ဆောင်းပါး

NUG ခုခံစစ် ကြေညာမှု ၁၉၄၉ ခုနှစ် ပုန်ကန်မှုကို ပြန်မြင်စေ

ယခုသီတင်းပတ်အစောပိုင်းတွင် ကြေညာသော အမျိုးသားညီညွတ်ရေး အစိုးရ NUG ၏ လက်ရှိ စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်သော “ပြည်သူ့ခုခံရေးစစ်ပွဲ” ကြေငြာချက်သည် ယခင် ၁၉၄၉ ခုနှစ် လက်နက်ကိုင်အဖွဲ့အစည်းများက အစိုးရကို ပြည်လုံးကျွတ် အတိုင်းအတာ ပုန်ကန်မှုကြီးကို တခါပြန်လည် အမှတ်ရစေသည်။

၂၀၂၁ ခုနှစ် စက်တင်ဘာလ ၇ ရက်၌ NUG ၏ ယာယီသမ္မတ ဦးဒူဝါ လရှီးလသည် အရပ်သား ကာကွယ်ရေး တိုက်ခိုက်သမားများအား အာဏာသိမ်း စစ်ကောင်စီနှင့် ၎င်း၏ အပေါင်းအပါများကို တော်လှန်တိုက်ခိုက်ရန်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကိုလည်း စစ်အစိုးရကို ဝိုင်းဝန်းတွန်းလှန် တိုက်ခိုက်ရန် လှုံ့ဆော်ကြောငြာလိုက်သည်။ NUG အစိုးရသည် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သောအင်အားစုများကို တစုတစည်းနှင့် ပိုမိုထိရောက်သောပုံစံဖြင့် စစ်ကောင်စီအား တိုက်ထုတ်နိုင်ရန် မျှော်လင့်နေသည်။ ပြည်တွင်းစစ်က တောနယ်ရော မြို့ပြများပါ ပျံ့နှံ့လာနေသည်။

ပြည်တွင်းစစ်အစ ပုန်ကန်မှုနှိမ်နင်းရေး စစ်ဆင်ရေးအတွင်း မြင်ကွင်

ပြည်တွင်းစစ်အစ ၁၉၄၈ ခုနှစ်ကို ပြန်ကြည့်လျှင် မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိပြီး လအနည်းငယ်အကြာတွင်ပင် လက်နက်ကိုင် အဖွဲ့အစည်းအများအပြားသည် အတွေးအခေါ်ပဋိပက္ခများနှင့် လူမျိုးရေးတင်းမာမှုများကို အကြောင်းပြု၍ ဖဆပလခေါ် ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်မြောက်ရေးအဖွဲ့ချုပ် အစိုးရအား လက်နက်စွဲကိုင် တော်လှန်တိုက်ခိုက်ခဲ့ကြသည်။ ထိုအချိန်က မြန်မာနိုင်ငံ၏ လူဦးရေသည် ၁၇ သန်းသာရှိသေးပြီး ယနေ့တွင် ၅၄ သန်းဝန်းကျင်ခန့် ရှိပြီဖြစ်သည်။

လွတ်လပ်ရေးမရမီကတည်းက တည်ထောင်ခဲ့သော ကရင်အမျိုးသားညီညွတ်ရေးအဖွဲ့ (KNU) ၏ လက်နက်ကိုင် အဖွဲ့အစည်းဖြစ်သော ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့အစည်း (KNDO) သည် အစိုးရထံမှ ပြည်ထောင်စုမှ ခွဲထွက်ခွင့်ကို တောင်းဆိုခဲ့ရာ အစိုးရမှ ခွင့်မပြုသဖြင့် ပုန်ကန်ခဲ့သည်။ KNU သည်လည်း ပြည်ထောင်စုအတွင်း ကရင်လူမျိုးများ၏ နယ်မြေနယ်နိမိတ်များနှင့် ပတ်သက်၍ အစိုးရနှင့် သဘောထားကွဲလွဲခဲ့သည်။

ပြည်တွင်းစစ်အစ ပုန်ကန်မှုနှိမ်နင်းရေး စစ်ဆင်ရေးအတွင်း မြင်ကွင်း

မြန်မာစစ်တပ်မှ ကရင်တပ်ရင်းနှစ်ရင်းဖြစ်သော ပြည်အခြေစိုက်တပ်ရင်း၊ ယနေ့ ပဲခူးတိုင်းဒေသကြီးရှိ တောင်ငူမြို့အခြေစိုက်တပ်ရင်းတို့နှင့် ကရင်ပြည်နယ်ရဲတပ်ဖွဲ့တို့သည် KNDO သို့ ဝင်ရောက်ပူးပေါင်းခဲ့သည်။ ယနေ့မကွေးတိုင်းဒေသရှိ သရက်မြို့နှင့် ရန်ကုန် မင်္ဂလာဒုံတို့၌ အခြေစိုက်ထားသည့် တပ်ရင်း၁ နှင့် တပ်ရင်၃တို့ နှင့် ပဲခူးခြေစိုက်တပ်ဖွဲ့ အချို့သည်လည်း အစိုးရအား ပုန်ကန်ခဲ့ကြသည်။

စစ်တပ်က ထုတ်ဝေသော ပြည်တွင်းသောင်းကျန်းမှု သမိုင်းတွင် ထိုအချိန်က မြန်မာ့တပ်မတော်၌ အရာရှိနှင့်ယောက်ျားများ ၂၀၀၀ ခန့်သာ ကျန်ရှိခဲ့သည်ဟု ဆိုသည်။

အစိုးရဆန့်ကျင်ရေးအဖွဲ့များတွင် ကွန်မြူနစ်တို့နှင့် အခြားအဖွဲ့အစည်း အမြောက်အမြားပါဝင်ခဲ့ကာ စစ်တပ်ထက်ပင် အင်အားတောင့်တင်းကြသည်။ အဘယ်ကြောင့်ဆိုသော် ဒုတိယကမ္ဘာစစ်အပြီး လက်ကျန်လက်နက်များရှိခြင်းနှင့် အစိုးရတပ်များ ဘက်ပြောင်းသွားသောအခါ ၎င်းတို့နှင့် အတူ လက်နက်များ တပါတည်း ယူသွားသောကြောင့် ဖြစ်သည်။

အင်းစိန်တိုက်ပွဲ စေ့စပ်ညှိနှိုင်းရန် ရန်ကုန်သို့ ရောက်လာသော ကရင်ခေါင်းဆောင် စောဘဦးကြီး

တိုက်ခိုက်ရေးအင်အား ၁၀၀၀၀ မှ ၁၅၀၀၀ ကြားရှိသော ဗမာပြည်ကွန်မြူနစ်ပါတီမှ တပ်ဖွဲ့များသည် ယနေ့ခေါ် ဧရာဝတီ၊ ပဲခူး၊ မန္တလေး၊ မကွေး၊ ဟင်္သာတ၊ ပျဉ်းမနား၊ ရမည်းသင်း၊ မြင်းခြံနှင့် ပခုက္ကူ အပါအဝင်မြို့များကို သိမ်းပိုက်ခဲ့သည်။

တချိန်တည်းမှာပင် လွတ်လပ်ရေးကြိုးပမ်းမှုအတွက် လွတ်လပ်ရေးသူရဲကောင်း ဗိုလ်ချုပ်အောင်ဆန်း ဖွဲ့စည်းတည်ထောင်ခဲ့သော သူ၏ ကိုယ်ပိုင်အရံတပ်ဖွဲ့အဖြစ် သိကြသော ပြည်သူ့ရဲဘော်အဖွဲ့ခေါ် အဖြူရောင်လက်ပတ်အဖွဲ့သည်လည်း မြန်မာနိုင်ငံအလယ်ပိုင်းမြို့များကို သိမ်းပိုက်ခဲ့ကြသည်။

တပ်သားအင်အား ၁၀၀၀၀ ခန့်အနည်းဆုံးရှိမည်ဟု ယူဆရသော KNDO သည် မွန်အမျိုးသားကာကွယ်ရေးအဖွဲ့နှင့် ပူးပေါင်း၍ မွန်ပြည်နယ်ရှိမော်လမြိုင်နှင့် သထုံတို့ကို သိမ်းပိုက်ခဲ့ကြသည်။ ၁၉၄၉ ခုနှစ် အစောပိုင်းတွင် KNDO သည် ၎င်း၏ တပ်များ ရန်ကုန်မြောက်ပိုင်းမြောက်ပိုင်း အင်းစိန်မြို့ကို မသိမ်းပိုက်မီ မန္တလေး၊ ပြင်ဦးလွင်၊ တောင်ငူ၊ ပုသိမ်၊ မိတ္ထီလာနှင့် အခြားမြို့များကို ထိန်းချုပ်ခဲ့သည်။

အင်းစိန်တိုက်ပွဲ စစ်မြေပြင်သို့ ဗိုလ်ချုပ်နေဝင်း သွားရောက်စစ်ဆေးစဉ်

၁၉၄၉ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှမေလ ၂၂ ရက် အကြားတွင် KNDO သည် အင်းစိန်ထောင်အား ထိန်းချုပ်နိုင်ခဲ့သဖြင့် ရန်ကုန်ရှိ ဗဟိုအစိုးရအား ကြီးစွာသော ခြိမ်းခြောက်မှုတခု ဖြစ်စေခဲ့သည်။

မငြိမ်မသက်မှုများကြားတွင် အစိုးရဝန်ထမ်းများသည် အစိုးရအား နေရာအနှံ့ သပိတ်မှောက်ကြသည်။ ထိုသို့ကြောင့်ပင် အစိုးရအဖို့ အသက်ရှင်ရန် အနည်းငယ်ချောင်သာသွားသည်။ အဘယ်ကြောင့်ဆိုသော ထိုစဉ်က ဝန်ကြီးဦးနု၏ ပြန်လည်ပြောပြခြင်းအရ “အဲဒီအချိန်တုန်းက ပြည်ထောင်စုအစိုးရသည် ငွေကြေး လုံးဝ ပြတ်လုနီး ဖြစ်သည်။ ဝန်ထမ်းလစာ ပေးချေရန် အလွန်ခက်ခဲနေခဲ့သည်။ ကံကောင်းထောက်မစွာပင် နိုင်ငံအနှံ့ အစိုးရဝန်ထမ်းများ သပိတ်မှောက်ကြသဖြင့် ထိုပြဿနာကို တခဏ ဖြေရှင်းနိုင်ခဲ့သည်” ဟု ဆိုသည်။

၁၉၄၉ ခုနှစ် သထုံတိုက်ပွဲအတွင်း လက်နက်ကြီး ပစ်ခတ်စဉ်

ရန်ကုန်မြို့ကို လက်နက်ကိုင်အဖွဲ့အစည်းများမှ ဝန်းရံထားသည်။ အစိုးရသည် နိုင်ငံတဝှမ်းလုံး၌ ပုန်ကန်နေမှုအား မထိန်းချုပ်နိုင်ဘဲ ရန်ကုန်ကို ထိန်းရန်ပင် ခက်ခက်ခဲခဲ ရုန်းကန်နေရသည်။ နိုင်ငံတကာသတင်းစာအချို့က ဦးနုအစိုးရအား “ရန်ကုန်အစိုးရ” ဟုပင် ရည်ညွှန်း ပြောဆိုလာကြသည်။

“၁၉၄၈ ခုနှစ်မှ ၁၉၄၉ ခုနှစ် ဧပြီလအထိ ကာလ တလျှောက်လုံးတွင် ပြည်ထောင်စုမြန်မာနိုင်ငံသည် ပြင်းထန် ခက်ခဲစွာ ရပ်တည်ခဲ့ရသည်” ဟု ဦးသန့်၏ ပြည်တော်သာခရီးစဉ် ဟူသော စာအုပ်တွင် ရေးသားခဲ့သည်။ ဦးသန့်သည် ဦးနုအစိုးရလက်ထက်တွင် ပြည်သူ့ဝန်ထမ်းအဖြစ် တာဝန် ထမ်းဆောင်ခဲ့ကာ ထို့နောက်တွင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။

မြန်မာ့တပ်မတော်တပ်ဖွဲ့များသည် လက်နက်များ မလုံလောက်သဖြင့် ဦးနုသည် သူ၏ မိတ်ဆွေ အိန္ဒိယ ဝန်ကြီး ဂျာဝါဟာလာ နေရူ (Jawaharlal Nehru) ထံမှ အကူအညီရယူရန် နယူးဒေလီသို့ ပျံသန်းခဲ့ရသည်။ နေရူးထံမှ လက်နက်အထောက်အပံ့များ ရရှိပြီးနောက်မှသာ ဖဆပလအစိုးရသည် သူပုန်များ သိမ်းယူခဲ့သော မြို့များကို ပြန်လည်သိမ်းပိုက် ရယူနိုင်ခဲ့သည်။

တိုက်ပွဲကြား ပိတ်မိနေသော ပြည်သူများ

တချို့သော လက်နက်ကိုင် အဖွဲ့အစည်းအသီးသီးတို့သည် မတူညီတဲ့ နိုင်ငံရေးရည်ရွယ်ချက်များကြောင့် ပုန်ကန်မှုမှ ရပ်နားကာ ဦးနုအစိုးရကို ပြန်လည်ကူညီမှုများပင် ရှိခဲ့သည်။

၁၉၅၀ တွင် အစိုးရသည် သိမ်းပိုက်ထားသော မြို့အများစုကို ပြန်လည်သိမ်းယူနိုင်ခဲ့သည်။

သို့သော် ပြည်တွင်းစစ်ပွဲများ အဆုံးမသတ်နိုင်ခဲ့ဘဲ စစ်အာဏာရှင်စနစ် ကြီးစိုးလာခဲ့ကာ နောက်ပိုင်းတွင် လက်နက်ကိုင်အဖွဲ့အစည်းများ ပိုမိုပေါ်ပေါက်လာပြီး ယနေ့ကာလ နှစ်ပေါင်း ၇၀ ကြာသည် အထိ မြန်မာနိုင်ငံသည် ပြည်တွင်းစစ်မီး မငြိမ်းနိုင်သေးသည့်အပြင် ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းမှုကြောင့် ပြန်လည်ပြီး ပိုမိုကျယ်ပြန့်လာနေသည်မှာ NUG ၏ တိုက်ပွဲခေါ်သံက သက်သေပင် ဖြစ်တော့သည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Myanmar Shadow Government’s Declaration of War Echoes 1949 Rebellion ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)

You may also like these stories:

မြန်မာ့တပ်မတော်တွင် စွမ်းရည်သုံးရပ် ကင်းမဲ့သွားပြီ

ကျွန်ဝယ်ရာအဆစ်ပါရတဲ့ စစ်သားမယားများ

ကျယ်ပြန့်လာနေသော မြန်မာပြည်တွင်းစစ်ရဲ့ ဟိုချီမင်းလမ်းကြောင်းများ

မြန်မာစစ်တပ် သေဆုံးမှုနှုန်း တိုးနေသော်လည်း

လူထုအနေဖြင့် ကာကွယ်ရေးနှင့် ပြည်သူ့အုပ်ချုပ်ရေး တပြိုင်တည်းလုပ်ရန် NUG တိုက်တွန်း

Loading