နိုင်ငံရေးအစ YMBA ကဟု ဆိုနိုင်သည့် ၁၉၀၆ ခု ကတည်းက တည်ထောင်ခဲ့သော သက်တန်း ၁၁၅ နှစ် ရှိပြီဖြစ်သည့် ဗုဒ္ဓဘာသာ ကလျာဏယုဝ အသင်းကြီး၏ ရန်ကုန်ရုံးချုပ်မှာ သြဂုတ် ၁၀ ရက်က ဗုံးပစ်ခံလိုက်ရသည်။ အထိအခိုက် တော့ မရှိ။
ထိုသို့ ဗုံးပစ်ခံလိုက်ရခြင်းနှင့် ပတ်သက်ပြီး နှစ်ထောင်းအားရ ဖြစ်သူရှိသကဲ့သို့ တချို့ကလည်း မလုပ်သင့်ဟု ဆိုသူ လည်း ရှိသည်။ တချို့က ဗုံးပစ်ခြင်းကို စစ်တပ်က လုပ်ဆောင်ခြင်းသာ ဖြစ်ဟု ပြောဆိုမှုများလည်း ရှိနေသည်။
မည်သို့ပင်ဖြစ်စေ ပညာ သိက္ခာသမာဓိ ပြည့်စုံသည့် ရှေးမြန်မာကြီးများက မြန်မာတို့၏ အကျိုးစီးပွား၊ ဗုဒ္ဓသာသနာ၏ အကျိုး စီးပွားတိုးတက်ဖြစ်ထွန်းရေး ရည်ရွယ် ဖွဲ့စည်းခဲ့သည့် အသင်းကြီး ဤသို့ ဗုံးနှင့် အပစ်ခံရခြင်းမှာ ကြား၍မှ မသင့်တော်သည်မှာ အသေအချာ ဖြစ်သည်။
မည်သည့်အတွက်ကြောင့် ဗုံးပစ်ခံရသည့် အခြေကို ဆိုက်လာသနည်း၊ လူအများက အကြည်အညို မဲ့ကာ ဒလန်ဆို သည့် စွပ်စွဲပြောဆိုမှုကို ခံရသနည်း ဆိုသည်ကိုမူ လူအများ သိပြီး ဖြစ်ပေလိမ့်မည်။
အရပ်သား အစိုးရထံမှ စစ်တပ်အာဏာသိမ်းခြင်း မတိုင်မီကတည်းကပင် YMBA ၏ ရပ်တည်မှု အနေ အထားမှာ မေးခွန်း ထုတ်စရာမလိုအောင် လူတိုင်းသိပြီး ဖြစ်သလို၊ အသင်း လူကြီးများမှာ စစ်တပ်ဘက် ယိမ်းလွန်း သည့် သဘောထားကြောင့် ဒလန်များ အဖြစ်ပင် စွပ်စွဲခံနေရပြီး စစ်တပ်ကိုယ်တိုင်ပင် YMBA ရုံးချုပ် နေရာတွင် လုံခြုံရေး ယူထားသည်ဟု သိရသဖြင့် “ပေါက်ပင် ဘာကြောင့် ကိုင်းရတယ် ဗျိုင်းနားလို့ ကိုင်းရတယ်” ဆိုသကဲ့သို့ ဖြစ်နေသည်။
လက်ရှိ YMBA လူကြီးများ ကိုယ်တိုင် စစ်တပ်နှင့် အထူးသဖြင့် အာဏာသိမ်း ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်နှင့် နီးစပ်လွန်းသူများ ဖြစ်ပြီး၊ ယခင်အရပ်သား အစိုးရလက်ထက်ကလည်း ကပ်ရောဂါ ကိုဗစ်ကြောင့် ပိတ်ထားရ သည့် ရွှေတိဂုံစေတီကြီး ခြေရင်းသို့ သွားရောက်ကာ ဗုဒ္ဓဘာသာဝင်ကောင်းများ ဤအုပ်ချုပ်သူ မင်းလက်ထက် ဘုရား ပေါ်သို့ပင် တက်ရောက် ဖူးမြှော်ခွင့် မရပါ ဆိုသည့် အချိုးမျိုးဖြင့် ပုံဖော်ကာ နိုင်ငံရေး စတန့်၊ ဘာသာရေး စတန့် ထွင်ခဲ့ ကြသည်ကိုလည်း လူအများ အသိပင်ဖြစ်၏။
အလားတူ အာဏာသိမ်း ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို YMBA မှ မဟာမင်္ဂလဓမ္မဇောတိကဓဇ၊ အဂ္ဂ မဟာမင်္ဂလ ဓမ္မ ဇောတိကဓဇ စသည့် ဘွဲ့တော်အမျိုးမျိုး ချီးမြှင့်ခဲ့သလို ရာသက်ပန်ဂုဏ်ထူးဆောင် နာယက အဖြစ်လည်း သတ်မှတ်ခဲပြီးဖြစ်သည်။
ထိုသို့ လက်ရှိ အသင်းလူကြီးများ အနေအထိုင် မတတ်သဖြင့် ဗုံးနှင့်ပင် အပစ်ခံရသော ဗုဒ္ဓဘာသာ ကလျာဏယုဝ (YMBA) အသင်းကြီး၏ လာရာလမ်းကို ပြန်ကြည့်ကြပါစို့။
ဗြိတိသျှလက်အောက် ပညာရေးဘက်တွင် သာသနာပြုကျောင်းများ အစိုးရ အထောက်အပံ့ဖြင့် တစိတ်တဒေသ ရှင်သန်နေသည်ကို မြန်မာဝံသာနုမျိုးချစ်တို့ ကြည့်ကာ ရှင်မဟာ ဗုဒ္ဓဃောသ၊ ဗုဒ္ဓသာသနနုဂ္ဂဟ ကဲ့သို့ ကျောင်းများ တည်ထောင်သလို၊ အစိုးရက ဘိန်းခန်းနှင့် အရက်လိုင်စင် ချပေးခြင်းကို တန်ပြန်သည့်အနေဖြင့်လည်း အရက်သေစာ ရှောင်ကြဉ်ရေး သုစရိတယုဝ အသင်းများ တည်ထောင်ကြသည်။
အလားတူ စီးပွားရေးဘက်တွင်လည်း အင်္ဂလိပ်ကုမ္ပဏီများ လူမျိုးခြား စီးပွားရေးလုပ်ငန်းရှင်များ ကြီးစိုးခြင်းကို တန်ပြန် ရန် မြန်မာတို့ အရင်းအနှီးရရေးအတွက် သမဝါယမ ငွေစုငွေချေး အဖွဲ့များကို ဖွဲ့ကြသည်။
ထိုအခြေအနေတွင် ရန်ကုန်ကောလိပ်မှ ပညာတတ်များဖြစ်သည့် နောင်တချိန် မြန်မာ့နိုင်ငံရေးလောကနှင့် သမိုင်း တွင်လာမည့် ကိုဘဘေ (ဘကြီးဘဖေ)၊ ကိုမောင်ကြီး( M A မောင်ကြီး)၊ ကိုဘရင် (ဒေါက်တာဘရင်) တို့ သူငယ်ချင်း သုံးဦးသား လမ်းလျှောက်လာရာက ခရစ်ယာန် ကလျာဏယုဝ အသင်း – Young Men’s Christian Association (YMCA) ဆိုင်းဘုတ်ကို မြင်ပြီးနောက် အားကျကာ လုံ့လထုတ်သဖြင့်၊ ၁၉၀၆ခုနှစ် မေ ၁၀ ရက်တွင် ဗုဒ္ဓဘာသာ ကလျာဏယုဝ (YMBA) အသင်း ပေါ်ပေါက်လာခြင်းဖြစ်သည်။
အသင်းသားများအဖြစ် ပွဲစားကြီး ဆာဖိုးသာ၊ ဦးဖိုးအောင် ဦးဖိုးဗြော့ စသည့် စီးပွားရေးသမားတို့ သာမက ပင်စင်စား ဝန်ထမ်းဟောင်းများဖြစ်သည့် ဦးဘေ၊ ဦးဘတူ၊ ဦးမုန်းနှင့် အင်္ဂလန်ပြန် ဝတ်လုံတချို့ကိုလည်း စည်းရုံးနိုင်ခဲ့သည်။
မူလရည်ရွယ်ချက်က အမျိုး၊ ဘာသာ၊ သာသနာ၊ ပညာဆိုသည့် မြန်မာတို့၏ အကျိုးစီးပွား၊ ဗုဒ္ဓသာသနာ၏ အကျိုး စီးပွား တိုးတက်ဖြစ်ထွန်းစေရေးပင် ဖြစ်သော်လည်း နိုင်ငံရေး ရည်ရွယ်ချက်လည်း ပါသဖြင့် YMBA တွင် လုပ်ကိုင်သူ များကို အင်္ဂလိပ်အစိုးရက မျက်လုံးဒေါက်ထောက် ကြည့်နေသလို ပတ်ဝန်းကျင်ကလည်း ထောင်စာလေးများ ဟုပင် ကင်ပွန်းတပ်ကြ၏။
လူကြီးမိဘ ဆရာသမားများကလည်း မလိုလား မနှစ်မြို့၊ အင်္ဂလိပ်အစိုးရပိုင်းကလည်း ရာထူးနှင့်မျှား၊ ငွေနှင့် မျှားကာ ပြိုကွဲအောင်လုပ်သည့်ကြားက ရှင်နည်းရာ အဂ္ဂလူထွက်ဆိုသလို ကိုမောင်ကြီးက မဟာဝိဇ္ဇာအတွက်၊ မောင်ဘရင်က ဆရာဝန်ဘွဲ့ အတွက် အင်္ဂလန်ထွက်ခွာသွားရာ မောင်ဘဘေတဦးသာ ကျန်ခဲ့သည်။
သို့သော် ဘိလပ်ပြန် ဝတ်လုံတော်ရ ဦးမေအောင်၊ ဦးပု၊ မောင်စံလွင်၊ မောင်ဘဒွန်း၊ မောင်သိန်းမောင်၊ မောင်ထွန်းရှိန် မောင်စံဘာဘာ၊ မောင်ဘသန်း စသည့်သူများ ပါဝင်လာပြီး ပဲခူး၊ ဖြူး၊ ကညွတ်ကွင်း၊ ပျဉ်းမနား၊ မော်လမြိုင်၊ ဟင်္သာတ မြို့များတွင် အသင်းခွဲများ ထောင်နိုင်သည့် အခြေသို့ ရောက်ပြီး တပြည်လုံး အတိုင်းအတာဖြင့် မြန်မာ့အသင်းချုပ် ဖြစ် လာသည်။
၁၉၁၁ ခုနှစ် မေ ၇ရက်တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ YMBA အသင်း၏ ပထမအကြိမ်အစည်းအဝေး ပြုလုပ်နိုင်ခဲ့ပြီး နောက်ပိုင်းတွင် မြန်မာပြည်ကို အိန္ဒိယမှ ခွဲထုတ်၍ တစတစ ကိုယ်ပိုင်အုပ်ချုပ်ရေးပေးရန်၊ မြန်မာပြည်အတွက် အဆင့် အတန်းမြင့်သော တက္ကသိုလ် ကျောင်းတကျောင်း ဆောက်လုပ်ပေးရန်အထိ တောင်းဆိုလာသည်ကို တွေ့ရသည်။
၁၉၁၈ ခုနှစ် မော်လမြိုင်တွင် ပြုလုပ်သည့် အဋ္ဌမအကြိမ်မြောက် အစည်းအဝေးတွင် ပညာရေး၌ ဥရောပသား၊ မြန်မာ ပြည်သား လူမျိုးခွဲခြားခြင်း မပြုရန်၊ အစိုးရရုံးများမှ ထုတ်ပြန်သည့် သမ္မာန်စာ၊ အခွန်ပြေစာ၊ အကြောင်းကြား စာများ တွင် မြန်မာတို့ကို နှိမ်ချသော ငဖြူ၊ ငနီ အခေါ်အဝေါ်၊ မောင်မင်း နာခံရမည်ဆိုသည့် အသုံးအနှုန်း မသုံးရန်၊ မီးရထား စီးရာတွင် အဆင့် မခွဲရန် စသည့် တောင်းဆိုချက်များကို YMBAက ထုတ်ပြန်နိုင်ခဲ့သည်။
ထိုစဉ်က ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း ခေါင်းဆောင်များသည် မြန်မာတို့ ကြီးပွားရာ ကြီးပွားကြောင်းကို လမ်း ညွှန်ခဲ့ကြသလို တိုင်းတပါး နိုင်ငံခြားသားများကို ဖိတ်ခေါ်ကာ တိုးတက်နေသည့် နိုင်ငံများအကြောင်း သူတို့၏ အယူ အဆများကို ဟောပြောစေသလို၊ တဖက်တွင်လည်း မြန်မာစာအကြောင်း၊ အမျိုးသား ရှေးရိုးအစဉ်အလာ ဖြစ်သည့် ဂီတအနုပညာများ အကြောင်းကိုလည်း ထိန်းသိမ်းရန် ပညာဗဟုသုတပေးသည့် ဆွေးနွေးပွဲများကို မကြာခဏ ပြုလုပ် ပေးသည်။
ထင်ရှားသည့် ဥပမာက ၁၉၁၄ ခု မတ်လက ပြုလုပ်သည့် လစဉ်အစည်းအဝေးတွင် မစ္စတာဖာနန်ဒက်စ် ဆိုသူက ဗုဒ္ဓ ဘာသာ မွန်မြန်မာတို့၏ ဘုရားပွဲများနှင့် စပ်လျဉ်း၍ ဟောပြောခြင်းဖြစ်ပြီး သက္ကစ္စဂါရဝ အရ ရိုသေဆည်းကပ်သော် လည်း ဘုရားပွဲတွင် ပွဲလမ်းသဘင်များကို ထည့်သွင်းကာ ပျော်ပွဲများ လုပ်ခြင်းကို မြန်မာတို့၏ အကျိုးကို မျှော်ကာ ထောက်ပြခြင်း ဖြစ်သည်။
တကယ်တော့ မြန်မာ့သတင်းစာသမိုင်းတွင် ထင်ရှားသည့် သူရိယသတင်းစာသည်လည်း YMBA မှပင် မြစ်ဖျားခံလာ သည်ကို တွေ့ရပြီး မောင်ဘဘေ၊ မောင်လှဖေ၊ မောင်ဘကလေးတို့က မြန်မာသတင်းစာ တစောင် ရှိမှကောင်းမည်ဟု ကြံစည်ရာ တပတ်လျှင် သုံးကြိမ်ထုတ် “သူရိယ” The Sun သတင်းစာကို ၁၉၁၁ ခု ဇူလိုင်လတွင် ထုတ်ဝေခဲ့ခြင်းဖြစ် သည်။
ထိုသို့ ထုတ်ရာတွင်လည်း ဆာဦးသွင်၊ ဝတ်လုံတော်ရ ဦးပုကဲ့သို့သော မြန်မာသူဌေး လူကြီးလူကောင်းများက ဝန်းရံ ဦးစီးပြီး “သူရိယ”သတင်းစာသည် ဗုဒ္ဓဘာသာ ကလျာဏယုဝ (YMBA) ၏ အသံ ဖြစ်လာသည်။
YMBA နှင့် သူရိယ သတင်းစာ၏ အပြောင်မြောက်ဆုံး လုပ်ရပ်က မြန်မာ ဗုဒ္ဓဘာသာတို့ အထွဋ်အမြတ်ထားရာ ဘုရား စေတီများ အပေါ် ဗြိတိသျှတို့ ဖိနပ်စီးကာ တက်ခြင်းကို ကာတွန်းဖြင့် လှောင်ပြောင်ကာ တေးထပ်ဖြင့် သရော်၍ တား မြစ်လိုက်နိုင်ခြင်း ဖြစ်သည်။
၁၉၁၈ ဖေဖော်ဝါရီလ သူရိယသတင်းစာပါ ဖိနပ်မချွတ်ချင်သည့် မျက်နှာဖြူ လင်မယားကို ဂေါပက လူကြီးမင်းများက ကျောပိုး၍ ကုန်းတော်ပေါ်သို့ ပို့ပေးနေပုံကို ကာတွန်း ဦးဘကလေး (ရွှေတလေး) က ရေးဆွဲပြီး၊ ယင်းကာတွန်း ကြောင့် ရွှေတိဂုံ ဘုရားလူကြီး ဆာဖိုးသာက မခံန်ိုင်ဖြစ်၍ ရန်ကုန်ပုလိပ်မင်းကြီးကို တိုင်ရာမှ မပြေလည်သဖြင့် YMBA အသင်းကြီးက ဂျူဗလီဟောတွင် အစည်းအဝေးခါ်ကာ ဘုရားကျောင်း ဝတ္တကမြေများတွင် လူမျိုးခြားများ ဖိနပ်မစီး အောင် ဝတ်လုံ ဦးသိမ်းမောင်ဦးဆောင်ပြီး ဆုံးဖြတ်ခဲ့ရာ အစိုးရကိုယ်တိုင် အမိန့်ထုတ်ကာ လိုက်နာခဲ့ရသည်။
ဤသည်က YMBA နှင့် သူရိယတို့အတွက်သာ မဟုတ် မြန်မာတမျိုးသားလုံး အောင်မြင်မှု ဖြစ်လာပြီး၊ လူမှုရေး လုပ်ရာ မှာ အကြောင်းအားလျော်စွာ နိုင်ငံရေးနယ်သို့ ရောက်လာသည်ဖြစ်ရာ အစိုးရ၏ အငြိုအငြင် မခံရဲသော လူကြီးဂိုဏ်း နှင့် နိုင်ငံရေး ဆက်လုပ်မည့် လူငယ်ဂိုဏ်းဟူ၍ နှစ်ခြမ်းကွဲပြီး YMBA လည်း နိုင်ငံရေးနယ်သို့ ဝင်ခဲ့ရလေပြီ။
YMBA၏ ပထမဆုံး နိုင်ငံရေး တိုက်ပွဲကား တွဲရေး ခွဲရေး ပြဿနာပင်ဖြစ်သည်။ အိန္ဒိယ၏ ပြည်နယ်တခုအဖြစ် တွဲနေ မည်လော၊ သီးခြား ကိုယ်ပိုင်အုပ်ချုပ်ရေး (ဟုမ္မရူး) တောင်းကာ ခွဲမည်လောဆိုသည့် ပြဿနာအတွက် အင်္ဂလန်သို့ နောင် မြန်မာနိုင်ငံရေး သမိုင်းတွင် (ဖေပုရှိန်) ဟု ထင်ရှားလာမည့် ဦးဘဖေ (သူရိယ) ၊ ဝတ်လုံ ဦးပု၊ မန္တလေး ဗုဒ္ဓသာ သနနုဂ္ဂဟ ကျောင်းအုပ်ကြီး ဦးထွန်းရှိန် တို့ကို ကိုယ်စားလှယ်အဖြစ် စေလွှတ်ခဲ့သည်။
ထိုအတွက် ဖေပုရှိန် က်ိုယ်စားလှယ် အဖွဲ့သည် မြန်မာလူမျိုးတို့ကို ကိုယ်စားပြုကြောင်း YMBA က ဂျူဗလီဟောတွင် ပြည်လုံးကျွတ် အစည်းအဝေးကြီး လုပ်ကာ ထောက်ခံမှု ပြသခဲ့သည်မှာ အထင်အရှားပင် ဖြစ်သည်။
အလားတူ ရွှေတိဂုံဘုရားကုန်းတော်မှ ဗြိတိသျှ စစ်တပ် ပြောင်းရွှေ့အောင်လည်း YMBA က တောင်းဆိုနိုင်ခဲ့သလို YMBA မှ ဖွင့်လှစ်ခဲ့သည့် စာသင်ကျောင်းများသည် ၁၉၂၀ ကျောင်းသားသပိတ်ပြီးနောက် ပေါ်လာသည့် အမျိုးသား ကျောင်းများ အဖြစ် သမိုင်းဝင်ကူးပြောင်းနိုင်ခဲ့သည်။
YMBA အသင်းရံပုံငွေနှင့် ပတ်သက်၍ ထူးခြားချက်တခုမှာ ရန်ကုန်မြို့ စာဆိုတန်းမှ ကွယ်လွန်သူ ပွဲစား ဦးမောင်ကြီး က မသေမီ ဘိလပ်မှ ရေနံကုမ္ပဏီများထံ ထည့်ဝင်ထားသည့် အစုရှယ်ယာ ၆ ထောင်ဖိုးခန့်ကို အသင်းအတွက် လှူ ဒါန်းခဲ့ခြင်းဖြစ်ပြီး၊ ယခုတိုင် ယင်းအစုရှယ်ယာများမှ ငွေကြေး ရရှိနေကာ ယင်း ငွေပဒေသာပင်မှ YMBA အသင်းကြီး က အစု ၈ စု၊ မန္တလေး ပရိယတ္တိ အသင်းကြီးသို့ ၂ စု၊ မန္တလေးမြို့မှ ပရိယတ္တိ ကျောင်းတိုက်ကြီး ၅ တိုက်မှ ဆရာတော် ကြီး ၅ ပါးအတွက် တစု လှူဒါန်းရန် စီမံထားခြင်းဖြစ်သည်။
၁၉၂၀ ပြည့်နှစ် အဋ္ဌမအကြိမ် ညီလာခံကြီးတွင် နိုင်ငံရေးဘက်တွင် ပိုမိုလုပ်ဆောင်နိုင်ရန် ဗုဒ္ဓဘာသာ ကလျာဏယုဝ (YMBA) မှ နေ၍ မြန်မာ့အသင်းချုပ်ကြီး (General Council of Burmese Association- GCBA) အဖြစ် ပြောင်းလဲဖွဲ့ စည်းလိုက်သည့်အခါ YMBA ၏ အခန်းကဏ္ဍ တခန်းရပ်ခဲ့ရသည်။
သို့သော် YMBA မှ စတင်ခဲ့သည့် နိုင်ငံရေး သန္ဓေသည် ဂျီစီဘီအေ အသင်းကြီး ပြိုကွဲသော်လည်း တို့ဗမာသခင်များ အထိ သွတ်သွင်းပေးနိုင်ခဲ့ရာ လွတ်လပ်ရေး ရယူနိုင်သည့်အထိ ဖြစ်ခဲ့သည်။
ဘာသာတရားနှင့် ပတ်သက်လျှင် YMBA ၏ ထူးခြားချက်မှာ လွတ်လပ်ရေး ရပြီးခေတ်တွင် သုံးဆယ် ရှစ်ဖြာ မင်္ဂလာ တရားတော်ကို ပြန်လည်ဖော်ထုတ်ပေးနိုင်ခြင်းနှင့် ဗုဒ္ဓဝင် စာမေးပွဲကြီးများကို ပြန်လည်ဖော်ထုတ်ပေးနိုင်ခြင်းပင်ဖြစ် သည်။
ရည်ရွယ်ချက်မှာလည်း ကောင်း၏၊ ကျဉ်းမြောင်းသော အတွေးအခေါ်ဖြင့် ဖော်ထုတ်ခဲ့ခြင်း မဟုတ်ဘဲ၊ လူမျိုးမရွေး၊ ဘာသာမရွေး၊ အရွယ်မရွေး မည်သူမဆို မိတ္တဗလ၊ ဉာဏဗလ၊ ကာယဗလ၊ ဘောဂဗလ၊ စာရိတ္တဗလကို ဖော်ဆောင် သည့် တရားတော်အတိုင်း လိုက်နာကျင့်သုံးပါက အိမ်တွင်း ငြိမ်းချမ်းရေး၊ ရွာတွင်း ငြိမ်းချမ်းရေး၊ မြို့နယ်တွင်း ငြိမ်း ချမ်းရေး၊ တိုင်းပြည်ငြိမ်းချမ်းရေး၊ ကမာ္ဘငြိမ်းချမ်း ရနိုင်သဖြင့် ငြိမ်းချမ်းရေးတရား မင်္ဂလာတရားတော်ကို ဖော်ထုတ်ခဲ့ ခြင်း ဖြစ်သည်။
YMBA အသင်းကြီးကြောင့် မျက်နှာဖြူ အရာရှိများကို မြန်မာလူမျိုးများက ဦးချ ဘုရားထူး လက်အုပ်ချီသည့် အလေ့ အထမှာ နောက်ဆုတ်သွားရသလို အသင်းကြီး၏ ရှေ့ဆောင်လမ်းပြမှုအောက်တွင် တစုတရုံး ညီညွတ်ခဲ့ပြီး အသင်း ကြီးကလည်း အမျိုးသား ကြီးပွားတိုးတက်ရေးနှင့် တိုင်းရေးပြည်ရာများ တမျိုးသားလုံး ရရှိအောင် ကောင်းစွာ လမ်း ညွှန်နိုင်ခဲ့သည်။
ဤသို့ မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုအစ ဝိုင်အမ်ဘီအေက ဟု ဆိုနိုင်သည့် မျိုးချစ်စိတ် နိုးကြွလာအောင် ဆောင် ကျဉ်းနိုင်ခဲ့ပြီး သမိုင်းအစဉ်အလာ ကောင်းခဲ့သည့် အမျိုးသား တပ်ပေါင်းစု မြန်မာ အသင်းချုပ်ကြီးသည် ယနေ့ခေတ် စစ်အာဏာရှင်ကို လက်အုပ်ချီကာ ပူးပေါင်းသည့် လူတစု၏ လုပ်ရပ်ကြောင့် ဗုံးနှင့် အပစ်ခံရသည့်အထိ ဖြစ်လာသည့် အတွက် ဝမ်းနည်းဖွယ် ကောင်းလေစွ ဟု ဆိုချင်ပါသည်။
ဗုဒ္ဓဘာသာ ကလျာဏယုဝ အသင်းကြီးကို စတင်တည်ထောင်သူများ
၁။ ဦးဘဖေ (သစ်တောဝန်ကြီးဟောင်း)
၂။ ဒေါက်တာ ဦးဘရင် (ကျန်းမာရေး ဝန်ကြီးဟောင်း)
၃။ အမ်အေ ဦးမောင်ကြီး(သံအမတ်ကြီး)
စစ်ပြီးခေတ် YMBA အသင်းကြီး၏ နာယကကြီးများ
၁။ သတိုးသီရိသုဓမ္မ အဂ္ဂမဟာ သရေစည်သူ ဒေါက်တာ ဦးသိန်းမောင်(တရားဝန်ကြီးချုပ် အငြိမ်းစား)
၂။ မဟာသရေစည်သူ ဦးအုန်းဖေ (တရားလွှတ်တော်၊ တရားဝန်ကြီး အငြိမ်းစား)
၃။ ဦးဘသော် (ရွှေတိဂုံဘုရား ဘဏ္ဍာတော်ထိန်းလူကြီး)
၄။ မင်္ဂလာ ဦးဘသန်း(မီးရထာဝန်ထောက် အငြိမ်းစား
၅။ စည်သူ ဦးဘတင် (ချပ်သင်းသူဌေး)
၆။ ဦးသော်(ပန်းကန်စက်)
၇။ သတိုးမဟာ သရေစည်သူ ဦးကြင်( အငြိမ်းစားသံအမတ်ကြီး)
၈။ ဝဏ္ဏကျော်ထင် ဦးဘကျော်(အစိုးရ ပုံနှိပ်ဝန်)
ကိုးကား – မြန်မာနိုင်ငံတော် မှတ်တန်း (စစ်ကိုင်းဟန်တင်) နှစ် ခုနှစ်ဆယ်မြောက် ဝိုင်အမ်ဘီအေ
You may also like these stories:
Mizzama အယ်ဒီတာဟောင်း ကိုသန်းထိုက်အောင်အမှု တရားလိုဘက် စတင် စစ်ဆေး
ဟားခါးတွင် တိုက်ပွဲများ နေရာအနှံ့ ဖြစ်ပွားနေ၊ စစ်သား ၁၀ ဦး ထပ်မံ ကျဆုံးဟု ဆို
ဖုန်းများကို ကြားဖြတ်သတင်းယူရန် စစ်တပ် ဘယ်လိုလုပ်ခဲ့သလဲ
တရားဥပဒေ စိုးမိုးရေး ဖျက်ဆီးရန် အာဏာသိမ်းစစ်အုပ်စု ကြိုတင်ပြင်ဆင်ခဲ့