ဘင်္ဂလား ပင်လယ်အော် ပင်လယ်ပြင်တွင် စက်လှေကြီးတစင်းက လှိုင်း ရိုတ်ခတ်မှုကြောင့် လူးလွန့်နေသည်။ လှိုင်းဒဏ်၊ လေဒဏ်ကြောင့် ထိုသို့ လူးလွန့်နေရာမှ တချက်တချက် ဆွဲခါလိုက်သလို ခါရမ်းသွားပြီး နစ်မြုပ်မတတ် ဘေးဘက်သို့ စောင်းသွားပြန်သည်။
စက်လှေကြီး၏ ဝမ်းဗိုက်ထဲတွင် အသက် ၁၅ နှစ်အရွယ် မရူဆင်းလ် ဆိုသည့် အမျိုးသမီးငယ်တယောက် လှိုင်းလုံးများနှင့် အတူ စည်းချက်ညီစွာ ဦခေါင်းကို ဘယ်ညာ ယိမ်းနေသည်။ သူမ၏ ဝမ်းအတွင်းရှိ အူ၊ ကလီစာများမှာလည်း ထွက်ကျ မတတ် မူးဝေနေသည့် ဒဏ်ကို လူးလိမ့်ခံစားနေရသည်။

ထိုအမျိုးသမီးငယ်မှာ စစ်တွေမြို့ အနောက်ဘက်ရှိ မွတ်ဆလင်ဒုက္ခသည်စခန်းက ဖြစ်ပြီး မလေးရှားနိုင်ငံရှိ အမျိုးသား တဦးနှင့် ပေါင်းသင်း လက်ထပ်ရန်အတွက် ဘင်္ဂလားပင်လယ်အော်ကို ဖြတ်ကျော်ကာ လူပွဲစားများ ခေါ်ဆောင်ရာသို့ လိုက်ပါနေခြင်း ဖြစ်သည်။
မရူဆင်းလ် အပါအဝင် မွတ်ဆလင် အမျိုးသမီး ၃ ဦး၊ အမျိုးသား ၂ ဦး တို့သည် မလေးရှားနိုင်ငံသို့ သွားရောက်ရန် လှိုင်းလေထန်သော မိုးတွင်းကာလမှာပင် ပင်လယ်ပြင်ကို သက်စွန့်ဆံဖျား ဖြတ်ကျော်နေခြင်း ဖြစ်သည်။
ကမ်းမမြင် လမ်းမမြင်သော ပင်လယ်ပြင်ထဲတွင် ၅ ရက်တိတိ ဖြတ်ကျော်သွားလာရသည့်အတွက် လှိုင်းမူးသည့် ဒဏ် ကြောင့် မရူဆင်းလ် တယောက် အစားအသောက်ပင် မစားနိုင်ဘဲ ဦးခေါင်း တခုလုံးသည် ချာချာလည်နေသည်။
“သမီးတို့ ၅ ယောက်လုံး လှိုင်းမူးပြီးတော့ ထမင်းလည်း မစားနိုင်ဘူး။ ရေလည်း မသောက်နိုင်ဘူး။ ဘယ်နေရာကို ရောက် နေတယ် ဆိုတာလည်း မသိဘူး။ ခေါင်းလည်း မထောင်နိုင်ကြဘူး။ သမီးတို့ စက်လှေနံရံမှာပဲ မှီပြီးတော့ ငိုကြတယ်” ဟု မရူဆင်းလ် (အမည်လွှဲ) က ပြီးခဲ့သော၂၀၂၀ ပြည့်နှစ် သြဂုတ်လ ၁၆ ရက်က အဖြစ်အပျက်ကို ပြန်လည် ပြောပြသည်။
ပင်လယ်ပြင်ကို ၅ ရက်ကြာ ဖြတ်ကျော်ပြီးသော အခါ မရူဆင်းလ်တို့ ၅ ဦးကို စက်လှေသမားများက ကမ်းကပ်ပြီး လူသံ တိတ်ဆိတ်သည့် နေရာတခုတွင် ချထားခဲ့သည်။

“ဒီတောင်ကို ကျော်ပြီးတာနဲ့ ကားနဲ့ လာခေါ်မယ်ဆိုလို့ သမီးတို့ တောင်တွေကို ကျော်ဖြတ်သွားရတယ်။ လူတွေလည်း မတွေ့ဘူး။ ရွာလည်း မရှိဘူး။ မိုးရွာရင်လည်း စိုရွှဲတယ်။ နေပူရင် ခြောက်သွားတယ်။ တောထဲက သစ်ပင်လိုပဲ” ဟု မရူဆင်းလ်က ဆိုသည်။
တောထဲတွင် ဖြစ်သလို စားသောက်နေထိုင်ပြီး ခရီးကြမ်းကို ဖြတ်ကျော်ရသည့်အတွက် မရူဆင်းလ် တယောက် နောက်ပိုင်းတွင် လမ်းမလျှောက်နိုင်တော့ပေ။ ခြေနှစ်ဖက်လုံးမှာလည်း သွေးများပင်ထွက်ပြီး ဝမ်းလျှောသည့် ဝေဒနာကလည်း ဖိစီး လာခဲ့သည်။
တောထဲတွင် ကျန်းမာရေး အခြေအနေ မကောင်းသည့်အကြောင်းကို ပထမတွင် ပွဲစားက အိမ်နှင့်ဖုန်း ဆက်သွယ်ပြီး စကားပြောခွင့်ပေးသော်လည်း နောက်ပိုင်းတွင် ပွဲစားက တိုက်ရိုက်ဖုန်းဆက်ခွင့်မပေးဘဲ ပွဲစားအချင်းချင်း ချိတ်ဆက်ပြီး ကားလာနေပြီ ဆိုသည့် စကားသာ ပြောဆိုပြီး လမ်းဆက်လျှောက်ရန် တွန်းအားပေးသည်။
“အဲဒီအချိန်က သမီးအားလုံးကို ကြောက်တယ်။ ပါလာတဲ့ ယောက်ျားတွေ ကြည့်တဲ့ မျက်လုံးတွေက ဘယ်လိုလဲဆိုတာ လည်း သတိထားပြီး ကြည့်တယ်။ ဒါပေမယ့် အဲဒီလို အခြေအနေမျိုးမှာ ကြောက်ရင်လည်း ဘာလုပ်လို့ ရမှာလဲ။ အဲဒီအချိန် က သမီး ငိုတာ တခုပဲ တတ်နိုင်တယ်” မရူဆင်းလ် က သူမ၏ လက်ချောင်းလေးများကို ပွတ်ရင်း တောထဲတွင် ခံစားခဲ့ရ သည့် ခရီးကြမ်းကို ပြောပြသည်။
သူမတို့သည် မည်သည့်နေရာ၊ မည့်သည့်အရပ်ဒေသကို ရောက်နေမှန်း မသိသော်လည်း တောတောင်အထပ်ထပ်ကို ဖြတ် ကျော်လာသည်မှာ ရက်ပေါင်းများစွာ ကြာလာသည့်အတွက် မရူဆင်းလ်ကို အဖော်အမျိုးသမီးများ တွဲခေါ်ဆောင်ပေးနေ သော်လည်း လိုက်ပါနိုင်ခြင်း မရှိတော့ပေ။
“တောထဲမှာ သမီးဘယ်လို ဖြစ်သွားတယ်ဆိုတာ မသိလိုက်တော့ဘူး။ သမီးသတိရလာတော့ လူတယောက်က ကားပေါ် မှာ တင်ပြီး သမီးကို ဆေးရုံကို သယ်ယူနေတယ်။ ဘေးနားမှာ သမီးအဖော်တွေလည်း မတွေ့ရဘူး။ သူ (ကားသမား) ရန်ကုန်ကို ဆေးကုဖို့ လာခေါ်တာလို့ ပြောတယ်” ဟု မရူဆင်းလ် က ကြုံတွေ့ခဲ့ရပုံကို ပြန်ပြောပြသည်။
မရူဆင်းလ်မှာ ရန်ကုန်တွင် ၃ ရက်တာ ဆေးကုသမှုခံယူပြီး လူပွဲစားများက မွန်ပြည်နယ်၊ မော်လမြိုင်မြို့သို့ ပို့ဆောင် ပေးခဲ့သည်။

“သမီး ဒုက္ခရောက်လို့ အိမ်ပြန်ဖို့ စဉ်းစားလိုက်တိုင်း အိမ်မှာ နေမကောင်းတဲ့ အဖေရယ်၊ နောက်ပြီး အလုပ်မရှိဘဲ ဖြစ်နေ ကြတဲ့ မောင်နှမတွေ မျက်နှာကို မြင်ယောင်ပြီးတော့ ငါ မလေးရှားနိုင်ငံရောက်မှ အဆင်ပြေမယ်ဆိုတာ စဉ်းစားမိတယ်” ဟု မရူဆင်းလ်က ပြန်ပြောပြသည်။
မောင်လမြိုင်မြို့တွင် နှစ်ပတ်ခန့်နေပြီး မရူဆင်းလ်တို့ နယ်စပ်ကို ဖြတ်ကျော်ရန် ကားဖြင့် ထွက်ခွာသွားကြစဉ် ဒေသ အာဏာပိုင်များနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ ပူးပေါင်း စစ်ဆေးရေး ဂိတ်တခုတွင် အထောက်အထားမဲ့ ခိုးထွက်လာသူများ အဖြစ် ဖမ်းဆီးခံလိုက်ရတော့သည်။
ထိုသို့ ဖမ်းဆီးခံလိုက်ရသည့်အတွက် မရူဆင်းလ်တို့၏ ထိမ်းမြားလက်ထပ်မည့် အိပ်မက်မှာ တဝက်တပျက်ဖြင့် လမ်း ပျောက်သွားခဲ့သလို သမက်လောင်း၏ ထောက်ပံ့ကြေးရမည့် သူမ၏ မိဘနှစ်ပါး၏ မျှော်လင့်ချက်မှာလည်း လမ်းဆုံး သွားခဲ့လေပြီ။
မရူဆင်းလ်တို့ မိဘနှစ်ပါးသည်လည်း တောလမ်းတွင် သမီးဖြစ်သူ ကျန်းမာရေး ဆိုးဝါးသည့် အခြေအနေကြောင့် ပွဲစားက ဆေးကုသမှုစရိတ်ကို ပို့ပေးမှသာလျှင် ဆေးရုံသို့ ပို့ဆောင်ပေးနိုင်မည် ဆိုသည့် ဖုန်းဆက် အကြောင်းပြန်လာမှုကြောင့် ခေါင်းမီး တောက်ခဲ့ရသည်။
ရောင်းချစရာ ပိုင်ဆိုင်မှုကလည်း မရှိသဖြင့် နောက်ဆုံး ကြံရာမရ ဖြစ်ကာ ကုလသမဂ္ဂ ကမ္ဘာ့ စားနပ်ရိက္ခာ အစီအစဉ် (WFP) က ထောက်ပံ့ပေးသည့် တအိမ်လုံးအတွက် ရိက္ခာငွေကို အပေါင်ခံကာ သမီးဖြစ်သူကို ဆေးကုသပြီး မလေးရှား နိုင်ငံသို့ အဆင်ပြေစွာ ပို့ဆောင်ပေးရန် ငွေဆယ်သိန်း လွှဲပေးခဲ့ရကြောင်းလည်း မိခင်ဖြစ်သူ ဒေါ်နာရူဘာနူက ပြောပြ သည်။
“တောထဲမှာ သမီး နေမကောင်း ဖြစ်တယ်ဆိုတာ ပထမတကြိမ် သမီးနဲ့ ဖုန်းပြောရတယ်။ နောက်ပိုင်း ပွဲစားက ဖုန်း တိုက် ရိုက် ပေးမပြောခိုင်းတော့ဘူး။ ငွေဆယ်သိန်း ပို့ပေးလိုက်၊ ငွေမပို့ရင် အဆင်မပြေဘူး ပြောပြီး ပြောတယ်။ ငွေမပို့ရင် ဖုန်း လည်း မကိုင်တော့ဘူး” ဟု ဒေါ်နာရူဘာနူက ပြောပြသည်။
စစ်တွေမြို့ အနောက်ဘက်ခြမ်း ဒုက္ခသည်စခန်းတွင် ရှိနေသည့် မရူဆင်းလ်တို့ မိသားစုအပါအဝင် သိန်းချီရှိနေသည့် မွတ်ဆလင်များသည် ၂၀၁၂ ခုနှစ်အတွင်းက ဖြစ်ပွားခဲ့သော ပဋိပက္ခကြောင့် မြို့နယ်အသီးသီးမှ ပြောင်းရွှေ့နေထိုင်သူ များ ဖြစ်သည်။
ထို အရေးအခင်း ကာလအတွင်း လူပေါင်း ၂၀၀ နီးပါး သေဆုံးခဲ့ပြီး နေအိမ် အမြောက်အများ မီးလောင်ခဲ့ရာ ဒုက္ခသည် သိန်းနှင့် ချီ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ကြသည်။
ဒုက္ခသည်အများစုမှာ ပေါက်တော၊ မြေပုံ စသည့်မြို့နယ်များနှင့် စစ်တွေမြို့ပေါ် နာဇီရပ်ကွက်၊ မကျည်းမြိုင်ရပ်ကွက်၊ မော လိပ်ရပ်ကွက်၊ ဘုမေ စသည့် ရပ်ကွက်တွင် နေထိုင်ခဲ့သူများလည်း ဖြစ်သည်။
မွတ်ဆလင် ဒုက္ခသည်များမှာ စစ်တွေမြို့ ပင်လယ်ကမ်းစပ်အနီး ဝန်းကျင်ရှိ၊ သဲချောင်း၊ ခေါင်းဒုက္ကာ၊ မှန်စီ၊ အုန်းတော စ သည့် နေရာများသို့ ရွှေ့ပြောင်းနေထိုင်ခဲ့ရပြီး လက်ရှိအချိန်အထိ အစိုးရက ပြန်လည် နေရာချထားရေး အစီအစဉ်များ ဆောင်ရွက်နိုင်ခြင်း မရှိသေးသလို ယခု ကိုဗစ်ကာလအတွင်းလည်း ထောက်ပံ့မှု ရိက္ခာပြတ်တောက်လျက် ရှိသည်။
ယခုနှစ် (၂၀၂၁ ခုနှစ်) ဇွန်ကလနေ စက်တင်ဘာလအထိ နိုင်ငံတကာ အထောက်အပံ့ ရိက္ခာများ ပြတ်တောက်နေသလို ကိုဗစ်ကာလလည်း ဖြစ်သည့်အတွက် ဒုက္ခသည်စခန်းမှ မွတ်ဆလင်များ တပူပေါ် တပူဆင့်လျက် ရှိကြောင်း မွတ်ဆလင် ဒုက္ခသည်စခန်း တာဝန်ခံများက ဆိုသည်။
ခေါင်းဒုက္ကာ ဒုက္ခသည်စခန်းမှ တာဝန်ခံ ဦးမောင်မောင်တင်က “ရိက္ခာ မရတာ ဒီလဆို ၄ လရှိပြီ။ ကျနော်တို့ အထက်ကို အမျိုးမျိုး တင်ပြတော့ အခု တလစာတော့ ပေးမယ်။ အဲဒီ လစာ ရတာ၊ ချေးငှားပြီး စားသောက်ထားတော့ ပြန်ပေးလိုက်ရင် စားစရာ ဘာမှ မကျန်တော့ဘူး။ အကြွေးလည်း ပတ်လည် ဝိုင်းနေသေးတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ရိက္ခာထောက်ပံ့သည့် နိုင်ငံတကာအဖွဲ့အစည်းများမှ တာဝန်ရှိသူများကို မွတ်ဆလင် စခန်းတာဝန်ခံများက ဆက်သွယ် မေးမြန်းကြည့်ရာ သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းများမှ ခွင့်ပြုချက်မရသည့်အတွက် လာရောက် မပေးနိုင်ခြင်း ဖြစ် ကြောင်းကို အကြောင်းပြန်သည်ဟု ဆိုသည်။
ထိုသို့ ကိုဗစ်ကာလည်းဖြစ် ရိက္ခာပြတ်တောက်မှုနှင့် ကြုံတွေ့နေရသည့်အတွက် စစ်တွေမြို့ အနောက်ဘက်ရှိ မွတ်ဆလင် ဒုက္ခသည် စခန်းတွင် သူခိုး၊ သူဝှက်များ ပေါများနေသလို တချို့ အိမ်ထောင်ရှင်များမှာ မိသားစု အခက်အခဲများကို မဖြေ ရှင်းနိုင်တော့သည့်အတွက် ရူးသွပ်သွားသူများပင် ရှိနေကြောင်း ဒုက္ခသည်စခန်းမှ မွတ်ဆလင်များက ပြောသည်။
ထိုအထဲတွင် မိသားစုဝင်အားလုံး၏ ထောက်ပံ့မှု ရိက္ခာကို အခြားသူထံ အပေါင်ထားပြီး ကြုံရာကျပန်း ရှာစားနေရသော မရူဆင်းလ်တို့ မိသားစုဝင်များအဖို့ တပူပေါ်တပူဆင့်ကာ ဒုက္ခပင်လယ် ဝေနေလျက်ရှိသည်။

မရူဆင်းလ်၏ မိခင် ဒေါ်နာရူဘာနူက “ဒီကာလမှာ ကျမတို့ တအိမ်လုံး ရိက္ခာကလည်း သူများဆီ အပေါင်ဆုံးသလို ဖြစ်နေ တယ်။ ရှာဖွေ စားသောက်ဖို့ အလုပ်လည်း မရှိဘူး။ အသက်ရှင်ဖို့တောင် မလွယ်ကူဘဲ ဘဝကို ရောက်နေရပြီ” ဟု ငြီးတွား ပြောဆိုသည်။
အဆိုပါ ဒုက္ခသည်စခန်းများတွင် လူဦးရေ သိန်းနှင့်ချီရှိကာ၊ ပင်လယ်ပြင် ထွက်ပြီး ငါးရှာခြင်း၊ ရာသီပေါ် သီးနှံများ စိုက်ပျိုး ခြင်း၊ ကြုံရာကျပန်းများ လုပ်ကိုင်စားသောက်ကြပြီး အများစုမှာ နိုင်ငံတကာ ထောက်ပံ့မှု မျှော်ကိုး၍ ရှင်သန်နေထိုင်ကြ ရ သည်။
လူဦးရေ ထူထပ်ပြီး ကလေးမွေးဖွားနှုန်းမှာလည်း ကြောက်ခမန်းလိလိ များပြားလာမှုနှင့်အတူ လူမှုရေး၊ စီးပွားရေး ဝမ်းရေး ပြဿနာများကြောင့် ဒုက္ခသည်စခန်းက မွတ်ဆလင်အမျိုးသမီးငယ်များမှာ နိုင်ငံရပ်ခြားရှိ အမျိုးသားများနှင့် လက်ထပ်ရန် အတွက် လူမှုကွန်ရက်များကနေ ချိတ်ဆက်ပြီး အပြန်အလှန် ဓာတ်ပုံများကို ပြကာ မိဘများ ကိုယ်တိုင်ပင် ကြည်ဖြူစွာ ပို့ ဆောင်ပေးကြသည်။
ထိုသို့ နိုင်ငံခြားသို့ ထွက်ခွာရာတွင် ကုန်ကျသည့် ပွဲစားစရိတ်များကို လက်ထပ်မည့် သတို့သားလောင်းများက တာဝန်ယူ ကုန်ကျခံတတ်ပြီး သတို့သမီးလောင်းမှာ တဖက်လက်ထဲသို့ ရောက်ရှိသွားလျှင် ဒုက္ခသည်စခန်းရှိ မိဘများကိုလည်း ငွေကြေး ထောက်ပံ့လာမှုများ ရှိကြောင်းလည်း သိရသည်။
ရခိုင်ပြည်နယ်အတွင်းက မွတ်ဆလင်ဒုက္ခသည် အရွယ်ကောင်း အမျိုးသားများမှာလည်း အလုပ်အကိုင်ရှားပါးသည့်အတွက် ရေကြည်ရာ၊ မြက်နုရာ နိုင်ငံရပ်ခြားသို့ ထွက်ခွာသွားလာကြသည်။
ထိုအထဲတွင် အရွယ်ကောင်းသည့် အမျိုးသမီးငယ်များပါ အကြောင်းအမျိုးမျိုး၊ လမ်းကြောင်းအမျိုးမျိုးဖြင့် နိုင်ငံခြားသို့ ထွက်ခွာမှုများမှာလည်း တနေ့တခြား တိုးလာနေကြောင်း မွတ်ဆလင် အသိုင်းအဝိုင်းထံက သိရသည်။
ဒီမိုကရေစီနှင့် လူ့အခွင့်ရေး ပါတီ ဥက္ကဋ္ဌလည်းဖြစ် မွတ်ဆလင်အရေး လှုပ်ရှားဆောင်ရွက်နေသည့် ရှေ့နေ ဦးကျော်မင်းက ထိုသို့ သမီးငယ်များကို နိုင်ငံခြားသို့ ပို့ဆောင်ခြင်းမျိုးကို မပြုလုပ်ရန် အသိပညာပေးသော်လည်း မိဘများကိုယ်တိုင် နား မဝင်ကြောင်း ပြောသည်။
“အဓိကတော့ လူမှုရေးနဲ့ စီးပွားရေး အကျပ်အတည်းပေါ့။ မွတ်ဆလင်ဒုက္ခစခန်းမှာ အိမ်ထောင်မကျတဲ့ အမျိုးသမီးတွေ အများကြီး ဖြစ်နေယ်။ အဲဒီတော့ မိဘတွေ က်ိုယ်တိုင်ကလည်း အိမ်ထောင်ချလို့ရတဲ့ နေရာကို ပို့ပေးမယ်။ ဟိုကို ရောက်သွားရင် သမက် ဖြစ်တဲ့လူကစရိတ်တွေ ဘာတွေ ထောက်ပံ့တာပေါ့။ အဲဒီငွေကို မက်ပြီးတော့ သမီးကို ဘယ်လိုပဲ ဖြစ်ဖြစ် စွန့်စားပြီး ထည့်ပေးလိုက်တယ်” ဟု ရှေ့နေ ဦးကျော်မင်းက ဧရာဝတီသို့ ပြောသည်။
မွတ်ဆလင် ဒုက္ခသည်စခန်းတွင် အနီးဝန်းကျင်အိမ်က အမျိုးသမီးငယ်တဦးမှာ နိုင်ငံခြားသို့ ရောက်ရှိပြီး အိမ်ထောင်ကျ သွားသည်ဆိုသည့် သတင်းစကားများကြောင့်လည်း ကျန် မွတ်ဆလင် မိသားစုဝင်များက သူတို့၏ သမီးများကိုလည်း ထိုသို့ ပို့ဆောင်ရန် အတွေးများ ခေါင်းထဲသို့ တိုးဝင်သွားသည့် အခြေနေများလည်း ရှိနေကြောင်း ၎င်းက ဆိုသည်။
မွတ်ဆလင် ယဉ်ကျေးမှု ဓလေ့ထုံးတမ်းတွင်လည်း အမျိုးသမီးများကို ရောင်းစားသည့် သဘောမျိုး တပါးသူလက်ထဲသို့ မထည့်ရဟု တားမြစ်ထားသော်လည်း လက်ရှိ အချိန်တွင်တော့ ထိုတားမြစ်ချက်များကို ချိုးဖောက်သူများမှာလည်း များပြား လာနေကြောင်း မွတ်ဆလင် အသိုင်းအဝိုင်း ခေါင်းဆောင်များက ဆိုကြသည်။

မွတ်ဆလင်များ လက်ထပ် ပေါင်းသင်းကြရာတွင် အမျိုးသမီးဘက်က အမျိုးသားဖြစ်သူ တောင်းခံသည့် အိမ်ထောင်ရေး အသုံးအဆောင်များ၊ ထိမ်းမြား လက်ထပ်ခြင်း၊ ပွဲလမ်းသဘင် ကျင်းပရာတွင် အမျိုးသမီးဘက်ကသာ ကျခံရ သည့်အတွက် ငွေးကြေးချို့တဲ့သည့် မိန်းကလေး မိဘများမှာ သူ့တို့၏ သမီးငယ်များကို အိမ်ထောင်ချပေးရန် အခက်ကြုံ တွေ့နေရမှုများလည်း ရှိကြောင်း မွတ်ဆလင် အသိုင်းအဝိုင်းက ပြောပြကြသည်။
ထိုသို့ အခက်ကြုံမှုများကြောင့်လည်း မိဘများကိုယ်တိုင် နိုင်ငံရပ်ခြားရှိ အမျိုးသားများနှင့် လက်ထပ်ပေါင်းသင်းရန် သမီးများကို ပွဲစားလက်ထဲသို့ ထည့်ပြီး ပို့ဆောင်ပေးရာ တချို့မှာ ခေါ်ယူသည့် အမျိုးသားလက်ထဲသို့ ရောက်သွားတတ်သလို တချို့မိန်းမငယ်များမှာလည်း ပွဲစားများ၏ အဆင့်ဆင့် ရောင်းစားခြင်းမျိုးကို ကြုံရလေ့ ရှိကြောင်း ရှေ့နေ ဦးကျော်မင်းက ပြောသည်။
“အဲဒီ လူပွဲစားဆိုတာ သူတော်ကောင်းတွေမှ မဟုတ်တာ။ သူတို့ လက်ထဲရောက်သွားရင် ဘာဖြစ်မယ်ဆိုတာ ဘယ်သူမှ မပြောနိုင် တော့ဘူးလေ” ဟု ရှေ့နေ ဦးကျော်မင်းက ပြောပြသည်။
ထိုသို့ တဖက်နိုင်ငံသို့ ပို့ဆောင်သည့် လူပွဲစားများတွင် လမ်းခရီး၏ နယ်မြေအလိုက် ရခိုင်၊ ဗမာ၊ မွတ်ဆလင် စသည့် သူအားလုံးက ပူးပေါင်း ချိတ်ဆက်ပြီး နိုင်ငံခြားသို့ ပို့ဆောင်ပေးနေခြင်း ဖြစ်ကြောင်းလည်း စောင့်ကြည့်လေ့လာသည့် မွတ်ဆလင် ခေါင်းဆောင်များက ဆိုသည်။
၂၀၂၀ ပြည့်နှစ်အတွင်း မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသူများကို တားဆီးကာကွယ်ခဲ့ရာ တရားမဝင် ဝင်ရောက်လာသူ ၇၁၅ ဦး ဖော်ထုတ်ဖမ်းဆီးခဲ့ကြောင်း အာဏာပိုင်များက ဇန်နဝါရီလ ၂၁ ရက်က ထုတ်ပြန်ခဲ့သည်။
ထိုသို့ ဒေသအလိုက်စစ်ဆေးရေး အဖွဲ့များနှင့် လုံခြုံရေးအဖွဲ့များက တရားမဝင် ဝင်ရောက်လာသူများကို ဖော်ထုတ် စစ် ဆေးခဲ့ရာ ရခိုင်ပြည်နယ်အတွင်း၌ တရားမဝင် ဝင်ရောက်လာသူ ၁၀၄ ဦး၊ ရန်ကုန်တိုင်းအတွင်း၌ ၁၁၁ ဦး၊ ဧရာဝတီ တိုင်း အတွင်း၌ ၁၄၄ ဦး၊ မကွေးတိုင်းအတွင်း၌ ၂၀၈ ဦး၊ အခြား ဒေသအသီးသီး၌ ၁၄၈ ဦး၊ စုစုပေါင်း တရားမဝင် ဝင်ရောက် လာသူ ၇၁၅ ဦးကို ဖော်ထုတ်၍ ထိန်းသိမ်းနိုင်ခဲ့ကြောင်းလည်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထိုသို့ ဖမ်းဆီးခံရသည့်အထဲတွင် စစ်တွေ မွတ်ဆလင်ဒုက္ခသည် စခန်းမှ မရူဆင်းလ်တို့လည်း အပါအဝင် ဖြစ်သည်။
မော်လမြိုင်မြို့တွင် ဖမ်းဆီးခံရသည့် မရူဆင်းလ်တို့ကို လုံခြုံရေး တပ်ဖွဲ့ဝင်များက ကျောက်ဖြူမြို့သို့ ပို့ဆောင်ပေးခဲ့ပြီး ထိုမှ တဆင့် ပြီးခဲ့သော၂၀၂၀ နိုဝင်ဘာလ ၁၅ ရက်တွင် စစ်တွေမြို့အနောက်ဘက်ခြမ်းရှိ မွတ်ဆလင်ဒုက္ခသည် စခန်းသို့ ပြန်လည် ပေးပို့ခဲ့သည်။
အခုတော့ မရူဆင်းလ်သည် ဆွေးမြည့်ပေါက်ပြဲနေသည့် ဝါးထရံများဖြင့် နေရောင် မဝင်အောင် ကာရံထားသည့် ဓနိမိုး ထား သည့် အခန်းငယ်တခုတွင် ထိုင်လျက် အဝေးတနေရာကို ငေးမောနေရုံသာ။
သူမ မိသားစု ဝမ်းရေးကို ဖြေရှင်းရန် သတို့သမီးအိပ်မက် ပျက်ပြယ်ခဲ့ရသလို နေစရာ၊ စားစရာ အတွက် သောကရောက် နေကြသည့် မိသားစုဝင်များ၊ အိပ်ရာထဲတွင် ဘုံးဘုံးလဲနေသော ဖခင်တို့အတွက် သူ ဘာများတတ်နိုင်ဦးမည်နည်း။
You may also like these stories:
ရခိုင်ပြည်နယ်အတွင်းက မွတ်ဆလင်ဒုက္ခသည်များ ရိက္ခာပြတ်လပ်နေ
မောင်တောတွင် စစ်တပ်က ဖမ်းဆီးသွားသည့် မွတ်ဆလင်ကျေးရွာ အုပ်ချုပ်ရေးမှူး ၁ ဦး သေဆုံး
ရွာသားများကို ဗလီ၌ ပိတ်လောင်ထားသည် ဆိုခြင်းမှာ မမှန်ဟု AA ပြော