ရခိုင်ပြည်နယ်ရှိ အင်အားကြီးပါတီတခု ဖြစ်သည့် ရခိုင်အမျိုးသား ပါတီ (ANP) မှာ စစ်ကောင်စီနှင့် ပူူးဆောင်ရွက်ပြီး နောက်ပိုင်း ပါတီအတွင်း သဘောထား ကွဲလွဲမှုမှာ တစတစ ကြီးထွားလာခဲ့သည်။
ရခိုင်အမျိုးသားပါတီသည် ပြည်နယ်အုပ်ချုပ်ရေးတွင်းလည်း စီမံခန့်ခွဲခွင့် ရာထူးနေရာများကို စစ်ကောင်စီထံသို့ တောင်း ဆိုထားသည်။
သို့သော်လည်း စစ်ကောင်စီက ANP ပါတီ၏ ပြည်နယ်အုပ်ချုပ်ရေးတွင် ရာထူးနေရာ တောင်းဆိုမှုကို လိုက်လျောခြင်း မရှိ သည့်အပြင် အသိမှတ်ပြုမှုကိုလည်း မခံရတော့သည့်အတွက် ပြီးခဲ့သော ဇွန်လ ၄ ရက်က စစ်တွေမြို့ပါတီ ဗဟိုဌာနချုပ်ရုံး တွင် ဗဟိုအလုပ်မှုဆောင်ကော်မတီ (CEC) အစည်းအဝေး တရပ်ကို ခေါ်ယူပြီး စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်မှုကို ရပ်စဲရန် ဆုံးဖြတ်ခဲ့သည်။
ရခိုင်အမျိုးသားပါတီ၏ ထိပ်ပိုင်းခေါင်းဆောင်လည်းဖြစ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်းလည်းဖြစ်သူ ဦးဖေ သန်းသည် ပါတီ မူဝါဒကို မကြိုက်သည့်အတွက် ပြီးခဲ့သည့် ဇွန်လအတွင်းက နုတ်ထွက်စာ တင်ခဲ့ကာ သြဂုတ်လ ၂၁ ရက်၌ ပါတီမှ နုတ်ထွက်ခွင့်ပြုခဲ့သည်။
“ပါတီဆိုတာ ပြိုကွဲတတ်တယ်။ အဲဒီအတွက် စုပေါင်းဦးဆောင်မှုနဲ့ သွားဖို့ လိုတယ်။ စည်းဘောင် မကျော်ဘဲ လုပ်ဖို့ လို တယ်။ ကိုယ့်တာဝန်ကိုယ် နားလည်ဖို့ လိုတယ်။ တဦးတယောက် ခေါင်းဆောင်မှုနဲ့ ကြီးကျယ်တဲ့ ကိစ္စတွေကို ဆုံးဖြတ်မိ ရင် အဲဒီလို ပြဿနာ ပေါ်မယ်” ဟု ဦးဖေသန်းက ဆိုသည်။
စစ်ကောင်စီနှင့် ပူးပေါင်းခဲ့သည့်အတွက် ရခိုင်အမျိုးသား ပါတီမှာ နိုင်ငံရေး အခွင့်အလမ်းထက် ပါတီတွင်း သဘောထား ကွဲလွဲခြင်း၊ ရခိုင်ပြည်သူလူထု၏ ပြစ်တင် ဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ရပြီး မုန်တိုင်းထန်သော အကျပ် ရိုက်ခတ်မှုများကိုသာ ရရှိခဲ့သည်။

ပြီးခဲ့သော မတ်လ ၃ ရက်ကလည်း ANP ပါတီမှ ပေါက်တောမြို့နယ် ဥက္ကဋ္ဌလည်း ဖြစ်၊ ပါတီ ဗဟိုကော်မတီလည်းဖြစ်သူ ဦးတက်ထွန်းအောင်မှာ စစ်ကောင်စီနှင့် ပူးပေါင်းမှုအပေါ် လုံးဝ လက်မခံနိုင်သလို နောင်တချိန် သမိုင်း တရားခံ ဖြစ်သွားနိုင် သည် ဟုဆိုကာ ပါတီမှ နုတ်ထွက်စာ တင်ခဲ့သည်။
ANP ပါတီ၏ မူဝါဒရေးရာ ကော်မတီဝင် ဦးထွန်းအောင်ကျော်ကတော့ ပါတီဆိုသည်မှာ လူပေါင်းများစွာဖြင့် ဖွဲ့စည်းထား ခြင်း ဖြစ်သည့်အတွက် အားလုံးထပ်တူကျသည့် သဘောထားအမြင်မျိုး မရှိနိုင်ကြောင်း ပြောသည်။
“လူပေါင်း များစွာနဲ့ ဖွဲ့စည်းထားတာဖြစ်လို့ တယောက်နဲ့တယောက် ထပ်တူကျတဲ့ အမြင်တွေ မည်သည့်နည်းနဲ့မျှ မရှိနိုင် ဘူး။ အဓိကတော့ ပါတီနိုင်ငံရေးသမားမှာ မိမိရဲ့ရည်မှန်းချက်က ဘာလဲဆိုတာ ပြတ်ပြတ်သားသား မြင်တတ်ဖို့ လိုပါ တယ်။ နိုင်ငံရေး ရည်မှန်းချက် ခိုင်ခိုင်မာမာ မရှိဘဲနဲ့ နိုင်ငံရေး ပါတီတခုမှာ အဲဒီလိုလူမျိုး ဝင်လုပ်ရင် အကျပ်အတည်း ဖြစ် ပေါ်ရင်တော့ လွင့်စင်သွားမှာပဲ” ဟု ၎င်းက ဆိုသည်။
ရခိုင်အမျိုးသား ပါတီသည် ရွေးကောက်ပွဲ သုံးကြိမ်တိတိတိုင် ပြည်နယ်အတွင်း လွှတ်တော်ကိုယ်စားလှယ် အများဆုံး အနိုင်ရရှိခဲ့သော ပါတီကြီးတခုဖြစ်သော်လည်း ရှေ့နှစ်များတွင်လည်း ပါတီခေါင်းဆောင်ပိုင်း ပုဂ္ဂိုလ်များကြား သဘောထား ကွဲလွဲမှုကြောင့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ပါတီ ဟူ၍ ဖြစ်ပေါ်လာသလို ဒေါက်တာ အေးမောင် ဦးဆောင်သည့် ရခိုင့် ဦးဆောင်ပါတီ (AFP) ပါတီကြီး နှစ်ခုလည်း ပေါ်ထွန်းခဲ့သည်။
ထိုသို့ ပြိုကွဲမှုဖြစ်ရခြင်းသည် ပါတီတွင်း ခေါင်းဆောင်ပိုင်းများကြား အုပ်စုဖွဲ့ကာ ပါတီမှ တာဝန်ပေးထားသည့် ပုဂ္ဂိုလ်များကို ကျော်လွန်ပြီး ကိုယ့်အုပ်စုနှင့်ကိုယ် နီးစပ်ရာ လက်တို့စနစ်ဖြင့် ဆုံးဖြတ်ချက် ချမှတ်မှုများကြောင့် ဖြစ်ရသည်ဟု ဦးဖေသန်း က ဖွင့်ဟပြောဆိုသည်။
“ပါတီဆိုတာ မကွဲ ဆိုတာတော့ မရှိပါဘူး။ ကွဲသည်နှင့်အမျှ အောက်ခြေက ကွဲတာ မဟုတ်ဘူး။ ခေါင်းဆောင်ပိုင်းထဲက ကွဲတာ။ အဲဒါကြောင့်ပါတီထဲမှာ ပြဿနာ တခုရှိလာရင် ပွင့်ပွင့်လင်းလင်း ဖြေရှင်းဖို့ လိုတယ်။ ရှင်းတဲ့နေရာမှာလည်း စည်း မျဉ်းစည်းကမ်း ၊ မူဝါဒရှိတဲ့အတိုင်း ဖြေရှင်းဖို့ လိုတယ်။ ကိုယ့်အုပ်စုနဲ့ နီးစပ်ရာ နီးစပ်ရာ ဆုံးဖြတ်သွားတယ်။ အဲဒါကြောင့် လဲ နောက်ပိုင်းမှာ ဖြေရှင်းလို့မရတဲ့ ပြဿနာတွေ ရှိလာခဲ့တယ်ပေါ့” ဟု ပါတီက နုတ်ထွက်ထားသူ ဦးဖေသန်းက ရှင်းပြ သည်။
ရခိုင်အမျိုးသား ပါတီသည် ၂၀၁၀၊ ၂၀၁၅ ခုနှစ် လွှတ်တော်သက်တမ်း ကာလအတွင်းက ပြည်နယ်အတွင်း ထောက်ခံမှု အများဆုံးနှင့် မျက်နှာပန်းအလှဆုံး ပါတီတခုလည်း ဖြစ်ခဲ့သည်။
သို့သော်လည်း မကြာခဏ ခေါင်းဆောင်ပိုင်း သဘောထား ကွဲလွဲမှုများ ဖြစ်ပေါ်ကာ ပါတီက နုတ်ထွက်သွားသည့် လွှတ် တော် ကိုယ်စားလှယ်၊ ပါတီ အလယ်အလတ် ပုဂ္ဂိုလ်များ ရှိလာသည့်အတွက် ရခိုင်ပြည်သူများ တဖြည်းဖြည်း စိတ်ပျက်လာ မှုကိုလည်း တွေ့ရသည်။
ANP ပါတီမှ ကျောက်တော်မြို့ခံ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဦးထွန်းဝင်း က ရခိုင်ပြည်သူများကြား နိုင်ငံရေး ရေချိန် ပြောင်းလဲလာမှုနှင့်အတူ စစ်အာဏာသိမ်းမှုတို့ကြောင့် လက်ရှိအခြေအနေတွင် လူထုကိုယ်စားပြု ပါတီ နိုင်ငံရေး အခန်းကဏ္ဍ မှေးမှိန်သွားသည့် အနေအထားနှင့် ရင်ဆိုင်နေရကြောင်း ပြောသည်။

“စစ်အာသိမ်းမှု နောက်ပိုင်းမှာ လူထု ကိုယ်စားပြုမှု အခန်းကဏ္ဍ ပျောက်သွားတယ်လို့ ပြောလို့ရတယ်။ နောက်တခါ ရခိုင်မှာ အပြောင်းအလဲတွေလည်း ဖြစ်လာတယ်။ လူတွေကလည်း နိုင်ငံရေး ရေချိန်မြင့်လာတယ်။ ပါတီနိုင်ငံရေး လမ်း ကြောင်းကနေ သွားနေရတာကို လူထုက သိပ်ပြီး ခံတွင်း မတွေ့တော့ဘူး” ဟု ၎င်းက ဆိုသည်။
ရခိုင်နိုင်ငံရေး စောင့်ကြည့်လေ့လာသူ ကျောက်ဖြူ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးအသင်း ဥက္ကဋ္ဌ ဦးထွန်းကြည်ကမူ “ရခိုင်ပြည် နယ်ထဲက နိုင်ငံရေးပါတီတွေဟာ အာဏာသိမ်းမှုကြောင့် နိုင်ငံရေးပါတီ ကျဆုံးသွားခြင်း မဟုတ်ဘူး။ ANP ၊ AFP ပါတီ နှစ်ခုလုံးက အာဏာမသိမ်းခင် ရွေးကောက်ပွဲ နိုင်ခဲ့ကြတယ်။ လူထုကို အသိအမှတ်ပြုပြီးတော့ ရွေးကောက်ပွဲ အနိုင် ရလဒ် အပေါ်မှာ ဘာလုပ်သင့်တယ်ဆိုတာ အဲဒီ ပါတီနှစ်ခုလုံးက မေ့နေကြတယ်။ အခုအချိန်အထိ သူတို့မေ့နေကြတုန်း။ အဲဒါ သည် စစ်တပ်ရဲ့ နိုင်ငံရေး လုပ်ဆောင်ချက်အပေါ်မှာ အလွယ်တကူ ငုံ့ခံနေတယ်ဆိုတဲ့ သဘောတရားကို ရောက်သွားတယ်” ဟု ဝေဖန်ထောက်ပြသည်။
ရခိုင်ပြည်နယ်အတွင်း ပြီးခဲ့သော ၂၀၂၀ ရွေးကောက်ပွဲတွင် ရခိုင်အမျိုးသားပါတီသည် စစ်တွေ၊ တောင်ကုတ်၊ ရမ်းဗြဲ၊ မာန် အောင် စသည့် မြို့နယ်များတွင် ပြည်နယ်လွှွတ်တော်တွင် ၇ နေရာအနိုင် ရရှိခဲ့ပြီး အမျိုသားလွှွတ်တော် ၄ နေရာနှင့် ပြည်သူ့ လွှတ်တော် ၄ နေရာ စုစုပေါင်း ၁၅ နေရာ အနိုင်ရရှိခဲ့ကာ ရခိုင့်ဦးဆောင်ပါတီကတော့ ကျောက်ဖြူမဲဆန္ဒနယ်တွင် ပြည်နယ် လွှတ်တော်၂ နေရာနှင့် ပြည်သူ့လွှတ်တော် ၁ နေရာ စုစုပေါင်း ၃ နေရာ အနိုင်ရရှိခဲ့သည်။
အမျိုသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) က သံတွဲနှင့် ဂွတွင် ပြည်နယ်လွှတ်တော် ၄ နေရာနှင့် အမျိုးသားလွှတ်တော် ၁ နေ ရာ၊ ပြည်သူ့လွှတ်တော် ၂ နေရာနှင့် ချင်းတိုင်းရင်းသားရေးရာ ဝန်ကြီး ၁ နေရာ စုစုပေါင်း ၈ နေရာ အနိုင်ရရှိခဲ့သည်။
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီက အမ်း မဲဆန္ဒနယ်တွင် ပြည်နယ် လွှတ်တော် ၁ နေရာနှင့် ပြည်သူ့ လွှတ် တော် ၁ နေရာ အနိုင်ရရှိခဲ့ပြီး စုစုပေါင်း ကိုယ်စားလှယ်၂ နေရာနှင့် အနိုင်ရရှိခဲ့သည်။
NLD အစိုးရလက်ထက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သည် လုံခြုံရေး အကြောင်းပြချက်ဖြင့် ရခိုင်ပြည်နယ် အတွင်း ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ပေါက်တော စသည့် မြို့နယ် ၉ ခုတွင် ရွေးကောက်ပွဲ ကျင်းပခွင့် ဖျက်သိမ်းခဲ့သည်။

တောင်ကုတ်၊ ကျောက်ဖြူ၊ အမ်း စသည့် မြို့နယ်တွင်လည်း ကျေးရွာအုပ်စု တော်တော်များများ ရွေးကောက်ပွဲ ဖျက်သိမ်း စာရင်းတွင် ပါဝင်သွားခဲ့ပြီး သံတွဲ၊ ဂွ၊ ရမ်းဗြဲ၊ မာန်အောင် စသည့် ၄ မြို့နယ်သာ ရွေးကောက်ပွဲ အပြည့်အဝ ကျင်းပနိုင်ခဲ့ သည်။
ရခိုင်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်၏ စာရင်းအရ ပြည်နယ်တခုလုံးတွင် ဆန္ဒမဲပေးခွင့်ရှိသူ ၁၆ သိန်းကျော် ရှိခဲ့ရာ ရွေး ကောက်ပွဲတွင် လူ ၄ သိန်းကျော်သာ မဲပေးခွင့်ရရှိခဲ့သဖြင့် လူပေါင်း ၁၂ သိန်းကျော် မဲပေးခွင့် ဆုံးရှုံးခဲ့ရကာ ပြည်တွင်း၊ ပြည်ပ နိုင်ငံရေး လေ့လာသူများကြားတွင် မေးခွန်းထုတ်စရာ ဖြစ်ခဲ့သည်။
ရခိုင် အမျိုးသားပါတီ (ANP) သည် လူထုကို တစိုတ်မတ်မတ် စည်းရုံးပြီး တက်လာသော နိုင်ငံရေးပါတီတခု မဟုတ်ဘဲ အမျိုးသား စည်းလုံး ညီညွတ်ရေး လိုအပ်ချက်အရ ရခိုင်ပြည်သူများ ဖန်တီးထားသည့် လှိုင်းပေါ်တွင် အလိုက်သင့် ဖြစ်ပေါ် လာသည့် ပါတီခုသာ ဖြစ်ကြောင်းလည်း နိုင်ငံရေး လေ့လာစောင့်ကြည့်သူ ဦးထွန်းကြည်က ထောက်ပြသည်။
“ပြည်သူတွေ ဖန်တီထားတဲ့ နိုင်ငံရေးလှိုင်းမှာ တက်လာတဲ့ ပါတီတခုသာ ဖြစ်တယ်။ အဲဒီအတွက်ကြောင့် သူတို့ အများကြီး စည်းရုံးစရာ မလိုဘဲ အဆင်သင့် ဖြစ်ပေါ်လာတဲ့ လူထုနှလုံးသားကို ထိန်းချုပ်ထားပြီးသား ဖြစ်တယ်။ သို့သော် ပြဿနာက လူထူကို ဘယ်လို ဆက်ပြီး စည်းရုံးမလဲဆိုတာ သူတို့ မစဉ်းစားခဲ့ဘူး။ ပါတီခေါင်းဆောင်ပိုင်းတွေရဲ့ ပုဂ္ဂိုလ်ရေး ကျော်ကြား မှု၊ အုပ်စုဖွဲ့မှုတွေမှာပဲ အခြေတည်သွားတယ်” ဟု ၎င်းက သုံးသပ်ပြသည်။
ရခိုင်အမျိုးသားပါတီမှ မူဝါဒရေးရာ ကော်မတီဝင် ဦးထွန်းအောင်ကျော်ကတော့ ပါတီနိုင်ငံရေး သမားသည် နိုင်ငံရေး ယုံကြည်ချက် ခိုင်ခိုင်မာမာ ထားရှိကာ ဇွဲသတ္တိကောင်းရန်လိုအပ်ကြောင်း ပြောသည်။
၎င်းက “အခက်အခဲကြုံတိုင်း အမျိုးသားရေးအတွက် ခိုင်မာတဲ့ တပ်ဦးတခုကို ပုံဖော်ဖို့ဆိုတဲ့ အခါမှာ အတ္တမာန၊ မိမိ ကိုယ်ကို အထင်ကြီးမှုတွေနဲ့ ငါမရှိရင် မဖြစ်ဆိုတဲ့ ပုံစံမျိုးနဲ့ စွန့်ခွာသွားတဲ့လူတွေဟာ မိမိရည်ရည်မှန်းချက်ကို လမ်း လျှောက်ရင်း လမ်းပျောက်သွားတဲ့ လူတွေသာ ဖြစ်တယ်” ဟု ဧရာဝတီသို့ ပြောသည်။
ANP ပါတီမှ နုတ်ထွက်ထာသူ ဦးဖေသန်းကတော့ စစ်ကောင်စီက ရွေးကောက်ပွဲ ပြန်လည် ကျင်းပ ပေးမည်ဆိုသည့် ကိစ္စမှာ မရေရာ မသေချာသည့် လမ်းသာ ဖြစ်သလို ရွေးကောက်ပွဲ ကျင်းပပေးလျှင်လည်း ပြည်သူလူထု တရပ်လုံး မယုံကြည်သည့်အတွက် မဲပေးကြတော့မည် မဟုတ်သဖြင့် ရွေးကောက်ပွဲ ဖြစ်လာရန် အလားအလာ မရှိကြောင်း ပြော သည်။

သို့အတွက် ရခိုင်အမျိုးသားပါတီမှ ပုဂ္ဂိုလ်များအနေဖြင့် ရွေးကောက်ပွဲကို အာရုံထားပြီး မျှော်နေခြင်းကို ပြန်လည် စဉ်းစား ရန် လိုအပ်ကြောင်း ဦးဖေသန်းက မိခင်ပါတီမှ လုပ်ဖော်ကိုင်ဖက်များကို အမှာစကားပါးသည်။
၎င်းက “ရွေးကောင်ပွဲ အာရုံထားပြီး ဒီအတိုင်းပဲ ရပ်တည်နေကြမှာလား။ ကိုယ်ရဲ့ လိုအပ်ချက် အမျိုးသားရေးကဏ္ဍကို ဖြည့်စွက်ပြီး အလုပ် လုပ်ရမယ်ဆိုတာကို ပါတီမှာ ရှိနေတဲ့ ပုဂ္ဂိုလ်တွေက ဒီအချိန်မှာ စဉ်းစားဖို့ လိုနေပြီ။ အဲဒီလို မစဉ်း စားနိုင်ရင်တော့ ကိုယ့်သမိုင်းလည်း သေမယ်။ ပါတီသမိုင်းလည်း သေမယ်” ဟု ဧရာဝတီသို့ ပြောသည်။
တချိန်က အောင်မြင်မှု အလီလီ ရရှိပြီး ပြည်နယ်အတွင်း လူထုကြားတွင် ဂုဏ်ယူဝင့်ကြွားစွာ ရေပန်းစားခဲ့သော ANP သည် စစ်ကောင်စီနှင့် ပူးပေါင်းသွားသည့်အပေါ် လက်ရှိအချိန်အထိ ဝေဖန်ခံနေရသလို ရခိုင်အရပ်ဘက် အဖွဲ့ အစည်း ၄၇ ဖွဲ့က လည်း ပြည့်သူ့ဆန္ဒသဘော မပါရှိသော၊ နိုင်ငံရေးအရ တရားဝင်မှု မရှိသော မည်သည့် စီမံအုပ်ချုပ်မှုတွင် ပူးပေါင်း ပါဝင် ခြင်း၊ အားပေး ထောက်ခံခြင်းများ မပြုလုပ်ကြရန် ဖေဖော်ဝါရီလ ၇ ရက်စွဲဖြင့် ထုတ်ပြန်တိုက်တွန်းထားသည်။
ANP ပါတီသည် စစ်ကောင်စီနှင့် ပူူးပေါင်းဆောင်ရွက်မှုကို ရပ်စဲကြောင်းကို ဗဟို အလုပ်အမှုဆောင် ကော်မတီ (CEC) အစည်းအဝေးကြီးတရပ် ကျင်းပကာ ဆုံးဖြတ်ထားသည်ဟူ ထုတ်ဖော်ပြောကြားထားသော်လည်း ပါတီထိပ်ပိုင်း ခေါင်း ဆောင် ဒေါ်အေးနုစိန်နှင့် ဝန်ကြီးဟောင်း ဦးဇော်အေးမောင်တို့မှာ လက်ရှိအချိန်အထိ စစ်ကောင်စီတွင် တာဝန်ထမ်းဆောင် လျက်ရှိနေခြင်းကလည်း ရှေ့နောက်မညီ ဖြစ်နေ၍ ပါတီ၏ မူဝါဒအပေါ် မေးခွန်းထုတ်စရာ ဖြစ်နေသည်။

ရခိုင်နိုင်ငံရေး လေ့လာစောင့်ကြည့်သူ ဦးထွန်းကြည်ကတော့ ANP ပါတီသည် ယခုအတိုင်းသာ ဆက်သွားပြီး ပြဿနာဖြစ် တိုင်း ပါတီကိုသာ ထိုးချနေကြမည်ဆိုပါ ထပ်ကွဲစရာ အဖြစ်အပျက်များဖြင့်သာ ဆက်ကြုံနေကြဦးမည်ကြောင်း သုံးသပ် သည်။
ပါတီသည် သက်မဲ့ တခုဖြစ်နေတော့ ပြဿနာပေါ်တိုင်း အားလုံးက ပါတီကို ထိုးချတယ်။ ပါတီကိုချည်း ထိုးချ လို့မရဘူး။ ပြဿနာ ဖြစ်တိုင်း ပါတီကွဲတိုင်း တာဝန်ယူ၊ တာဝန်ခံမယ့် လူလည်း မရှိဘဲ ပါတီကိုချည်း ထိုးချနေကြဦးမယ် ဆိုရင် ထပ်ကွဲစရာပဲ ရှိတယ်
၎င်းက “ပါတီသည် သက်မဲ့ တခုဖြစ်နေတော့ ပြဿနာပေါ်တိုင်း အားလုံးက ပါတီကို ထိုးချတယ်။ ပါတီကိုချည်း ထိုးချ လို့မရဘူး။ ပြဿနာ ဖြစ်တိုင်း ပါတီကွဲတိုင်း တာဝန်ယူ၊ တာဝန်ခံမယ့် လူလည်း မရှိဘဲ ပါတီကိုချည်း ထိုးချနေကြဦးမယ် ဆိုရင် ထပ်ကွဲစရာပဲ ရှိတယ်” ဟုဆိုသည်။
ပါတီတွင်း အားပြိုင်မှုများနှင့် အကွဲအပြဲများကြား နုတ်ထွက် စွန့်ခွာသူများ ရှိလာသလို ရခိုင် အင်အားကြီး ANP ပါတီ အနေ ဖြင့် ထိုအခြေအနေများကို မည်သု့ိ ထိန်းချုပ်ကာ အဖတ်ဆယ်မည်နည်းဆိုသည်မှာ ဆက်လက် စောင့်ကြည့်ရဦးမည် ဖြစ် သည်။ ။
You may also like these stories:
ရခိုင် နိုင်ငံရေးသမား ဦးဖေသန်း ANP ပါတီမှ နုတ်ထွက်စာတင်ထား
စစ်တပ်နှင့်ရဲ လက်နက်ကိုင်၍ လမ်းတွင် စစ်ဆေးခြင်း မလုပ်ရန် ANP တောင်းဆို
စစ်ကောင်စီနဲ့ ခွဲရေး တွဲရေး ပါတီတွင်း အားပြိုင်မှု ပြင်းထန်နေတဲ့ ANP
ရခိုင်ပါတီ ANP ၏ တောင်းဆိုချက် အာဏာသိမ်း စစ်ကောင်စီ လိုက်လျောမှု မရှိသေး