“စိတ်ဖြောင့်ဖြောင့်နဲ့သာချန်ခဲ့”
“ချန်ခဲ့” သီချင်းကိုသီဆိုခဲ့တဲ့ အဆိုတော် ရေမွန် (ခ) ဝေမွန်ဦးဟာ လူ့လောကကြီးကနေ မထင်မှတ်ဘဲ ထွက်ခွာသွားခဲ့ပြီ ဖြစ်ပါတယ်။
သူဟာလူငယ်တွေ၊ လူလတ်ပိုင်းတွေရဲ့ အသည်းစွဲအဆိုတော်တဦးလည်း ဖြစ်ပြီး သူဆုံးပါးသွားခဲ့ရတဲ့ အပေါ် ကြေကွဲဝမ်းနည်းမဆုံးဖြစ်ခဲ့ကြရပါတယ်။ သေနတ်ကိုင်ထားတဲ့ စစ်အာဏာရှင် တစုရဲ့ မိုက်မဲလွန်းတဲ့ လုပ်ရပ်ကြောင့် မိုက်ကိုင်ထားတဲ့ လူငယ်အဆိုရှင်တဦး ဆုံးရှုံးသွားခဲ့ရတာလို့ ဆိုရမှာပါ။
ရေမွန်ဟာ စစ်တပ်က အာဏာသိမ်းပြီးတဲ့ အချိန်ကစလို့ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ တောက်လျှောက် ပါဝင်ခဲ့ပြီးတဲ့နောက် လွတ်မြောက်နယ်မြေတခုမှာ အစာအိမ် သွေးကြောပေါက်တဲ့ ဝေဒနာနဲ့ ပြီးခဲ့တဲ့ ဇွန်လ ၂၃ ရက်ကဆုံးပါး ခဲ့ရတာ ဖြစ်ပါတယ်။
ရေမွန့်ရဲ့ ပရိတ်သတ်တွေ ကတော့ အချိန်မှီသာကုသခွင့်သာရခဲ့ရင် အခုလိုဆုံးပါးရမှာမဟုတ်သလို မြို့ပြနဲ့ ဆေးဝါးတွေနဲ့ ဝေးနေတဲ့ တောထဲတနေရာ ရောက်နေတာဟာလည်း စစ်အာဏာရှင်ကြောင့် ဖြစ်တယ်ဆိုတာကို နှမြောတသသနဲ့ မချိတင်ကဲပြောဆို ကြပါတယ်။
ရေမွန်လိုပဲအနုပညာရှင် တော်တော်များများက စစ်အာဏာသိမ်းမှုအပေါ် ဆန့်ကျင် ကန့်ကွက် ကြတာကြောင့် အာဏာသိမ်းစစ်တပ်က သူတို့ကို တရားစွဲဆိုမှုတွေနဲ့ အတူ လိုက်လံရှာဖွေ ဖမ်းဆီးမှုတွေ ဆက်တိုက်လုပ်ဆောင်ခဲ့ပါတယ်။
ဒါကြောင့် အနုပညာရှင် အတတ်ပညာရှင်တွေတော်တော်များများဟာ စစ်အာဏာရှင် စက်ကွင်းကနေ ဘေးလွတ်ရာကို တိမ်းရှောင်ခဲ့ကြရပြီး တချို့က တောထဲမှာ၊ တချို့ကတော့ ပြည်ပနိုင်ငံတွေကို ရောက်ကုန်ကြပါတယ်။ တချို့ကတော့ အကျဉ်းထောင်တွေထဲမှာ ဖမ်းဆီးချုပ်နောင်မှုကို ခံထားရပါတယ်။
တချိန်တည်းမှာဘဲ မြန်မာနိုင်ငံရဲ့ ရုပ်ရှင်၊ ဂီတစတဲ့ အနုပညာလှုပ်ရှားမှု မျှော်လင့်ချက်တွေဟာလည်း စစ်အာဏာသိမ်းမှု အောက်မှာ မှေးမှိန်သွားခဲ့ရပါတယ်။
“သီချင်းတွေနဲ့ ပတ်သက်ပြီးအားလုံးကို ချစ်ခဲ့ရတော့ ဘယ်တော့မှ Musician မလုပ်တော့ဘူးဆိုတဲ့ နာနေတဲ့ စိတ်ဟာလည်း အချိန်တန်ရင် ပြောင်းသွားကောင်းပါရဲ့။ Art နဲ့ပတ်သက်ရင် ဘယ်တော့မှ မလိမ်မညာခဲ့တာ၊ အားလုံးနဲ့ ရပ်တည်ခဲ့တာတွေကိုတော့ တသက်လုံး ဂုဏ်ယူနေပါ့မယ်။ ကျနော် ချန်ထားခဲ့တဲ့ သီချင်းတွေ၊ ပန်းချီတွေနဲ့ ပျော်နေကြရင်ကျနော် ကျေနပ်ပါမယ်” လို့ ကျားပေါက် (ခ) ဟန်ထူးလွင် ရဲ့ အနုပညာကို နှုတ်ဆက်စကားဆိုခဲ့တာကြောင့် ပရိတ်သတ်တွေ ဝမ်းနည်းခဲ့ရပါတယ်။
မြန်မာတနိုင်ငံလုံးလည်း စစ်အာဏာသိမ်းမှုအောက် ကျရောက်သွားခြင်းနဲ့အတူ အနုပညာရှင်တွေရဲ့ ဖန်တီးမှု အသစ်တွေ မတွေ့ရတော့သလို၊ ဖန်းတီးချင်စိတ်တွေလည်းပျောက်ရှ သွားကုန်ပါတော့တယ်။
“ကျနော့်ကို ခင်ဗျားတို့ဆုံးရှုံးလိုက်ရတာထက် ခင်ဗျားတို့ကိုထားခဲ့ရတာ ကျနော် ပိုထိခိုက်ရပါတယ်။ မိုးထက်ပြောသလို အားလုံးအတွက်က ကျနော်တယောက်ထဲ မရှိတော့တာ။ ကျနော့်မှာက အားလုံးမရှိရတော့ခြင်းပါ။ အရင်အတိုင်း အားလုံးကို ပျော်နေစေချင်တာပါပဲ” လို့ ကျားပေါက် က သူ့ရဲ့ Facebook စာမျက်နှာထက်မှာ ရင်ဖွင့်ထားပါတယ်။
မိုးထက်ဟာ လူငယ်တေးရေး၊ တေးဆို အနုပညာရှင်တယောက်ဖြစ်ပါတယ်။
ကျားပေါက်က သီချင်းတွေဆက်လက် ဖန်တီးတော့မှာမဟုတ်ဘူးလို့ ပြောဆိုလိုက်တာ ဖြစ်ပြီးတော့ အဲဒီလိုပဲ အဆိုတော်ရိန်မိုးဟာလည်း ဇွန်လထဲမှာပဲသီချင်းရေး၊ သီချင်းဆိုခြင်းကို စွန့်လွှတ်လိုက်ပြီ ဆိုတဲ့ အကြောင်း ရင်ဖွင့်ထားပါတယ်။
“ဘဝမှာ ကျနော်ဘယ်တော့မှမစွန့်လွှတ်ဘူး၊ ဘယ်တော့မှနောက်မဆုတ်ဘူးလို့ ဘဝနဲ့ရင်းလို့၊ ချော်လဲလို့၊ ပြုတ်ကျလို့ ဒဏ်ရာတွေအများကြီးနဲ့ ရှိနေခဲ့အချိန်များတောင် ကျနော်ဆိုတာ ဘယ်တော့မှ နောက်မဆုတ်ခဲ့ဘူး။ သို့ပေမယ့်လည်း ဒီကနေ့အခြေအနေအချိန်ခါတခုမှာ စွန့်လွှတ်လိုက်ရပါပြီ” လို့ အဆိုတော် ရိန်မိုးက ဆိုပါတယ်။
ရိန်မိုးဟာ ၂၀၂၁ ခုနှစ်ထဲမှာသူ့ရဲ့ တကိုယ်တော်ဖျော်ဖြေပွဲကို ပြုလုပ်ဖို့ ရည်ရွယ်ခဲ့ပေမယ့် အာဏာသိမ်း ဖြစ်စဉ်ကြောင့် မလုပ်ဖြစ်တော့ဘဲသူ့ရဲ့ပရိသတ်ကို နှုတ်ဆက်လိုက်ရခြင်း ဖြစ်ကြောင်း သူဟာဂီတကို သစ္စာဖောက်လိုက်ရပေမယ့် ထာဝရသေဆုံးသွားမှာ မဟုတ်ကြောင်း ဆိုပါတယ်။
အရင်ကတော့ Online Platform ပေါ်မှာဂီတဖန်တီးသူတွေရဲ့ ပုံစံအမျိုးမျိုးနဲ့ဖန်တီးမှုတွေကို တွေ့ရပေမယ့် ဖေဖော်ဝါရီလနောက်ပိုင်းမှာတော့ တော်လှန်ရေးနဲ့ပတ်သက်တဲ့ သီချင်းဖန်တီးမှု တချို့ကိုသာတွေ့ရပါတော့တယ်။
တေးရေးတေးဆိုနဲ့ ထုတ်လုပ်သူတယောက်ဖြစ်တဲ့ မျိုးကျော့မြိုင်ဟာ အနုပညာအလုပ်တွေကို ၁၉၈၆ ခုနှစ်နောက်ပိုင်းမှာကတည်းက လုပ်ကိုင်လာခဲ့ရာမှ သူ့အတွက် အမှတ်တရ နေ့ရက် တရက် ဖြစ်တဲ့ မေလ ၃၁ ရက်ဆိုရင် အနုပညာဖန်တီးမှုအသစ်တွေ ပြုလုပ်တာပဲဖြစ်ဖြစ် တခြား အနုပညာရှင်တွေနဲ့ အတူ သီချင်းတွေဖန်တီးရင်းကျော်ဖြတ်တာပဲဖြစ်ဖြစ် အမှတ်တရ တခုဖန်တီးလေ့ ရှိခဲ့ပေမယ့် ၂၀၂၁ မေလမှာတော့ ဖန်တီးမှုတွေရပ်တန့်သွားလိမ့်မယ်လို့ မတွေးထားမိဘူးလို့ပါတယ်။
“ဘယ်တုန်းကမှ အခုလို သီချင်းတွေရပ်သွားပြီး အနုပညာ၊ အတတ်ပညာတွေ ပျောက်သွားတဲ့ နေ့တနေ့ ဖြစ်လာမယ်လို့ မတွေးထားမိခဲ့တာပါ။ နောက်လာမယ့် နှစ်တွေမှာတော့ ကျနော်တို့ ရှိရှိ မရှိရှိ အနုပညာနဲ့ ပတ်သက်တဲ့ ကောင်းတဲ့ ရည်ရွယ်ချက်တွေနဲ့ ကောင်းတဲ့ မေလ ၃၁ ရက်နေ့ လေး ပြန်ဖြစ်စေချင်ပါတယ်” လို့ မျိုးကျော့မြိုင်က ရင်ဖွင့်ထားပါတယ်။
Covid– 19 မြန်မာနိုင်ငံထဲကို ရောက်ရှိလာပြီးတဲ့နောက် ၂၀၂၀ မတ်လမှ စတင်ပြီးတော့ ရုပ်ရှင်ရုံတွေ ပိတ်ခဲ့ရပြီး ရိုက်ကူးရေးတွေလည်း ရပ်နားခဲ့ရပါတယ်။
လူထုကို ဖျော်ဖြေမှုပေးတဲ့ နာမည်ကြီး အဆိုပြိုင်ပွဲကြီးတွေ မလည်ပတ်နိုင်တော့သလို အခြား အနုပညာနဲ့ ပတ်သက်တဲ့ လူထုဖျော်ဖြေရေးလှုပ်ရှားမှုတွေ မော်ဒယ်ပြိုင်ပွဲတွေဆိုရင်လည်း အားလုံး အသက်မဲ့ကုန်ပါတယ်။
ကိုဗစ် ပထမလှိုင်း၊ ဒုတိယလှိုင်းတွေမှာတော့ အနုပညာရှင် တော်တော်များများဟာ စိတ်ဓာတ် ခွန်အားတွေ ရရှိကြစေဖို့ အွန်လိုင်းဖျော်ဖြေမှုတွေ ပြုလုပ်ခဲ့ကြသလို လူကိုယ်တိုင်လည်း ကိုဗစ်စင်တာတွေကို သွားရောက်ပြီးဖျော်ဖြေခဲ့တာတွေ ပြုလုပ်ခဲ့ကြပါတယ်။
ရုပ်ရှင်၊ ဂီတ အပါအဝင် အနုပညာ လုပ်ငန်းတွေအားလုံးဟာ ကိုဗစ် ပထမလှိုင်း၊ ဒုတိယလှိုင်းတွေမှာ ရပ်နားခဲ့ကြရပြီး ဝင်ငွေပိုင်းရော အနုပညာလှုပ်ရှားမှုပိုင်းတွေမှာပါ ရပ်တန့်သွားခဲ့ကြရပေမယ့် ကိုဗစ်ပြီးဆုံးမယ့် အချိန်ကို အားလုံးက အားခဲပြီး စောင့်နေကြတာပါ။
ဒါပေမယ့် လူထုက ဒီမိုကရေစီနည်းကျကျ မဲပေးရွေးချယ်တင်မြောက်ထားတဲ့ အရပ်သားအစိုးရ ခေါင်းဆောင်တွေကို ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်တပ်က ဖမ်းဆီးပြီး နိုင်ငံတော်ရဲ့ အာဏာကို အဓမ္မသိမ်းယူလိုက်တဲ့ အချိန်မှာတော့ အနုပညာလောကတခုလုံး အသက်ရှုရပ်သွားခဲ့ရပါတယ်။
အနုပညာသမားတွေဟာ ငြိမ်းချမ်းသာယာတဲ့ တိုင်းပြည်တပြည်ရဲ့ ဆွဲလည်းတွေဖြစ်ပြီး ယဉ်ကျေးမှု မြို့တော်လို့ တင်စားခံခဲ့ရတဲ့ မန္တလေးမြို့ပေါ်မှာ ပြည်သူတွေကို ဖျော်ဖြေဖို့ အတွက် ကြိုတင်ပြင်ဆင်နေကြတဲ့ အနုပညာသမားတွေဟာ ဆို၊ က၊ ရေး၊ တီး စတာတွေကို ကြိုတိုက်ကြတဲ့ အသံတွေ နဲ့ သာယာခဲ့ပေမယ့် အခုချိန်မှာတော့ မန္တလေးမြို့က ဆွဲလည်းသံတွေ တိတ်သွားပြီလို့ နာမည်ကျော် ဆိုင်းပညာရှင် စိန်ဒူးဝါး ကလည်း သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ညည်းတွား ရင်ဖွင့်ထားပါတယ်။
“ခုများတော့ တီးသံဆိတ်သုဉ်း ကတာ မမြင်၊ ဆိုသံ မကြား၊ တို့ ဆွဲလည်းတွေ ပျောက်ခြင်းမလှ ပျောက်နေတာ ကြာခဲ့ပါပြီကော၊ တိုင်းပြည်နိုင်ငံ သာယာမှ ပြည်သူတွေ ဆူဖြိုးမယ်။ ပြည်သူတွေ ဆူဖြိုးမှ အနုပညာ သမားတွေ ဘဝအနေရပ်တည်လို့ရမယ်။ မသာယာ မဆူဖြိုး မရပ်တည်နိုင်တော့ခုများ တို့ဆွဲလည်းတွေ ပျောက်ခြင်း မလှ ပျောက်နေတာ ကြာခဲ့ပါပြီကော” လို့ ဆိုင်းဆရာကြီးက တမ်းတမ်းတတ ရင်ဖွင့်ထားတာ တွေ့ရပါတယ်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အမာခံထောက်ခံခဲ့တဲ့ နိုင်ငံကျော် ဆိုင်းဆရာကြီး စိန်ဒူးဝါး ဟာ အခုအခါမှာ လူမမြင်အောင် ရှောင်တိမ်းနေရတဲ့ ဘဝရောက်နေရတယ်လို့ ဆိုပါတယ်။
ဆိုင်းဆရာကြီးက “ခုများတော့ ကိုယ့်အဖြစ် ပျော်တတ်တဲ့ ကျနော် မပျော်နိုင်၊ ရယ်တတ်တဲ့ ကျနော် မရယ်နိုင်၊ မျက်ရည်မကျမိအောင် အံကိုကြိတ် တိတ်တိတ်လေး ဟိုပြေး ဒီပြေး၊ ဟိုပုန်း ဒီပုန်း၊ လူမြင်ရင် မမှတ်မိအောင် ရုပ်ဖျက် ရှိတဲ့အဝတ်စား တစုံ အရှက်လုံရုံဖုံး ကြုံတဲ့ဟာနဲ့စား ကိုယ့်ဆံပင်တောင် ရှည်သလား တိုသလားမသိ၊ ကိုယ့်ကိုယ်ကိုယ် သူတောင်းစားရုပ် ဖြစ်မှန်းမသိ ဖြစ်နေပါပေါ့လား” ဆိုပြီး ညည်းတွားရေးသား ထားပါတယ်။
မြန်မာ့ရိုးရာဂီတကို ကမ္ဘာကို ကိုချပြဖို့ ကြိုးစားနေတဲ့ ရွှေတံဆိပ် ၂၁ ခုရှင် ဆိုင်းပညာရှင် ရွာစား ထက်အာကာဆိုရင်လည်း စစ်တပ်က အာဏာသိမ်းပြီးနောက်မှာ သူ့ရဲ့ ဆိုင်းဝိုင်းကြီး ရောင်းဖို့ကြေညာလိုက်တဲ့ သတင်းအပေါ် ပြည်သူတွေ နှမျောသသ ဖြစ်ခဲ့ကြရပါတယ်။
အနုပညာရှင်တွေကြားထဲမှာလည်း အာဏာသိမ်းမှုကို ဆန့်ကျင်သူ၊ ထောက်ခံသူ၊ ကြားနေသူ စတဲ့အရောင်အမျိုးမျိုး ကွဲခဲ့ကြပါတယ်။ ပြည်သူနဲ့ တသားတည်းရပ်တည်ခဲ့ကြတဲ့ အနုပညာရှင်တွေ ထွက်ပေါ်လာသလို ဖေဖော်ဝါရီလ ကစပြီးလုံးဝပျောက်နေတဲ့ အနုပညာရှင်တွေလည်း ရှိနေပါတယ်။
အနုပညာရှင် အများစုဟာ အာဏာသိမ်းမှုကို ဆန့်ကျင်ခဲ့ကြပေမယ့် စစ်ကောင်စီရဲ့ ဖျော်ဖြေပွဲတွေမှာ လိုက်လံ ဖျော်ဖြေပေးနေတဲ့ အနုပညာရှင်တွေကိုလည်း တွေ့မြင်ခဲ့ရပါတယ်။ စစ်ကောင်စီ ရဲ့ ပွဲတွေကို ဖျော်ဖြေခဲ့ကြတဲ့ အနုပညာရှင်တွေလည်း လူထုက သပိတ်မှောက်ဆန့်ကျင်ကြတဲ့ အတွက် သူတို့လည်း အနုပညာ လှုပ်ရှားမှုတွေ ဆက်မလုပ်ရဲဘဲ ငြိမ်နေကြရပါတယ်။
အာဏာသိမ်း စစ်တပ်က သူတို့ကို ဆန့်ကျင်နေတဲ့ ပြည်သူ ၉၀၀ ကျော်ကို သတ်ဖြတ်ထားသလို နေ့စဉ်လည်း ဆန့်ကျင်သူတွေကို လိုက်လံဖမ်းဆီးမှု၊ ညှင်းပန်းနှိပ်စက်မှု အပြင် ကိုဗစ်အန္တရာယ်ကို မကာကွယ်နိုင်ဘဲ ပြည်သူတွေ နေ့စဉ် ရာပေါင်းများစွာ သေဆုံးနေကြရပါတယ်။ အဲဒီအထဲမှာ ထင်ရှားတဲ့ အနုပညာရှင် အတတ်ပညာရှင်တွေလည်း အချိန်မတိုင်ခင် ကြွေလွင့်ခဲ့ရပါတယ်။
ဒီလိုအချိန်ကာလကြီးမှာ လူထုကလည်း အနုပညာရှင်တွေရဲ့ ဖျော်ဖြေရေး လှုပ်ရှားမှုတွေကို လက်မခံကြသေးတာကို တွေ့ရသလို စီးပွားရေးလှုပ်ရှားမှုတွေ လုပ်ပြလာတဲ့ အနုပညာရှင်တွေလည်း အပြင်းအထန် ဝေဖန်ခံမှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
အရင် ကိုဗစ်ဒုတိယလှိုင်းအတွင်းက ဆိုရှယ်မီဒီယာအသုံးပြုသူတွေရဲ့ တခဲနက်အားပေးမှုရခဲ့တဲ့ ကြော်ငြာဘုရင်မ ထက်ထက်မိုးဦးရဲ့ Live Sale ရောင်းချမှုအောင်မြင်ခဲ့ပေမယ့် အာဏာသိမ်းခံရပြီးတဲ့ နောက် Live လွှင့်ရောင်းချမှုမှာတော့ ပရိသတ်တွေက ပြင်းပြင်းထန်ထန်တုန့်ပြန်ခံလိုက်ရပြီး Live လွှင့်ရောင်းချမှုကိုပါ ဖျက်သိမ်းလိုက်ရတဲ့ အထိဖြစ်သွားခဲ့ပါတယ်။
ဒါတင်မကဘဲ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ ဥက္ကဋ္ဌနေရာပေးခဲ့တဲ့ အကယ်ဒမီခန့်စည်သူကို ဝိုင်းဝန်းကန့်ကွက်ခဲ့ကြပြီး အစည်းအရုံးဝင်အဖြစ်မှလည်း တပြိုင်တည်း ထွက်ခဲ့ကြတာကြောင့် ခန့်စည်သူ ကိုယ်တိုင်လည်း ဥက္ကဋ္ဌနေရာကို လက်မခံကြောင်း ပြောခဲ့ရပါတယ်။
ဂီတအစည်းအရုံးကလည်း တေးသံရှင်ကိုင်ဇာကို ဥက္ကဋ္ဌနေရာပေးခဲ့ပြီး အများရဲ့ဝိုင်းဝန်း ကန့်ကွက်မှုကြောင့်ပဲ သူလည်း ရာထူးနေရာကို လက်မခံခဲ့ပါဘူး။
အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ ဂီတနယ်ပယ်က ထွက်ပေါ်လာခဲ့တာကတော့ တော်လှန်ရေး သီချင်းတွေ ဖြစ်ပါတယ်။ သို့ပေမယ့်လည်းဖန်တီးသူတွေရဲ့ အမည်နာမကိုထုတ်ဖော်ခွင့် မရခဲ့ကြပါဘူး။
“အမှန်တရားကိုရရင်ရ ပြန်မရရင် … အဆုံးထိသွားမှာပါ။ သံပုံးတွေ ရှေ့မှာချ … တစ္ဆေတယောက်လို မောင်းထုတ်သွားမှာပါ” ဆိုတဲ့ “အလိုမရှိ” သီချင်းကိုဆန္ဒပြပွဲတော်တော်များများမှာ ကြားဖူးကြမှာပါ။
ဒီသီချင်းဟာ မြန်မာ တင်မက နိုင်ငံတကာအထိရောက်ခဲ့တဲ့ စစ်အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့ သီချင်းတပုဒ်ပါ။ ဒီလိုသီချင်းတွေအပါအဝင် ဒီကာလများမှာတေးသီချင်း ၁၀ ပုဒ်ကျော်ထွက်ရှိ ခဲ့ကြပေမယ့် ရေးသား၊ သီးဆိုသူတွေရဲ့ အမည်နာမတွေတော့ လျှို့ဝှက်ခဲ့ကြပါတယ်။
ရုပ်ရှင်နယ်ပယ်မှာတော့ အာဏာသိမ်းပြီးနောက်ပိုင်း ဖန်တီးမှုတွေ မရှိသလောက်ကို ငြိမ်သက် သွားခဲ့ရပါတယ်။ ရုပ်ရှင်လုပ်ငန်းတွေ ရပ်တန့်သွားတာနဲ့ တချိန်တည်းမှာဘဲ ထုတ်လုပ်သူ၊ ဒါရိုက်တာ၊ သရုပ်ဆောင်တွေ၊ ဇာတ်ပို့တွေသာမကဘဲ ဒီလုပ်ငန်းအပေါ်မှာ မှီခိုလုပ်ကိုင်နေကြရတဲ့ ကင်မရာ သမား၊ မီးထိုးမှန်ထိုးက အစ အလုပ်လက်မဲ့ ပြဿနာတွေ ရင်ဆိုင်ခဲ့ကြရပါတယ်။
ရိုက်ကူးရေးလုပ်ငန်းမှာ လုပ်ကိုင်နေသူ တဦးက “၂၀၂၀ ဒီဇင်ဘာလမှာကိုဗစ် ပြန်ငြိမ်သွားတော့ ရိုက်ကူးရေး ပြန်စကြတယ်။ ၁ လပဲကြာတယ်။ အာဏာသိမ်းတဲ့ကိစ္စက ပေါ်လာပြန်ရော အဲဒီအချိန် ကတည်းက ရိုက်ကူးရေးတွေ နားလိုက်ကြရတာ ဒီနေ့အချိန် အထိပဲ။ ကိုဗစ်ဒုက္ခပေးတာက ၈ လကျော် အခုအာဏာသိမ်းတာက ၆ လပြည့်တော့မယ်။ စုစုပေါင်း ၁ နှစ်ကျော်ကာလ အလုပ်ကောင်းကောင်း မလုပ်ရဘူး။ စားဝတ်နေရေးတွေ ခက်ကုန်ကြပြီပေါ့ဗျာ” ဆိုပါတယ်။
အာမခံချက် နည်းပါးတဲ့ မြန်မာနိုင်ငံက အနုပညာသမားတွေရဲ့ ဘဝရပ်တည်ချက်တွေဟာ ကိုဗစ်ရောဂါနဲ့ စစ်အာဏာသိမ်းမှုကြောင့် မရေရာတော့တဲ့ အနေအထားကိုရောက်ရှိ သွားပါတော့တယ်။
ကိုဗစ်ကာလမှာ ရုန်းရင်းကန်ရင်းနဲ့ ထူမတ်နေသေးတဲ့ အနုပညာဟာအာဏာသိမ်းဖြစ်ရပ်ကြောင့် သပ်ချလိုက်သလိုလဲပြိုနေပြီ ဖြစ်ပါတယ်။
စစ်ခေါင်းဆောင်တွေရဲ့ လုပ်ရပ်ဟာ အနုပညာလုပ်ငန်းတွေကိုသာ ရပ်တပ်သွားစေရုံသာမကဘဲ အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး လူထုနဲ့ အတူရပ်တည်ခဲ့ကြတဲ့ ထင်ရှားတဲ့ နယ်ပယ်အသီးသီးက အနုပညာရှင်တွေကိုလည်း ဖမ်းဆီးသတ်ဖြတ်တာ၊ ပုဒ်မတွေတပ် ဖမ်းဆီးထောင်ချတာတွေ ဆက်တိုက် လုပ်ဆောင်ပါတယ်။
အနုပညာရှင်တွေကို လူမှုကွန်ရက် စာမျက်နှာကိုအသုံးပြုပြီး နိုင်ငံတော်အုပ်ချုပ်ရေး ယန္တရားပျက်ပြားစေလိုတဲ့ ရည်ရွယ်ချက်နဲ့ နိုင်ငံ့ဝန်ထမ်းတွေကို CDM လှုပ်ရှားမှုမှာ ပါဝင်စေရန်လှုံ့ဆော်ခြင်း၊ CRPH ကိုထောက်ခံခြင်းတို့ကြောင့် ဟုဆိုကာစစ်ကောင်စီက ဖေဖော်ဝါရီလောက် ကတည်းကပုဒ်မ ၅၀၅ (က) နဲ့အမှုဖွင့် ဖမ်းဝရမ်းထုတ်ခဲ့ပါတယ်။
ဖမ်းဆီး အကျဉ်းချခံထားရတဲ့ အနုပညာရှင်တွေ ကတော့ ဒါရိုက်တာမင်းထင်ကိုကိုကြီး၊ လူရွှင်တော်ဇာဂနာ၊ အဆိုတော် စောဖိုးခွား၊ သရုပ်ဆောင်လူမင်း၊ ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊ ရဲတိုက်၊ ပိုင်တံခွန်၊ အဆိုတော်ပိုပို အပါအဝင် Beauty Blogger ဝင်းမင်းသန်း အထိ အများအပြား ဖမ်းဆီးထောင်ချခဲ့ပါတယ်။
စစ်ကောင်စီတပ်တွေဟာ ဝါရင့် သရုပ်ဆောင် လူမင်းကို တိမ်းရှောင်နေတဲ့ နေရာမှာ ရအောင်ဝင်ဖမ်းခဲ့သလို ကလေးငယ်တွေ သံယောဇဉ်နဲ့ လွတ်အောင်မရုန်းနိုင်တဲ့ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်၊ ကျန်းမာရေးအခြေအနေဆိုးဝါးနေတဲ့ ပိုင်တံခွန်တို့ကိုလည်း အညှာအတာကင်းကင်းနဲ့ လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
ပြည်တွင်း၊ ပြည်ပ ထောက်ခံမှုကင်းမဲ့နေတဲ့ စစ်ကောင်စီဟာ ထောက်ခံမှုတွေရလာအောင် ၅၀၅ (က) တွေနဲ့ ဆွဲထားတဲ့ အနုပညာရှင်တွေကို အမှုရုတ်သိမ်းပေးတာ၊ လွှတ်ပေးတာတွေ ပြုလုပ်ခဲ့ပေမယ့် ဒီမိုကရေစီအစိုးရကိုသာ လိုလားကြောင်း တောင်းဆိုခဲ့တဲ့ အမာခံ အနုပညာရှင်တွေကိုတော့ ခွင့်မလွှတ်ပါဘူး။
စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့ ကာတွန်းတွေ ဆွဲနေတဲ့ ကာတွန်း သာဒိုး၊ ကာတွန်းလဂွန်းအိမ် (ခ) နာနတ်သီး၊ ကာတွန်းဝေယံတောင်ကြီး၊ ကာတွန်း မောင်မောင်ဖောင်တိန် စတဲ့ သူတွေကိုလည်း စစ်ကောင်စီက အသဲအသန် အလိုရှိနေပါတယ်။
ကဗျာဆရာတွေဆိုရင်လည်း တချို့ဖမ်းဝရမ်းထုတ်ခံထားရပြီး တချို့ကတော့ ဆန္ဒထုတ်ဖော်ပွဲတွေမှာ ပါဝင်နေစဉ်မှာဘဲ စစ်ကောင်စီက ပစ်ခတ် သတ်ဖြတ်ခဲ့သလို တချို့ကတော့ ဖမ်းဆီးနှိပ်စက်မှု ကြောင့်ပဲ သေဆုံးခဲ့ရပါတယ်။
အဲဒီအထဲမှာ တော်လှန်ရေးကဗျာတွေ ရေးနေတဲ့ စစ်ကိုင်းတိုင်း လက်ပံတောင်း ကကဗျာဆရာ ကေဇဝင်း၊ မုံရွာက ကဗျာဆရာခက်သီ အပါအဝင် ကဗျာဆရာ ၅ ဦးစစ်ကောင်စီလက် ချက်နဲ့ သေဆုံးခဲ့ရပြီ ဖြစ်ပါတယ်။ တချို့ ကဗျာဆရာ၊ ပန်းချီဆရာတွေလည်း ထောင်ထဲမှာ အကျဉ်းချ ခံထားရပါတယ်။
စစ်အာဏာရှင် ဆန့်ကျင်ရေး တရားတွေ ဟောပြောခဲ့တဲ့ ကဗျာဆရာ ကေဇဝင်းဟာ မတ်လ ၃ ရက်နေ့က မုံရွာမြို့ပေါ် ဆန္ဒပြပွဲမှာ အာဏာသိမ်းစစ်တပ်ရဲ့ ပစ်ခတ်သတ်ဖြတ်ခြင်းကို ခံခဲ့ရပြီး ရုပ်အလောင်းကို ဒရွတ်တိုက်ဆွဲထုတ် သွားတာတွေ့ရပါတယ်။
“သူတို့က ခေါင်းကိုပစ်တယ်၊ တော်လှန်ရေးက နှလုံးသားမှာရှိတာ သူတို့ မသိကြဘူး” ဆိုတဲ့ ကဗျာဆရာ ခက်သီ ဆိုရင်လည်း မေလ ၈ ရက်နေ့မှာ အဖမ်းခံခဲ့ရပြီး အာဏာသိမ်း စစ်တပ်ရဲ့ အညိုးထား နှိပ်စက်မှုကြောင့်ပဲ သေဆုံးခဲ့ရပါတယ်။
စစ်အာဏာရှင်ကို ပြည်သူလူထုနဲ့ အတူ ဆန့်ကျင်နေကြတဲ့ အနုပညာရှင်တွေဟာ အချိန်မရွေး အဖမ်းခံရနိုင်သလို အဖမ်းမရရရင်တောင် တတိယ နိုင်ငံမှာ သွားရောက် ပုန်းရှောင်နေရသူတွေ၊ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့တွေရဲ့ နယ်မြေတွေမှာ ကာကွယ်ရေး လေ့ကျင့်မှုတွေ ပြုလုပ်နေကြပါတယ်။
နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ စစ်တပ်ရဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ သမိုင်းနေ့ရက်ဆိုးတခု ထပ်ရေးလိုက်တာဟာ တနိုင်ငံလုံး ပြည်ထောင်စုကြီး တခုလုံး ငရဲပြည် ဆွဲချခံလိုက်ရသလို အနုပညာလောကရဲ့ ဖန်တီးမှုတွေဟာလည်း ဆိတ်သုဉ်း ပျောက်ကွယ်သွားမှာလားဆိုတာကလည်း အင်မတန် စိုးရိမ်စရာဖြစ်ပါတယ်။
ပြည်သူတွေအတွက်တော့ ရေမွန့် သီချင်းထဲကအတိုင်း အနုပညာနဲ့ “ကံမကုန်ရင် ပြန်ဆုံဦးမှာပဲ” ဆိုသလိုဖြစ်လို့ နေပါပြီ။