော့ရောင်းသောကြောင့် ထိုနေရာများတွင် လူတန်းများဖြစ်စေပြီး ကိုဗစ်နိုင်တင်းကြောင့် အကူအညီလိုအပ်နေသူများသည် လူစုလူဝေးတားမြစ်ခြင်းကို ချိုးဖေါက်သည်ဟု အကြောင်းပြသည်။
ရန်ကုန်မှ အထည်အလိပ်ဆိုင်တခုဖြစ်သော Mazely Flannel က အခြေခံစားသောက်ကုန် ၄ မျိုးကို ထုတ်ပိုးပြီး ၁၀၀ ကျပ်ဖြင့် မကြာသေးမီက စတင်ရောင်းချသော်လည်း ပထမဆုံးရောင်းချသည့်နေ့တွင်ပင် စစ်ကောင်စီတပ်များရောက်လာပြီး လူစုခွဲခိုင်းသည်။
လူများ စုဝေးနေစဉ် အနီးသို့ စစ်ထရပ်ကားတစင်း အလျှင်အမြန်ရောက်လာပြီး စစ်ကောင်စီတပ်များနှင့် ဒေသခံအာဏာပိုင်များလည်း ရောက်လာက ထိုရောင်းချမှုသည် ကိုဗစ်နိုင်တင်း စည်းမျဉ်းချိုးဖေါက်ခြင်း ဖြစ်ကြောင်း သူ့ကို အကြိမ်ကြိမ်ပြောသည်ဟု ထိုဆိုင်မှ ကိုမင်းဇန်ရီက ပြောသည်။
နောက်ဆုံးသတိပေးသည့်အနေဖြင့် ရောင်းချမှုကို မိနစ် ၃၀ အတွင်း မရပ်လျှင်ထောင်ချမည်ဟု သူ့ကို ခြိမ်းခြောက်သည်။
တာမွေမြို့နယ်တွင် ဆန်ကို ၁၀၀ ကျပ်ဖြင့်ရောင်းချသော ဆိုင်တဆိုင်ကိုလည်း ခွင့်ပြုချက်မတောင်းသောကြောင့် ဟုဆိုကာ အာဏာပိုင်များက ပိတ်ပင်သည်။
အလားတူ နှောင့်ယှက်ဟန့်တားမှုများ မကြုံရစေရန် ရောင်းချသူများသည် အိမ်တိုင်ရာရောက် လိုက်လံရောင်းချရသည်။
Mazely Flannel သည် တောင်ဒဂုန်ရှိ ရပ်ကွက်တခုမှ မိသားစု ၅၀၀ နှင့် ကြည့်မြင်တိုင်မြို့နယ်ရှိ ရပ်ကွက်တခုမှ မိသားစု ၁၅၀ ကို အိမ်တိုင်ရာရောက် သွားရောက်ရောင်းချခဲ့ပြီး နောက်ထပ် မိသားစု ၃၀၀၀ အတွက် ရောင်းချပေးရန်လည်း စီစဉ်ထားသည်။
မိသားစုအများအပြားသည် အလုပ်အကိုင်ဆုံးရှုံးသောကြောင့် ဝင်ငွေမရှိတော့ဘဲ စားရေးသောက်ရေးအတွက် ရုန်းကန်နေရပြီး ထမင်းနပ်ကျော် သို့မဟုတ် အာဟာရနည်းသော အစားအသောက်များ စားသောက်နေရကြောင်း Mazely Flannel မှ ကိုမင်းဇန်ရီ ပြောသည်။
“တားဆီးနှောင့်ယှက်ခံရလို့ ရပ်ထားလို့ မရဘူး။ အခုလို နိုင်ငံရေး၊ စီးပွားရေးနဲ့ ကျန်းမာရေးအကျပ်အတည်း ဖြစ်နေချိန်မှာ အရမ်းဒုက္ခရောက်နေသူတွေကို ကျနော်တို့ ကူညီရမယ်” ဟု သူပြောသည်။
Flannel Box သည်လည်း တတိယအကြိမ် လှည့်လည်ရောင်းချရာတွင် အနှောင့်ယှက်မခံရရေးနှင့် အမှန်တကယ်လိုအပ်နေသူများထံ ဆက်လက်ရောက်ရှိရေးအတွက် နောက်ထပ် လူ ၁၀၀၀ ထံသို့ ရောက်ရှိရေး ကားများကို အသုံးပြုရန် စီစဉ်ထားသည်။
အခြေခံစားသောက်ကုန်များကဲ့သို့ပင် အောက်ဆီမီတာများ၊ အများသုံးဆေးများနှင့် ဆေးပစ္စည်း ကိရိယာ များသည်လည်း ဝယ်လိုအား ရုတ်တရက်မြင့်မားလာသောကြောင့် ဈေးနှုန်းများ မြင့်တက်နေသည်။ အချို့မှာ ပစ္စည်းပြတ်နေသည်။
မြန်မာနိုင်ငံရှိ မြို့ကြီးအများအပြားတွင် နွယ်အေး ဆွန်နီ ဂျာမေဗလီ လူမှုဝန်ထမ်းအသင်းအပါအဝင် ရပ်ရွာများမှ ရက်ရောသော အုပ်စုများသည် ထိုသို့သော ပစ္စည်းများကို ဖျားနာသူများနှင့် လိုအပ်နေသူများထံ လျှော့ဈေးဖြင့်ရောင်း သို့မဟုတ် အခမဲ့ပေးကြသည်။
“ပြည်သူတွေက တဦးကို တဦးစောင့်ရှောက်နေရတယ်။ လူအများအပြားက တန်းစီရင်း သူတို့နေရာတွေကို သူတို့ထက် လိုအပ်နေတဲ့သူတွေကို ပေးကြတယ်” ဟု ကိုရဲဇော်ပြောသည်။
“ပြည်သူတွေရဲ့ စုပေါင်းစွမ်းအားနဲ့ အခုလို ခက်ခဲတဲ့အချိန် မကြာမီကုန်ဆုံးမယ်လို့ ကျနော်ယုံကြည်တယ် ” ဟုလည်း သူပြောသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Abandoned by Junta, Myanmar People Forced to Rely on Each Other ကို ဘာသာပြန်သည်။)
You may also like these stories:
မြန်မာ့ခရီးသွားကဏ္ဍ ဆိတ်သုဉ်းသွားခြင်း
ဦးကျော်မိုးထွန်းကို သတ်ဖြတ်ရန် ကြိုးစားမှုနောက်ကွယ်