အာဖဂန်နစ္စတန်မှ ဖရိုဖရဲ ဆုတ်ခွာနေစဉ်အတွင်း အမေရိကန်အပေါ် အားကိုးရေးအတွက် အရှေ့တောင်အာရှနိုင်ငံများကို ယုံကြည်အောင် လုပ်ရမည့်တာဝန်ကို အမေရိကန် ဒုတိယ သမ္မတ ကမ်မလာဟားရစ် ရင်ဆိုင်နေရသည်။
အမေရိကန်ဒုတိယသမ္မတ ကမ်မလာဟားရစ်သည် တိုတောင်းသော အရှေ့တောင်အာရှခရီးစဉ်အစတွင် စင်္ကာပူသို့ရောက်ရှိပြီး ထိုခရီးစဉ်အတွင်း သူမသည် ဒေသတွင်း တရုတ်သြဇာကြီးထွားမှုအတွက် ပူပန်မှုများအကြား ဝါရှင်တန်၏ ကတိကဝတ်များကို အာမခံမည်ဖြစ်သည်။
“အမေရိကန် ပြည်ထောင်စုဟာ ကျမတို့အကျိုးစီးပွား၊ ကျမတို့ မဟာမိတ်တွေနဲ့ မိတ်ဘက်တွေအတွက် မြှင့်တင်ပေးမယ့် လွတ်လပ် ပွင့်လင်းတဲ့ အင်ဒိုပစိဖိတ်နောက်ကို လိုက်ပါလိမ့်မယ်” ဟု အင်္ဂါနေ့တွင် စင်ကာပူတွင် ပြောကြားသော သူ့မိန့်ခွန်းက ဝါရှင်တန်သည် ဒေသတွင်းတွင် ရှိနေမည်ဖြစ်ကြောင်း ပြသနေသည်။
အာဖဂန်နစ္စတန်မှ ရလဒ်များနှင့်ပတ်သက်သော စိုးရိမ်ပူပန်မှုများကိုလည်း ဟားရစ်က သမ္မတဂျိုးဘိုင်ဒင်၏ ဆုံးဖြတ်ချက်အပေါ် အခိုင်အမာ ကာကွယ်သည်။
အာဖဂန်မှ ဖရိုဖရဲဆုတ်ခွာခြင်းနှင့် နိုင်ငံကို တာလီဘန်တို့ အလျှင်အမြန်သိမ်းပိုက်ခြင်းနောက်ပိုင်း အမေရိကန်အပေါ် အားကိုးနိုင်ခြေနှင့်ပတ်သက်သော မေးခွန်းများကို ဟားရစ် ရင်ဆိုင်ရမည်ဖြစ်သည်။
သို့သော် အာဖဂန်မှ ဖရိုဖရဲဆုတ်ခွာခြင်းနှင့် နိုင်ငံကို တာလီဘန်တို့ အလျှင်အမြန်သိမ်းပိုက်ခြင်းနောက်ပိုင်း အမေရိကန်အပေါ် အားကိုးနိုင်ခြေနှင့်ပတ်သက်သော မေးခွန်းများကို ဟားရစ် ရင်ဆိုင်ရမည်ဖြစ်ကြောင်း ကျွမ်းကျင်သူများပြောသည်။
“အာဖဂန်မှာဖြစ်နေတာတွေက တော်တော် စိတ်ပျက်စရာကောင်းပြီး နိုင်ငံအများအပြားကို စိတ်အနှောင့်အယှက် ဖြစ်စေတယ်” ဟု Stimson Center မှ အရှေ့အာရှအစီအစဉ် တွဲဘက် ဒါရိုက်တာ ယွန်ဆန်းပြောသည်။
“ခင်ဗျားတို့ဟာ အရေးမပါတော့ဘူးလို့ အမေရိကန်က ဆုံးဖြတ်လိုက်တဲ့နေ့မှာ သူတို့က အထုတ်အပိုးပြင်ပြီး ပြန်ထွက်သွားမယ်။ ဒါနဲ့ပတ်သက်ပြီး ခင်ဗျားတို့ ဘာမှ မတတ်နိုင်ဘူး။ အဲဒီလို စိုးရိမ်မှုမျိုးတွေဖြစ်နေတယ်” ဟု Reuters သတင်းဌာနသို့ သူပြောသည်။
အာဖဂန်မြို့တော် ကဘူးလ်မှ ဖရိုဖရဲနှင့် မပြီးပြတ်သေးသော ဆုတ်ခွာမှုသည် ၁၉၇၅ ခုနှစ်က ဗီယက်နမ်မှ အမေရိကန် ဆုတ်ခွာသည့် ပုံရိပ်များကို ပြန်လည်မြင်ယောင်စေသည်။ ထိုစဉ်က ဗီယက်ကောင်းတပ်များ ချီတက်လာနေသောကြောင့် အမေရိကန် ရဟတ်ယာဉ်များသည် နောက်ဆုံးကျန်သူများကို သံရုံးအမိုးပေါ်မှ ကယ်ထုတ်နေရသည်။ ထိုစစ်ပွဲပြီးသောအခါ အမေရိကန် နိုင်ငံသည် ဗီယက်နမ်ကွန်မြူနစ်အစိုးရကို နှစ်ပေါင်း ၂၀ ကြာ အထီးကျန်ထားခဲ့သော်လည်း ယခုအခါ တရုတ်နှင့်ပတ်သက်သည့် တူညီသော စိုးရိမ်ပူပန်မှုကြောင့် နွေးထွေးသော ဆက်ဆံရေးကို ပြန်ထားရှိလာရသည်။
ဟားရစ်သည် စင်္ကာပူတွင် ၃ ရက်နေထိုင်ပြီး အင်္ဂါနေ့တွင် ဗီယက်နမ်သို့ သွားရောက်သည်။ သူသည် ဗီယက်နမ်တွင် ၂ ရက်နေထိုင်ပြီး ဗီယက်နမ်သို့သွားရောက်သည့် ပထမဆုံးအမေရိကန် ဒုတိယသမ္မတဖြစ်လာမည်ဖြစ်သည်။
သေနင်္ဂဗျူဟာနှင့် စီးပွားရေးအရ အရေးပါမှု
အင်ဒိုပစိဖိတ်တွင် တရုတ်လွှမ်းမိုးမှုကြောင့် အရှေ့တောင်အာရှသည် သေနင်္ဂဗျူဟာနှင့် စီးပွားရေးအရ အမေရိကန်အတွက် အရေးပါနေဆဲဖြစ်ကြောင်း အမည်မဖေါ်လိုသော အိမ်ဖြူတော်အရာရှိတဦးက AFP သတင်းဌာနသို့ပြောသည်။
“အာဖဂန်မှာ ပြောင်းလဲသွားလို့ ဒီမှာ မပြောင်းလဲဘူး” ဟုလည်း ထိုအရာရှိပြောသည်။
အမေရိကန်၏ အင်ဒိုပစိဖိတ် မဟာမိတ်များက အမေရိကန်ကို ခိုင်မာသော မိတ်ဖက်နိုင်ငံအဖြစ် မြင်မည်ကို အမေရိကန်က ယုံကြည်ကြောင်းနှင့် ဟားရစ်သည် ထိုအချက်ကို စင်္ကာပူနှင့် ဗီယက်နမ် ခရီးစဉ်အတွင်း အလေးထားမည်ဖြစ်ကြောင်း အမည်ဖေါ်ပြခြင်းမရှိသည့် ဘိုင်ဒင်အစိုးရ အရာရှိ တဦးက Reuters သတင်းဌာနသို့ပြောသည်။
တရုတ်နိုင်ငံက သြဇာ ပိုမို ထူထောင်လာခြင်းနှင့်ပတ်သက်ပြီး အမေရိကန် စိုးရိမ်သကဲ့သို့ စင်္ကာပူကလည်း စိုးရိမ်သည်။ ဗီယက်နမ်က တောင်တရုတ်ပင်လယ်မှ တရုတ်ပိုင်နက် တောင်းခံမှုများကို အပြင်းအထန် ဆန့်ကျင်သည်။
ဒေသတွင်းတွင် တရုတ်နိုင်ငံက သြဇာ ပိုမို ထူထောင်လာခြင်းနှင့်ပတ်သက်ပြီး အမေရိကန် စိုးရိမ်သကဲ့သို့ စင်္ကာပူကလည်း စိုးရိမ်သည်။ ဗီယက်နမ်က တောင်တရုတ်ပင်လယ်မှ တရုတ်ပိုင်နက် တောင်းခံမှုများကို အပြင်းအထန် ဆန့်ကျင်သည်။ တောင်တရုတ်ပင်လယ်တွင် တရုတ်နိုင်ငံက စစ်ရေးတည်ဆောက်မှုပြုလုပ်ခြင်းနှင့် တရုတ်၏ကြီးမားလှသော ကမ်းခြေစောင့်တပ်များနှင့် ငါးဖမ်းသင်္ဘောများကြောင့် ထိုနှစ်နိုင်ငံနှင့် အခြားအရှေ့တောင်အာရှနိုင်ငံများသည် ဒေသတွင်း အမေရိကန် စစ်ရေးတည်ရှိမှုကို ကြိုဆိုကြသည်။
ဘရူနိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်နှင့် ဗီယက်နမ်စသည့် အရှေ့တောင်အာရှ ၄ နိုင်ငံနှင့် ထိုင်ဝမ်တို့သည် တောင်တရုတ်ပင်လယ်တွင် ဘေ့ဂျင်းနှင့် ပိုင်နက်အငြင်းပွားနေသည်။
အာဖဂန်မှ အမေရိကန် ဆုတ်ခွာခြင်းကြောင့် အရှေ့တောင်အာရှအတွက် မျှော်လင့်ချက် ကောင်းလာနိုင်ကြောင်း အချို့ ကျွမ်းကျင်သူများထောက်ပြပြီး ဝါရှင်တန်သည် အကြမ်းဖက်မှုတိုက်ဖျက်ရေး ရင်းမြစ်များကို ပိုမိုအသုံးပြုလာနိုင်ပြီး တရုတ်ကို တန်ပြန်ရေးကို ပိုမို အာရုံစိုက်လုပ်ဆောင်လာနိုင်မည်ဟု ပြောသည်။
“အကြမ်းဖက်မှုတိုက်ဖျက်ရေး စဉ်းစားတွေးခေါ်မှုတွေ လျှော့ကျလာတဲ့အတွက် တန်းတူနီးပါးရှိလာတဲ့ ပြိုင်ဘက်နဲ့ ပဋိပက္ခကို ဟန့်တားပြင်ဆင်မှု အရှိန်မြင့်လာမယ်” ဟု အမေရိကန်ပြည်ထောင်စု၏ German Marshall Fund မှ ဘိုနီဂလက်ဆာက တရုတ်နိုင်ငံကို ရည်ရွယ်ပြောကြားသည်။
ကမ်မလာဟားရစ်၏ အင်္ဂါနေ့ စင်ကာပူတွင် ပြောကြားသည့် မိန့်ခွန်းတွင်လည်း တရုတ်နိုင်ငံသည် တောင်တရုတ်ပင်လယ်အတွင်း အင်အားသုံး ခြိမ်းခြောက်နေကြောင်း ပြောဆိုသည်။
“ဘေ့ဂျင်းရဲ့ လှုပ်ရှားမှုတွေဟာ စည်းမျဉ်းအခြေခံ စနစ်ကို အလေးမထားဘဲ အချုပ်အခြာအာဏာပိုင်နိုင်ငံတွေကို ခြိမ်းခြောက်နေတယ်။ ဒီခြိမ်းခြောက်မှုတွေရဲ့ မျက်နှာစာမှာ အမေရိကန်ဟာ သူ့မဟာမိတ်တွေ လုပ်ဖော်ကိုင်ဘက်တွေနဲ့အတူ ရပ်တည်ပါမယ်” ဟု ပြောသည်။
သို့သော် အမေရိကန်အနေဖြင့် အရှေ့တောင်အာရှနိုင်ငံများ၏ ယုံကြည်မှုရအောင် များစွားလုပ်ဆောင်ရန် လိုသေးကြောင်း အခြားကျွမ်းကျင်သူများပြောသည်။
အရင် ထရန့်အစိုးရနဲ့ အာဖဂန်မှာဖြစ်ပျက်နေတာတွေကြောင့် အမေရိကန်အနေနဲ့ ဒီဒေသတွင်းမှာ နိုင်ငံရေး ယုံကြည်မှုတည်ဆောက်ဖို့ လုံးဝအရေးကြီးတယ်
“အရင် ထရန့်အစိုးရနဲ့ အာဖဂန်မှာဖြစ်ပျက်နေတာတွေကြောင့် အမေရိကန်အနေနဲ့ ဒီဒေသတွင်းမှာ နိုင်ငံရေး ယုံကြည်မှုတည်ဆောက်ဖို့ လုံးဝအရေးကြီးတယ်” ဟု Solaris Strategies Singapore အတိုင်ပင်ခံလုပ်ငန်းမှ ဝါရင့်န်ိုင်ငံတကာရေးရာ သုတေသီ မတ်စတာဖာ အစ်ဇတ်ဒင်ပြောသည်။
သူမ၏ စင်္ကာပူ ခရီးစဉ်အတွင်း ဟားရစ်သည် သမ္မတနှင့် ဝန်ကြီးချုပ်တို့အားတွေ့ဆုံပြီး ချန်ဂီရေတပ်စခန်းသို့သွားကာ စင်္ကာပူတွင်ရောက်ရှိနေသည့် USS Tulsa စစ်သင်္ဘောမှ အမေရိကန် ရေတပ်သားများကို မိန့်ခွန်းပြောကြားသည်။
ဗီယက်နမ်တွင် ဟားရစ်သည် အစိုးရနှင့်ဆွေးနွေးပွဲများ ကျင်းပမည်ဖြစ်ပြီး အမေရိကန် ရောဂါထိန်းချုပ်ရေးဌာန အရှေ့တောင်အာရှ ရုံးခွဲဖွင့်လှစ်ပွဲသို့ တက်ရောက်သကဲ့သို့ ထိုကွန်မြူနစ်နိုင်ငံမှ လူမှုအခြေပြုအဖွဲ့အစည်းများနှင့်လည်း တွေ့ဆုံမည်ဖြစ်သည်။
သူမသည် အရှေ့တောင်အာရှအရာရှိများ၏ ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးဆိုင်ရာ ဗီဒီယိုအစည်းအဝေးသို့လည်း တက်ရောက်မည်ဖြစ်သည်။ Covax အစီအစဉ်မှတဆင့် ကိုဗစ်ကာကွယ်ဆေး ၅ သန်း ကူညီထောက်ပံ့ပေးမည်လည်း ဖြစ်သည်။
ကိုးကား။ ။ Aljazeera
You may also like these stories:
အမေရိကန်ဒုသမ္မတနှင့် စင်ကာပူ ဝန်ကြီးချုပ် မြန်မာ့အရေး ဆွေးနွေး
စစ်ကောင်စီ ကိုယ်စားလှယ်ကို ဖိတ်သည့် အာဆီယံ ပါလီမန် အဝေဖန်ခံနေရ
မြန်မာစစ်ကောင်စီ သံတမန်များ ပြည်ဝင်ခွင့် ဂျပန်ငြင်းဆန်
ကိုဗစ်နိုင်တင်း ပျံ့နှံ့မည် စိုးပြီး စစ်ကောင်စီနှင့် ဆက်ဆံလာနေရ