မိုက်ကယ်အောင်သွင်သည် မြန်မာ့သမိုင်းလေ့လာရေးနယ်ပယ်တွင် ပြည်တွင်းရော ပြည်ပတွင်ပါ ထင်ရှားသည့် ပုဂ္ဂိုလ်တဦးဖြစ်သည်။ ပြည်တွင်းပြည်ပ ပညာရှင်များသည်လည်း စာပေများရေးသားရာတွင် သူရေးသားခဲ့သည့် စာအုပ်များ၊ ပညာရပ်ဆိုင်ရာ စာပေများကို အကိုးအကားလုပ်ကြ၏။ ထိုကဲ့သို့ အကိုးအကားခံရသော်လည်း မိုက်ကယ်အောင်သွင်၏ မြန်မာ့သမိုင်းဆိုရင်ရာ အယူအဆများအား အားလုံးက တညီတညွတ်တည်း လက်ခံကြသည်တော့ မဟုတ်ချေ။
ပညာရပ်ဆိုင်ရာ နယ်ပယ်အတွင်းတွင် မိုက်ကယ်အောင်သွင် တင်သွင်းသည့် ပညာရပ်စာပေများကို ထောက်ခံကာ လေးစားသူများလည်းရှိ၏။ သူ၏ အဆိုတို့ကို လက်မခံပဲ ပြင်းပြင်းထန်ထန် တုန့်ပြန်ကြသူများလည်းရှိ၏။ တချို့ကလည်း မိုက်ကယ်အောင်သွင်သည် မြန်မာ့သမိုင်း လေ့လာရေးနယ်ပယ်တွင် သုတေသနဆိုင်ရာ အားကောင်းသည့် အဖိုးတန်ပုဂ္ဂိုလ်တဦးအဖြစ် လေးစားတန်ဖိုးထားကြ၏။ အချို့ကလည်း မိုက်ကယ်အောင်သွင်သည် အချက်အလက်တို့ကို မိမိလိုသလိုပုံသွင်းကာ ပုံဖျက်ရေးသားသူအဖြစ် ယူဆကာ ဝေဖန်ပြောဆိုကြ၏။ အချို့ကလည်း မိုက်ကယ်အောင်သွင်သည် မြန်မာပြည်မှ သမိုင်းဆိုင်ရာ အချက်အလက်များကို နှိုက်ယူကာ စာအုပ်များရေး၍ အကျိုးအမြတ်ရရှိသွားသည့် ပညာရှင်နယ်ချဲ့တစ်ဦးအဖြစ် ပြောဆိုကြပြန်လေသည်။ ဤကဲ့သို့ မိုက်ကယ်အောင်သွင့်အပေါ် အမြင်တို့သည် ရှုမြင်သူ၏ ပတ်ဝန်းကျင်၊ ပညာရေးနောက်ခံတို့ကို လိုက်၍ အငြင်းပွားဖွယ်ရာကောင်းလှသဖြင့် ကျွန်ုပ်အနေနှင့် မိုက်ကယ်အောင်သွင့်အား အငြင်းပွားဖွယ် ပုဂ္ဂိုလ်ဖြစ်သည်ဟု ဆိုခြင်းဖြစ်သည်။
မိုက်ကယ်အောင်သွင် မရှိတော့သော်လည်း သူထားခဲ့သည့်သူ၏ ပညာရပ်ဆိုင်ရာ အရေးအသားတို့အပေါ် ဆက်လက်ငြင်းခုန်ကြနေဦးမည်ဖြစ်သည်။
ဤကဲ့သို့ ပုဂ္ဂိုလ်တဦးဖြစ်သည့် မိုက်ကယ်အောင်သွင်သည် ပြီးခဲ့သည့် ဩဂုတ်လ ၁၇ ရက်နေ့က ဘဝတပါးသို့ ကူးပြောင်းသွားပြီဖြစ်သည်။ မိုက်ကယ်အောင်သွင် ကွယ်လွန်ခြင်းနှင့်အတူ မိုက်ကယ်အောင်သွင်၏ အဆိုများ၊ ရေးသားခဲ့သည့်စာပေများ၊ ပညာရပ်ဆိုင်ရာ အကျိုးပြုမှုများနှင့် ပက်သက်သည့် ငြင်းခုန်မှုများသည်လည်း ပြန်လည်အသက်ဝင်လာခဲ့ပြန်သည်။ မိုက်ကယ်အောင်သွင် မရှိတော့သော်လည်း သူထားခဲ့သည့်သူ၏ ပညာရပ်ဆိုင်ရာ အရေးအသားတို့အပေါ် ဆက်လက်ငြင်းခုန်ကြနေဦးမည်ဖြစ်သည်။
ကျွန်ုပ်၏ ပုဂ္ဂလအမြင်အရမူ မိုက်ကယ်အောင်သွင် ကွယ်လွန်ခြင်းအတွက် နှမြောတသ ဖြစ်မိသည်။ သူ့အား မည်သို့ပင်မြင်ကြစေကာမူ သူ့ကြောင့် ပညာရပ်ဆိုင်ရာ ငြင်းခုန်မှုများ အသက်ဝင်ခဲ့ခြင်း၊ သူ့ကြောင့် မြန်မာ့သမိုင်း လေ့လာရေးနယ်ပယ်တွင် စာပေအရေးအသားသစ်များ ပေါ်ပေါက်လာခြင်းမှာမူကား ငြင်းမရသည့် အချက်ဖြစ်သည်။ ပညာရပ်ဆိုင်ရာ ငြင်းခုန်မှုများမရှိသည့် လူ့အဖွဲ့အစည်းကား မတိုးတက်နိုင်ချေ။ ထို့ကြောင့်ပင် မိုက်ကယ်အောင်သွင် ကွယ်လွယ်ခြင်းအတွက် နှမြောမိခြင်းဖြစ်သည်။
မိုက်ကယ်အောင်သွင်သည် အရှေ့တောင်အာရှ လေ့လာရေးကို အထူးပြုသည့်ပုဂ္ဂိုလ်တဦးဖြစ်သည်နှင့်အညီ မြန်မာ့သမိုင်း (ပုဂံခေတ်ကစ၍ ယခုခေတ်အထိ) သာမက အရှေ့တောင်အာရှလေ့လာရေးနယ်ပယ်အတွင်း နယ်ပယ်အသီးသီးမှ ပညာရှင်တို့၏ ရေးသားပုံ နည်းစနစ်များကိုလည်း ဝေဖန်ထောက်ပြတတ်၏။ မြန်မာ့သမိုင်းကို ရေးရာတွင်လည်း အဆိုသစ်များကို တင်ပြတတ်သဖြင့် ပွဲဆူတတ်၏။
အနောက်အုပ်စု၏ ဒီမိုကရေစီ မြှင့်တင်ခြင်းနှင့် ဒေသတွင်း ရှေးရိုးထုံးစံတို့အပေါ်အမြင်
မိုက်ကယ်အောင်သွင်သည် အနောက်နိုင်ငံတခုဖြစ်သည့် အမေရိကန်နိုင်ငံရှိ တက္ကသိုလ်တခုမှ ပါရဂူဘွဲ့ ရရှိထားသူဖြစ်သော်လည်း အနောက်နိုင်ငံတို့၏ ဖွံ့ဖြိုးဆဲ/ ဖွံ့ဖြိုးမှုနိမ့်ကျသောနိုင်ငံတို့အပေါ် လုပ်ရပ်များကို critical ဖြစ်သူဖြစ်သည်။ ထို့အပြင် အဆိုပါနိုင်ငံများအတွင်းတွင် ဒီမိုကရေစီအမြစ်တွယ်အောင် လုပ်သော အနောက်နိုင်ငံတို့၏လုပ်ရပ်များသည် ကျင့်ဝတ်ပိုင်းဆိုင်ရာအရ အသာစီးယူလိုသော ခေတ်သစ်နယ်ချဲ့လုပ်ရပ်သာဖြစ်သည်ဟု ဆိုသည်။
မိုက်ကယ်အောင်သွင်၏ အရေးအသားများအရ သူသည် ဒေသတခုတွင် ယင်းဒေသ၏ ရိုးရာဓလေ့ထုံးစံ၊ ရှိပြီးသား နိုင်ငံရေးအင်စတီကျူးရှင်းများဖြင့် အုပ်ချုပ်ခြင်းကို လိုလားသူဖြစ်ကြောင်း ထင်ရှားသည်။ ယင်းအမြင်တို့ကို သူ၏ Parochial Universalism, Democracy Jihad and the Orientalist Image of Burma: The New Evangelism နှင့် 1948 and Burma’s Myth of Independence စာတမ်းတို့တွင် တွေ့မြင်နိုင်သည်။
ပထမစာတမ်းတွင် မိုက်ကယ်အောင်သွင်က ရေးသားထားသည်မှ အချက်အလက်အချို့ကို အကျဉ်းချုပ်ရလျှင် “အနောက်နိုင်ငံတို့သည် ဒေသတွင်းရှိ နှစ်ထောင်ချီတည်တံ့နေသော ဓလေ့ထုံးစံတို့ကို အမှုမထားပဲ ဒီမိုကရေစီသည် ဒေသအားလုံးနှင့် ကိုက်ညီသည်ဟု သဘောထားကာ အတင်းအကြပ် သွင်သွင်းသည်။ ထိုသို့ သွတ်သွင်းရသည့် အကြောင်းရင်းကို အနောက်နိုင်ငံတို့က လူ့အဖွဲ့အစည်းကို မြှင့်တင်ပေးလိုသည့် တာဝန် တခုအဖြစ် အကြောင်းပြကြသည်။ ထိုကဲ့သို့ အကြောင်းပြခြင်းသည် ကိုလိုနီခေတ်က သာသနာပြုသည်ဟု အကြောင်းပြကာ နယ်ချဲ့ခြင်းနှင့် တူလှသည်။ စကားလုံးသာ ကွာသွားသည်” ဟူ၍ဖြစ်သည်။ ထိုသို့ပြုလုပ်ခြင်းကို အနောက်နိုင်ငံတို့က မွန်မြတ်သောအလုပ်တစ်ခုအဖြစ် ယူဆကြသည့်အတွက် မိုက်ကယ်အောင်သွင်က Democracy Jihad အဖြစ် နာမည်တပ်သည်။
ဒုတိယစာတမ်းတွင် မိုက်ကယ်အောင်သွင်က ၁၉၄၈ လွတ်လပ်ရေးသည် myth (ယုံတမ်းပုံပြင်) တခုသာဖြစ်ကြောင်း မိုက်ကယ်အောင်သွင်က ရေးသားသည်။ အကြောင်းမှာ ၁၉၄၈ နောက်ပိုင်းတွင် ကိုလိုနီခေတ်လက်ကျန် စီးပွားရေး၊ နိုင်ငံရေးစနစ်တို့ကိုသာ ဆက်လက်ကျင့်သုံးကာ ၁၈၈၅ မတိုင်ခင်က မြန်မာ့ရိုးရာ စနစ်တို့ကိုကျင့်သုံးခြင်း မရှိသဖြင့် လုံးဝလွတ်လပ်ရေးရသည်ဟု ဆိုလိုနိုင်ခြင်း မရှိကြောင်း ရေးသားကာ မြန်မာ့သမိုင်းရေးသားရာတွင် သမိုင်းဆရာများက ကာလခွဲရာတွင် ၁၉၄၈ မတိုင်ခင်နှင့် ၁၉၄၈ နှောင်းပိုင်းကာလဟု ကာလခွဲပုံမှာလည်း မမှန်ကန်ကြောင်း ဝေဖန်ထားသည်။ ၁၉၆၂ အာဏာသိမ်းပြီးနောက်တွင် တပ်မတော်ကပြောင်းလဲလိုက်သော စီးပွားရေး၊ နိုင်ငံရေးစနစ်တို့သည် ၁၈၈၅ မတိုင်ခင်က မြန်မာ့ရိုးရာစနစ်နှင့် ပိုနီးစပ်ကြောင်း ပြသထားသည်။
The British “Pacification” of Burma: Order Without Meaning စာတမ်းတွင်လည်း ဗြိတိသျှတို့သည် ၁၈၉၀ ခုနှစ်တွင် ယင်းတို့အား တော်လှန်ပုန်ကန်မှုများ ကုန်ဆုံးသွားသည်ဟု ကြေညာထားသော်လည်း ကုန်ဆုံးသွားခြင်းမရှိကြောင်း၊ မြန်မာ့လူ့အဖွဲ့အစည်းအတွင်း ဗြိတိသျှအစိုးရအား တော်လှန်မှုများ ဆက်ရှိနေကြောင်း၊ ယင်းသို့ဆက်ရှိနေရခြင်းမှာ ဗြိတိသျှတို့သည် မြန်မာတို့နှင့် မရင်းနှီးသည့် အစိုးရကို သွတ်သွင်းခြင်း၊ ဘာသာရေးနှင့် နိုင်ငံရေး (Church and State) ကို ခွဲခြားလိုက်ခြင်းကြောင့်ဟု ဆိုသည်။
တူညီသောအချက်မှာ အနောက်တိုင်းအင်စတီကျူးရှင်းများကို မြန်မာနိုင်ငံအတွင်း အတင်းအကြပ် သွတ်သွင်းခြင်းကို ဝေဖန်ထားကာ တည်ငြိမ်အေးချမ်းသော လူ့အဖွဲ့အစည်းတခု တည်ဆောက်ရာတွင် ရိုးရာ ဓလေ့ထုံးစံများ၏ အခန်းကဏ္ဍကို အသားပေးထားသည်။
ဤစာတမ်းသုံးခုတွင် တူညီသောအချက်မှာ အနောက်တိုင်းအင်စတီကျူးရှင်းများကို မြန်မာနိုင်ငံအတွင်း အတင်းအကြပ် သွတ်သွင်းခြင်းကို ဝေဖန်ထားကာ တည်ငြိမ်အေးချမ်းသော လူ့အဖွဲ့အစည်းတခု တည်ဆောက်ရာတွင် ရိုးရာ ဓလေ့ထုံးစံများ၏ အခန်းကဏ္ဍကို အသားပေးထားသည်။ ဤနေရာတွင်လည်း အငြင်းပွားဖွယ်ရှိသည်။ ဤစာတမ်းနှစ်စောင်ကို ဖတ်ရှုရာတွင် အချို့ကမိုက်ကယ်အောင်သွင်အား neo-colonialism ကို ထောက်ပြသူအဖြစ် ရှုမြင်နိုင်သလို အချို့ကလည်း ဒီမိုကရေစီ၊ လူ့အခွင့်အရေးတို့ကို မုန်းတီးသည့် အမျိုးသားရေးသမားအဖြစ် ရှုမြင်ကြလိမ့်မည်ဖြစ်သည်။
ပုဂံပြိုကွဲခြင်းနှင့် ပက်သက်သည့်အဆို
သူ၏ Spirals in Early Southeast Asian and Burmese History စာတမ်းတွင် ပုဂံပြိုကွဲခြင်းနှင့် ပက်သက်သည့် စာပိုဒ်တပိုဒ်ပါဝင်သည်။ စာတမ်း၏ မူရင်းရည်ရွယ်ချက်မှာ Cyclical or Spiral View of History ကို ဖော်ပြရန်ဖြစ်သည်။ ထိုစာတမ်းထဲတွင် Linear Progression Theory (လူ့အဖွဲ့အစည်းသည် ကာလအလိုက် တဖြောင့်တည်း တိုးတက်သည်။ ခေတ်နောက်ပြန်ဆုတ်သည်ဟူ၍မရှိ ဟူသည့်အဆို) ကို ဝေဖန်ကာ ၁၉၅၀ ခုနှစ်ကာလများအတွင်း အမေရိကန် သမိုင်းဆရာများအကြား ပေါ်ပေါက်ခဲ့သည့် Counter-Factual theory ( လူ့သမိုင်းအတွင်းမှ တိုးတက်မှုများသည် အချို့ကြီးမားသည့် အပြောင်းအလဲများ မရှိပဲလည်း ဖြစ်နိုင်သည်) ဆိုသည့်အဆိုကိုလည်း ပြသထားသည်။
ဤနေရာတွင် ပုဂံပြိုကွဲခြင်းကို ဥပမာပေးထားသည်။ ပုဂံပြိုကွဲရသည့် အဓိကအကြောင်းရင်းမှာ မွန်ဂိုတို့ကြောင့်မဟုတ်ပဲ ၁၁ ရာစု နှောင်းပိုင်းတွင်ပင် ပုဂံသည် အင်အားချည့်နဲ့နေပြီဖြစ်ကြောင်း။ မွန်ဂိုကျူးကျော်မှုသည် ပုဂံပြိုလဲမှုကို ပိုမိုမြန်ဆန်အောင် တွန်းအားပေးလိုက်ရုံသာဖြစ်ကြောင်း ရေးသားထားသည်။
The Role of Sasana Reform in Burmese History: Economic Dimensions of a Religious Purification စာတမ်းတွင် cyclical view နှင့် သံဃအဖွဲ့အစည်းကြောင့် မင်းနေပြည်တခု ပျက်သုဉ်းရသည့် အကြောင်းကို အကျယ်တဝင့် ဖော်ပြထားသည်။ အေဒီ ၉ ရာစုမှ ၁၉ ရာစုအထိ မြန်မာပြည်အတွင်း လွှမ်းမိုးခဲ့သော မင်းနေပြည်ငါးခုသည် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအင်စတီကျူးရှင်းများ တူညီကြသည်။ ထို့ကြောင့် မင်းနေပြည်တခု ပျက်သုဉ်းခါနီးတိုင်းတွင် နန်းတွင်း၌ အုပ်စုကွဲမှုများ၊ ကြွယ်ဝချမ်းသာနေသည့် သံဃာ့အဖွဲ့အစည်းများရှိပြီး မင်းက ထိုသံဃာ့အဖွဲ့အစည်းအား မသန့်စင်နိုင်ပါက တိုင်းပြည်မြန်မြန်ပျက်တတ်သည် ဆိုသည့်အမြင်ကို တင်ပြထားသည်။
Victor Lieberman အားဝေဖန်ခြင်း
အဆိုပါစာတမ်းသည် Victor Lieberman ၏ Reinterpreting Burmese History စာတမ်းကို ဝေဖန်ထားသည့် စာတမ်းဟူ၍လည်း ဆိုန်ုင်သည်။ Lieberman အား သူ၏စာတမ်းအတွင်းတွင် အောက်ခြေမှတ်စုတွင်သာ ထည့်ရေးထားသော်လည်း စီးပွားရေး၊ နည်းပညာ၊ ကုန်သွယ်မှုဆိုင်ရာ ပြောင်းလဲခြင်းတို့ကို permanent transformationအဖြစ် မမှတ်ယူသင့်ကြောင်း ရေးသားထားခြင်းက Lieberman အား သွယ်ဝိုင်ဝေဖန်သလိုဖြစ်နေသည်။
အထက်ပါစာတမ်းတွင်ပင် မိုက်ကယ်အောင်သွင်သည် မိမိနှင့် Lieberman တို့ ပညာရပ်ဆိုင်ရာ သဘောထားကွဲလွဲကြောင်း ဖော်ပြထားသော်လည်း Lieberman ၏ Burmese Administrative Cycles စာအုပ်၌ တောင်ငူနှင့် ညောင်ရမ်းမင်းဆက်တို့အပေါ် ချဉ်းကပ်ပုံမှာ မိုက်ကယ်အောင်သွင်၏ ယခုစာတမ်းပါ ချဉ်းကပ်ပုံနှင့် ဆင်တူသည်။ သို့ရာတွင် မိုက်ကယ်အောင်သွင်သည် Lieberman ၏ စာအုပ်အတွင်း၌ တောင်ငူပျက်သုဉ်းရခြင်းအကြောင်းတွင် ရှင်ဘုရင်၏ လူအင်အားလျော့ရခြင်းအကြောင်းကို ဖော်ပြရာတွင် အချက်အလက်မပြည့်စုံခြင်း၊ သံဃာအဖွဲ့အစည်းအား အလေးပေး မဖော်ပြပုံကို သူရေးသားသော Lieberman ၏ စာအုပ်အညွှန်းတွင် ဖော်ပြထား၏။ ဤနေရာတွင်လည်း မြန်မာ့သမိုင်းတွင် သံဃာ့အဖွဲ့အစည်း၏ အရေးကြီးပုံကို ထပ်မံဖော်ပြထားပြန်သည်။
Mon Paradigmကို ငြင်းပယ်ခြင်း
ပညာရှင်များက အမှန်ဟု ယူဆခဲ့သည့် Mon Paradigmကို ငြင်းပယ်သည့်အတွက်ကြောင့် ပြည်တွင်း၊ ပြည်ပ လူမျိုးစုပညာရှင်များထံမှ ဝေဖန်ပြောဆိုမှုများကိုလည်း ခံခဲ့ရသည်။
မိုက်ကယ်အောင်သွင်၏ The Mists of Ramanna စာအုပ် ထွက်ရှိလာသည့်အခါ ပွဲဆူသွားခဲ့သည်။ ပညာရှင်များက အမှန်ဟု ယူဆခဲ့သည့် Mon Paradigmကို ငြင်းပယ်သည့်အတွက်ကြောင့် ပြည်တွင်း၊ ပြည်ပ လူမျိုးစုပညာရှင်များထံမှ ဝေဖန်ပြောဆိုမှုများကိုလည်း ခံခဲ့ရသည်။
Mon Paradigm ဆိုသည်မှာ မိုက်ကယ်အောင်သွင်၏ အလိုအရ ရှင်အရဟံ၏ အားပေးမှုကြောင့် အနော်ရထာမင်းသည် သထုံပြည်မှ ပိဋကတ်တော်များနှင့် လက်မှုပညာသည်များကို ခေါ်ဆောင်လာကာ ပုဂံပြည်ကြီးအား တိုးတက်စေခဲ့ခြင်းနှင့် သထုံသည် အသောကမင်းကြီး၏ သာသနာပြုအဖွဲ့ရောက်ရှိခဲ့ရာ သုဝဏ္ဏဘူမိဖြစ်သည်ဟုသော ဓမ္မစေတီမင်း၏ ကလျာဏီကျောက်စာပါ အချက်တို့ကို ပေါင်းစည်းထားခြင်းဖြစ်သည်။
မိုက်ကယ်အောင်သွင်သည် ထိုအချက်ကိုငြင်းပယ်သည်သာမက အောက်မြန်မာပြည်သည် ပုဂံ၏ကျေးဇူးကြောင့် ထွန်းကားခဲ့ရသည်ဟုပင် ဆိုထားသေးသည်။ ထို့ပြင် ကျန်စစ်သားနှင့်ပက်သက်သည့် လူအများလက်ခံထားသည့် အကြောင်းအရာတို့ကိုလည်း ငြင်းပယ်ထားသေးသည်။ မိုက်ကယ်အောင်သွင်က ပြည်တွင်းမှ ပညာရှင်တို့သည် ပုဂ္ဂိုလ်ရေးဆိုင်ရာ ခင်မင်မှု၊ ဆက်နွယ်မှုများ ရှိကြသဖြင့် Mon Paradigm ကို ငြင်းပယ်ရန်ခက်ခဲကြောင်း ပြောထားသေးသည်။
The Mists of Ramanna နှင့် ပက်သက်၍ အသံများဆူညံရခြင်းမှာ လူအများလက်ခံယုံကြည်ထားသည့် သမိုင်းအမြင်၏ အုတ်မြစ်ကို ရိုက်ချိုးဖြိုဖျက်ပစ်ရန် ကြိုးစားခြင်းကြောင့်ဖြစ်သည်။ ထို့ကြောင့် ပြည်တွင်း၊ ပြည်ပ ပညာရှင်အသိုင်းအဝန်းမှ အသံများ ဆူညံထွက်ပေါ်လာသည်ကား မဆန်းလှပေ။ ထို့ပြင် မိုက်ကယ်အောင်သွင်သည် Mon Paradigmပေါ်ပေါက်လာရသည့် အကြောင်းနှင့်ပက်သက်၍ လုစ်တို့ကဲ့သို့သော ကိုလိုနီခေတ် သမိုင်းဆရာတို့အား အပြစ်တင်ထားသေးသည်။
မည်သို့ပင်ဖြစ်စေကာမှု သူ၏ဝေဖန်မှုကြောင့်ပင် Mon Paradigm အား ပြန်လည်ဆန်းစစ်ရခြင်း၊ ပညာရပ်ဆိုင်ရာ ငြင်းခုန်မှုများ အသက်ဝင်လာခဲ့ရသည်ကိုကား ငြင်းမရချေ။
Mon Paradigm အကြောင်း ပြောဆိုရင်း သမိုင်းအချက်အလက်များကို ဘောင်တခုအတွင်းမှ ကြည့်သည်ကို ဝေဖန်ပြောဆိုထားသည်။ Mon Paradigm ကို အမှားဟု မမြင်နိုင်ရခြင်းမှာ လက်ဦးသမိုင်းဆရာများ( ကိုလိုနီခေတ်ပုဂ္ဂိုလ်)များ ချခဲ့သည့်ဘောင်အတွင်းမှ ကြည့်ခြင်း၊ တနည်းအားဖြင့် ဆိုရလျှင် Mon Paradigm ကို အမှန်ဟု ယူဆကာ အချက်အလက်များကို မိမိလိုရာဆွဲယူပြီး ပုံဖျက်လိုက်ခြင်းကြောင့်ဟု သူက ဆိုသည်။ ( သူဝေဖန်သည့်သူများကလည်း သူ့အား သမိုင်းအချက်အလက်များကို ပုံဖျက်သည်ဟု ပြန်လည်ဝေဖန်သည်။)
ပုဂံခေတ်နှောင်းပိုင်း ရှမ်းညီနောင်သုံးဦးအကြောင်း ရေးရာတွင်လည်း ဤသို့ ဘောင်တခုအတွင်းမှ ကြည့်ချင်းကို ဝေဖန်ထားသည်။
ရှမ်းညီနောင်သုံးဦး ဇာတ်လမ်းအား ချေဖျက်ခြင်း
ရှမ်းညီနောင်သုံးဦးဇာတ်လမ်းသည် ၁၈၈၃ ခုနှစ်တွင် ထုတ်ဝေသော ဆာအာသာဖယ်ရာ၏ မြန်မာ့သမိုင်းစာအုပ်မှ လာသည်ဟု မိုက်ကယ်အောင်သွင်က သူ၏ The Myth of the “Three Shan Brothers” and the Ava Period in Burmese History စာတမ်းတွင် ဆိုသည်။
ဖယ်ရာ၏ ညီနောင်သုံးဦး ဖခင်သည် ရှမ်းဖြစ်ရမည်ဟူသော ယူဆချက်၊ ဖခင်ဖြစ်သူ ပြောင်းရွှေ့လာခဲ့သော နေရာဖြစ်ရာ မြင်စိုင်းတွင် ရှမ်းရှိရမည်ဟူသော ယူဆချက်တို့ကိုလည်း ဝေဖန်သည်။ ပညာရှင်အဆက်ဆက်သည် အာသာဖယ်ရာ၏ လမ်းစဉ်ကိုလိုက်ကြသဖြင့် ရှမ်းညီနောင်သုံးဉီးဇာတ်လမ်းမှ မရုန်းထွက်နိုင်ကြခြင်းဟု မိုက်ကယ်အောင်သွင်က ဆိုသည်။
နှစ်ဆယ်ရာစုခေတ် သမိုင်းဆရာတို့သည် ရှမ်းခေတ်ဟု ယင်းတို့ ယူဆကြသောခေတ်တွင် မြန်မာစာပေထွန်းကားသည့် သက်သေကို တွေ့သည်တောင်မှ ဆာအာသာဖယ်ရာ၏ လမ်းစဉ်မှ မရုန်းထွက်နိုင်ကြဟု သူကဝေဖန်သည်။
ထို့ပြင် နှစ်ဆယ်ရာစုခေတ် သမိုင်းဆရာတို့သည် ရှမ်းခေတ်ဟု ယင်းတို့ ယူဆကြသောခေတ်တွင် မြန်မာစာပေထွန်းကားသည့် သက်သေကို တွေ့သည်တောင်မှ ဆာအာသာဖယ်ရာ၏ လမ်းစဉ်မှ မရုန်းထွက်နိုင်ကြဟု သူကဝေဖန်သည်။ သူ၏ Myanmar in the Fifteenth Century: A Tale of Two Kingdoms စာအုပ်တွင်လည်း အင်းဝခေတ်တွင် မြန်မာစာအရေးအသား တိုးတက်ခြင်းကို ရှမ်းညီနောင်သုံးဦး ဇာတ်လမ်းအား ပယ်ဖျက်သည့် အကြောင်းရင်းတခုအဖြစ် သုံးထားသည်။ စာအရေးအသား သတိထားလွန်းလှသည့် ဒေါက်တာသန်းထွန်းသည်ပင်လျှင် History of Burma: A.D. 1400-1500 စာတမ်းတွင် “သူတို့သည် ရှမ်းအနွယ်များ ဖြစ်ကြသည်” ဟူ၍ ရေးမိသည်ဟု ဆိုသည်။
မိုက်ကယ်အောင်သွင်သည် သူ၏အဆိုအား ပံ့ပိုးရန် ထိုခေတ်ကရေးသားခဲ့သော ကျောက်စာတို့ကို အကိုးအကားယူသည်။ ထိုခေတ်ကရေးသားခဲ့သော စာများတွင် ညီနောင်သုံးဦးသည် ရှမ်းဖြစ်သည်ဟူသော အထောက်အထားမတွေ့ရဟုဆိုသည်။ ထို့ပြင် ထိုခေတ်သည် မြန်မာစာပေအထွဋ်အထိပ်ရောက်သော ခေတ်ဖြစ်သည်ကလည်း ရှမ်းညီနောင်သုံးဦးဇာတ်လမ်းကို ဆန့်ကျင်လျက်ရှိသည်ဟုလည်း ဆိုသည်။
မိုက်ကယ်အောင်သွင်၏ စာများအရ သူသည် မြန်မာပြည်နှင့်ပက်သက်၍ အနောက်တိုင်းသားတို့၏ လုပ်ရပ်ကို postcolonialism ရှုထောင့်မှ ဝေဖန်သည်ဟုလည်း ဆိုနိုင်သည်။ Globalization ခေတ်၌ Area Studies လိုသည် မလိုသည် ငြင်းခုန်ကြရာတွင် Area Studies ကို ဖျောက်ဖျက်လိုခြင်းသည် အနောက်တိုင်းသားတို့၏ အကျိုးစီးပွားအရ လုပ်ခြင်းဖြစ်သည်ဟု သူကဆိုသည်။ အနောက်တိုင်းစံနှုန်းများကို critical ဖြစ်သည်။ သို့ရာတွင် မြန်မာပြည်တွင် ဒီမိုကရေစီစံနှုန်းများကို ချမှတ်ခြင်းကိုလည်း ဝေဖန်သဖြင့် ဒီမိုကရေစီအရေးလှုပ်ရှားသူများကလည်း မကြိုက်လှ။
မည်သို့ပင်ဖြစ်စေ ပညာရပ်ဆိုင်ရာ အသိုက်အဝန်းသည်ကား ဆွေးနွေးငြင်းခုန်သံများနှင့် ပြည့်နှက်နေမှ အသက်ဝင်သည်။ မွေ့လျော်ဖွယ်ကောင်းသည်။ ရှေးလူဖောက်ခဲ့သော လမ်းတွင်သာ လျှောက်နေလျှင် လူ့အဖွဲ့အစည်းသည် ရေသေပမာ ရပ်တန့်ကာ တိုးတက်မှုလည်း မရှိနိုင်ပေ။ မြန်မာနိုင်ငံသုတေသနအသင်းကြီး၏ တံဆိပ်ရှိ ဆောင်ပုဒ်ဖြစ်သည့် “လမ်းရိုးဟောင်းတွင် ဆင့်ကာထွင်” ဆိုသော ဆောင်ပုဒ်သည် လမ်းသစ်ဖောက်မှု၏ အရေးကြီးပုံအား မီးမောင်းထိုးပြလျက်ရှိသည်။
သက်သေသက္ကရအသစ်တို့တွေ့လျှင် အဆိုသစ်တခုကို တင်သွင်းခြင်း၊ အဆိုသစ်တို့ကို ချက်ကျလက်ကျ ဆွေးနွေးငြင်းခုန်ခြင်းတို့ ပြုလုပ်ရမည်မှာ ပညာရှင်တို့၏ အလုပ်ပင်ဖြစ်သည်။
သက်သေသက္ကရအသစ်တို့တွေ့လျှင် အဆိုသစ်တခုကို တင်သွင်းခြင်း၊ အဆိုသစ်တို့ကို ချက်ကျလက်ကျ ဆွေးနွေးငြင်းခုန်ခြင်းတို့ ပြုလုပ်ရမည်မှာ ပညာရှင်တို့၏ အလုပ်ပင်ဖြစ်သည်။ မိုက်ကယ်အောင်သွင်အား ပညာရပ်ဆိုင်ရာ ငြင်းခုန်မှုများ အသက်ဝင်စေခဲ့သူအဖြစ် အမှတ်ရနေမည်ဖြစ်သည်။
(ဖီးနစ်သည် ရန်ကုန်တက္ကသိုလ်မှ စီဒီအမ်ပြုလုပ်ထားသည့် ကျောင်းသားတဦးဖြစ်ပြီး မြန်မာ့သမိုင်း၊ နိုင်ငံရေးအကြောင်းအရာတို့အပြင် နှစ်ဆယ်ရာစုကမ္ဘာ့သမိုင်းနှင့် ပတ်သက်သည့် အကြောင်းအရာတို့ကို ရေးသားလေ့ရှိသည်။)
You may also like these stories:
သမိုင်းလှခဲ့သည့် YMBA အသင်းကြီး၏ လားရာ ဘယ်လဲ ဘာလဲ
တော်လှန်ရေးမှာ လိင်မှုဆိုင်ရာ အတွေးအမြင်တွေပါ ပြောင်းလဲပစ်ကြ
ပရိသတ်ရင်ထဲ ရှင်သန်နေဦးမယ့် ကာတွန်း မြေဇာ
ကိုဗစ်ကြောင့် ကြွေလွင့်ခဲ့ရတဲ့ မော်ဒန် ပန်းချီပန်းပု အနုပညာရှင်များ