ရာထူးမှနုတ်ထွက်သွားသော မလေးရှားဝန်ကြီးချုပ် မူဟစ်ဒင်ယက်ဆင်ကို ၎င်းတာဝန်ထမ်းဆောင်သည့် ၁၇ လ တာကာလအတွင်း အမည်အမျိုးမျိုးဖြင့်ခေါ်ကြသည်။ သူသည် မလေးရှာဝန်ကြီးချုပ်များတွင် ရာထူးသက်တမ်း အတိုဆုံး ဝန်ကြီးချုပ်ဖြစ်သည်။
ယခင် မဟာမိတ်ဟောင်းများဖြစ်သော ပကတန် ဟာရာပန် ပါတီကိုသစ္စာဖေါက်ပြီး ၎င်းတို့မဟာမိတ်အချင်းချင်း အာဏာသိမ်းသောကြောင့်သူ့ကို ပန်ခီရာနက် သို့မဟုတ် သစ္စာဖေါက်ဟု ခေါ်ကြပြီး ဇွန်လအတွင်းက လူသိများသော အစာအိမ်ပြဿနာကြောင့်လည်း သူ့ကို ဝမ်းလျှော ဝန်ကြီးချုပ်ဟုလည်း ခေါ်ကြပြီး သူ၏ မကောင်းသတင်းကိုပြောရာတွင် ရက်စက်ကြသည်။
ပြိုင်ဆိုင်မှု လွန်စွာပြင်းထန်သော မလေးရှားနိုင်ငံရေး၏ သဘောသဘာဝအရ မလေးရှားဝန်ကြီးချုပ်ရာထူးသည် မကြာခဏဆိုသလို အိပ်မက်ဆိုးများလည်း ဖြစ်နိုင်သည့် သဘောရှိသည်။ သို့သော်လည်း ပါရီကာတန် နေဆင်နယ် မဟာမိတ်အဖွဲ့ လွှတ်တော်တွင် အများစုအနေအထား ဆုံးရှုံးပြီးနောက် ရက်သတ္တပတ်များစွာ အခြေအနေ ဖရိုဖရဲဖြစ်နေကာ တနင်္လာနေ့က သူ ရာထူးမှ နုတ်ထွက်သွားပြီးနောက် အသက် ၇၄ ရှိပြီဖြစ်သော မူဟစ်ဒင်ကို ဆက်ခံမည့်သူ မနည်းလှပေ။
မူဟစ်ဒင်သည် သူ့ကိုဆက်ခံမည့်သူကို ခန့်အပ်ပြီးသည့်အချိန်အထိ အိမ်စောင့်အစိုးရဝန်ကြီးချုပ်အဖြစ် ဆက်လက် ရှိနေမည်ဖြစ်သည်။ သူ့ကိုဆက်ခံမည့်သူကို ယခုအပတ်အတွင်း ခန့်အပ်နိုင်ခြေရှိသည်။
ဝါရင့်နိုင်ငံရေးသမားဖြစ်သော မူဟစ်ဒင်သည် ရာထူးနုတ်ထွက်သည့် မိန့်ခွန်းတွင် မကျေမနပ် စကားများကို ပြောကြားပြီး ကိုရိုနာဗိုင်းရပ်စ်အကျပ်အတည်းအတွင်း နိုင်ငံတည်ငြိမ်ရေးအတွက် သူ၏အားထုတ်မှုများကို ပြည်သူများ၏အသက်ထက် အာဏာရယူရေးကိုသာ ဦးစားပေးသည့် လူတချို့က ဟန့်တားခဲ့ကြောင်း ပြောကြားခဲ့သည်။
ထိပ်တန်းသတင်းစာ အယ်ဒီတာများနှင့် တံခါးပိတ်ဆွေးနွေးပွဲအပြီးတွင် မူဟစ်ဒင်က သမိုင်းသည် ကာလတိုအတွင်း ၎င်းတို့၏အောင်မြင်မှုများနှင့် ကိုဗစ်နိုင်တင်းအကျပ်အတည်းကို စီမံခန့်ခွဲမှုအတွက် သူ၏အစိုးရကို ကောင်းစွာ စီရင်ဆုံးဖြတ်မည်ဟု ယုံကြည်ကြောင်း ပြောသည်။
ကပ်ရောဂါအတွင်းမှ မလေးရှားနိုင်ငံ လွတ်မြောက်သွားသည်ကို မြင်တွေ့ခွင့်မရခဲ့သော်လည်း သူ၏အောင်မြင်မှုများအတွက် စိတ်ချမ်းသာပြီး တစုံတရာသော အတိုင်းအတာအထိ ပျော်ရွှင်ကြောင်းလည်း သူပြောသည်။
ဝန်ကြီးချုပ်သစ်ဖြစ်လာမည့်သူသည် ဆိုးရွားလှသော ကိုဗစ်နိုင်တင်းအကျပ်အတည်းကို ကိုင်တွယ်ရမည်ဖြစ်ပြီး လွန်စွာကွဲပြဲနေသော နိုင်ငံရေးအဝန်းအဝိုင်းမှ ထောက်ခံမှု အလျှင်အမြန်ရရန် လုပ်ဆောင်ရမည်ဖြစ်သည်။
ဝန်ကြီးချုပ်သစ်ဖြစ်လာမည့်သူသည် ဆိုးရွားလှသော ကိုဗစ်နိုင်တင်းအကျပ်အတည်းကို ကိုင်တွယ်ရမည်ဖြစ်ပြီး လွန်စွာကွဲပြဲနေသော နိုင်ငံရေးအဝန်းအဝိုင်းမှ ထောက်ခံမှု အလျှင်အမြန်ရရန် လုပ်ဆောင်ရမည်ဖြစ်ပြီး ကပ်ရောဂါကာလအလွန် ရွေးကောက်ပွဲကို ရင်ဆိုင်ရမည်ဖြစ်သည်။
လေးနှစ်အတွင်း တတိယမြောက် ဝန်ကြီးချုပ်သစ် မည်သူဖြစ်မည်ဆိုသည့် ကိစ္စနှင့်ပတ်သက်သည့် နောက်ဆုံးအဆုံးအဖြတ်သည် ဘုရင်အပေါ်တွင် မူတည်နေသည်။ ပါလီမန်တွင် ထောက်ခံမှုအများဆုံးရနိုင်သူဖြစ်သည်ဟု သူ ယုံကြည်သူကို ရွေးချယ်ရန် ယခင်စီရင်ထုံးများနှင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေက ဆူလတန် အဗ္ဗဒူလာ ဆူလတန် အာမက်ရှားကို အခွင့်ထူးပေးသည်။
ရှိတ်စပီးယားပြဇာတ်များသဖွယ် အလှည့်အပြောင်းများလှသော မလေးရှားနိုင်ငံရေး၏ နောက်ဆုံးအလှည့်အပြောင်းအပြီး အောက်ပါတို့ကို မျှော်လင့်ရသည်။
အစ္စမေး ဆာဘရီ ယာကော့ကို ရွေးချယ်မည်လား
ညီညွတ်သော မလေးအမျိုးသား အဖွဲ့ချုပ် (Umno) ဒုတိယ ဥက္ကဌနှင့် မူဟစ်ဒင်၏ ဒုတိယဝန်ကြီးချုပ် အစ္စမေး ဆာဗရီ ယာကော့သည် ထိုရာထူးကို ရရန် ရှေ့ဆုံးမှပြေးနေသူဖြစ်သည်။
Umno သည် မလေးလူမျိုးများသာပါဝင်သော ပါတီဖြစ်ပြီး ဆယ်စုနှစ်များစွာ အစိုးရဖွဲ့ခဲ့သောပါတီဖြစ်သည်။ ထိုအဖွဲ့သည် ၁၉၅၇ ခုနှစ်မှ ပါကတန် ဟာရာပန်ထံ အာဏာဆုံးရှုံးခဲ့သည့် ၂၀၁၈ ခုနှစ်အထိ အဓိက သြဇာကြီးမားသည့် နိုင်ငံရေးအင်အားစုဖြစ်သည်။ မူဟစ်ဒင်က အာဏာသိမ်းယူပြီးနောက် Umno သည် ပါရီကတန် နေဆင်နယ် မဟာမိတ်အဖွဲ့အတွင်း အကြီးမားဆုံး နိုင်ငံရေးပါတီအဖြစ် အစိုးရ အသိုက်အဝန်းတွင် ပြန်လည်ပါဝင်လာသည်။
အစ္စမေးသည် မူဟစ်ဒင်နှင့် Umno အကြား တင်းမာမှုများပြေလည်စေရန် အားထုတ်မှုအဖြစ် လွန်ခဲ့သောလက ဒုတိယဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခံရပြီး ဆယ်စုနှစ် ၃ ခုကြာ အတွေ့အကြုံရှိသော နိုင်ငံရေး သမားဖြစ်သည်။ သူသည် သူ၏ပါတီတွင်းနှင့် မဟာမိတ်များအတွင်း ဝန်ကြီးချုပ်ဖြစ်လာရန် ထောက်ခံမှုရရေးအတွက် အပြင်းအထန်ကြိုးစားနေသည်။
မည်သူကို ဝန်ကြီးချုပ်ဖြစ်လာရန်ထောက်ခံမည်ကို Umno အတွင်း လတ်တလောသဘောထားကွဲလွဲနေသည်။ သူသည် အားလုံး၏အကျိုးစီးပွားကို အကောင်းဆုံးထမ်းဆောင်မည်ဖြစ်ကြောင်း အစ္စမေးက ပါတီတွင် ယုံကြည်အောင် လုပ်နိုင်လျှင် ဝန်ကြီးချုပ်ရာထူးသည် သူ့အတွက်ဖြစ်နိုင်သည်။ သူသည် မူဟစ်ဒင်၏ ပါရီကတန်နေဆင်နယ် အုပ်စုအတွင်း ကျန်သူများ၏ ထောက်ခံမှုကိုလည်း ရရှိမည်ဖြစ်သည်။
အသက် ၆၁ နှစ်ရှိပြီဖြစ်သော အစ္စမေးသည် မူဟစ်ဒင်ကို ဆက်ခံရန် အတိုက်အခံခေါင်းဆောင် အန်ဝါ အီဗရာဟင်ထက် အလားအလာပိုကောင်းသည်။
အသက် ၆၁ နှစ်ရှိပြီဖြစ်သော အစ္စမေးသည် မူဟစ်ဒင်ကို ဆက်ခံရန် အတိုက်အခံခေါင်းဆောင် အန်ဝါ အီဗရာဟင်ထက် အလားအလာပိုကောင်းကြောင်း မလေးရှားအမျိုးသား တက္ကသိုလ်မှ နိုင်ငံရေးသုတေသီ နက်ဇရီ နော ပြောသည်။
၎င်းတို့မဟာမိတ်အဖွဲ့အတွင်း လွန်ခဲ့သော ၁၇ လအတွင်းက မအောင်မြင်မှုများသည် ဝန်ကြီးချုပ်၏ တာဝန်သာဖြစ်သည်ဆိုသည့် ဇာတ်လမ်းမျိုးကို လုပ်ကြံပြီး ပါရီကတန်နေဆင်နယ်အတွင်းမှ မူဟစ်ဒင်၏ အနီးကပ်ဆုံး မဟာမိတ်များသည် အစ္စမေးနှင့် ပူးပေါင်းနေကြောင်း UCSI တက္ကသိုလ်မှ တာဂျပ်ဒင် ရက်စ်ဒီက ပြောကြားပြီး နက်ဇရီ နောနှင့် သဘောတူကြောင်းပြောသည်။
ပါလီမန်ကိုယ်စားလှယ်နေရာ ၃၈ နေရာရထားသော Umno နှင့် ပါလီမန်ကိုယ်စားလှယ်နေရာ ၃၁ နေရာရထားသော မူဟစ်ဒင်၏ ပါတီ ပရီဘူမိဘာစတူ မလေးရှား (PPBM) တို့သည် ရှေ့ဆက်ရမည့် လုပ်ငန်းများနှင့် ပတ်သက်ပြီး နက်ရှိုင်းစွာ ဆွေးနွေးနေကြောင်း မလေးရှားမီဒီယာများက တနင်္ဂနွေနေ့တွင် ဖေါ်ပြကြသည်။
ထိုပါတီနှစ်ခုနှင့် ဆာရာဝက်ပြည်နယ်မှ ပါလီမန်ကိုယ်စားလှယ်များ၏ တတိယ အုပ်စု တခုပေါင်းလိုက်ပါက လာမည့်အစိုးရသစ်ကို မည်သူဖွဲ့မည်ကို ဆုံးဖြတ်နိုင်ဖွယ်ရှိသည်။
Umno အမာခံတဦးဖြစ်သော အသက် ၈၄ နှစ်အရွယ်ရှိ တန်ကူ ရာဇလေး ဟမ်ဇာသည်လည်း မူဟစ်ဒင်ကို ဆက်ခံနိုင်ဖွယ်ရှိသူအဖြစ် မြင်ကြသည်။ သူသည် နောက်လာမည့် ရွေးကောက်ပွဲထက်ကျော်လွန်ပြီး အာဏာရယူထားရန် မျှော်လင့်မည့်သူ မဟုတ်သောကြောင့် လတ်တလောလစ်ဟာသွားသော ရာထူးတွင် ဖြည့်ဆည်းရန် အကောင်းဆုံး ခေါင်းဆောင်အဖြစ် မြင်ကြခြင်းဖြစ်သည်။
မူဟစ်ဒင်ကို ပြင်းထန်စွာ ဆန့်ကျင်သော Umno ပါလီမန်ကိုယ်စားလှယ်များအတွက် ဘဏ္ဍာရေး ဝန်ကြီးဟောင်း ရာဇလေးသည် စိတ်ကြိုက်ရွေးချယ်မှုဖြစ်နိုင်သည်။
အန်ဝါအီဗရာဟင်၏ အလားအလာ
မလေးရှားမှ ဝါရင့် ပြုပြင်ပြောင်းလဲရေးသမား အန်ဝါ အီဗရာဟင်သည်လည်း အစိုးရပြင်ပမှ ဝန်ကြီးချုပ်ဖြစ်လာနိုင်သည်ဟု မြင်ကြသည်။ သူသည် ပါလီမန်က်ိုယ်စားလှယ် ၈၈ နေရာရထားသည့် တိုင်းပြည်၏ အဓိက အတိုက်အခံအုပ်စုဖြစ်သော ပါကတန် ဟာရာပန်ကို ဦးဆောင်သူဖြစ်သည်။
အန်ဝါ၏ ဝန်ကြီးချုပ်ဖြစ်ရန် အားထုတ်များသည် အဟန့်အတားမျိုးစုံနှင့် ရင်ဆိုင်ခဲ့ရသောကြောင့် သူ့ကို နိုင်ငံ၏ ဝန်ကြီးချုပ်ဖြစ်ရန် ထာဝရစောင့်ဆိုင်းနေသူဟု ခေါ်လေ့ရှိသည်မှာ နှစ်ပေါင်းများစွာကြာပြီး ဖြစ်သည်။
လွန်ခဲ့သောနှစ် စက်တင်ဘာလက သက်တမ်း ၆ လသာရှိသေးသည့် မူဟစ်ဒင်အစိုးရကို ဖြုတ်ချရန် သူ့တွင် ခိုင်မာ အင်အားကြီးမား ယုံကြည်နိုင်သည့် အများစု အနေအထားရှိကြောင်း ပြောသည်။ သို့သော် ထိုအကြံအစည်သည် အကောင်အထည် ပေါ်လာခြင်းမရှိပေ။
အသက် ၇၄ နှစ်ရှိပြီဖြစ်သော အန်ဝါသည် ကိုယ်စားလှယ် ၂၂၀ ရှိသော ပါလီမန်တွင် အများစုအနေအထား ရရှိရေးအတွက် ပါလီမန်ကိုယ်စားလှယ် နောက်ထပ်အနည်းဆုံး ၂၃ နေရာလိုနေသေးသည်။
အသက် ၇၄ နှစ်ရှိပြီဖြစ်သော အန်ဝါသည် ကိုယ်စားလှယ် ၂၂၀ ရှိသော ပါလီမန်တွင် အများစုအနေအထား ရရှိရေးအတွက် ပါလီမန်ကိုယ်စားလှယ် နောက်ထပ်အနည်းဆုံး ၂၃ နေရာလိုနေသေးသည်။
သူသည် အများစု အနေအထားမရှိသော်လည်း အများဆုံး ပါလီမန်ကိုယ်စားလှယ်များ၏ ထောက်ခံမှုကို ရရှိထားသောကြောင့် လူနည်းစုအစိုးရကို ဦးဆောင်ရန် သူ့ကို ဘုရင်က ဝန်ကြီးချုပ်ခန့်နိုင်ကြောင်း UCSI တက္ကသိုလ်မှ တာဂျပ်ဒင်ပြောသည်။ ထို့ကြောင့် ကျန်အုပ်စုများက အန်ဝါအစိုးရကို ထောက်ခံပြီး သူသည် အများစု အနေအထားရသွားနိုင်ကြောင်းလည်း သူပြောသည်။
ပါကတန် ဟာရာပန် သည် Umno အပါအဝင် အုပ်စုအမျိုးမျိုးကို ချဉ်းကပ်နေကြောင်း အန်ဝါဘက် ယိမ်းသည်ဟု ကျယ်ကျယ်ပြန့်ပြန့်မြင်ကြသည့် မလေးရှားမှ Vibes သတင်းဌာနက တနင်္လာနေ့တွင် ဖေါ်ပြသည်။ သို့သော် ထိုအုပ်စုများက အန်ဝါကို ဝန်ကြီးချုပ်ဖြစ်ရန် ထောက်ခံမည် မထောက်ခံမည်ကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။
အန်ဝါကို ဝန်ကြီးချုပ်လောင်းအဖြစ် စဉ်းစားရန် သေးငယ်သော အတိုက်အခံအုပ်စုများ၏ ထောက်ခံမှုသည် ဆူလတန် အဗ္ဗဒူလာအတွက် အရေးပါသည်။
သူသည် အခြားသူများအပြင် သူနှင့် မကြာခဏပြိုင်ဖက်ဖြစ်နေတတ်သည့် မဟာသီယာ မိုဟာလက်၏ ထောက်ခံမှုကိုလည်း လိုအပ်သည်။ အသက် ၉၆ နှစ်ရှိပြီဖြစ်သော မဟာသီယာသည် ၂၀၁၈ ခုနှစ်မှ ၂၀၂၀ ခုနှစ်အထိ ပါကတန်ဟာရာပန် အာဏာရသည့် တိုတောင်းသောကာလအတွင်း ဝန်ကြီးချုပ်ဖြစ်ခဲ့သော်လည်း ယခုအခါတွင် ပါတီသစ်ဖြစ်သော ပီဂျောင်၏ ခေါင်းဆောင်ဖြစ်နေသည်။
ပီဂျောင် ပါလီမန် ကိုယ်စားလှယ် ၄ ဦးသာရှိသော်လည်း မဟာသီယာသည် အခြားပါလီမန်ကိုယ်စားလှယ် ၁၃ ဦးအပေါ် သြဇာလွှမ်းမိုးမှု ရှိသည်။ လူမျိုးစုံဝါဒ လိုလားသော အန်ဝါသည် နိုင်ငံမှ ရှေးရိုးစဉ်လာ မလေးလူများစုအတွက် ခေါင်းဆောင်ဖြစ်ရန် ခက်ခဲသည်ဟု မဟာသီယာက ပြောခဲ့ဖူးသည်။
လာမည့် ရက်အနည်းငယ်အတွင်း ဖြစ်နိုင်ခြေ
မူဟစ်ဒင် နုတ်ထွက်ခြင်းကို ဆူလတန် အဗ္ဗဒူလာက တနင်္လာနေ့တွင် လက်ခံပြီး သူ့နေရာတွင်အစားထိုးမခန့်အပ်မီ သူ့ကို အိမ်စောင့် အစိုးရ ဝန်ကြီးချုပ်ခန့်သည်။ သို့သော် ဘုရင်သည် နောက်ခေါင်းဆောင်ခန့်မည့် သူ၏လုပ်ငန်းစဉ်ကို ဖေါ်ပြခြင်း မပြုပေ။
နိုင်ငံ၏အဓိက နိုင်ငံရေးပါတီခေါင်းဆောင်များနှင့် ပါလီမန်ဥက္ကဋ္ဌ နှစ်ယောက်တို့ကို အင်္ဂါနေ့က ကျင်းပသည့် နန်းတော်တွင်း အစည်းအဝေးသို့ ခေါ်ယူခဲ့သည်ဟု သိရသည်။ ဆူလတန် အဗ္ဗဒူလာသည် ယခုအပတ်အတွင်း ဖွဲ့စည်းပုံအခြေခံဥပဒေ ကျွမ်းကျင်သူများနှင့် အစည်းအဝေးကျင်းပမည်ဟု မျှော်လင့်ရသည်။
လွန်ခဲ့သောနှစ်က အစုလိုက်အပြုံလိုက် ဘက်ပြောင်းသွားပြီး ပါကတန် ဟာရာပန်ကို မူဟစ်ဒင်က အင်အား ချည့်နဲ့အောင်လုပ်လိုက်သောအခါ ယခုဖြစ်နေသကဲ့သို့ပင် မဟာသီယာသည် ရာထူးမှနုတ်ထွက်ရပြီး အိမ်စောင့်အစိုးရ ဝန်ကြီးချုပ်ဖြစ်လာခဲ့သည်။
ထိုစဉ်က ဆူလတန် အဗ္ဗဒူလာသည် ပါလီမန်ကိုယ်စားလှယ်တဦးခြင်းစီကို နန်းတော်တွင်တွေ့ဆုံပြီး မည်သူ့ကို ဝန်ကြီးချုပ်အဖြစ် ထောက်ခံသနည်းဟုမေးသည်။ ထိုသို့လုပ်ခြင်းဖြင့် မူဟစ်ဒင်သည် နိုင်ငံ၏ ၈ ဦးမြောက် ဝန်ကြီးချုပ်ဖြစ်သင့်သည်ဟု ဆုံးဖြတ်ခဲ့သည်။
ထိုနည်းလမ်းကိုပင် သုံး မသုံး သို့မဟုတ် ပါလီမန်နည်းလမ်းဖြင့် ဝန်ကြီးချုပ်ကို ရွေးရန် ပါလီမန်အထူးအစည်းခေါ်မည် မခေါ်မည်ကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။
ခေါင်းဆောင်သစ်ကို လာမည့်အပတ်တွင် အမည်စာရင်းတင်သွင်းမည်ဖြစ်ပြီး အစိုးရသစ်ကိုလည်း လာမည့် အပတ်အတွင်း တွေ့ရမည်ဖြစ်သည်
မည်သည့် နည်းလမ်းကို သုံးသည်ဖြစ်စေ ခေါင်းဆောင်သစ်ကို လာမည့်အပတ်တွင် အမည်စာရင်းတင်သွင်းမည်ဖြစ်ကြောင်း အစိုးရသစ်ကိုလည်း လာမည့် အပတ်အတွင်း တွေ့ရမည်ဖြစ်ကြောင်း သြစတြေးလျနိုင်ငံ တက်စ်မန်းနီးယား တက္ကသိုလ်မှ မလေးရှားအရေးစောင့်ကြည့်လေ့လာသူ ဂျိမ်းချင်း ပြောသည်။
ဝန်ကြီးချုပ်သစ်သည် မူဟစ်ဒင်ထားခဲ့သည့် ကိုဗစ်နိုင်တင်းအကျပ်အတည်းကို ကိုင်တွယ်ရမည်ဖြစ်သည်။ မလေးရှားတွင် ကိုဗစ်နိုင်တင်းကူးစက်မှုသည် လူဦးရေအချိုးအစားအရ ကြည့်ပါက မေလက အိန္ဒိယ ဖြစ်ပွားသည့် နှုန်းနှင့် တူညီသည့် အခြေအနေဖြစ်နေသည်။
မလေးရှားတွင် ကိုဗစ်နိုင်တင်းကြောင့် လက်ရှိအချိန်အထိ လူ ၁၃၀၀၀ သေဆုံးပြီး ထိုသေဆုံးသူများ၏ ၃ ပုံ ၂ ပုံမှာ ဇွန်လနောက်ပိုင်းတွင် သေဆုံးခြင်းဖြစ်သည်။ ထိုစဉ်က တနိုင်ငံလုံးတွင် လော့ဒေါင်းပိတ်ဆို့မှု ထပ်မံချမှတ်ရသည်။
တနင်္လာနေ့က ကူးစက်မှုသစ် ၁၉၇၄၀ ခုရှိသည်။
မြင့်မားလာသော ကာကွယ်ဆေးထိုးနှုန်းက မကြာမီအခြေအနေကို ထိန်းချုပ်နိုင်မည်ဟု မျှော်လင့်ရသည်။ သူ၏ အစိုးရသည် ကာကွယ်ဆေး ၈၇ သန်း မှာယူထားကြောင်းနှင့် အောက်တိုဘာလတွင် တနိုင်ငံလုံးကို ကာကွယ်ဆေး ထိုးပြီးနိုင်ကြောင်း မူဟစ်ဒင်က တနင်္လာနေ့တွင်ပြောသည်။
အစိုးရသစ်သည် အဆင့် ၄ ဆင့်ပါ အမျိုးသား စီးပွားရေးနာလန်ထရေး စီမံကိန်းအရ ယခုနှစ်ကုန်တွင် စီးပွားရေးအပြည့်အ၀ ပြန်လည်ဖွင့်လှစ်မည့် မူဟစ်ဒင်အစိုးရ၏ အစီအစဉ်ကို ဆက်လုပ် မလုပ်ကိုလည်း ဆုံးဖြတ်ရမည်ဖြစ်သည်။
ရေရှည်အလားအလာ
ကျိုးကြောင်းဆီလျှော်စွာ စဉ်းစားသော ရင်းနှီးမြှုပ်နှံသူများသည် နိုင်ငံရေးအပြောင်းအလဲနှင့်ပတ်သက်သည့် စောင့်ကြည့်မှုများကိုသာ လုပ်မည်ဟု ယူဆကြောင်း နိုင်ငံရေးဘောဂဗေဒပညာရှင် အဗ္ဗဒူလာ အက်ဇ်မီ ခါလစ်ပြောသည်။ မလေးရှားမှ ရင်းနှီးမြှုပ်နှံမှုများကို ရုတ်သိမ်းလိုသူများသည် ရုတ်သိမ်းသွားပြီးဖြစ်ကြောင်းလည်း သူပြောသည်။ ကျန်သည့် ရင်းနှီးမြှုပ်နှံသူများသည် အစိုးရသစ်ကြောင့် တုန်လှုပ်မည်မဟုတ်ကြောင်း သူပြောသည်။
အစိုးရအပြောင်းအလဲဖြစ်သော်လည်း မူဟစ်ဒင် ဝန်ကြီးချုပ်မဖြစ်မီကပင်ရှိနေသော ပြင်းထန်သည့် နိုင်ငံရေး ပြဿနာများ အဆုံးသတ်သွားရန် မျှော်လင့်ချက် လုံးဝမရှိ
အစိုးရအပြောင်းအလဲဖြစ်သော်လည်း မူဟစ်ဒင် ဝန်ကြီးချုပ်မဖြစ်မီကပင်ရှိနေသော ပြင်းထန်သည့် နိုင်ငံရေး ပြဿနာများ အဆုံးသတ်သွားရန် မျှော်လင့်ချက် လုံးဝမရှိဟု သုတေသီများက တညီတညွတ်တည်း ယူဆကြသည်။
အာဏာရလာသူ မည်သူမဆိုသည် အနည်းငယ်မျှ အသာဖြင့်သာ အများစုဖြစ်မည့် အခြေအနေကြောင့် မူဟစ်ဒင် ကဲ့သို့ပင် ဖိအားများကို ခံစားရမည်ဖြစ်ကြောင်း တက်စ်မန်းနီးယားတက္ကသိုလ်မှ ချင်း ပြောသည်။
“မူဟစ်ဒင်အစိုးရကို ဘယ်သူပဲဆက်ခံ ဆက်ခံ နိုင်ငံရေးမတည်ငြ်ိမ်မှု ဆက်ဖြစ်နေမယ်။ တခုတည်းသော ထွက်ပေါက်ကတော့ အထွေထွေရွေးကောက်ပွဲပဲ” ဟု သူပြောသည်။ ရွေးကောက်ပွဲကို မလေးရှာနှင့် အရှေ့တောင်အာရှတခွင်တွင် ကူးစက်မှုနည်းသွားသည့် လာမည့်နှစ် ဒုတိယနှစ်ဝက်ရောက်မှသာ ကျင်းပဖွယ်ရှိကြောင်း သူခန့်မှန်းသည်။
မပြီးဆုံးနိုင်သော အစိုးရအကျပ်အတည်းကြောင့် နိုင်ငံသားများသည် နိုင်ငံရေးနှင့် နိုင်ငံရေးသမားများကို စိတ်ကုန်သွားခြင်းကို ကုသရန် အချိန်ပိုမိုကြာမည်ဖြစ်ကြောင်း အဗ္ဗဒူလာ အက်ဇမီပြောသည်။
အကျဉ်းတန်သော ရန်ပွဲများအတွက် မလေးရှားနိုင်ငံသားအများအပြားသည် အွန်လိုင်းတွင် ဒေါသထွက်နေပြီး ကပ်ရောဂါက သာမန်ပြည်သူများကို သေဆုံးစေချိန်တွင် နိုင်ငံရေးသမားများ၏ အပြုအမူများကို လက်မခံနိုင်တော့ကြောင်း ရေးသားကြသည်။
မကြာသေးမီ ရက်သတ္တပတ်များအတွင် မူဟစ်ဒင်အုပ်စုနှင့် Umno တို့သည် ဝန်ကြီးချုပ်၏နေအိမ်တွင်ကျင်းပသည့် အစည်းအဝေးအပါအဝင် လူအများအပြား ကိုယ်တိုင်တက်ရောက်သည့် အစည်းအဝေးများ ကျင်းပခဲ့သည်။ ထိုကဲ့သို့သော စည်းဝေးပွဲများကို ကိုဗစ်နိုင်တင်းစည်းမျဉ်းများဖြင့် ပိတ်ပင်ထားသည်။
ကိုးကား။ ။ South China Morning Post
You may also like these stories:
မြန်မာ့နိုင်ငံရေး လုပ်ကြံသတ်ဖြတ်မှု သမိုင်းကို တစေ့တစောင်းလေ့လာခြင်း
မြန်မာ့ဆက်သွယ်ရေးဈေးကွက်ထဲ ဝင်လာသော မီကာတီညီအကိုများ
မြန်မာနိုင်ငံဆိုင်ရာ ASEAN အထူးသံတမန် ခန့်အပ်ရေး နောက်ကွယ်က အားပြိုင်မှု
ဦးကျော်မိုးထွန်းကို သတ်ဖြတ်ရန် ကြိုးစားမှုနောက်ကွယ်