အမေရိကန်ပြည်ထောင်စုက ပေးပို့လိုက်သော ရဟတ်ယာဉ် အသစ်စက်စက် ၇ စင်း ကဘူးလ်သို့ ရောက်ရှိလာသည့် ဓါတ်ပုံများကို အာဖဂန် ကာကွယ်ရေး ဝန်ကြီးဌာနက လွန်ခဲ့သောတလခန့်က လူမှုကွန်ရက်တွင် တင်သည်။
” ရှေ့မှာ အဲဒီလို ထောက်ခံအားပေးမှုတွေ မှန်မှန်ရနေတာကို သူတို့တွေ့ရမယ်။ ရှေ့သို့သာ ချီပဲ” ဟု နောက် ရက်အနည်းငယ် ကြာသောအခါ အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်က ပင်တဂွန်တွင် သတင်းထောက်များကို ပြောသည်။
သို့သော် ရက်သတ္တပတ်အနည်းငယ်အတွင်း တာလီဘန်တို့သည် နိုင်ငံ၏ဒေသအများစုကိုသာမက ထွက်ပြေးသွားသော အာဖဂန်တပ်များ၏ မည်သည့်လက်နက်ပစ္စည်း ကိရိယာကိုမဆို သိမ်းပ်ိုက်လိုက်ကြသည်။

” မဖျက်ဆီးခဲ့တဲ့ အရာရာကို တာလီဘန်တွေ ရသွားပြီ” ဟုအမည်မဖေါ်လိုသော အမေရိကန် အရာရှိတဦးက Reuters သတင်းဌာနသို့ပြောသည်။
ထိုလက်နက်များကို အရပ်သားများကို သတ်ဖြတ်ရာတွင် သုံးမည်၊ အစ္စလမ်မစ်နိုင်ငံကဲ့သို့သော အခြားစစ်သွေးကြွ အုပ်စုများထံရောက်သွားမည် သို့မဟုတ် တရုတ်နှင့် ရုရှားအပါအဝင် ရန်သူများသို့ လွှဲပြောင်းပေးလိုက်မည်ကို စိုးရိမ်နေရကြောင်း လက်ရှိနှင့် လက်ဟောင်း အမေရိကန် အရာရှိများက ပြောသည်။
သမ္မတဂျိုးဘိုင်ဒင်အစိုးရသည် ထိုလက်နက်များနှင့်ပတ်သက်ပြီး လွန်စွာစိတ်ပူသောကြောင့် မည်သို့ဆက်လက်ဆောင်ရွက်ရမည်ကို နည်းအမျိုးမျိုးဖြင့် စဉ်းစားနေသည်။
ရဟတ်ယာဉ်ကဲ့သို့ ကြီးမားသော ကိရိယာများကို လေကြောင်းမှ တိုက်ခိုက်ဖျက်ဆီးခြင်း မလုပ်ဟု မဆိုနိုင်သော်လည်း အမေရိကန်အနေဖြင့် ပြည်သူများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးရန် အဓိက လုပ်ဆောင်နေချိန်တွင် တာလီဘန်နှင့် ပြဿနာတက်ရမည်ကို စိုးရိမ်နေရသည်။
စာရင်းအတိအကျ မသိရသေးသော်လည်း လက်ရှိထောက်လှမ်းရေး အကဲဖြတ်ချက်များအရ တာလီဘန်တို့သည် ဟမ်းဗီး Humvees ယာဉ်များအပါအဝင် သံချပ်ကာ ယာဉ် ၂၀၀၀ ကျော်၊ UH-60 Black Hawks ကင်းထောက်တိုက်ခိုက်ရေး ရဟတ်ယာဉ်များနှင့် ScanEagle စစ်သုံး မောင်းသူမဲ့လေယာဉ်များ အပါအဝင် လေယာဉ် ၄၀ အထိ ရရှိသွားသည်ဟု သိရသည်။
“အာဖဂန်တပ်တွေဆီက သိမ်းထားတဲ့ အမေရိကန်လုပ်လက်နက်တွေကို တာလီဘန် တိုက်ခိုက်ရေးသမားတွေ ကိုင်နေတာ ကျနော်တို့ တွေ့ပြီးပြီ။ ဒါဟာ အမေရိကန်နဲ့ မဟာမိတ်တွေအတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှု ဖြစ်တယ်” ဟု အမေရိကန် အောက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေးကော်မတီ မှထိပ်တန်း ရီပတ်ဗလစ်ကန် ကိုယ်စားလှယ် မိုက်ကယ် မက်ကောလ် က Reuters သို့ အီးမေးလ်တစောင်တွင်ပြောသည်။
ဆုဖလားများနှင့် တူ
အာဖဂန်နစ္စတန်နိုင်ငံကို တာလီဘန်တို့သိမ်းယူလိုက်သည့် အမြန်နှုန်းသည် ၂၀၁၄ ခုနှစစ်က အမေရိကန်က အီရတ်တပ်များသို့ပေးထားသော လက်နက်များကို ခုခံမှုအနည်းငယ်မျှဖြင့် အစ္စလမ်မစ်နိုင်ငံစစ်သွေးကြွများက သိမ်းယူလိုက်သည်ကို အမှတ်ရစရာဖြစ်စေသည်။
၂၀၀၂ ခုနှစ်မှ ၂၀၁၇ ခုနှစ်အတွင်း အမေရိကန် ပြည်ထောင်စုသည် အာဖဂန် စစ်တပ်အတွက် အမြောက်များ၊ ဒုံးကျည်များ၊ ညကြည့်မျက်မှန်များနှင့် ထောက်လှမ်းရေးမောင်းသူမဲ့လေယာဉ်များအပါအဝင် လက်နက်ဖိုး ဒေါ်လာ ၂၈ ဘီလီယံကုန်ခဲ့သည်။
Blackhawk ရဟတ်ယာဉ်များကဲ့သို့သော လေကြောင်းချီ တိုက်ခိုက်ရေးယာဉ်များသည် အမေရိကန် စစ်ရေးအကူအညီများတွင် အထင်ရှားဆုံးဖြစ်ပြီး အာဖဂန်စစ်တပ်က တာလီဘန်တို့အပေါ် အဓိက အားသာချက်ဖြစ်သည်ဟု ယူဆခဲ့ကြသည်။
၂၀၀၃ ခုနှစ်မှ ၂၀၁၆ ခုနှစ်အတွင်း အမေရိကန်ပြည်ထောင်စုသည် အာဖဂန်တပ်များကို လေယာဉ် ၂၀၈ စင်း ပေးခဲ့ကြောင်း အမေရိကန်အစိုးရ တာဝန်ခံမှု ရုံး (GAO) ၏ အဆိုအရ သိရသည်။
လွန်ခဲ့သောအပတ်က ထိုလေယာဉ်များအနက် အများအပြားမှာ အာဖဂန်လေယာဉ်မှူးများ တာလီဘန်လက်မှ လွတ်မြောက်ရေးတွင် လွန်စွာ အသုံးဝင်သည်။
လေယာဉ် ၄၀ မှ ၅၀ ခန့်ကို ခိုလှုံခွင့်တောင်းခံသည့် အာဖဂန်လေယာဉ်မှူးများက ဥဇဘက်ကစ္စတန်သို့ မောင်းနှင်လာခဲ့ကြောင်း အမေရိကန် အရာရှိတဦးပြောသည်။ ရက်သတ္တပတ်ကုန်တွင် ကဘူးလ်ကို မသိမ်းပိုက်မီကပင် တာလီဘန်တို့သည် လေယာဉ်မှူးများကို လုပ်ကြံသတ်ဖြတ်မှုများ စတင်ခဲ့သည်။
အချို့လေယာဉ်များမှ အမေရိကန်ပြည်ထောင်စုတွင် ပြုပြင်ထိန်းသိမ်းရန် ရောက်နေပြီး အမေရိကန်ပြည်ထောင်စုတွင်သာ ဆက်လက်ထားရှိတော့မည်ဖြစ်သည်။ အာဖဂန်တပ်များထံသို့ ပြန်သွားနေသောလေယာဉ်များကိုလည်း ကဘူးလ်မှ ဘေးကင်းရာသို့ ပို့ဆောင်ရေး အမေရိကန်တပ်များကသာ အသုံးပြုတော့မည်ဖြစ်သည်။

ရဟတ်ယာဉ်များ တာလီဘန်တို့ ရရှိသွားမည်ကို အမေရိကန် လက်ရှိနှင့် လက်ဟောင်းအရာရှိများက စိုးရိမ်နေသော်လည်း မကြာခဏ ပြုပြင်ထိန်းသိမ်းရန်လိုသော လေယာဉ်များနှင့် ကျယ်ကျယ်ပြန့်ပြန့်လေ့ကျင့်မှု မရှိဘဲ မောင်းနှင်ရန် ခက်ခဲသော အဆင့်မြင့်လေယာဉ်များ ပါဝင်နေသည်။
“အဆိုးထဲက အကောင်းဖြစ်လာတာကတော့ ကျနော်တို့ စစ်လက်နက် ပစ္စည်းတွေ မကြာခဏပျက်တတ်တာက ဒီတခါကယ်လိုက်တာပဲ” ဟု အခြားအရာရှိတဦးပြောသည်။
လေယာဉ်များအပါအဝင် တာလီဘန်တို့ သိမ်းပိုက်လိုက်သည့် အဆင့်မြင့် လက်နက်အများစုသည် အရေးပါသော အမေရိကန် နည်းပညာများ မပါဝင်သည့် လက်နက်များဖြစ်ကြောင်း ၂၀၁၆ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ အမေရိကန်အလယ်ပိုင်းဒေသ တပ်မှူးအဖြစ် အာဖဂန်မှ စစ်ဆင်ရေးများကို ကြီးကြပ်ခဲ့သည့် အငြိမ်းစားကြည်းတပ်ဗိုလ်ချုပ်ကြီး ဂျိုးဆက် ဗေါ့တယ်က ပြောသည်။
” တခါတခါကျတော့ ဒါတွေက ဆုဖလားတွေနဲ့ပိုတူနေတယ်” ဟု သူပြောသည်။
ညအချိန် တိုက်ခိုက်ခြင်း
ညကြည့်မျက်မှန်ကဲ့သို့သော သုံးစွဲရန် လွယ်ကူသည့် လက်နက်ကိရိယာများနှင့်ပတ်သက်သည့် လတ်တလော စိုးရိမ်ပူပန်မှုများ ပိုမိုများပြားလာနေသည်။
၂၀၀၃ ခုနှစ်မှစတင်ပြီး အမေရိကန် ပြည်ထောင်စုသည် အာဖဂန်တပ်များသို့ M16 တိုက်ခိုက်ရေး ရိုင်ဖယ်များ၊ ဆက်သွယ်ရေး ကိရိယာ ၁၆၂,၀၀၀ နှင့် ညကြည့်မျက်မှန် ၁၆,၀၀၀ အပါအဝင် ခြေလျှင်တပ်သုံး စစ်လက်နက်ပစ္စည်း အနည်းဆုံး ၆ သိန်းပေးခဲ့သည်။

“ညဖက်မှာ စစ်ဆင်ရေးလုပ်နိုင်တဲ့ စွမ်းရည်က ကြီးမားတဲ့ အပြောင်းအလဲကို ဖြစ်စေနိုင်တယ်” ဟု ကွန်ဂရက် အရာရှိတဦးက Reuters သတင်းဌာနသို့ ပြောသည်။
စက်သေနတ်များ၊ မော်တာများနှင့် ဟော်ဝစ်ဇာ အပါအဝင် အမြောက်များ စသည့် တာလီဘန်တို့ သိမ်းမိသည့် လက်နက်နှင့် လက်နက်ငယ်မျာကး ကဘူးလ်မြို့ အရှေ့မြောက်ဖက် ပန်ဂျရှာတောင်ကြားကဲ့သို့ တာလီဘန် ဆန့်ကျင်ရေး အမာခံဒေသများမှ ပေါ်ပေါက်လာနိုင်သော ခုခံမှုများကို နှိမ်နင်းရာတွင် အားသာချက်ဖြစ်စေနိုင်ကြောင်း ဗေါ့တယ်နှင့် အခြားသူများက သုံးသပ်ကြသည်။
လက်နက်အများစုကို တာလီဘန်တို့က ၎င်းတို့အတွက် အသုံးပြုသော်လည်း လက်ရှိအချိန်တွင် ထိုလက်နက်များကို တရုတ်ကဲ့သို့သော ပြိုင်ဖက်နိုင်ငံများသို့ မျှဝေခြင်းအပါအဝင် မည်သို့လုပ်မည်ကို ပြောရန် စောသေးကြောင်း အမေရိကန်အရာရှိများပြောသည်။
အမေရိကန် ပြည်ထောင်စုရှိ German Marshall Fund မှ တရုတ်နိုင်ငံခြားရေးမူဝါဒဆိုင်ရာ ကျွမ်းကျင်သူ အင်ဒရူး စမောက တာလီဘန်တို့သည် ၎င်းတို့သိမ်းဆည်းမိသည့် မည်သည့်အမေရိကန် လက်နက်မဆိုကို တရုတ်သို့ ပေးနိုင်ကြောင်းပြောသည်။
သို့သော် ဘေ့ဂျင်းသည် ထိုလက်နက်ကိရိယာများကို လေ့လာသိရှိပြီးဖြစ်သောကြောင့် ထပ်များများ ရစရာမရှိတော့ကြောင်း အမေရိကန် အရာရှိတဦးပြောသည်။
အမေရိကန် ပြည်ထောင်စုအနေဖြင့် ၎င်းက မဟာမိတ်များသို့ တပ်ဆင်ပေးထားသော လက်နက်များကို ကြီးကြပ်စောင့်ကြည့်ရန် လိုကြောင်း ယခုအခြေအနေက ပြသနေသည်ဟု ကျွမ်းကျင်သူများက ပြောသည်။ အာဖဂန်တပ်များသို့ ပေးသော အထောက်အပံ့များ အနီးကပ်စောင့်ကြည့် စာရင်းပြုစုရန် လုပ်မည်ဆိုက ပိုမိုလုပ်နိုင်ခဲ့ကြောင်း ဗြိတိန်အခြေစိုက် Conflict Armament Research မှ ဂျပ်စတင်း ဖလိရှနာက ပြောသည်။
“ဒါပေမယ့် အဲဒီလို လုပ်ဖို့ အာဖဂန်မှာ အရမ်းကို နောက်ကျသွားပြီ” ဟု သူပြောသည်။
(Reuters ၏ Planes, guns, night-vision goggles: The Taliban’s new U.S.-made war chest ကို ဘာသာပြန်ဆိုသည်။)
You may also like these stories:
ကမ်မလာဟားရစ်ရဲ့ အရှေ့တောင်အာရှ ခရီး ဘာလဲ
အမေရိကန်ဒုသမ္မတနှင့် စင်ကာပူ ဝန်ကြီးချုပ် မြန်မာ့အရေး ဆွေးနွေး
တာလီဘန်သိမ်းပြီး အာဖဂန်အနာဂတ် ဘယ်လဲဘာလဲ