တန်ဖိုးကြီးမားသော စစ်ပွဲတခုကို ဆယ်စုနှစ် ၂ ခုကြာဆင်နွှဲပြီးနောက် အမေရိကန်တပ်များ အပြီးသတ်ဆုတ်ခွာရန် ၂ ပတ်အလိုတွင် တာလီဘန်တို့က အာဖဂနစ္စတန်ကို သိမ်းပိုက်လိုက်သည်။
အမေရိကန်နှင့် ၎င်း၏မဟာမိတ်များက လေ့ကျင့်လက်နက်တပ်ဆင်ပေးထားသည့် အာဖဂန် လုံခြုံရေးတပ်များသည် ပျောက်ခြင်မလှပျောက်ကုန်ပြီး တာလီဘန်တို့သည် တနိုင်ငံလုံးသို့ ဝင်ရောက်ပြီး ရက်ပိုင်းအတွင်း အဓိက မြို့ကြီးများ အးလုံးကို သိမ်းယူလိုက်သည်။
မည်သို့ဖြစ်ခဲ့သည် မည်သည်တို့ဆက်ဖြစ်မည်ကို အောက်တွင် ဖေါ်ပြထားသည်။
အာဖဂန်တွင် ဘာတွေဖြစ်နေသနည်း
နိုင်ငံကို ၁၉၉၀ ခုနှစ်များနှောင်းပိုင်းက အုပ်ချုပ်ခဲ့သော စစ်သွေးကြွအုပ်စုဖြစ်သည့် တာလီဘန်တို့က နိုင်ငံကို ပြန်လည်သ်ိမ်းယူလိုက်သည်။
အမေရိကန်ဦးဆောင်သည့် အာဖဂန် ကျူးကျော်ရေးတပ်များက တာလီဘန်များကို ၂၀၀၁ ခုနှစ်တွင် ဖြုတ်ချခဲ့သော်လည်း ၎င်းတို့သည့် မည်သည့်အခါကမျှ နိုင်ငံမှထွက်သွားခြင်း မရှိပေ။ မကြာသေးမီရက်များက ၎င်းတို့သည် နိုင်ငံတဝှမ်းတွင် အလျှင်အမြန်စစ်ဆင်ပြီး နိုင်ငံကို နှစ်ပေါင်း ၂၀ အုပ်ချုပ်ခဲ့သည့် အနောက်နိုင်ငံများက ထောက်ခံသော အစိုးရ ပြိုလဲသွားသည်။ အနာဂတ်ကို ကြောက်လန့်ပြီး အာဖဂန် နိုင်ငံသားများသည် နိုင်ငံ၏နောက်ဆုံးထွက်ပေါက်များအနက်တခုဖြစ်သော လေဆိပ်သို့ ပြေးကြသည်။
ပြည်သူများ မည်သည့်အတွက် နိုင်ငံမှ ထွက်ပြေးကြသနည်း
တိုင်းပြည် ဖရိုဖရဲဖြစ်မည် သို့မဟုတ် အမေရိကန်များ သို့မဟုတ် အစိုးရနှင့် အလုပ်လုပ်သူများကို တာလီဘန်များက လက်စားခြေတိုက်ခိုက်မည်ကို ပြည်သူအများ စိုးရိမ်သည်။
၁၉၉၆ ခုနှစ်မှ ၂၀၀၁ ခုနှစ်အထိ အာဖဂန်ကို အုပ်ချုပ်စဉ်က ကျင့်သုံးခဲ့သည့် အစ္စလမ်မစ် ဥပဒေကို ကြမ်းတမ်းစွာ ဖွင့်ဆိုပြီး ပြန်လည်ကျင့်သုံးမည်ကိုလည်း အများအပြားက စိုးရိမ်ကြသည်။ ထိုစဉ်က အမျိုးသမီးများကို ကျောင်းတက်ခြင်း သို့မဟုတ် နေအိမ်ပြင်ပတွင် အလုပ်လုပ်ခြင်းမှ တားဆီးပိတ်ပင်ထားသည်။ အမျိုးသမီးများသည် တကိုယ်လုံးကို ဖုံးအုပ်ထားသည့် ဘူရ်ကာများ ဝတ်ဆင်ရန်လိုပြီး ပြင်ပသို့သွားသောအခါ ဆွေမျိုးအမျိုးသားတဦး အဖေါ်လိုက်ပါရန် လိုသည်။ တာလီဘန်များသည် ဂီတကို ပိတ်ပင်ပြီး သူခိုးများကို လက်ဖြတ်ကာ အိမ်ထောင်ရေးဖေါက်ပြန်သူများကို ခဲဖြင့် ထုသတ်ခဲ့ကြသည်။
မကြာသေးမီနှစ်များအတွင်း တာလီဘန်များသည် ၎င်းတို့ကိုယ် ၎င်းတို့ ပိုမိုအလယ်အလတ်ကျသူများအဖြစ် တင်ပြရန် ကြိုးစားလာပြီး လက်စားခြေမည် မဟုတ်ကြောင်းပြောသော်လည်း အာဖဂန်အများအပြားက ထိုကတိကို မယုံကြည်ပေ။
မည်သည့်အတွက် နိုင်ငံကို သိမ်းယူသနည်း
အမေရိကန်တပ်များသည် ယခုလကုန်တွင် ဆုတ်ခွာတော့မည့်အကြောင်းကြောင့် ဖြစ်နိုင်သည်။
အမေရိကန်ပြည်ထောင်စုသည် ၎င်း၏အရှည်ကြာဆုံး စစ်ပွဲဖြစ်သော အာဖဂန် စစ်ပွဲမှ ရုန်းထွက်လိုသည်မှာ နှစ်ပေါင်းများစွာကြာပြီဖြစ်သည်။
တာလီဘန်တို့က ခိုလှုံခွင့်ပေးထားသည့် 9/11 တိုက်ခိုက်မှုကျုးလွန်သော အယ်လ်ကိုင်ဒါများကို အမြစ်ဖြတ်ချေမှုန်းရန် အမေရိကန်တပ်များ အာဖဂန်သို့ ကျူးကျော်သောအခါ လပိုင်းအတွင်း တာလီဘန်တို့ကို ဖြုတ်ချခဲ့သည်။ သို့သော် အကြိမ်ကြိမ်ဖြစ်နေသော စစ်ပွဲများကြောင့် ပိုင်နက်ကို ထိန်းချုပ်ရန်နှင့် နိုင်ငံကိုပြန်လည်တည်ဆောက်ရန် ခက်ခဲကြောင်း တွေ့ကြုံလာခဲ့ရသည်။
အမေရိကန်ပြည်ထောင်စုက အီရတ်သို့ အာရုံပြောင်းသွားသောအခါ တာလီဘန်တို့သည် အုပ်စုများ ပြန်လည်ဖွဲ့စည်းပြီး မကြာသေးမီနှစ်များအတွင်း အာဖဂန်ကျေးလက်ဒေသ အများစုကို သိမ်းပိုက်ထားနိုင်ခဲ့သည်။
လွန်ခဲ့သောနှစ်တွင် ထိုစဉ်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အာဖဂန်မှ တပ်များ ရုတ်သိမ်းရန် အစီအစဉ်ကိုကြေညာပြီး အမေရိကန်က တာလီဘန်တို့အပေါ် စစ်ရေးအရ ဆောင်ရွက်ချက်များကို ကန့်သတ်သည့် သဘောတူစာချုပ်ကို တာလီဘန်နှင့် ချုပ်ဆိုသည်။ ထိုနောက် သမ္မတ ဂျိုးဘိုင်ဒင်ကလည်း နောက်ဆုံး အမေရိကန်တပ်များသည် သြဂုတ်လကုန်တွင် ဆုတ်ခွာမည်ဟု ကြေညာသည်။
ထိုနောက်ဆုံးရက် နီးကပ်လာသောကြောင့် တာလီဘန်တို့က လျှင်မြန်သော စစ်ဆင်ရေးဖြင့် မြို့ကြီးများကို တမြို့ပြီး တမြို့ သိမ်းယူသည်။
အာဖဂန်အစိုးရတပ်များ မည်သည့်အတွက် ပြိုကွဲသနည်း
ရိုးရှင်းသောအဖြေမှာ အဂတိလိုက်စားမှုဖြစ်သည်။
အမေရိကန်နှင့်နေတိုးမဟာမိတ်များသည် အာဖဂန် လုံခြုံရေးတပ်များကို လေ့ကျင့်လက်နက်တပ်ဆင်ပေးရန် လွန်ခဲ့သော ဆယ်စုနှစ် ၂ ခုအတွင်း ဒေါ်လာ ဘီလီယံပေါင်းများစွာ သုံးသည်။ သို့သော် အနောက်နိုင်ငံများကျောထောက်နောက်ခံပြုသည့် အစိုးရအတွင်း အဂတိလိုက်စားမှု များပြားနေသည်။ တပ်မှူးများက တပ်အင်အားပိုပြပြီး ရင်းမြစ်များကို ရယူကြသော်လည်း စစ်မြေပြင်မှ တပ်များသည် လက်နက်ခဲယမ်းနှင့် ရိက္ခာပင် မရှိပေ။
အမေရိကန်တို့ ဆုတ်ခွာတော့မည်ဆိုသောအခါ အာဖဂန်စစ်တပ်၏ စိတ်ဓါတ်ရေးရာသည် ပိုမိုပျက်ဆီးသွားသည်။ မကြာသေးမီရက်များက တာလီဘန်တို့ အလျှင်အမြန်ချီတက်လာသောအခါ ခဏမျှသာ တိုက်ပွဲဖြစ်ပြီး တပ်ရင်းလိုက် လက်နက်ချသည်။ ကဘူးလ်နှင့်အနီးရှိ ပြည်နယ်များသည် တိုက်ပွဲပင်ဖြစ်ပွားခြင်းမရှိဘဲ ကျဆုံးသွားသည်။
အာဖဂန်သမ္မတ မည်သို့ဖြစ်သနည်း
သူ ထွက်ပြေးသည်။
တာလီဘန်တို့ နိုင်ငံတဝှမ်း သိမ်းပိုက်နေချိန်တွင် သမ္မတ အက်ရှ်ရက် ဂါနီသည် ထိုင်ပြီး အများပြည်သူသို့ ကြေညာချက် အနည်းငယ်ထုတ်သည်။ တာလီဘန်တို့ မြို့တော်ကဘူးလ်သို့ တနင်္ဂနွေနေ့က ရောက်လာသောအခါ နောက်ထပ်သွေးထွက်သံယိုမှု မဖြစ်ပွားရေးအတွက်ဟုဆိုကာ အာဖဂန်မှ ထွက်ခွာသွားသည်။ မည်သည့်နိုင်ငံသို့ သွားသည်ကို ရှင်းရှင်းလင်းလင်း မသိရပေ။
အာဖဂန်ကျဆုံးခြင်းနှင့် ဆိုင်ဂုံကျဆုံးခြင်းကို မည်သည့်အတွက် နှိုင်းယှဉ်ပြောကြားကြသနည်း
၁၉၇၅ ခုနှစ်က မြောက်ဗီယက်နမ်တပ်များလက်သို့ ဆိုင်ဂုံကျဆုံးသွားခြင်း ဗီယက်နမ်စစ်ပွဲ ပြီးဆုံးသွားသည့် လက္ခဏာဖြစ်သည်။ ထောင်နှင့်ချီသော အမေရိကန်များနှင့် ၎င်းတို့၏ ဗီယက်နမ်မဟာမိတ်များကို ရဟတ်ယာဉ်များဖြင့် မြို့တွင်းမှ ကယ်ထုတ်ရသည်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးအန်ထော်နီဘလင်ကန်က အာဖဂန်ကို ဆိုင်ဂုံနှင့်နှိုင်းခြင်းကို လက်မခံပေ။ “ဒါက ဆိုင်ဂုံမဟုတ်ဘူးဆိုတာ ထင်ရှားပါတယ်” ဟု သူပြောသည်။
အာဖဂန်တွင် ဘာဆက်ဖြစ်မည်နည်း
ရှင်းရှင်းလင်းလင်း မသိရပါ။
တာလီဘန်တို့က အခြားအုပ်စုများနှင့်အတူ အားလုံးပါဝင်သည့် အစ္စလမ်မစ် အစိုးရဖွဲ့မည်ဟု ပြောသည်။ ၎င်းတို့သည် ယခင်အစိုးရမှ ခေါင်းဆောင်များအပါအဝင် အဆင့်မြင့် နိုင်ငံရေးသမားများနှင့် ညှိနှိုင်းနေသည်။
၎င်းတို့က အစ္စလမ်မစ်ဥပဒေများ ကျင့်သုံးရန် ကတိပြုပြီး ဆယ်စုနှစ်များစွာကြာသည့် စစ်ပွဲအပြီး ပုံမှန်ဘ၀ပြန်လည်ရောက်ရှိရေးအတွက် လုံခြုံသော ပတ်ဝန်းကျင်ကို ဖန်တီးမည်ဟု ပြောသည်။
သို့သော် အာဖဂန်အများစုက တာလီဘန်ကိုမယုံကြည်ဘဲ ၎င်းတို့အုပ်ချုပ်ရေး အကြမ်းဖက် ဖိနှိပ်မည်ဟု ယူဆကြသည်။ ပြည်သူများစိုးရိမ်စေသော အချက်တခုမှာ ၎င်းတို့က နိုင်ငံအမည်ကို အာဖဂန်အစ္စလမ်မစ် စော်ဘွားနိုင်ငံဟု ပြောင်းလိုခြင်းဖြစ်သည်။ ထိုအမည်သည် တာလီဘန်တို့ နိုင်ငံကို နောက်ဆုံးအုပ်ချုပ်စဉ်က အမည်ဖြစ်သည်။
တာလီဘန်သိမ်းပိုက်မှုက အမျိုးသမီးများအပေါ်မည်သို့ သက်ရောက်မည်နည်း
အခွင့်အရေးများ ဆိုးဆိုးရွားရွား ရုတ်သိမ်းခံရမည်ကို အများအပြားက စိုးရိမ်နေသည်။
တာလီဘန်တို့ကို ဖြုတ်ချပြီးနောက် အာဖဂန်အမျိုးသမီးများသည် အခွင့်အရေး အများအပြား ရကြသည်။ ၎င်းတို့ကို နေအိမ်များတွင် ပြန်လည်ပိတ်လှောင်ထားမည်ကို အများအပြားက စိုးရိမ်ကြသည်။ အမျိုးသမီးများကျောင်းတက်သည်ကို မဆန့်ကျင်တော့ကြောင်း တာလီဘန်များပြောသော်လည်း အမျိုးသမီးအခွင့်အရေးများနှင် ပတ်သက်သည့် ရှင်းလင်းသောမူဝါဒကို ချမှတ်ခြင်း မရှိသေးပေ။ အာဖဂန်နစ္စတန်နိုင်ငံသည် အထူးသဖြင့် မြို့ကြီးများ၏ ပြင်ပတွင် အများအားဖြင့် ရှေးရိုးစဉ်လာကျေးလက်နိုင်ငံဖြစ်နေပြီး တာလီဘန်အုပ်ချုပ်ရေးအောက်တွင်ပင် အမျိုးသမီးများ၏ အဆင့်အတန်းမှာ အမျိုးမျိုး ကွဲပြားနေသည်။
တာလီဘန်က အယ်လ်ကိုင်ဒါကို ထပ်မံလက်ခံမည်လား
ထိုအချက်သည် လူတိုင်းအတွက် ခန့်မှန်းချက်သာ ဖြစ်သော်လည်း အမေရိကန် အရာရှိများက စိုးရိမ်နေသည်။
လွန်ခဲ့သောနှစ်က အမေရိကန်ပြည်ထောင်စုနှင့် လက်မှတ်ထိုးသည့် ငြိမ်းချမ်းရေး သဘောတူညီချက်တွင် တာလီဘန်တို့က အကြမ်းဖက်ဝါဒကို တိုက်ဖျက်ရန်နှင့် အာဖဂန်ကို တိုက်ခိုက်မှုပြုလုပ်သည့် အခြေစိုက်စခန်းမဖြစ်အောင် ကာကွယ်ရန် ကတိပြုသည်။ သို့သော် အမေရိကန်ပြည်ထောင်စုသည် ထိုကတိကိုတာလီဘန်တို့ လိုက်နာအောင်လုပ်ရန် သြဇာမရှိပေ။
လွန်ခဲ့သော နှစ် ၂၀ အတွင်း နည်းပညာတိုးတက်မှုများကြောင့် အမေရိကန်ပြည်ထောင်စုသည် ၎င်းတို့၏ အမြဲတမ်းတပ်များ မရှိသည့် ယီမင်နှင့် ဆိုမာလီယာ တို့ကဲ့သို့သောနိုင်ငံများမှ စစ်သွေးကြွဟု သံသယရှိသူများကို ပစ်မှတ်ထား တိုက်ခိုက်လာနိုင်ခဲ့သည်။ တာလီဘန်တို့သည် စက်တင်ဘာ ၁၁ ရက်တိုက်ခိုက်မှုကြောင့် ကြီးမားသော တန်ဖိုးတခုပေးခဲ့ပြီး ယခု ၎င်းတို့ အုပ်ချုပ်ရေးကို ခိုင်မာအောင် လုပ်ချိန်တွင် ထိုအမှားကို ထပ်မံ မကျူးလွန်ဟု မျှော်လင့်ရသည်။
သို့သော် အယ်လ်ကိုင်ဒါကဲသို့သော အစွန်းရောက်အုပ်စုများ အာဖဂန်တွင် ထပ်မံမွေးဖွား လာနိုင်ကြောင်း ပင်တဂွန် ထိပ်တန်းခေါင်းဆောင်များက ယခုနှစ်အစောပိုင်းတွင် ပြောကြားပြီး ယခုအခါ ထိုကဲ့သို့သော အုပ်စုမျိုးသည် ထင်ထားသည်ထက် ပိုမိုလျှင်မြန်စွာပေါ်ပေါက်လာနိုင်ကြောင်း သတိပေးနေကြသည်။
အာဖဂန်တွင် မကြာသေးမီက ရှီအိုက်လူနည်းစုများကို ပစ်မှတ်ထားတိုက်ခိုက်မှု အများအပြားကျူးလွန်သော အစ္စလမ်မစ်နိုင်ငံအဖွဲ့ IS တခုလည်း ရှိနေသည်။ တာလီဘန်တို့က ထိုတိုက်ခိုက်မှုများကို ရှုတ်ချပြီး နှစ်ဖွဲ့အကြား ပိုင်နက်အတွက် တိုက်ခိုက်မှုလည်း ရှိသည်။ သို့သော် တာလီဘန်အစိုးရသည် IS ကို တိုက်ခိုက်ရန် စိတ်ထက်သန်ခြင်း ရှိ မရှိနှင့် ဖိနှိပ်ထားနိုင်စွမ်း ရှိ မရှိကို ဆက်လက်စောင့်ကြည်ရဦးမည်ဖြစ်သည်။
(AP သတင်းဌာနမှ The Taliban takeover, what’s next for Afghanistan ကို ဘာသာပြန်ဆိုသည်။)
You may also like these stories:
မြန်မာသံအမတ်ကို လုပ်ကြံရန် ကြိုးစားမှုတွင် ပါဝင်မရှိကြောင်း ထိုင်းလက်နက်ကုမ္ပဏီ ငြင်း
လန်ဒန်ရှိ ဦးကျော်စွာမင်းလည်း ခြိမ်းခြောက်ခံနေရ
မြန်မာ့နိုင်ငံရေး လုပ်ကြံသတ်ဖြတ်မှု သမိုင်းကို တစေ့တစောင်းလေ့လာခြင်း
မလေးရှားဝန်ကြီးချုပ်သစ် ဘယ်သူဖြစ်မလဲ