မိုင်းနောင်ကျေးရွာတွင်း ပေါက်ကွဲသံ၊ ပစ်ခတ်သံများဖြင့် ဆူညံသွားသည်။
အချိန်က သြဂုတ် ၁၀ ရက်၊ ည ၉ နာရီဝန်းကျင်၊ ကျေးရွာများ ဓလေ့အတိုင်း ည အချိန်ဆိုလျှင် လမ်းသွားလမ်းလာ မရှိသလောက် ရှင်းလင်းနေပြီး မိသားစုများ အပန်းဖြေ ရုပ်မြင်သံကြား ကြည့်ချိန်၊ အချို့ကလည်း အိပ်ယာဝင်ရန် ပြင်နေကြသည့် အချိန်ဖြစ်သည်။
မိုင်းနောင်ကျေးရွာသည် ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးမြို့ဧရိယာအတွင်း တည်ရှိသည့် ကျေးရွာ တရွာ ဖြစ်ကာ စစ်ကောင်စီလက်အောက်ခံ ရှမ်းနီပြည်သူ့စစ်များ ကြီးစိုးသည့် နယ်မြေတခုလည်း ဖြစ်သည်။

လက်နက်ကိုင်ထားသည့် လူတစုက လက်ပစ်ဗုံးများကို အရပ်သားနေအိမ်များအတွင်း ပစ်သွင်းပြီး သေနတ်များဖြင့် ထပ်မံ တရစပ် ပစ်ခတ်နေခြင်းကြောင့် ပေါက်ကွဲသံများ ပစ်ခတ်သံများ ညံသွားခြင်း ဖြစ်သည်။
ထိုကျေးရွာတွင်း ဝင်ပစ်ခတ်သွားသူများက အခြားမဟုတ်၊ စစ်ကောင်စီလက်အောက်ခံ ရှမ်းနီပြည်သူ့စစ်များ ဖြစ်ကာ ၎င်းတို့ကို မိုင်းနောင်ပြည်သူ့စစ်၊ နမ့်မွန်းပြည်သူ့စစ်ဟုလည်း ခေါ်ဆိုကြသည်။
၎င်းတို့၏ ပစ်ခတ်မှုကြောင့် ရွာအတွင်းရှိ မီးဖွားပြီးစ သွေးနုသားနုဖြင့် မီးနေသည် အမျိုးသမီး တဦး၊ အသက် ၄၀ အရွယ် အခြားအမျိုးသမီး တဦးနှင့် ကလေးငယ် နှစ်ဦး တို့ ကျည်ထိ ဒဏ်ရာများ ရရှိသွားခဲ့သည်။
၎င်းတို့ ပစ်ခတ်ခဲ့သည့် လက်ပစ်ဗုံးအချို့ ပေါက်ကွဲသော်လည်း လက်ပစ်ဗုံး ၂ လုံးသည် ပေါက်ကွဲခြင်း မရှိဘဲ ခြံဝင်းများ အတွင်း ကျကျန်ရစ်ခဲ့သေးသည်။
ဒေသခံတဦးက “ရွာထဲမှာ ရှမ်းနီအများစုနေတယ်။ ဗမာလူမျိုးတွေလည်း အနည်းအကျဉ်း ရှိတယ်။ ကျန်တဲ့ သူတွေ အပစ် မခံရဘူး။ ကချင်အိမ်တွေကိုချည်းပဲ ရွေးပြီး လက်ပစ်ဗုံးတွေနဲ့ သေနတ်တွေနဲ့ လာပစ်သွားတာ။ ပစ်ပြီး တော့ ထွက်သွား ကြတာပဲ။ ဘာ တာဝန်ယူမှု တာဝန်ခံမှုမှ မရှိပါဘူး။ သူတို့က လက်နက်ရှိတယ် ကျနော်တို့က ဘာတတ်နိုင်မှာလဲ” ဟု ပြောသည်။
ထိုနေ့က ကျေးရွာအနီး စစ်ကောင်စီတပ်များ၊ ရှမ်းနီပြည်သူ့စစ် များနှင့် ဒေသတွင်း လှုပ်ရှားသည့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ကြား တိုက်ပွဲဖြစ်ပွားခြင်းလည်း မရှိခဲ့၊ ပြည်သူ့စစ်များက ရွာထဲဝင်လာကာ အရပ်သားအိမ်များကို တည့်တည့်မတ်မတ်ပင် လာပစ်ခတ်သွားပြီးနောက် ၎င်းတို့ တပ်စခန်းများဆီကို ပြန်ထွက်ခွာသွားခဲ့ကြသည်။
ပစ်ခတ်သွားသည့် စစ်ကောင်စီတပ်ဖွဲ့များနှင့် ပြည်သူ့စစ်တပ်ဖွဲ့များက အရေးတယူမေးမြန်းခြင်း၊ ဖြေရှင်းခြင်းလည်း ယနေ့ထိ မရှိပါ။
စစ်ကောင်စီဘက်က အရပ်သားများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းမှာ ကချင်ပြည်နယ်တွင် မိုင်းနောင်ရွာ ဖြစ်စဉ်က ပထမဆုံး မဟုတ်ပါ။
သြဂုတ်လအတွင်း KIA နှင့် တိုက်ပွဲ ဖြစ်ပွားခြင်း၊ စစ်မီးပူခြင်း မရှိဘဲ အရပ်သားထောင်နှင့်ချီ နေထိုင်သည့် ဝိုင်းမော် မြို့နယ်အတွင်းက ကျေးရွာများကို လက်နက်ကြီးအလုံးရေ အနည်းဆုံး ၂၀ ကျော် ပစ်ခတ်ခဲ့သည်။

ဝိုင်းမော်မြို့နယ်တွင်း ပစ်ခတ်သည့် တပ်များက ပြည်သူ့စစ်များ မဟုတ်၊ နယ်မြေခံတပ်ရင်းတခုဖြစ်သည့် ခြေလျင် တပ်ရင်း ခလရ ၅၈ ဖြစ်သည်။ ခလရ ၅၈ သည် သြဂုတ် ၃ ရက်၊ ၄ ရက်၊ ၅ ရက် ၈ ရက်နှင့် ၉ ရက်တို့တွင် ည ၇ နာရီ၊ ၈ နာရီနှင့် မနက်အစောပိုင်း ၂ နာရီ၊ ၅ နာရီဝန်းကျင်တို့တွင် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။
ပစ်ခတ်ခံရသည့် ကျေးရွာများက ခလရ ၅၈ ၏ အရှေ့ဘက်တွင် တည်ရှိနေသည့် လဘန်ကျေးရွာ၊ ဘေးတွင် ကပ်လျက် တည်ရှိနေသည့် မဒိန်ကျေးရွာ၊ ကျောချင်းကပ် တည်ရှိနေသည့် ခကွန်ကျေးရွာနှင့် တန်ဘောင် ကျေးရွာတို့ ဖြစ်သည်။
ထိုရွာများထဲတွင် လက်နက်ကြီးကျည် အများဆုံး ကျပေါက်ကွဲခဲ့သည်မှာ လဘန်ကျေးရွာ ဖြစ်သည်။
သြဂုတ် ၃ ရက်၊ ပစ်ခတ်မှုတွင် ဝိုင်းမော်မြို့နှင့် ၁ မိုင်ကျော်သာ ကွာဝေးသည့် လဘန်ကျေးရွာတွင်းသို့ လက်နက်ကြီး ကျည်များ ၆ လုံးထက်မနည်း ပစ်ခတ်ရာ အရပ်သားနေအိမ် ၄ လုံး လက်နက်ကြီး၊ လက်နက်ငယ် ကျည်ထိမှန် ပျက်စီး ပြီး အိမ်တလုံးက မီးလောင်၍ တအိမ်လုံးပျက်စီးသွားသည်။
ထို့ပြင် မွေးမြူရေးဝက် ၁၀ ကောင်ကျော်လည်း လက်နက်ကြီးကျည်ကျ ပေါက်ကွဲသဖြင့် သေဆုံးသွားသည်။
ခလရ ၅၈ က လက်နက်ကြီး၊ လက်နက်ငယ်ဖြင့် ပစ်ခတ်ရုံဖြင့် မပြီး၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် အခြေစိုက်သည့် မြစ်ကြီးနားမြို့ဘက်မှလည်း တင့်ကား ၃ စီး၊ စစ်ကား ၂ စီး မောင်းချလာသည်ပြီး ကင်းလှည့်သည့် အပြင် ရဟတ်ယာဉ် ၂ စင်း ကလည်း လဘန်ကျေးရွာပေါ်တွင် ပျံဝဲနေခဲ့သည်။
လဘန်ကျေးရွာ ဒေသခံတဦးက “အဲ့ဒီ့နေ့က လေယာဉ်လာတော့ အိမ်ပေါ်ကို ပစ်ချတော့မယ်လို့ပဲ ထင်နေတာ။ လေယာဉ် ကလည်း အရမ်းနီးနီးကပ်ကပ်ကို ဝဲနေတာ။ ကျနော်တို့ အားလုံး မီးတွေ အကုန်မှိတ်ပြီး ဘုရားကိုပဲ ဆုတောင်းနေတာ အသက်လည်းမရှုနိုင်ဘူး။ ကျနော်တို့ အရမ်းဆုတောင်းလို့နေမှာ လက်နက်ကြီးတွေကြောင့် အသက်ဆုံးရှုံးရတာ မရှိခဲ့ဘူး။ ကျည်တွေကျတာ အိမ်သာ၊ မီးဖိုခန်းနဲ့ လယ်ကွင်းတွေထဲမှာပဲ ကျတယ်” ဟု ဆိုသည်။
သြဂုတ် ၃ ရက်တွင် ဝိုင်းမော်မြို့နယ်တွင်း ကျေးရွာများကို ပစ်ခတ်ပြီးနောက် ည ၁၀ နာရီဝန်းကျင်တွင် KIA ၏ ဗဟို ဌာနချုပ် နယ်မြေ၊ လိုင်ဇာမြို့ နှင့် KIA ၏ ကိုဗစ်-၁၉ ရောဂါကုသရေးစင်တာ၊ Quarantine စင်တာများဘက်သို့ လက်နက်ကြီး ၁၀ ချက်ခန့် ထပ်မံ ပစ်ခတ်ခဲ့ပြန်သည်။
လိုင်ဇာမြို့မှ လူထု အထိတ်တလန့် ဖြစ်ခဲ့ရပြီး ကိုဗစ်-၁၉ ရောဂါ ကုသရေးနှင့် ထိန်းချုပ် ရေး စင်တာမှ လူနာများ လည်း ရုတ်ရုတ်သဲသဲ ဖြစ်ခဲ့ရသည်။
ခလရ ၅၈ သည် ထိုမျှနှင့် ရပ်တန့်ခြင်း မရှိဘဲ သြဂုတ် ၅ ရက်တွင်လည်း မနက် ၂ နာရီကျော်တွင် လက်နက်ကြီးများ ထပ်မံ ပစ်ခတ်ခဲ့ပြီး သြဂုတ် ၉ ရက် တွင်လည်း တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ ကျေးရွာများ ဘက်သို့ လက်နက်ကြီးကျည်များကို အကြိမ်ကြိမ် ထပ်မံပစ်ခတ်ခဲ့သည်။
ပစ်ခတ်ခံရသည့် ကျေးရွာများမှ ဒေသခံအချို့သည် နေအိမ်များကို စွန့်ခွာပြီး ဝိုင်းမော်မြို့ပေါ် ညပိုင်းတွင် တိမ်းရှောင် အိပ်ကြ သော်လည်း ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်မှုမြှင့်တတ်နေသည့် ကာလဖြစ်နေခြင်းကြောင့် ခိုလှုံရန် နေရာ အခက်အခဲကလည်း ရင်ဆိုင်ရပြန်သည်။
ပစ်ခတ်ခံရသည့် လဘန် ကျေးရွာ နှင့် မဒိန်ကျေးရွာ ဒေသခံများထဲတွင် အချို့သည် ညအိပ်နေစဉ်အချိန် လက်နက်ကြီး ကျည် ကျပြီး မိသားစုလိုက် အသက်ဘေးနှင့် ရင်ဆိုင်ရမည်ကို စိုးထိတ်ခြင်းကြောင့် ကျေးရွာကို စွန့်ခွာရန်ပင် စဉ်းစားလာ ကြသည်ဟု ဆိုကြသည်။
လက်ရှိတွင် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်မှု မြှင့်တတ်နေသည့် အချိန်ဖြစ်နေသဖြင့် မိမိနေရပ်ရင်းမှ အခြားမြို့ရွာရှိ ဆွေမျိုး များ၊ မိတ်ဆွေများထံတွင်လည်း သွားရောက်ခိုလှုံရန်က မဖြစ်နိုင်။
သာမာန်တောင်သူများ ဖြစ်သဖြင့် အခြားမြို့ရွာကို မိသားစုလိုက် ချက်ချင်းပြောင်းရွှေ့ရန်အတွက် မြေ၊ အိမ် ဝယ်နိုင်၊ ငှားနိုင်ဖို့ကလည်း မတတ်နိုင်ကြပါ။
ည အချိန်ရောက်တိုင်း ထပ်များ ပစ်ခတ်ခံရမလားဆိုသည်ကို စိုးရိမ်ကြောင့်ကြနေရသည်ဟု ဆိုကြသည်။

ဒေသခံအမျိုးသမီးတဦးဖြစ်သည့် မရွယ်တောင်က “ကျမတို့မှာ ကလေးတွေလည်း ရှိတော့ တခုခုဆို ကလေးငယ်လေးတွေ ထိသွားမှာ အရမ်းစိတ်ပူတယ်။ မှောင်တဲ့အချိန် ညအိပ်ချိန်နဲ့ မနက်အစောကြီးကိုပဲ ရွေးပစ်နေတော့ ပြောရရင် အိပ်ရတာ တောင် စိတ်မဖြောင့်ဘူး”ဟု ပြောသည်။
ခလရ ၅၈ တပ်ဖွဲ့သည် သြဂုတ် ဒုတိယပတ်အတွင်း ၎င်းတို့ ပစ်ခတ်နေသည့် ကျေးရွာများထဲသို့ရောက်လာပြီး KIA တပ်ဖွဲ့ ဝင်များ၏ လှုပ်ရှားသွားလာမှုကို သိရှိခြင်း ရှိမရှိ ဒေသခံများကို မေးမြန်းကာ KIA ကိုလည်း ခလရ ၅၈ အား လာပစ်ခတ်ခြင်း မလုပ်ရန် စကားပါးပေးရန်လည်း ပြောဆိုခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
သြဂုတ်၁၃ ရက်တွင်လည်း ခလရ ၅၈ တပ်က ညနေ ၅နာရီ ဝန်းကျင်တွင် ၎င်းတို့ တပ်ရင်းရှေ့ လမ်းမပေါ်တွင် ဆိုင်ကယ် မောင်းနှင်ဖြတ်သန်းသွားသည့် အမျိုးသမီးကို သေနတ်ဖြင့် လှမ်းပစ်ခတ်ခဲ့သဖြင့် သေဆုံးသွားခဲ့သည်။
အဆိုပါ အမျိုးသမီးသည် ဝူယန်ကျေးရွာမှ ဒေသခံ အမျိုးသမီးဖြစ်ပြီး ဝိုင်းမော်မြို့မှ ၎င်း၏ ရွာသို့ အပြန်လမ်းတွင် ခလရ ၅၈က လှမ်းပစ်ခတ်ခဲ့ခြင်းဖြစ်သည်။
KIA ၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ၊ ဗိုလ်မှူးကြီးနော်ဘူက ခလရ ၅၈ သည် အရပ်သားများကို တဖက်သတ် ပစ်ခတ် နေခြင်းဖြစ်ပြီး သြဂုတ်လအတွင်း ဝိုင်းမော်မြို့နယ်တွင် မည်သည့် စစ်ဆင်ရေးကိုမှ KIA က လုပ်ဆောင်ခြင်း မရှိဟု ငြင်းဆိုသည်။
“ကျနော်တို့ စစ်ဆင်ရေးလုပ်တာရော စစ်ရေးလှုပ်ရှားရာတာရော အဲ့ဒီ့မှာ မရှိဘူး။ ပစ်ခတ်မှုတွေက ကျနော်တို့နဲ့ မသက်ဆိုင်ဘူး” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
KIA သည် ဇူလိုင် ၂၉ ရက်၊ ညတွင် ခလရ ၅၈ တပ်ရင်းကို မဒိန်ကျေးရွာတွင် လာရောက်တိုက်ခိုက်ဖူးသည်။
ထိုတိုက်ခိုက်ခံရပြီးနောက်တွင် KIA က ထပ်မံတိုက်ခိုက်ခြင်း မရှိတော့သော်လည်း ခလရ ၅၈ ဘက်က ၎င်းတို့ တပ်ရင်း ပတ်ဝန်းကျင်ရှိ ကျေးရွာများကို ပစ်ခတ်နေသည့် အပြင် ကျေးရွာတွင် နေထိုင်သည့် အရပ်သားများထဲတွင် ကချင်လူမျိုး များသည် KIA ကို အကူအညီပေးနေသည်ဟုလည်း ထင်မြင်ယူဆနေပုံရသည်ဟု ဒေသခံများက ဆိုသည်။
ဝိုင်းမော်မြို့နယ်တွင်း အများပြည်သူသုံးလမ်းမကြီးတွင် မပေါက်ကွဲဘဲ စိုက်နေသည့် လက်နက်ကြီးကျည်ကို လာရောက်ရှင်းလင်းပေးရန် ရွာသူရွာသားများက ရွာလူကြီးများမှ တဆင့် အာဏာပိုင်များကို ပြောဆိုသော်လည်း ၄ ရက်ကြာသည်အထိ လာရှင်းလင်းပေးခြင်း မရှိသဖြင့် ရပ်ရွာထဲမှ အမျိုးသားများက လက်နက်ကြီးကျည်ကို ကြိုးဖြင့် ချည်ကာ အဝေးမှ ဆွဲထုတ်၍ ရှင်းလင်းခဲ့ကြသည်။
မိုင်းနောင်ကျေးရွာတွင်လည်း ပြည်သူ့စစ်တပ်ဖွဲ့က ပစ်ခတ်ခဲ့ပြီး မပေါက်ကွဲဘဲကျန်နေသည့် လက်ပစ်ဗုံးများကို လာရောက်ရှင်းလင်း ပေးရန် ရဲတပ်ဖွဲ့ထံသို့ ဒေသခံများက အကြောင်းရာ အလုပ်မအားသဖြင့် မလာနိုင်ကြောင်း ပြောဆိုသဖြင့် ဒေသခံများက ၎င်းတို့ဘာသာ ရှင်းလင်းခဲ့ ရသည်။

စစ်ကောင်စီ၏ ဝါဒဖြန့်ချီရေးသမားများက ဝိုင်းမော်မြို့နယ်တွင်း ပစ်ခတ်မှုများမှာ KIA က ခလရ ၅၈ တပ်ရင်းကို လာရောက်တိုက်ခိုက်နေခြင်းကြောင့် ပြန်တုန့်ပြန် ပစ်ခတ်နေရခြင်း ဖြစ်သည်ဟူသည့် စာများကို ၎င်းတို့၏ စစ်တပ် ထောက်ခံသူ လူမှုကွန်ရက် အဖွဲ့များတွင် ဖြန့်ခဲ့ကြသည်။
ဝိုင်းမော်မြို့နယ်တွင်း ခလရ ၅၈ ၏ အရပ်သားများကို ပစ်မှတ်ထား တိုက်ခိုက်မှုများကြောင့် နေအိမ်များ ပျက်စီးခြင်း၊ အသက်မွေးဝမ်းကျောင်း ပြုလုပ်နေသည့် မွေးမြူရေးဝက်များ သေဆုံးခြင်းနှင့် အရပ်သားများ စိတ်မလုံမခြုံဖြစ်နေရသော် လည်း စစ်ကောင်စီက ဝိုင်းမော်ပစ်ခတ်မှုကို တရားဝင်စာတတန်ပေတတန်ဖြင့် ထုတ်ပြန်ခြင်းမျိုး လုံးဝ မလုပ်ခဲ့ပါ။
စစ်ကောင်စီ၏ တပ်ဖွဲ့များ ပစ်ခတ်မှုကြောင့် အရပ်သားများကြား ဗျာများကာ မလုံခြုံမှုကို ခံစားနေကြရသော်လည်း စစ်ကောင်စီက အရပ်သားများအပေါ် အာရုံစိုက်ခြင်း မရှိသည့်အပြင် တာဝန်ယူမှု တာဝန်ခံမှုလည်း မရှိ။
၎င်းတို့၏ တဖက်သတ်ပစ်ခတ်မှု လုပ်ရပ်ကို ဖုံးကွယ်ရန်အတွက် ဝါဒဖြန့်ချီရေးကိုသာ လူမှုကွန်ရက်တွင် လုပ်ဆောင် နေခဲ့သည်။
ဝိုင်းမော် ဒေသခံများကဲ့သို့ပင် မိုးညှင်းဒေသခံအချို့သည်လည်း မိုင်းနောင်ပစ်ခတ်မှုကြောင့် အထိတ်တလန့် ရှိနေကြသည်။
ထိတ်လန့်ခြင်း၊ မလုံခြုံခြင်းများကို ခံစားနေရသည်ခြင်း တူညီသော်လည်း စိုးရိမ်မှုခြင်းက မတူကြ။
ဝိုင်းမော်ဒေသခံများက ၎င်းတို့ နေအိမ်တွင်း လက်နက်ကြီးကျည်များ ကျ၍ အသက်အန္တရာယ်ဖြစ်မည်ကို စိုးရိမ် နေကြခြင်း ဖြစ်ပြီး မိုးညှင်းမြို့နယ်အတွင်းမှ ကချင်လူမျိုးများကမူ လူမျိုးရေးပဋိပက္ခနှင့် အမုန်းတရားများပါ ဖြစ်လာမည်ကို စိုးရိမ် နေကြသည်။
မိုးညှင်းဒေသခံအမျိုးသားတဦးက “မိုင်းနောင်ဖြစ်စဉ်ဖြစ်တော့ ဒါ ရှမ်းနီနဲ့ကချင်တွေကြားမှာ လူမျိုးရေး ပဋိပက္ခဖြစ်အောင် လူမျိုးစုနှစ်စုကို ပြဿနာဖြစ်အောင် ဖန်တီးတာလို့ ကျနော် ခံစားမိတယ်။ သူတို့က ကချင်အိမ်တွေကိုပဲ အကုန် ရွေးပစ် သွားတာလေ။ မိုးညှင်းမှာ ၁၉၇၆ ခုနှစ်တုန်းကလည်း ကချင် ဆိုရင် အားလုံး KIAဆ ိုပဲ ဆိုပြီး ရွာလုံးကျွတ် သတ်ပစ်ခဲ့ ဖူးတယ်။ အခုဖြစ်စဉ်ကြောင့် ကျနော်ကတော့ အရင်တုန်း က ဖြစ်ခဲ့တာတွေကို မျက်လုံးထဲ အကုန် ပြန်မြင် နေတယ်” ဟု ပြောသည်။

၎င်းသည် ၁၉၇၆ ခုနှစ်၊ ဧပြီ နှင့် နိုဝင်ဘာတွင် ရှမ်းနီစစ်သားများက လုံးစန်းရွာ နှင့် အောင်သပြေရပ်ကွက်မှ ကချင်လူမျိုး များကို KIA ကို ထောက်ခံသူများဟု စွပ်စွဲကာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သည့် ဖြစ်စဉ်ကို မျက်မြင်ကြုံတွေ့ခဲ့ရသူ တဦး ဖြစ်သည်။
လုံးစန်းကျေးရွာကို ၁၉၇၆ ခုနှစ်၊ ဧပြီတွင် ရှမ်းနီစစ်သားများက ဝိုင်း၍ မီးရှို့ကာ ရွာသား ၃၀ ကိုသတ်ဖြတ် ခဲ့ခြင်းကြောင့် ရွာပျက်သွားခဲ့ပြီး နိုဝင်ဘာတွင်လည်း အောင်သပြေရပ်ကွက်မှ ကချင်လူမျိုးများကို KIA နှင့် ဆက်စပ် သည်ဟု စွပ်စွဲကာ ရွာလုံးကျွတ် မီးရှို့ သတ်ဖြတ်မှုများ ဖြစ်ပွားစဉ်က မျက်မြင်တွေ့ရှိခဲ့ပြီး ထွက်ပြေးခဲ့ရသည့် အသက် ၁၃ နှစ်အရွယ် ကလေး ငယ်တဦး ဖြစ်သည်။
အောင်သပြေရပ်ကွက် ဖြစ်စဉ်တွင် ၎င်း၏ ဆွေမျိုး ၆ ဦးသည်လည်း အောင်သပြေ အစုလိုက်အပြုံလိုက် သတ်ဖြတ် ခံရမှုတွင် ဆုံးပါးသွားခဲ့သည်။
ယခုအခါ အဆိုပါ အမျိုးသားသည် လက်ရှိတွင် လူမှုအကျိုးပြုလုပ်ငန်းများကို ဦးဆောင်ဦးရွက် ပြုနေသူများထဲမှ တဦး ဖြစ်သော်လည်း လုံခြုံရေးအရ ၎င်းကို အမည်ကို ဖုံးကွယ်ထားရန် တောင်းဆိုသည်။
ဆက်လက်ပြီး ၎င်းက “ကျနော်တို့ ငယ်ငယ်က တောထဲ ငှက်ပစ်သွားရင် ရှမ်းနီပြည်သူ့စစ်တွေနဲ့ တိုးရင် ဒီကောင်တွေ ကြီးလာရင် KIA ဖြစ်မယ့်ကောင်တွေဆိုပြီး ရိုက်တယ်။ သူတို့ရိုက်လို့ ကျနော့်ခေါင်းမှာ အခုထိအမာရွတ် ရှိတယ်။ ဒီလိုတွေကြောင့် ကျနော့်တလျှောက်လုံး ရှမ်းနီနဲ့ ကချင်အသိုင်းအဝိုင်းနှစ်ကြား ဆက်ဆံရေးကောင်းအောင် အမြဲ ကြိုးစား ခဲ့တယ်။ အခုဖြစ်စဉ်ဖြစ်တော့ ကျနော်တို့ လုပ်ခဲ့တာတွေ ဘာမှ အလုပ်မဖြစ်ပါလားလို့ တွေးမိတယ်” ဟုလည်း ဆိုသည်။
၎င်းသည် သမိုင်းတပတ် ပြန်လည်လာပြီး မိုးညှင်းဒေသတွင်း လူမျိုးုစု နှစ်စုကို လူမျိုးရေးပဋိပက္ခဖြစ်အောင် KIA ကို လူထုက မထောက်ခံရဲအောင် ကချင်လူမျိုးများကို နှိပ်ကွပ်သည့် အသွင်ဆောင်လာမည်ကိုလည်း စိုးရိမ်မိသည်ဟု ဆိုသည်။
ကချင်ပြည်နယ်တွင်း နေထိုင်ကာ စစ်ကောင်စီနှင့် နီးစပ်သူအချို့က KIA သည် ရပ်ရွာများထဲတွင် အရပ်ဝတ်ဖြင့် လှုပ်ရှား နေပြီး ကချင်ပြည်နယ်တွင်း မြို့ကြီးများကို ဝင်ရောက်တိုက်ခိုက်ရန် ပြင်ဆင်နေသည်ဟု သတင်းများ ကြားထားသည် ဟု ပြောဆိုသည်။
စစ်ကောင်စီနှင့် နီးစပ်သည့် အုပ်ချုပ်ရေးမှူးဟောင်း တဦးကလည်း မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ တပ်ရင်း၊ တပ်ဖွဲ့များက မြို့နယ် အလိုက် KIA တပ်ဖွဲ့များ၏ လှုပ်ရှားမှုများကို စောင့်ကြည့်နေပြီး စစ်ရေးအတွက်လည်း အချိန်မရွေး အသင့်ဖြစ်ရန် ပြင်ဆင်ထားသည်ဟု ပြောသည်။
စစ်ကောင်စီတပ်များအနေဖြင့် အရပ်သားများကို ပစ်မှတ်ထား တိုက်ခိုက်ခြင်းများ ပြုလုပ်နေသည့် အပေါ်တွင် မေးမြန်းရာ အဆိုပါ အုပ်ချုပ်ရေးမှူးဟောင်းက “သိပ်လည်း သူတို့ပြောတာ ယုံမနေပါနဲ့။ အရပ်ဝတ်ထဲမှာ KIA တွေ ဝင်လှုပ်ရှားနေတာ အများကြီးပဲ ရှိတယ်။ တပ်မတော်က ဘယ်တော့မှ အရပ်သားတွေကို ပစ်ခတ်စရာ အကြောင်းမရှိဘူး။ ရွာထဲမှာ ရှိနေလို့ ဒါမှမဟုတ် သူတို့ လှုပ်ရှားတာ မြင်နေလို့ ပစ်တာ”ဟု ပြန်တုန့်ပြန်ပြောဆိုသည်။
အဆိုပါ အုပ်ချုပ်ရေးမှူးက စစ်ကောင်စီ၏ လုပ်ရပ်က မှန်ကန်သည်ဟု ထောက်ခံပြောဆိုနေခြင်း ဖြစ်သည်။
စစ်ကောင်စီသည် အာဏာသိမ်းကာ ပြည်သူ့ဆန္ဒမပါဘဲ မင်းလုပ်နေခြင်းကြောင့် လူထု၏ ဆန့်ကျင်မှုကို နိုင်ငံတဝှမ်း ရင်ဆိုင်နေရသော်လည်း အာဏာသိမ်းတပ်သည် နိုင်ငံ၏ တပ်မတော်တရပ်ဖြစ်ရာ ၎င်းတို့ထံတွင်လည်း စစ်သည်တော် ကျင့်ဝတ်များ၊ အရပ်သားများ အပေါ် ထားရှိရမည့် စည်းကမ်းများ ရှိသည်။

စစ်ကောင်စီတပ်သားများ လိုက်နာရမည့် ကျင့်ဝတ်များထဲတွင် အရပ်သားများ၏ အသက်အန္တရာယ်ကို ရန်ရှာခြင်း၊ ပစ္စည်းဥစ္စာများကို ဖျက်ဆီးခြင်းတို့ကို မကျူးလွန်ရန် တားမြစ်ထားသည်။
တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေသည့် အချိန်ပင်ဖြစ်လင့်ကစား၊ အရပ်သားများ၏ အသက်အန္တရာယ်ကို ခြိမ်းခြောက် ခြင်း၊ ပစ္စည်းဥစ္စာများကို ဖျက်ဆီးခြင်း မပြုလုပ်ရကြောင်းကို ပြည်တွင်း စစ်သည်တော်များ ကျင့်ဝတ်တွင် ပြဌာန်းထားသည်။
မြန်မာနိုင်ငံက လိုက်နာကျင့်သုံးပါမည်ဟု သဘောတူလက်ခံကာလက်မှတ်ရေးထိုးထားသည့် ဂျနီဗာကွန်ဗန်းရှင်း၏ ပြဌာန်းချက်များတွင်လည်း ပြည်တွင်း၌ ဖြစ်ပွားသည့် ပဋိပက္ခများတွင် ပြည်သူလူထု၏ အသက်အန္တရာယ်ကို ထိပါးခြင်း ၊ ခြိမ်းခြောက်ခြင်း လုပ်ရန် တားမြစ်ထားသည်။
ဂျနီဗာကွန်ဗန်းရှင်း၏ ပြဌာန်းချက် အမှတ် ၁၃ နှင့် ၃၂ တွင် လက်နက်ကိုင်ပဋိပက္ခဖြစ်နေသည့် ဒေသများတွင် အရပ်သား များကို နိုင်ငံရေးအယူအဆ၊ ဘာသာရေး၊ လူမျိုး၊ အသားအရောင်၊ လိင်ခံယူမှု ကွဲပြားခြင်းကြောင့် သတ်ဖြတ်ခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်း၊ အသက်အန္တရာယ်ကို ခြိမ်းခြောက်ခြင်း မလုပ်ရကြောင်း ပြဌာန်းထားသည်။
စစ်ရေးပဋိပက္ခဖြစ်နေဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ မည်သည့်အချိန်တွင်မဆို လက်နက်ကိုင်ထားသည့် စစ်သားများက အရပ်သား၏ အသက်အန္တရာယ်နှင့် ဥစ္စာပစ္စည်း ဆုံးရှုံးစေမည့် အရေးကို ထည့်သွင်း စဉ်းစားခြင်း မပြုဘဲ ကျေးရွာများကို ပစ်ခတ် တိုက်ခိုက်ခြင်း၊ နှစ်ဖက်တိုက်ပွဲ မရှိဘဲ အရပ်သားများ နေအိမ်များကို ပစ်ခတ်နေခြင်း၊ အများပြည်သူသုံး လမ်းမကြီးကို အသုံးပြုကာ သွားလာနေသည့် အမျိုးသမီးကို ပစ်ခတ်သတ်ဖြတ်ခြင်းတို့သည် ပြည်တွင်း စစ်ဘက် ဆိုင်ရာ ကျင့်ဝတ်နှင့် နိုင်ငံတကာ ကျင့်ဝတ်များကို ချိုးဖောက်နေသည့် စစ်ရာဇဝတ်မှုများသာ ဖြစ်သည်။
You may also like these stories:
ဝိုင်းမော်က အရပ်သား နေအိမ်များကို စစ်ကောင်စီ ထပ်မံ ပစ်ခတ်တိုက်ခိုက်
စစ်ကောင်စီ၏ ဝိုင်းမော်နယ်မြေခံတပ်ရင်းကို KIA ဝင်တိုက်
တိုင်းရင်းသား တပ်များနှင့် ငြိမ်းချမ်းရေး ဆွေးနွေးလိုကြောင်း အာဏာသိမ်းခေါင်းဆောင်ပြော