အနီးရှိ ဘုရားမှ ဆူညံသံများကြောင့် ကိုအောင်နှင့် သူ၏မိသားစုသည် ဧပြီ ၉ ရက်နေ့ အရုဏ်မတက်မီ နိုးလာကြသည်။ ပြတင်းပေါက်မှ ချောင်းကြည့်လိုက်သောအခါ စစ်သား ဒါဇင်ပေါင်းများစွာသည် ရိုင်ဖယ်သေနတ်များကို ရင်ဘတ်တွင်လွယ်ကာ ထရပ်ကားများနောက် လမ်းလျှောက်လိုက်ပါရင်း အော်ဟစ်ဆဲဆိုနေသည်ကို တွေ့ရသည်။ ထိုအချိန်မှာ နံနက် ၄ နာရီခန့်သာ ရှိသေးသည်။
ထိုဒါဇင်များစွာသော ထရပ်ကားအင်ဂျင်များက တလိမ့်ချင်း စက်နှိုးမောင်းနှင်ပြီး စစ်သားများက ခြေလျင်လိုက်လာကြသည်။ ရုတ်တရက်ဆိုသလို ကိုအောင်၏နေအိမ် မီးများပြတ်သွားပြီး ပဲခူးမြို့ရှိ သူ၏ ရပ်ကွက်သည် အမှောင်ထုအတွင်း ကျရောက်သွားသည်။ ကိုအောင်သည် မည်သည်တို့ဖြစ်ပျက်နေသည်ကို သိနိုင်သည်ဆိုသည့် မျှော်လင့်ချက်ဖြင့် Facebook နှင့် WhatsApp တို့ကို ကြည့်လိုက်သော်လည်း မိုင်ဘိုင်းဖုန်းအင်တာနက် လိုင်းများကိုလည်း ဖြတ်တောက်ထားကြောင်း တွေ့လိုက်ရသည်။
သူသည် သူ၏အမျိုးသမီးနှင့် သားနှစ်ယောက်ကို ကျဉ်းမြောင်းသည် အိမ်ခန်းအတွင်း အလျှင်အမြန်ထည့်လိုက်ပြီး တဦးနှင့်တဦးဖက်ထားလိုက်ကြကာ သူတို့ကို မမြင်အောင် မကြားအောင် နေရန် ဆုံးဖြတ်လိုက်သည်။ တိတ်ဆိတ်မှုကို သေနတ်သံများ ချိုးဖေါက်လိုက်သည်။ ထိုမိသားစုသည် နောက်ထပ် ၁၄ နာရီခန့်အကြာ ဆူဆူညံညံစကားပြောသံများနှင့် အင်ဂျင်သံများ ပြန်ကြားရသောအခါ ခဏတာမျှ ပြန်ထွက်လာပြီး ပြတင်းပေါက်များမှ ချောင်းကြည့်မိပြန်သည်။
စစ်သားများပြန်ရောက်လာကြသည်။ ၎င်းတို့နှင့် အတူ ဖရိုဖရဲ သွေးများပေကျံနေသည့် အလောင်း ဒါဇင်ပေါင်းများစွာ ထရပ်ကားများတွင် ပါလာသည်။

စစ်ဝတ်စုံ ဝတ်ဆင်ထားသူများက ထိုအလောင်းများကို ဆန်အိတ်များသဖွယ် ဘုန်းကြီးကျောင်းဝင်းအတွင်းသို့ ဆွဲချနေသည်ကို ကိုအောင်နှင့် သူ၏သားနှစ်ယောက်ကြည့်နေမိသည်။ ကိုအောင်၏အမြင်တွင် ဘုန်းကြီးကျောင်း ဆိုသည်မှာ ငြိမ်သက်ခြင်းနှင့် ငြိမ်းချမ်းမှုတို့နှင့်သာ သက်ဆိုင်သောနေရာဖြစ်သည်။
“မြင်ရတွေ့ရတာ အရမ်းကို ထိတ်လန့်တုန်လှုပ်စရာကောင်းတယ်” ဟု သူပြောသည်။ ယခုဆောင်းပါးအတွက် တွေ့ဆုံမေးမြန်းခဲ့သည့် ကိုအောင်နှင့် အခြားသူများက ၎င်းတို့၏ လုံခြုံရေးအတွက် ပူပန်သောကြောင့် ၎င်းတို့၏ အမည်မှန်များကို မသုံးရန် မေတ္တာရပ်ခံခဲ့သည်။
ထိုတနေ့တာ ကုန်ဆုံးသွားသောအခါ မြန်မာစစ်တပ်နှင့် ရဲများသည် လူအနည်းဆုံး ၈၂ ဦးကို သတ်ဖြတ်လိုက်ပြီး စစ်အာဏာသိမ်းမှုနောက်ပိုင်း ဖြိုခွဲမှုများအတွင်း သတ်ဖြတ်ခံရသူ အများဆုံး ဖြစ်ရပ်အဖြစ် စံချိန်တင် သွားကြောင်း ဆန္ဒပြပွဲအတွင်း သေဆုံးမှုများကို မှတ်တမ်းယူနေသည့် အဖွဲ့များ၏ အဆိုအရ သိရသည်။ ထိုနေ့က ဖြစ်ရပ်များကို ဝါရှင်တန်ပို့စ်သတင်းစာက စုံစမ်းစစ်ဆေးသောအခါ လက်နက်ကိုင်ပုန်ကန်မှုကို နှိမ်နင်းသော နည်းလမ်းများ၊ အထူးစစ်တပ်ဖွဲ့များနှင့် စစ်သုံးအဆင့် လက်နက်များဖြင့် အရပ်သား ဆန္ဒပြသူများကို နှိမ်နင်းသောကြောင့် ထိုမျှအထိ ထိခိုက်သေဆုံးမှု များပြားရခြင်းဖြစ်ကြောင်း လေ့လာသိရှိရသည်။
ဝါရှင်တန်ပို့စ် သတင်းစာသည် ပဲခူး အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို ပြန်လည်တည်ဆောက်ကြည့်ရန် အရပ်သားများက ရိုက်ကူးထားသည့် ဗီဒီယိုနှင့် ဓါတ်ပုံပေါင်း ၁၅၀၀၀ ခန့်ကို သာမက ဖေဖေါ်ဝါရီလ ၁ ရက်နေ့ပိုင်း သတ်ဖြတ်ခံရသူ အရေအတွက်ကိုလည်း ပြန်လည်လေ့လာသည်။ မျက်မြင်သက်သေ ၇ ဦးနှင့် တွေ့ဆုံမေးမြန်းခြင်းနှင့် ပဲခူးမှ ပထဝီတည်နေရာပြ ဗီဒီယိုနှင့် ဓါတ်ပုံများအရ ဆန္ဒပြသူများကို စစ်ပွဲသုံး လက်နက်များဖြင့် ပစ်ခတ်ခဲ့ကြောင်း သိလာရသည်။ အင်တာနက် အချက်အလက်များနှင့် တပ်များ လှုပ်ရှားမှုကို လေ့လာသောအခါ စစ်တပ်က ထိုအုံကြွမှုကို နှိမ်နင်းရန် စီစဉ်ရာတါင် မည်မျှ အကွက်စေ့ကြောင်းကိုလည်း သိလာရသည်။
ထို့အပြင် ဝါရှင်တန်ပို့စ်သည် တနိုင်ငံလုံးမှ ခြေမြန်တပ်မများနှင် ရဲတပ်ဖွဲ့ဝင်များအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ TikTok ဗီဒီယိုပေါင်း ၂၀၀၀၀ နီးပါးကိုလည်း သရုပ်ခွဲလေ့လာသည်။ ထိုဗီဒီယိုများတွင် စစ်သားများ၏ စိတ်ဓါတ်အတွေးအခေါ်ကို တွေ့မြင်ရသည်။ ၎င်းတို့သည် အရပ်သားများကို အကြမ်းဖက်ခြင်းကိုထောက်ခံပြီး ဆန္ဒပြသူများသေဆုံးသောအခါ အောင်ပွဲခံကြသည်။
ထိုအချက်များအားလုံးကို ပေါင်းစပ်လိုက်သောအခါ နိုင်ငံတကာတရားရုံးက လူမျိုးတုံးသတ်ဖြတ်မှုအဖြစ် စစ်ဆေးနေသည့် ၂၀၁၇ ခုနှစ်က ရိုဟင်ဂျာများကို နှိမ်နင်းမှု အပါအဝင် မြန်မာနိုင်ငံမှ ယခင် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများနှင့် ကိုက်ညီသည့် အပြုအမူနှင့် နည်းဗျူဟာများကို တွေ့လာရသည်။
“အရမ်းစနစ်ကျပြီး အကြမ်းဖက်မှု ပုံစံကလည်း အရမ်း အရမ်းရှင်းလင်းတယ်” ဟု ဝါရှင်တန်ပို့စ်၏ ယခုရေးသားချက်များကို ပြန်လည်သုံးသပ်လေ့လာပေးသည့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးသံတမန်နှင့် ယေးလ် ဥပဒေကျောင်းမှ လူ့အခွင့်အရေး သုတေသီ တွမ် အင်ဒရူးပြောသည်။

“ဒါတွေက လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ” ဟု သူပြောပြီး ပဲခူးတိုက်ခိုက်မှုမတိုင်မီ ကြိုတင်အကွက်ချပြင်ဆင်မှုများကို အထူးသဖြင့် မှတ်ချက်ပေးခဲ့သည်။
စစ်ကောင်စီပြောခွင့်ရသူကို ဆက်သွယ်ပြီး ဝေဖန်ပြောကြားပေးရန် မေတ္တာရပ်ခံသော်လည်း အကြောင်းပြန်ကြားခြင်း မရှိခဲ့ပါ။
ဗျူဟာကျသော တည်နေရာ
စစ်တပ်ကအာဏာသိမ်းလိုက်သောအခါ လွန်ခဲ့သော ၆ နှစ်က မြန်မာ့ဒီမိုကရေစီတိုးတက်မှုသည် အိုဘားမားအစိုးရ နိုင်ငံခြားရေးမူဝါဒ အောင်ပွဲဟု သတ်မှတ်ခဲ့သော နိုင်ငံတွင် အကျပ်အတည်း စတင်ဖြစ်ပေါ်သည်။ ရက်ပိုင်းအတွင်း တနိုင်ငံလုံးတွင် ဆန္ဒပြပွဲများ ပျံ့နှံ့သွားသည်။ ကမ္ဘာ့အကျပ်အတည်းများကို လေ့လာနေသည့် အစိုးရမဟုတ်သော အဖွဲ့အစည်းဖြစ်သည့် Armed Conflict Location & Event Data Project က ဇွန်လကုန်တွင် မြန်မာနိုင်ငံအတွင်း စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြပွဲပေါင်း ၄၇၀၀ ကိုမှတ်တမ်းတင်ခဲ့ပြီး ၎င်းတို့အနက် ၉၈ ရာခိုင်နှုန်းသည် ငြိမ်းချမ်းစွာ ဆန္ဒပြခြင်းဖြစ်ကြောင်း ဖေါ်ပြခဲ့သည်။
ထိုနောက်မကြာမီ စစ်ကောင်စီတပ်များသည် လူသတ်လက်နက်များ ထုတ်သုံးကြပြီး မြို့ကြီးများသည် သွေးချောင်းစီးသော စစ်မြေပြင်များဖြစ်သွားသည်။ အကြီးဆုံး မြို့ကြီးများဖြစ်သော ရန်ကုန်နှင့် မန္တလေးတွင် စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာပြီး ဗိုလ်ချုပ်များက တရားစီရင်ရေးနှင့် ဥပဒေစိုမိုးရေးအပါအဝင် အပြည့်အဝထိန်းချုပ်လိုက်သည်။

ဧပြီလ အစောပိုင်းသို့ ရောက်သောအခါ ဆန္ဒပြပွဲများ အန္တရာယ်ကြီးထွားလာသောကြောင့် ကြီးမားသောခုခံမှု၏ အစိတ်အပိုင်းအနည်းငယ်သာ ကျန်ရှိတော့သည်။ ထိုခုခံမှုများအနက် တခုမှာ ပဲခူးတွင် ဖြစ်သည်။ ပဲခူးသည် ရန်ကုန်၊ မြို့တော်နေပြည်တော်နှင့် မန္တလေးတို့ကိုဆက်သွယ်ထားသည့် လမ်းပေါ်တွင် တည်ရှိသော မြို့ကြီးတမြို့ဖြစ်သည်။
၎င်းတို့၏ မြို့ကို စစ်ကောင်စီသိမ်းပိုက်ခြင်းမှ ခုခံရန်မျှော်လင့်ပြီး ဆန္ဒပြသူများက သဲအိတ်များနှင့် အခြားအရာများဖြင့် ခံကတုတ်များ ပြုလုပ်ကြသည်။ အချို့ခံကတုတ်များသည် နှစ်ထပ်အိမ်မျှ မြင့်မားပြီး အဓိကလမ်းများ လမ်းဆုံများကို ပိတ်ဆို့ထားသည်။ ထိုခံကတုတ်များတွင် နေ့ဖက်တွင် သောင်းနှင့်ချီသော ဆန္ဒပြသူများ နေရာယူထားပြီး ညဖက်တွင် လူအနည်းငယ်နှင့် စေတနာ့ဝန်ထမ်း ဆေးဝန်ထမ်းများက စောင့်ကြပ်ကြောင်း ဆန္ဒပြပွဲ ခေါင်းဆောင်များပြောသည်။
ဗီဒီယိုများတွင် တွေ့ရသကဲ့သို့ ဆန္ဒပြသူများသည် ရွှေ့ပြောင်းနိုင်သောအတားအဆီးများကို တမြို့လုံးတွင်တည်ဆောက်ကြပြီး တနေရာမှ တနေရာသို့ လိုအပ်သလိုရွှေ့ပြောင်းကြကြောင်း ဒေသခံများက ဝါရှင်တန်ပို့စ် သို့ပြောကြားသည်။
ဆန္ဒပြသူများအပေါ် စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများကြောင့် ဒေါသထွက်ပြီးနောက် အချို့ဒေသခံများသည် အကြမ်းနည်းများကို စတင်အသုံးပြုလာသည်။ စစ်တပ်နှင့် ပတ်သက်သည့် ပစ်မှတ်များကို ၎င်းတို့က လက်လုပ်ဗုံးများဖြင့် ပစ်ခတ်ကြပြီး လုပ်သေနတ်များကိုင်ဆောင်ကြသည်။ ပဲခူး အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု တပတ်မျှပင် မတိုင်မီ ဧပြီလ အစောပိုင်းတွင် ထိုမြို့မှ ဒေသခံများသည် လက်နက်များ ကိုင်ဆောင်ထားသည်ကို ဧပြီလ ၃ ရက်နေ့က TikTok ဗီဒီယိုများတွင်တွေ့ရသည်။

ဧပြီလ ၅ ရက်နေ့တွင် ဆိုင်ကယ်စီးလာသူ ၂ ဦးက ပဲခူးရှိ စစ်တပ်ပိုင်ဆက်သွယ်ရေး ကုမ္ပဏီဖြစ်သော MyTel ရုံးအတွင်းသို့ လက်လုပ်ဗုံးတလုံး ပစ်သွင်းလိုက်သည်။ ထိခိုက်ဒဏ်ရာရခြင်း မရှိပေ။ ထိုဗုံးသည် ပေါက်ကွဲခြင်းမရှိကြောင်း မျက်မြင်သက်သေတဦးက ဒေသမီဒီယာသို့ ပြောကြားသည်။ ထိုလုပ်ရပ်သည် အကြမ်းဖက်သမားများ၏ လုပ်ရပ်ဖြစ်ကြောင်း စစ်ကောင်စီမီဒီယာက ဖေါ်ပြသည်။
အကြမ်းဖက်သောနေ့
စစ်တပ်က စစ်ဆင်ရေး လုပ်တော့မည်ဆိုသည့် သတင်းနှင့်အတူ ဧပြီလ ၈ ရက်နေ့တွင် ပဲခူးမှ ဖုန်းများ ဒေါသတကြီး ဆူညံနေသည်။ ဒေသခံအများစုက ထိုသတင်းကို ကောလာဟလအဖြစ် ပယ်ချထားကြောင်း မျက်မြင်သက်သေတဦးက ဝါရှင်တန်ပို့စ်သတင်းစာသို့ ပြောသည်။ ရှေ့ဆုံးမှ ဆန္ဒပြသူများနှင့် ဆေးဝန်ထမ်းများသည် ၎င်းတို့၏ ထုံးစံအတိုင်း အကာအကွယ်များနောက်တွင် နေရာယူထားကြသည်။ ထိုနောက် ၎င်းတို့၏ မိုဘိုင်းအင်တာနက်များ ပြတ်တောက်သွားပြီး ဆက်သွယ်မရတော့ပေ။
ကမ္ဘာတဝှမ်းမှ အင်တာနက်ဝန်ဆောင်မှုအရည်အသွေးကို စောင့်ကြည့်လေ့လာသည့် သြစတြေးလျနိုင်ငံ Monash တက္ကသိုလ်မှ သုတေသနအဖွဲ့ဖြစ်သော IP Observatory ကကောက်ယူထားသည့် အချက်အလက်များအရ စစ်တပ်သည် ဧပြီလ ၉ ရက်နေ့မတိုင်မီ ရက်များက ပဲခူးတွင်နေ့ဖက်များတွင် အင်တာနက်ကို ပိုမိုရှည်ကြာစွာပိတ်ပင်ကြောင်း ပြသနေသည်။ နေ့အများစုတွင် အင်တာနက်ကို နံနက် ၁ နာရီမှ နံနက် ၆ နာရီအထိ ပိတ်ထားသည်။ စနေ၊ တနင်္ဂနွေနေ့များတွင် ထိုသို့ပိတ်ဆို့ချိန်သည် နံနက် ၉ နာရီအထိကြာပြီး ဆန္ဒပြပွဲများအတွက် ရည်ရွယ်ပုံရသည်။ သို့သော် ဆန္ဒပြပွဲများ ဆက်လက်ဖြစ်ပေါ်နေပြီး ၈ နာရီကြာ အင်တာနက် ပိတ်ဆို့မှုသည် တနင်္လာနှင့် အင်္ဂါနေ့များ အထိဖြစ်လာသည်။

“အဲဒီလို အလေ့အထနဲ့အတူ စစ်တပ်က ပိုမို စိတ်လှုပ်ရှားပြီး ရည်မှန်းချက်လည်း ပိုမိုကြီးမားလာပုံရလာတယ်” ဟု Monash IP Observatory မှ တွဲဖက်ပါမောက္ခ ဆိုင်မွန်အန်းဂတ်စ် ပြောသည်။ ထိုအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအပြီးတွင် အင်တာနက်ဖြတ်တောက်ခြင်းကို နံနက် ၁ နာရီမှ နံနက် ၉ နာရီအထိ နေ့စဉ်ဆက်လက်လုပ်ကိုင်သည်။ နောက် ၁၉ ရက်ကြာမှသာ စစ်အုပ်စုက ထိုသို့တွင် အင်တာနက် အပြည့်အဝသုံးခွင့် ပြန်ပေးသည်။
အချက်အလက်များအရ ရက်သတ္တပတ်၏ နေ့ရက်များလိုက်ဖြစ်နေသော ပုံစံကြောင့် စစ်အုပ်စုသည် အမိန့်များကို အပတ်စဉ် သို့မဟုတ် နေ့စဉ် အခြေခံဖြင့် ပေးနေပုံ ရသည်။
ဓါတ်ပုံများနှင့် မျက်မြင်သက်သေများ၏ ပြောကြားချက်များအရ စစ်သားများသည် အဝေးပြေးလမ်းများကို ဖြတ်သန်းနေသော ပဲခူးမှ တောင်မြောက်လမ်းမကြီးဖြစ်သော မဂဒစ်လမ်းမှ ယာယီအတားအဆီးများထံသို့ သွားကြသည်။ ထိုစစ်သားများထဲတွင် ၂၀၁၇ ခုနှစ်က ရိုဟင်ဂျာများအား ဖြိုခွဲမှုများကို ဦးဆောင်ခဲ့သည့် တပ်မများအနက်တခုဖြစ်သော ပဲခူးအခြေစိုက် အမှတ် ၇၇ ခြေမြန်တပ်မမှ စစ်သားများလည်း ပါဝင်သည်။ ထိုတပ်များသည် ကိုအောင်၏နေအိမ်အနီးမှ ရှင်စောပုဘုရားတွင် စခန်းချနေသည်။
စစ်သားများသည် မဂဒစ်လမ်းတလျှောက် တောင်ဘက်သို့ ဆက်လက်သွားရောက်ခြင်းမပြုမီ ဆန္ဒပြသူအနည်းငယ်သာရှိသည့် အတားအဆီးငယ်များကို စတင်တိုက်ခိုက်သည်။ တိုင်းတာမှုအရ စစ်သားများသည် ထိုများပြားလှသော အတားအဆီးများပစ်ခတ်ပြီး ဆန္ဒပြသူများ တောင်ဘက်သို့ ဆုတ်ခွာအောင် လုပ်သည်။
ထိုနေ့အစောပိုင်းက ရိုက်ကူးထားသည့် ဗီဒီယိုတခုကို ပဲခူးအခြေစိုက် ဟံသာဝတီမီဒီယာမှ အယ်ဒီတာတဦးက Facebook တွင် တင်သည်။ ထိုဗီဒီယိုကို မှော်ကန် ၄ လမ်းနှင့် မဂဒစ်လမ်း လမ်းဆုံမှ စတင်ရိုက်ကူးထားခြင်း ဖြစ်သည်။ အိမ်တထပ်စာမျှမြင့်သော သဲအိတ်အတားအဆီးများနောက်တွင် လူအနည်းဆုံး တဒါဇင်ခန့် ဆောင့်ကြောင့်ထိုင်နေသည်။
နောက်ထပ်ပြကွက်တခုတွင်မူ ထိုအုပ်စုမှ လူများ မဂဒစ်လမ်းအတိုင်း တောင်ဘက်သို့ပြေးပြီး ညာကွေ့ပြီး လမ်းတခုသို့ ဝင်သွားစဉ် ၎င်းတို့ပတ်ဝန်းကျင်တွင် သေနတ်သံများကိုလည်း ကြားနေရသည်။
ထိုနောက် ထိုဗီဒီယိုသည် တောင်ဘက် ပိုမိုကျသောနေရာဖြစ်သည့် မှော်ကန် ၇ လမ်းနှင့် မဂဒစ်လမ်းဆုံနေရာကို ပြသသည်။ ထိုနေရာတွင်လည်း လုပ်သေနတ်များကိုင်ထားသော လူငယ်များသည် သဲအိတ်အတားအဆီးများနောက်တွင် နေရာယူထားသည်။ တယောက်က စစ်သားများရှိရာသို့ ဖေါက်ခွဲခဲယမ်းများဖြင့်ပစ်သည်။ သို့သော် ထိုအုပ်စုသည် ထိုနေရာကို စွန့်ခွာရပြီး လူကွဲသွားကာ လမ်း၏ အရှေ့နှင့် အနောက်သို့ပြေးကြသည်။
သူမ၏ အဖွဲ့သည် ပထမဆုံးဒဏ်ရာရသူကို နံနက် ၆ နာရီတွင် စတင်လက်ခံရရှိကြောင်း မှော်ကန် ၁၇ လမ်းနှင့် မဂဒစ်လမ်းဆုံတွင်နေရာယူထားသည့် အသက် ၂၄ နှစ်အရွယ် စေတနာ့ဝန်ထမ်း ဆေးလုပ်သား မစိုးက ပြောပြသည်။ ထိုသူသည် လည်ပင်းတွင် ပစ်ခတ်ခံထားရခြင်းဖြစ်သည်။

“တချက်ကြည့်လိုက်တာနဲ့ သူသေဆုံးနေမှန်း သိတယ်။ ဒါပေမယ့် သူ့ကို သယ်လာတဲ့ သူငယ်ချင်းတွေက အရမ်းကို စိတ်လှုပ်ရှားနေပြီး သူ့အသက်ကို ကယ်ပေးဖို့ပဲပြောနေတယ်” ဟု သူပြောသည်။
မကြာမီ သူတို့သူငယ်ချင်းအတွက် မည်သည်မျှ လုပ်မပေးနိုင်တော့ကြောင်း သိရှိပြီး ပုခုံးတွင်ထမ်းကာ ထွက်ခွာသွားသည်။ သို့သော် နောက်ထပ် ဒဏ်ရာရသူများ ဆက်လက်ရောက်ရှိလာနေပြီး သေနတ်သံများလည်း ပိုမိုကျယ်လောင်လာနေသည်။ မစိုးနှင့်အဖွဲ့လည်း ဆုတ်ခွာကြပြိး သတ်ဖြတ်ခံရသည့် ဆန္ဒပြသူ ဆယ်ဦးခန့် ကျန်ရစ်ခဲ့သည်။
“ရှေ့တန်းစစ်မြေပြင်ကို ရောက်နေတဲ့အတိုင်းပဲ။ ကျမတို့က ဒီလိုစစ်မြေပြင်မျိုးမှာ တာဝန်ထမ်းဆောင်ထားတဲ့ ဆေးဝန်ထမ်းမျိုး မဟုတ်ဘူး။ ကျမတို့က ကျောင်းဆင်းစ သူနာပြုတွေ၊ ဆရာဝန်တွေနဲ့ ဆေးကျောင်းသားတွေ” ဟု သူပြောသည်။
ထိုလမ်းတလျှောက်မှ ကာကွယ်ရေးအတားအဆီးများရှေ့ဆုံးမှ ဆန္ဒပြသူ ကိုဇေယျက သူနှင့် အခြားသူများသည် လက်နက်ကြီးများပစ်ခတ်သံများကို နံနက် ၉ နာရီတွင် ကြားရကြောင်းပြောသည်။ သေနတ်ဖြင့် ပစ်ခတ်ခြင်းကို နာရီပေါင်းများစွာခံနိုင်သည့် သဲအိတ်တံတိုင်းများက စတင်ပြိုကျကုန်သည်။ ထိုနောက် စစ်သားများက ရှေ့သို့ ပြေးတက်လာပြီး သိမ်းကျုံးပစ်ခတ်သည်။
“ဆန္ဒပြသူတွေက သားသတ်ရုံက ဆိတ်တွေလိုပဲ အသတ်ခံရတာ” ဟု သူပြောသည်။
ဆန္ဒပြသူများ၏ အခိုင်အမာ စခန်းများကို စစ်တပ်က သိမ်းလိုက်ကြောင်း၊ ဆန္ဒပြသူများကို ဘက်ပေါင်းစုံမှ ဝိုင်းထားကြောင်း ဟံသာဝတီမီဒီယာမှ အယ်ဒီတာက နံနက် ၁၀ နာရီ ၂၃ မိနစ်တွင် Facebook ပို့စ်တင်သည်။ ဆန္ဒပြသူများ တောင်ဖက်သို့ ဆုတ်ခွာလေလေ ၎င်းတို့ကို စောင့်နေသောတပ်များ ပိုမိုများပြားလေလေပင်ဖြစ်သည်။
ဝါရှင်တန်ပို့စ်၏ ရေးသားချက်များကို ပြန်လည်သုံးသပ်ပေးသော နိုင်ငံတကာအကျပ်အတည်းလေ့လာရေး အဖွဲ့မှ မြန်မာနိုင်ငံဆိုင်ရာ အကြံပေးဖြစ်သော ရစ်ချတ်ဟိုဆေးက ထိုကဲ့သို့ ပြည်သူများကို ထောင်ချောက်ဆင်ပြီး တပ်များ အသင့်စောင့်ကာ ပစ်ခတ်မည့် သတ်ကွင်းထဲသို့ မောင်းသွင်းသည့် နည်းပရိယာယ်သည် အတိုက်အခံများကို သုတ်သင်ရှင်းလင်းရန် ရည်ရွယ်ကြောင်းပြောသည်။
“ဒါက မြန်မာ တိုက်ခိုက်ရေးခြေလျှင်တပ်တွေရဲ့ တိုက်ခိုက်ရေးနည်းလမ်းပဲ။ ဒါပေမယ့် လုံးဝမသင့်တော်ဘဲ အရပ်သားတွေကို လုပ်တဲ့အခါကျ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုဖြစ်နိုင်တယ်” ဟုလည်း သူပြောသည်။
မဂဒစ်လမ်း၏ အရှေ့ဘက်တွင်လည်း စစ်တပ်သည် ဆံတော်တွင်းလမ်းမှ အဓိက အကာအကွယ်နှင့် ဆန္ဒပြသူများရှိရာသို့ တက်လာသည်။
နောက်ထပ် ခုခံရေးစခန်းတခု၏ ဗီဒီယိုမှာ ပေ ၂၀၀ ခန့်အဝေးမှ ရိုက်ထားသော ပုံဖြစ်သည်။ သဲအိတ်များနောက်တွင် ဆန္ဒပြသူအနည်းငယ်သာ ရှိတော့ပြီး လမ်းတွင် လူသူကင်းမဲ့နေပြီဖြစ်သည်။ စစ်တပ်၏ တိုက်ခိုက်မှုများကို ထိုဗီဒီယို နောက်ခံစကားပြောပေးထားသည်။ ထိုဗီဒီယိုသည် မကြာမီ ပြတ်တောက်သွားသည်။ ဝါရှင်တန်ပို့စ်သို့ ပေးပို့သည့် ဆံတော်တွင်းလမ်းမှ နောက်ဆုံး ဗီဒီယိုတွင် လူငယ်များ တောင်ဘက်သို့ ထွက်ပြေးသွားသည်ကို ပြသနေသည်။
လမ်းကွက်တခုခန့်အဝေးတွင် ဆန္ဒပြသူများကို အရှေ့ဖက် ဆံတော်တွင်းလမ်းထဲသို့ မောင်းသွင်းနေသည်။ “ခါးကုန်းပြီး အခုဆုတ်တော့၊ ခါးကုန်းပြီး အခု ဆုတ်တော့” ဟု အသံတခုက အော်နေသည်။
“ကျနော်တို့အားလုံးက သူတို့ဆီက ကျည်ဆံလောက်ပဲမျှော်လင့်ထားတာ။ အာပီဂျီတွေတော့ မျှော်လင့်မထားဘူး” ဟု ထိုအကာအကွယ်များနောက်တွင်နေခဲ့သည့် အသက် ၂၅ နှစ်အရွယ် ဆန္ဒပြသူ ကိုမျိုးကို ပြောသည်။ “ကျနော်တို့မှာ တယောက်နဲ့တယောက် ကူညီလို့တောင်မှ မရတော့ဘူး”
ဝါရှင်တန်ပို့စ်သတင်းစာက မေတ္တာရပ်ခံသောကြောင့် Carnegie Mellon University တက္ကသ်ိုလ်၏ ဘာသာစကား နည်းပညာဌာနမှ သုတေသီများသည် ဧပြီလ ၉ ရက်နေ့က ပဲခူးမှ ပစ်ခတ်မှု ဗီဒီယိုများထောင်းပေါင်းများစွာမှ အချက်အလက်များကို အခြေခံပြီး လက်နက်အမျိုးအစားကို သိနိုင်ရန် အစီအစဉ်တခုကို လုပ်ဆောင်သည်။ မဂဒစ်လမ်းတွင်တလျှောက် မြောက်ပိုင်းမှာ အတားအဆီး အကာအကွယ်များအနက်တခုတွင် စစ်တပ်သည် ဆန္ဒပြသူများကို အသံထက်မြန်သည့် လူသတ်ကျည်ဆံဖြင့် ရိုင်ဖယ်သေနတ်မှ ပစ်ခြင်း ဖြစ်နိုင်ကြောင်း သုတေသီများအနက် တဦးဖြစ်သူ ဂျန်ဝေလျှမ်းပြောသည်။
ဧပြီလ ၉ ရက်နေ့မတိုင်မီက စစ်ကောင်စီတပ်များကို ရိုက်ကူးထားသည့် ဓါတ်ပုံများတွင် ၎င်းတို့သည် မြန်မာစစ်တပ်၏ စံလက်နက်ဖြစ်သော MA-1 ရိုင်ဖယ်များကို ကိုင်ဆောင်ထားကြသည်။
စစ်ကောင်စီတပ်များသည် ဆန္ဒပြသူများ တည်ဆောက်ထားသည့် ကြီးမားလှသော သဲအိတ်အကာအရံများကို ဖြိုချရန် ထိုရိုင်ဖယ်များကို အသုံးပြုသော်လည်း မအောင်မြင်သောအခါ အာပီဂျီ ဒုံးများဖြင့် ပစ်ခတ်ကြောင်း မျက်မြင်သက်သေများက ဝါရှင်တန်ပို့စ်သို့ပြောသည်။ သေနတ်ဖြင့်ပစ်သောအခါ ၎င်းတို့သည် ၎င်းတို့နေရာများကို ကာကွယ်ထားနိုင်သော်လည်း လက်နက်ကြီးသံများကြားသော အခါ ထိုနေရာများကို စွန့်ခွာခဲ့ရကြောင်း ဆန္ဒပြခေါင်းဆောင်အများအပြားပြောသည်။
“ကျနော်တို့အားလုံးက သူတို့ဆီက ကျည်ဆံလောက်ပဲမျှော်လင့်ထားတာ။ အာပီဂျီတွေတော့ မျှော်လင့်မထားဘူး” ဟု ထိုအကာအကွယ်များနောက်တွင်နေခဲ့သည့် အသက် ၂၅ နှစ်အရွယ် ဆန္ဒပြသူ ကိုမျိုးကို ပြောသည်။ “ကျနော်တို့မှာ တယောက်နဲ့တယောက် ကူညီလို့တောင်မှ မရတော့ဘူး” ဟု သူပြောသည်။
ထိုဓါတ်ပုံများကို ပဲခူးတွင် ရိုက်ကူးခြင်း ဟုတ် မဟုတ် ဝါရှင်တန်ပို့စ် အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသော်လည်း ထိုဓါတ်ပုံများကို ဧပြီလ ၉ ရက်နေ့က စတင်ပြီး အွန်လိုင်းတင်ကြောင်း၊ ထိုပုံများမှ သတင်းအချက်အလက်များသည် ပဲခူးတိုက်ခိုက်မှုဖြစ်ရပ်နှင့် ကိုက်ညီနေကြောင်း သိရသည်။
ရိုင်ဖယ်များမှ ပစ်ခတ်သည့် ဗုံးများသည် သေးငယ်သော ခဲယမ်းများဖြစ်ပြီး သေနတ်ပြောင်းတွင် တပ်ဆင်ပစ်ခတ်ကာ ပေါက်ကွဲစေသော လက်နက်ဖြစ်ကြောင်း နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့၏ အကျပ်အတည်းလေ့လာရေးအဖွဲ့မှ လက်နက်ဆိုင်ရာသုတေသီ ဘရိုင်ယန် ကက်စ်တနာပြောသည်။ “ဒါတွေက လူသတ်ဖို့ လုပ်ထားတဲ့ လက်နက်တွေ” ဟု သူပြောသည်။ ထိုခဲယမ်းများသည် အာပီဂျီများနှင့် မတူသော်လည်း ထိုလက်နက်နှစ်မျိုးတွင် တူညီသောပုံစံရှိသောကြောင့် ရောထွေးပြောတတ်ကြောင်းလည်း သူပြောသည်။

သို့သော်ရှေ့ဆုံးမှ ဆန့်ကျင်ဆန္ဒပြသူများမှာမူ လေးခွများ၊ လုပ်သေနတ်များဖြင့်သာ လက်နက်တပ်ဆင်ထားပြီး ထိုလက်နက်များကို ၎င်းတို့သည် ဧပြီလ ၃ ရက်နေ့က စတင်ကိုင်ဆောင်ကြသည်။ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ဖြစ်ပွားသည့်နေ့ နံနက်က အကာအကွယ်အတားအဆီးအများအပြားတွင် ဆန္ဒပြသူများသည် ထိုလက်နက်များဖြင့် ၎င်းတို့ကိုယ် ၎င်းတို့ကာကွယ်ရန် ကြိုးစားသော်လည်း အောင်မြင်ခြင်း မရှိပေ။
“ကျနော်တို့မှာရှိတဲ့ အကောင်းဆုံးလက်နက်က လေသေနတ်လောက်ပဲဆိုတော့ စစ်သားတွေကို ခုခံဖို့ တွန်းလှန်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ကိုယ့်လူတွေက လမ်းမတွေပေါ်မှာ သေနတ်ဒဏ်ရာတွေနဲ့ လဲကျနေတယ်။ ဘာမှမတတ်နိုင်ဘူး” ဟု ကိုဇေယျ ပြောသည်။
အစဖျောက်ခြင်းနှင့် နှုတ်ပိတ်ခြင်း
နေ့လယ်ခင်း အစောပိုင်းသို့ရောက်သောအခါ ထိုအတားအဆီးအကာအရံများကို ဖျက်ဆီးပြီး လူပေါင်း ၈၀ ကျော်ကိုလည်း သတ်ဖြတ်ပြီးဖြစ်သည်။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း၏ အဆိုအရ သေဆုံးမှုများ၏ ၄ ပုံ ၁ ပုံက မဂဒစ်လမ်းတွင် ဖြစ်သည်။ သို့သော် စစ်သားများသည် ၂ ရက်ခန့် ဆက်လက်အကြမ်းဖက်ပြီး ဆန္ဒပြသမားဟု သံသယရှိသူများကို တအိမ်တက်ဆင်းလိုက်လံရှာဖွေသည်။
သူ၏အိမ်ကို စစ်သားနှင့် ရဲ ၁၀၀ ကျော်ဝင်ရောက်စီးနင်းပြီး မြင်မြင်ရာဖျက်ဆီးသွားခဲ့ကြောင်း ဆန္ဒပြပွဲ ခေါင်းဆောင် ကိုမျိုးကိုပြောသည်။ ဆိုင်ကယ်များ၊ ဆန်အိတ်များ၊ စာရွက်စာတမ်းများနှင့် ငွေများကိုလည်း လုယူသွားပြီး ထိုပုံစံသည် တနိုင်ငံလုံးတွင် စစ်ကောင်စီတပ်များ၏ လုယက်မှု ပုံစံပင်ဖြစ်ကြောင်း သူပြောသည်။ ထိုနောက် ၎င်းတို့သည် သူအိမ်သို့ သူပြန်မလာနိုင်စေရန် အိမ်ကို ချိတ်ပိတ်ခဲ့သည်ဟု ဆိုသည်။
ထိုညတွင်ပင် ကိုအောင်သည် ဘုရားအတွင်းမှ စစ်သားများ၏ လှုပ်ရှားမှုများကို ထပ်မံမြင်တွေ့ရသည်။ ယခု တကြိမ်တွင်မူ ၎င်းတို့သည် အလောင်းထည့်ထားသော အိတ်များကို ကားများပေါ်တင်ပြီး နေရာအမျိုးမျိုးသို့ ပို့ဆောင်နေကြသည်။ ထိုထရပ်ကားများထွက်သွားပြီးနောက် စစ်သားများသည် သွေးများကို ရေများ၊ ဆပ်ပြာများဖြင့် ဖျောက်ဖျက်နေသည်ကို သူတွေ့ရကြောင်း အောင် ပြောသည်။
“ည ၁၁ နာရီလောက်ရောက်တော့ အဲဒီဝန်းထဲမှာ ဘာမှမဖြစ်ထားသလိုမျိုး အလောင်းတွေလည်း မရှိတော့ဘူး သွေးတွေလည်း မရှိတော့ဘူး” ဟု သူပြောသည်။

လုံခြုံရေးတပ်ဖွဲ့ဝင် ၂ ဦးနှင့် အဓိကရုဏ်းသမား ၂ ဦး ဒဏ်ရာရကြောင်း တဦးသေဆုံးသွားကြောင်း စစ်ကောင်စီက ကြေညာသည်။
ဟံသာဝတီမီဒီယာ၏ Facebook စာမျက်နှာသည် ဧပြီ ၁၈ ရက်နေ့မှစတင်ပြီး သတင်းအသစ်တင်ပြနိုင်ခြင်း မရှိတော့ပေ။
ထို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်အတွင်း ပဲခူးမှ ထွက်ပေါ်လာသော ဓါတ်ပုံများနှင့် ဗီဒီယိုများသည် အမှန်တကယ် ရက်စက်ကြမ်းကြုတ် သွေးချောင်းစီးမှုများ၏ ရာခိုင်နှုန်းအနည်းငယ်မျှသာဖြစ်ကြောင်း မြန်မာနိုင်ငံ တဝှမ်းမှ လူ့အခွင့်အရေး ချိုးဖေါက်မှုများကို စုံစမ်းစစ်ဆေး အချက်အလက်စုစောင်းနေသည့် Myanmar Witness မှ ဘန်ဂျမင် စထရစ် ကပြောသည်။
စစ်ကောင်စီက အင်တာနက်ကို ကန့်သတ်ထားပြီး ဆန္ဒပြသူများကို ပိုမိုစောင့်ကြည့်နေကြောင်း၊ မြန်မာနိုင်ငံမှ ထွက်လာသော ဗီဒီယိုများနှင့် ဓါတ်ပုံများသည် တင်သူများကိုယ်တိုင်က ဆင်ဆာတည်းဖြတ်ထားသော ဗီဒီယိုနှင့် ဓါတ်ပုံများဖြစ်ကြောင်း သူပြောသည်။ ထိုကဲ့သို့သော အုပ်စုများတွင် တင်သည့် ဆန္ဒပြပွဲများနှင့် စစ်ကောင်စီအကြမ်းဖက်မှုများကိုပြသည့် ဓါတ်ပုံနှင် ဗီဒီယိုနည်းလာကြောင်း၊ ထိုပုံများတွင်လည်း မျက်နှာများကို မထင်ရှားအောင် လုပ်ထားကြောင်း သူပြောသည်။
“ဒီပုံတွေကို ပြန်လည်သုံးသပ်ရတာက ဒီလို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ ဆက်ဖြစ်နေတယ်၊ ကိုယ်မြင်နေရတာကို ကိုယ်မယုံနိုင်ဖြစ်နေတာကြောင့် အရမ်းကိုကြောက်စရာကောင်းတယ်။ ပဲခူးကလူတွေက ဒါတွေကို ပြန်လည်မျှဝေဖို့ ခက်ခဲမယ်လို့ ကျနော်ခံစားရတယ်” ဟု သူပြောသည်။ လအတန်ကြာလာသော်လည်း သူ၏အဖွဲ့သည် ပဲခူးတွင် ထိုနေ့က ဖြစ်ပျက်ခဲ့သည်များကို အပြည့်အစုံမရနိုင်ကြောင်းသူပြောသည်။
အဘသားများ
ပဲခူးနှင့် နိုင်ငံအနှံ့တွင် သတ်ဖြတ်မှုများ အကြီးအကျယ်ဖြစ်ပွားနေချိန်တွင် စစ်ကောင်စီတပ်ဖွဲ့အချို့သည် ၎င်းတို့၏ သစ္စာခံမှုကို လူမှုကွန်ရက်တွင် ရှင်းရှင်းလင်းလင်း တင်ပြကြသောကြောင့် စစ်တပ်၏ အတွေးအခေါ် နှင့်ပတ်သက်သည့် အတွင်းပိုင်း အထောက်အထားများကို သိရသည်။

၂၀၁၀ ခုနှစ်တွင် အမည်ခံသက်သက်ဖြစ်သော အရပ်သားအစိုးရသို့ ကူးပြောင်းမှုမလုပ်မီ နိုင်ငံကို ရာစုနှစ်တဝက် အုပ်ချုပ်ခဲ့သော မြန်မာစစ်အုပ်စုသည် နိုင်ငံတွင် အင်အားအတောင့်တင်းဆုံး အုပ်စုဖြစ်နေသေးပြီး ၎င်းတို့သည် လျှို့ဝှက်ပြီး ပြည်တွင်းကိုသာ အာရုံစိုက်ကြသည်။ ပဲခူးနှင့် နိုင်ငံတဝှမ်းမှ စစ်ဆင်ရေးများ အောင်မြင်ခြင်းသည် စစ်သားများနှင့် ရဲများ၏ တပ်မှူးများထံမှ အမိန့်နာခံပြီး ကိုယ့်ပြည်သူကို ကိုယ်ပြန်လည်သတ်ဖြတ်မှု အပေါ်တွင်သာ မူတည်နေသည်။
ဖေဖေါ်ဝါရီလ အာဏာသိမ်းမှုအပြီး လူငယ်အများစုပါသော ရဲများနှင့်စစ်သား ၂၀၀ ကတင်သော TikTok ဗီဒီယိုများကို ဝါရှင်တန်ပို့စ်က လေ့လာခဲ့သည်။ ထိုဗီဒီယိုများကို ပထဝီအရ နေရာရှာဖွေရန် သို့မဟုတ် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများနှင့် ဆက်စပ်ရန် မဖြစ်နိုင်သော်လည်း ၎င်းတို့သည် မြန်မာခြေလျှင် စစ်သားများ၏ ထူးခြားသော အတွေးအခေါ် အတွင်းသရုပ်နှင့် မည်သည့်အတွက် တပ်မှ ထွက်ပြေးသူ နည်းရသည်ကို ဖေါ်ပြနေသည်။ ထိုဗီဒီယိုများသည် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အပေါ် ဗြောင်ကျကျ သစ္စာခံမှုနှင့် ဆန္ဒပြသူများအား အကြမ်းဖက်နှိမ်နင်းရန် စိတ်အားထက်သန်မှုကို ဖေါ်ပြနေသည်။
ထိုအကောင့်များမှတင်သော ဗီဒီယို ရာပေါင်းများစွာတွင် လိင်ကိစ္စမစောင့်စည်းသော၊ ကြမ်းတမ်းသည့် စကားများနှင့် ခြိမ်းခြောက်မှုများပါဝင်ပြီး လုပ်ကြံစကားပြော ဗီဒီယိုများနှင့် နေ့စဉ်ဘဝကို ရောထွေးထားသော ဗီဒီယိုများလည်း ပါသည်။ စစ်သားများနှင့် ရဲများက ဆန္ဒပြသူများသေဆုံးသည်ကို အောင်ပွဲခံကြပြီး ဆန္ဒပြသူ အမျိုးသမီးများကို လိင်ပိုင်းအကြမ်းဖက်မည်ဟု ခြိမ်းခြောက်ကြသည်။ ထိုဗီဒီယို အများအပြားတွင် TikTok ၏ လက္ခဏာများဖြစ်သော အီမိုဂျီများ၊ ဂီတနှင့် အခြားအထူးပြုုလုပ်ချက်များလည်း ပါဝင်သည်။
အာဏာသိမ်းပြီး တပတ်အကြာတွင် တင်သော TikTok ဗီဒီယိုတခုတွင် စစ်သားတယောက်က သူ၏သေနတ်သည် ပြည်သူများကို ပစ်ရန်မဟုတ်သော်လည်း သည်းမခံနိုင်တော့သောကြောင့် သူ၏လက်ညှိုးကို မထိန်းချုပ်နိုင်တော့ကြောင်း ပြောသည်။
ထိုအကောင့်များတွင် ဖေါ်ပြထားသည့် စကားအသုံးအနှုန်းများအရ ၎င်းတို့သည် စစ်တပ်အကြီးအကဲ၏ သားများဖြစ်ကြောင်း အဘကို သစ္စာခံကြောင်းဖေါ်ပြကြသည်။ ၎င်းတို့သည် ဖြုတ်ချခံ အရပ်သားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုထောက်ခံသည့် အမျိုးသမီး ဆန္ဒပြသူများကို ခြိမ်းခြောက်ကြသည်။ အများအပြားက ၎င်းတို့၏ စစ်ဝတ်စုံမှ အစိတ်အပိုင်းများကို ဖုံးကွယ်ရန် ကြှိုုးစားသော်လည်း ၎င်းတို့သည် နာမည်အပျက်ဆုံး ခြေလျှင်တပ်ရင်းများမှ စစ်သားများဖြစ်ကြောင်း ထင်ရှားနေသည်။
မတ်လကတင်သော ဗီဒီယိုတခုတွင် တပ်မ ၉၉ အမှတ်အသားပါသော စစ်သားတယောက်က စစ်အုပ်ချုပ်ရေးကို လက်မခံလျှင် -င်ခံရန် ပြောနေသည်။ အခြားဗီဒီယိုများတွင်လည်း စစ်သားများသည် ဆန္ဒပြသူများ၏ ပစ္စည်းများကို လုယူကာ ဖမ်းဆီးခံထားရသော ဆန္ဒပြသူများနှင့် အခြားဒီမိုကရေစီလှုပ်ရှားမှုတွင် ပါဝင်သူများကို သေးသိမ်အောင်စေခိုင်းနေသည်။ ကြည့်ရှုသူ ၂၀၀၀၀ ကျော်ရှိသည့် အကောင့်တခုသည် ဆန္ဒပြသူများကို ပုံမှန်ခြိမ်းခြောက်နေပြီး ဒေါ်အောင်ဆန်းစုကြည်ကို ခေါင်းဖြတ်သည့် ဗီဒီယိုဂိမ်း ဇာတ်ကောင်တကောင်ကို ပုံဖေါ်ထားသည်။
ထိုဗီဒီယိုများကို ဝါရှင်တန်ပို့စ်က ဇွန်လ ၁၀ ရက်နေ့တွင် ဒေါင်းလုပ် လုပ်ခဲ့ပြီး ယခုဆောင်းပါးကို ရေးသားထုတ်ဝေချိန်တွင် ထိုအကောင့် ၁၉၇ ခုအနက် ၁၆၀ မှာ အွန်လိုင်းတွင် ရှိနေဆဲဖြစ်သည်။
ထိုကဲ့သို့ လူမဆန်သော ဖေါ်ပြချက်များကြောင့် စစ်အုပ်စုနှင့်ပြည်သူများအကြား ပြင်းထန်သောသဘောထား ကွဲလွဲမှုကို ဖြစ်စေပြီး အကြီးအကျယ်ဖြိုခွဲနှိမ်နင်းမှုများဖြစ်ကြောင်း ကုလသမဂ္ဂနှင့် လူ့အခွင့်အရေး အဖွဲ့များ ပြောသည်။
ထိုသို့သော ဖေါ်ပြချက်များကြောင့် စစ်သားများသည် ရက်စက်ကြမ်းကြုတ်မှုများတွင် ပါဝင်ရန်ဖြစ်လာကြောင်း ကုလသမဂ္ဂအရာရှိ တွမ် အင်ဒရူးပြောသည်။ “ဒါတွေက ရက်စက်ကြမ်းကြုတ်မှု ကျူးလွန်ဖို့ သူတို့ကို စိတ်ဓါတ်အရ တွန်းပို့ပေးနေတယ်” ဟု သူပြောသည်။
လက်နက်စွဲကိုင်ခြင်း
ဧပြီလ ၉ ရက်နေ့တွင် တိုက်ခိုက်မှုများအကြား မသေဘဲ ကျန်ရစ်သူ ၅၀ ခန့်သည် အခြားသူများနှင့်အတူ အနီးပတ်ဝန်းကျင် ရွာများသို့ ထွက်ပြေးကြသည်။ အသက် ၃၁ နှစ်ရှိပြီဖြစ်သော ကိုဇေယျအပါအဝင် အချို့သူများသည် စစ်တပ်နှင့် ဆယ်စုနှစ်များစွာ တိုက်ခိုက်နေသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ ထိန်းချုပ်ထားသည့် ကရင်ပြည်နယ်အထိရောက်သွားကြသည်။
ထိုဒေသများတွင် ၎င်းတို့သည် ၂ ပတ်ကြာ သင်တန်းတက်ပြီး ပဲခူးသို့ ပြန်လာကြသည်။ သူသည် စစ်တပ်နှင့် ပူးပေါင်းသွားသည့် ဆန္ဒပြခေါင်းဆောင်တဦးကို လုပ်ကြံသတ်ဖြတ်သည့် အဖွဲ့တွင် ပါဝင်ကြောင်း ကိုဇေယျက ဝါရှင်တန်ပို့စ်သို့ပြောသည်။

“ကျနော်တို့မှာ ခိုင်မာတဲ့ အဖွဲ့ဝင်တွေရှိတယ်။ ပြည်သူလူထုထောက်ခံမှုနဲ့ပဲခူးကို ပြန်လည်သိမ်းယူဖို့ ခက်ခဲမယ်လို့ ကျနော်မထင်ဘူး” ဟု သူပြောသည်။
ထိုကဲ့သို့သော စိတ်ခံစားမှုများသည် တနိုင်ငံလုံးတွင် ပျံ့နှံ့နေသည်။ လူမှုအသိုက်အဝန်းမှ ပြည်သူ့စစ်များသည် ပြန်လည်တိုက်ခိုက်ကြပြီး စစ်ရေးပစ်မှတ်များနှင့် စစ်ကောင်စီတပ်များနှင့် ပူးပေါင်းသူများကို တိုက်ခိုက်ကြသည်။ ပြည်သူ့စစ်များ၏တိုက်ခိုက်မှုကြောင့် သေဆုံးသူစာရင်းကို စစ်အုပ်စုက ထုတ်ပြန်ခြင်းမပြုပေ။ အကြမ်းဖက် ဆန္ဒပြသူများသည် အရပ်သားများကို သတ်ဖြတ်ပြီး မတည်ငြိမ်အောင်လုပ်နေကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သြဂုတ်လ ၁ ရက်နေ့မိန့်ခွန်းတွင်ပြောသည်။
မြန်မာ့စီးပွားရေး ပြိုလဲသွားပြီး မင်းမဲ့ဆန်လာချိန် စစ်အုပ်စုသည်လည်း ထင်ရာစိုင်းနေကြသည်။ မြန်မာစစ်အာဏာသိမ်းမှုကို လက်နက်ကိုင်ခုခံခြင်းသည် ထောင်ပေါင်းများစွာသော ပြည်သူများကို နေရပ်စွန့်ခွာထွက်ပြေးစေနိုင်ပြီး လူသားချင်းစာနာမှု အကျပ်အတည်းကို ပိုမိုဆိုးရွားစေနိုင်ကြောင့် နိုင်ငံတကာအကျပ်အတည်းလေ့လာရေးအဖွဲ့၏ ဇွန်လ အစီရင်ခံစာတွင် ဖေါ်ပြထားသည်။ တချိန်တည်းတွင် ထောင်များအပါအဝင် တနိုင်ငံလုံးတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုနှင့် သေဆုံးမှု အလျှင်အမြန် မြင့်မားလာပြီး ကျန်းမာရေးစောင့်ရှောက်မှုစနစ်သည် ပြိုလဲလုနီးပါးဖြစ်နေသည်။ စစ်အာဏာသိမ်းချိန်ကတည်းက ဖမ်းဆီးခံထားရသော နိုင်ငံရေးသမားများနှင့် တက်ကြွလှုပ်ရှားသူများသည် လွန်စွာကူးစက်လွယ်သော ဒယ်လ်တာ မျိုးကွဲကူးစက်မှုအတွက် လုံလောက်သော ကုသမှုမရကြပေ။
“ဒီလိုစက်ဆုတ်ဖွယ်ရာတွေ ရပ်တန့်အောင် အဓိပ္ပါယ်ပြည့်ဝတဲ့ တစုံတခုကို နိုင်ငံတကာအသိုက်အဝန်းက လုပ်ပေးနိုင်မယ်လို့ ပြည်သူတွေက မယုံကြည်ကြတော့ဘူး။ ဒီတော့ သူတို့က သူတို့ကိုယ်သူတို့နဲ့ မိသားစု တွေကို ကာကွယ်ဖို့ သူတို့ဖာသာသူတို့ လုပ်ကြတယ်” ဟု အင်ဒရူးပြောသည်။

လွန်စွာဆိုးရွားနေသော ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုအား စစ်ကောင်စီက ကိုင်တွယ်ပုံကို ဒေါသထွက်ပြီး ပိုမိုများပြားသောသူများသည် ပြည်သူ့ကာကွယ်ရေးအဖွဲ့များသို့ ဝင်ရောက်ကြကြောင်း ကိုဇေယျ ပြောသည်။ ပဲခူး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သည် ၎င်းတို့၏ ဒုတိယ တပ်မဟာကို ဖွဲ့စည်းထားပြီး စစ်သင်တန်းဆင်းပြီးသူ ၁ ထောင်ကျော်ရှိလာသည်။
မြန်မာစစ်အုပ်စုကို တိုက်ပွဲဝင်နေသည့် တချိန်တည်းတွင် သူသည် ပဲခူးမှအတွေ့အကြုံများမှ ဒဏ်ရာဒဏ်ချက်များကိုလည်း ဆက်လက်ခံစားနေရသည်။
“ဒီအတွေးတွေကို ဖျောက်ဖျက်ပစ်ဖို့ခက်တယ်။ ကျနော် အိပ်လို့မပျော်ဘူး။ မူးမှ အိပ်ပျော်နေတယ်။ ဒါပေမယ့် ရဲတွေ စစ်သားတွေကို သတ်ပြီးတဲ့အခါ ကျနော် အလွယ်တကူ အ်ိပ်ပျော်လာတာ သတိထားမိလာတယ်” ဟု သူပြောသည်။
(ယခုဆောင်းပါးအတွက် ကူညီခဲ့သော မြန်မာသတင်းသမား ၃ ဦး၏ လုံခြုံရေးအတွက် ၎င်းတို့အမည်များကို အသုံးပြုထားခြင်းမရှိပါ။ The Washington Post မှ How Myanmar’s military terrorized its people with weapons of war ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)
You may also like these stories:
စစ်ကောင်စီ ပစ်သတ်လိုက်သည့် ကိုယ်ဝန်ဆောင် အမျိုးသမီးတွင် ၄ နှစ်အရွယ် ကလေးငယ်ကျန်ခဲ့
တင်းမရွာသား ၁၈ ဦးအမှု အမြန်ဆုံးဖြေရှင်းပေးရန် မိသားစုဝင်များ တောင်းဆို
မြစ်ငယ် CDM မီးရထားဝန်ထမ်း ၁၀၀၀ ကျော် ရာထူးမှထုတ်ပယ်ခံရ
တပတ်အတွင်း အရပ်သား ၁၂ ဦးကို စစ်ကောင်စီသတ်ဖြတ်
ရခိုင်ပြည်နယ်အတွင်းက မွတ်ဆလင်ဒုက္ခသည်များ ရိက္ခာပြတ်လပ်နေ