မြန်မာနိုင်ငံသည် ပို၍ပို၍ မြေအောက်နိုင်ငံဖြစ်လာနေသည်။ တနိုင်ငံလုံး တူတူပုန်းတမ်း ကစားနေကြသည်ဟုပင် ဆိုနိုင်သည်။ သို့သော် ထိုကစားပွဲတွင် သေနိုင်လောက်သည့် အကျိုးဆက်များ ရှိနေသည်။ တွေ့သွားလျှင် ဖမ်းဆီးခြင်း၊ ညှင်းပမ်းနှိပ်စက်ခြင်းနှင့် သေမင်းနှင့်ပင် ရင်ဆိုင်ရနိုင်သည်။
စာရေးသူ ပုန်းရှောင်နေရသည် လများစွာကြာပြီဖြစ်သည်။ ထိုသို့သော အတွေ့အကြုံကို ခံစားဖူးသူတိုင်းသည် စာရေးသူ ယခုပြောမည့်အချက်ကို သဘောတူမည်ဖြစ်သည်။ လုံး၀ပြီးပြည့်စုံသည့် ပုန်းအောင်းစရာနေရာဆိုသည်မှာ လုံးဝမရှိနိုင်ဆိုသည့် အချက်ဖြစ်သည်။ မည်မျှကောင်းကောင်း ရွေးချယ်ထားသော နေရာဖြစ်စေ မည်သည့် ပုန်းအောင်းရာနေရာတွင်မျှ လုံခြုံသည်ဟု မခံစားရသော အချက်ကို စာရေးသူကဲ့သို့ သိကြမည်ဖြစ်သည်။
သို့သော် ယခုကဲ့သို့ စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နေသော ရက်များအတွင်း အမှန်တကယ် ပျော်ရွှင်စရာ ကောင်းသော အချိန်ကာလတခု ရှိနေသည်။ ထိုအချိန်မှာ နံနက်ခင်း အိပ်ယာမှ နိုးလာချိန်ဖြစ်သည်။
မိမိသည် အဖမ်းမခံရသေးဘဲ နောက်ထပ်တညတာကို ကုန်ဆုံးသွားစေပြီဖြစ်ကြောင်း သဘောပေါက်ပြီး ဝမ်းမြောက်ဝမ်းသာ စိတ်သက်သာရာရသည်။
မိမိသည် အဖမ်းမခံရသေးဘဲ နောက်ထပ်တညတာကို ကုန်ဆုံးသွားစေပြီဖြစ်ကြောင်း သဘောပေါက်ပြီး ဝမ်းမြောက်ဝမ်းသာ စိတ်သက်သာရာရသည်။ ရိုးရိုးရှင်းရှင်းပြောရလျှင် လွတ်လပ်သူတဦးအဖြစ် မိမိကိုယ် မိမိတွေ့မြင်နေရသေးသည်။
မြန်မာနိုင်ငံတွင် ထိုကဲ့သို့သော ကံကြမ္မာဆိုးကို ရင်ဆိုင်နေရသည်မှာ စာရေးသူ တဦးတည်း မဟုတ်ပေ။ ထိုအခြေအနေသည် ဖေဖေါ်ဝါရီလ ၁ ရက်နေ့တွင် စစ်ကောင်စီက ရွေးကောက်ခံ အစိုးရထံမှ အာဏာသိမ်းပြီးနောက် လွန်ခဲ့သော ၇ လ ကာလအတွင်း တနိုင်ငံလုံးမှ ပြည်သူအများအပြားအတွက် နေ့စဉ် ပကတိအခြေအနေဖြစ်နေသည်။
ပစ်မှတ်ထားခံရသော အုပ်စုများမှ ကျယ်ပြန့်လွန်းလှသည်။ နိုင်ငံရေး သဘောထားကွဲသူများ၊ စစ်ကောင်စီဆန့်ကျင်သူများ၊ ခုခံတိုက်ခိုက်ရေးသမားများ၊ ဝေဖန်သူများနှင့် သတင်းသမားများ၊ CDM ဟု ခေါ်သည့် လူမှုအာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်သည့် ပြည်သူ့ဝန်ထမ်းများဖြစ်သော ဆရာဝန်များ၊ ကျောင်းဆရာဆရာမများ၊ ကျော်ကြားသော ရုပ်ရှင်သရုပ်ဆောင်များနှင့် မင်းသမီးများ၊ ပန်းချီဆရာများနှင့် အဆိုကျော်များ ဆက်လက်ဖေါ်ပြ၍ပင် ကုန်မည်မထင်ပေ။
၎င်းတို့၏ မိသားစုဝင်များဖြစ်သည့် ဇနီးသည်များ၊ ခင်ပွန်းသည်များ၊ ကလေးများနှင့် အခြားဆွေမျိုးများကိုလည်း စစ်ကောင်စီက မကြာခဏဆိုသလို ဖမ်းဆီးကာ ဓါးစာခံလုပ်တတ်သေးသည်။ ၎င်းတို့အားလုံး၏ တူညီသည့်အချက်မှာ ၎င်းတို့သည် စစ်ကောင်စီကို တနည်းမဟုတ် တနည်းဖြင့် တက်ကြွစွာ ဆန့်ကျင်နေခြင်းပင်ဖြစ်သည်။
၎င်းတို့အားလုံးသည် အငြင်းပွားဖွယ်ရာ ဖမ်းဆီးခံရခြင်း၊ ဆိုးရွားစွာ ညှင်းပမ်းနှိပ်စက်ခံရခြင်း၊ စိတ်ရူးပေါက်သလို စွပ်စွဲနေသည့် စွဲချက်များဖြင့် စွပ်စွဲခံရပြီး ထောင်နှစ်ရှည် ချမှတ်ခံရခြင်းနှင့် သတ်ဖြတ်ခံရခြင်းကို ရှောင်ရှားရန် ပုန်းအောင်းနေရသည်။
မိမိတို့အနေဖြင့် တွက်ကြည့်လျှင် စစ်ကောင်စီသည် တလလျှင် လူတထောင် ဖမ်းဆီးပြီး တနေ့လျှင် အနည်းဆုံး လူ၃၀ခန့်ကို ရှာဖွေဖမ်းနေသည်ဟုဆိုနိုင်သည်။
စစ်ကောင်စီ၏ လူသတ်တပ်များထံမှ ပုန်းအောင်းနေရခြင်းသည် စိတ်ပိုင်းအရဖြစ်စေ ရုပ်ပ်ိုင်းအရဖြစ်စေ မည်သည်နှင့်မျှ မတူသည့် အတွေ့အကြုံဖြစ်သည်။ ထိုအတွေ့အကြုံသည် မိမိတို့ ငယ်စဉ်ကတည်းက မှတ်မိနေသည့် တူတူပုန်း ကစားရာတွင် မိမိတို့ကိုတွေ့သွားခြင်းကို ရှောင်ရှားနိုင် မနိုင်ဆိုသည့် စိတ်လှုပ်ရှားမှုမျိုး မဟုတ်ဘဲ အမြဲတမ်း ကြောက်လန့်နေရခြင်းသာဖြစ်သည်။
ကြောက်မက်ဖွယ် သင်္ချာ
ထိုသို့ ပုန်းအောင်းနေ သို့မဟုတ် နေအိမ်များမှ ထွက်ပြေးနေရသူအရေအတွက်သည် လွန်စွာများပြားနိုင်ပြီး ထောင်ပေါင်းများစွာရှိကာ စစ်ကောင်စီက တနည်းနည်းဖြင့် ညှင်းပမ်းနှိပ်စက်မှုများကို ရှောင်ရှားနေရသူများကိုပါ ထည့်တွက်ပါက သိန်းနှင့်ချီ ရှိနေသည်။ စစ်ကောင်စီအတွက် အလုပ်လုပ်ရန် ငြင်းဆန်သည့် ပြည်သူ့ဝန်ထမ်းအရေအတွက်သည် တနိုင်ငံလုံးတွင် ၄ သိန်းအထိရှိပြီး ၎င်းတို့အနက် အများအပြားသည် အဖမ်းမခံရရေးအတွက် ပုန်းအောင်းနေရသည် သို့မဟုတ် ထင်ထင်ရှားရှား နေထိုင်နိုင်ခြင်းမရှိတော့ပေ။ ဤသည်မှာ စစ်ကောင်စီကြောင့် ပုန်းအောင်းနေရသူ အမျိုးအစား တခုတည်းကိုသာ ဖေါ်ပြခြင်းဖြစ်သည်။
လွန်ခဲ့သော ၇ လအတွင်း စက်တင်ဘာလ ၁၀ ရက်နေ့အထိ ဗ်ိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် စစ်ကောင်စီသည် အထက်ဖေါ်ပြပါ စာရင်းတွင် တနည်းမဟုတ် တနည်းဖြင့်ပါဝင်သူ လူပေါင်း ၈၀၁၃ ဦးကို ဖမ်းဆီးခဲ့ပြီး ၎င်းတို့အနက် ၆၃၆၄ ဦးကို ဆက်လက်ဖမ်းဆီးထားကြောင်း စစ်ကောင်စီ၏ ဖမ်းဆီးသတ်ဖြတ်မှုများကို မှတ်တမ်းတင်နေသည့် လူ့အခွင့်အရေး အဖွဲ့အစည်းဖြစ်သော နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ အဆိုအရ သိရသည်။
ထိုအဖွဲ့၏ နောက်ဆုံးစာရင်းကို အခြေခံပြောရပါက စစ်ကောင်စီသည် နိုင်ငံရေးသဘောထားကွဲလွဲသူ၊ စစ်ကောင်စီ ဆန့်ကျင်ဆန္ဒပြသူ၊ ကျောင်းသား၊ လူ့အခွင့်အရေး လှုပ်ရှားသူ၊ ဆရာဝန်၊ သူနာပြုနှင့် ကဗျာဆရာများပင် ပါဝင်သောလူ အနည်းဆုံး ၁၀၆၂ ဦးကို သတ်ဖြတ်ခဲ့ကြောင်း သိရသည်။ ထိုသူများအနက် အချို့မှာ ၎င်းတို့နေအိမ်များ သို့မဟုတ် ပုန်းအောင်းနေသော နေရာများမှ အဖမ်းခံရပြီး နာရီပိုင်းအတွင်း အသတ်ခံရခြင်းဖြစ်သည်။
မိမိတို့အနေဖြင့် တွက်ကြည့်လျှင် စစ်ကောင်စီသည် တလလျှင် လူတထောင် ဖမ်းဆီးပြီး တနေ့လျှင် အနည်းဆုံး လူ၃၀ခန့်ကို ရှာဖွေဖမ်းနေသည်ဟုဆိုနိုင်သည်။
စစ်ကောင်စီအောက်တွင် လူဖမ်းပွဲများသည် တနိုင်ငံလုံးနီးပါးတွင် ညစဉ် ဖြစ်ရိုးဖြစ်စဉ်ဖြစ်နေသည်။ ထင်ရှားကျော်ကြားသူများသာမက လူသိနည်းသူများကိုပါ သိမ်းကြုံးဖမ်းဆီးနေသည်။
စက်တင်ဘာလ ၁ ရက်နေ့တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ ရွေးကောက်ခံကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်ကို ရန်ကုန်ရှိ သူ ပုန်းအောင်းနေသော နေရာတွင် ဖမ်းဆီးလိုက်သည်။ အလားတူစွာပင် နိုင်ငံရေးဆောင်းပါးရှင် ဦးစည်သူအောင်မြင့်နှင့် BBC Media Action မှ သတင်းထောက်တဦးတို့ကိုလည်း ရန်ကုန်ရှိ ၎င်းတို့ပုန်းအောင်းနေသောနေရာတွင် သြဂုတ်လ ၁၅ ရက်နေ့က ဖမ်းဆီးခဲ့သည်။
သင်ဖမ်းဆီးခံရပြီးနောက် သေသည်အထိ ညှင်းပမ်းနှိပ်စက်မခံရလောက်အောင် ကံကောင်းပြီး ကနဦးတွင် လူမဆန်သော ဆက်ဆံမှုကိုသာ အနည်းဆုံးခံရပါက မကြာမီ ပြင်းထန်သော ထောင်ဒဏ် ရောက်လာတော့မည်ဖြစ်သည်။
ပါတီခေါင်းဆောင်များ၊ ဝန်ကြီးများ၊ ရွေးကောက်ခံကိုယ်စားလှယ်များနှင့်အခြား အဖွဲ့ဝင်များ အပါအဝင် သူမ၏ NLD လုပ်ဖေါ်ကိုင်ဘက် ၃၀၀ ခန့်မှာ အဖမ်းခံထားရပြီးဖြစ်သောကြောင့် အသက် ၆၀ ကျော်နေပြီဖြစ်သော လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှ်ိုင်အတွက် လွတ်လမ်းမမြင်တော့ဘဲ စစ်ကောင်စီက စွဲချက်အများအပြားတင်ပြီး ထောင်နှစ်ရှည်ချခံရမည့် အလားအလာကိုသာ ရင်ဆိုင်နေရတော့သည်။
ဆောင်းပါးရှင် ဦးစည်သူအောင်မြင့်သည် စစ်ကောင်စီကို ဝေဖန်ခြင်းနှင့် အာဏာသိမ်းပြီးနောက် ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည့် စင်ပြိုင်အမျိုးသားညီညွတ်ရေး အစိုးရနှင့်တိုင်းရင်းသားမဟာမိတ်များကို ထောက်ခံခြင်းတို့အတွက် ပုန်ကန်မှု စွပ်စွဲချက်များကို ရင်ဆ်ိုင်နေရပြီး ထောင်တသက်တကျွန်း ချမှတ်ခံရဖွယ် ရှိနေသည်။ သူ့ကို မဖမ်းမီကလည်း စစ်ကောင်စီသည် မီဒီယာဝန်ထမ်းနှင့် သတင်းထောက် ၉၅ ဦးကို ဖမ်းဆီးခဲ့ပြီး ၎င်းတို့အနက် ၅၀ ပတ်ဝန်းကျင်သည့် ထောင်များတွင် ရှိနေဆဲဖြစ်သည်။
စစ်ကောင်စီတပ်များသည် ရက်စက်ကြမ်းကြုတ်သည့် ညှင်းပမ်းနှိပ်စက်မှုများပြုလုပ်ကြသောကြောင့် မည်သည့်ဖမ်းဆီးမှုမဆိုသည် သေဆုံးမှုဖြစ်သွားနိုင်သည်။ သြဂုတ်လကုန်အထိ ဖမ်းဆီးခံထားရစဉ် သေဆုံးသူ အနည်းဆုံး ၁၁၀ ရှိကြောင်း AAPP ကဖေါ်ပြသည်။ စက်တင်ဘာလအစောပိုင်းတွင် ဖမ်းဆီးပြီးလျှင်ပြီးချင်း သေဆုံးသည်အထိ ညှင်းပမ်းနှိပ်စက်ခံရသူ အနည်းဆုံးနောက်ထပ်တဦး ရှိသည်။ စက်တင်ဘာလ ၆ ရက်နေ့တွင် အသက် ၃၀ အရွယ် ကိုဇော်လင်းထက်ကို ပဲခူးတိုင်း ပြည်မှ ကျောင်းသားသမဂ္ဂ နှင့်ပတ်သက်ပြီး ညနေ ၃ နာရီခွဲတွင် ဖမ်းသည်။ ည ၈ နာရီတွင် သူသေဆုံးသွားပြီဖြစ်ကြောင်း အာဏာပိုင်များက မိသားစုကို အကြောင်းကြားသည်။
ထို့ကြောင့် လုံခြုံသော ပုန်းအောင်းရန်နေရာ ရှာဖွေရခြင်းသည် လွန်စွာအရေးပါသည်။ လုံခြုံအောင် မပုန်းအောင်းနိုင်ပါက အသက်ဆုံးရှုံးမှုဖြင့် ပေးဆပ်ရမည်။ သင်ဖမ်းဆီးခံရပြီးနောက် သေသည်အထိ ညှင်းပမ်းနှိပ်စက်မခံရလောက်အောင် ကံကောင်းပြီး ကနဦးတွင် လူမဆန်သော ဆက်ဆံမှုကိုသာ အနည်းဆုံးခံရပါက မကြာမီ ပြင်းထန်သော ထောင်ဒဏ် ရောက်လာတော့မည်ဖြစ်သည်။
ပဋိပက္ခဇုန်များတွင် ပုန်းအောင်းရခြင်းသည်လည်း နောက်ထပ် ဆိုးရွားသည့် အတွေ့အကြုံဖြစ်သည်။ မတ်လနှောင်းပိုင်းမှစတင်ပြီး ရခိုင်ပြည်နယ်မှအပ ပြည်နယ်နှင့်တိုင်းအားလုံးတွင် အရပ်သား ခုခံရေးတိုက်ခိုက်ရေးသမားများနှင့် စစ်ကောင်စီ တပ်များအကြား တိုက်ပွဲများဖြစ်ပွားနေသောကြောင့် ထောင်ပေါင်းများစွာသော ကျေးရွာသူ ကျေးရွာသားများသည် ၎င်းတို့နေအိမ်များကို စွန့်ခွာ ထွက်ပြေးနေရသည်။ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် ငြိမ်းချမ်းသော ဆန္ဒပြပွဲများကို စစ်တပ်က အကြမ်းဖက်နှိမ်နင်းသောကြောင့် ထိုလက်နက်ကိုင်ခုခံမှု ပေါ်ပေါက်လာခြင်းဖြစ်သည်။
စစ်ကောင်စီတပ်များက ထိုဒေသများမှကျေးရွာများကို စီးနင်းပြီး အိမ်များကို လုယက်ဖျက်ဆီးသည်။ လူအများအပြားသည် အစားအစာမရှိဘဲ အခြေခံ အကာအရံပင်မရှိဘဲ တောများအတွင်း ပုန်းအောင်းနေရသည်။ လွန်ခဲ့သောလက UNHCR ၏ မြန်မာနိုင်ငံ အရေးပေါ်အခြေအနေ နောက်ဆုံးတင်ပြချက်တွင် အာဏာသိမ်းပြီးနောက် ခန့်မှန်းခြေ လူပေါင်း ၂၁၁,၀၀၀ ဦး ပြည်တွင်း နေရပ်စွန့်ခွာ နေရသည်ဟု ဖေါ်ပြသည်။
မကြုံဘူးသည့် အတိုင်းအတာ
မြန်မာနိုင်ငံသည် မှောင်မိုက်သော ခေတ်အများအပြားကို ဖြတ်သန်းခဲ့ပြီး အထူးသဖြင့် ၁၉၆၂ ခုနှစ်မှ စတင်သည့် စစ်အာဏာရှင်စနစ်များအောက်တွင် အမှောင်ခေတ်ကို ဖြတ်သန်းရသော်လည်း ယနေ့ကြုံတွေ့နေရသည့် ယခုလောက် များပြားသည့် ပြည်သူများသည် ရန်ကုန်နှင့် မန္တလေးကဲ့သို့သော မြို့ကြီးများမှသည် နယ်စပ်နှင့် အညာကျေးလက်ကျသည့် အသေးငယ်ဆုံးရွာများအထိ အလွန်များပြားသောနေရာများတွင် ပုန်းအောင်းနေကြရသည့် ကာလမျိုးကြုံခဲ့ရနိုင်ဖွယ် မရှိပေ။
ကွယ်လွန်သူအာဏာရှင် ဗိုလ်ချုပ်နေဝင်း ၁၉၆၂ ခုနှစ်တွင် ပထမဆုံးအကြိမ်အာဏာသိမ်းပြီးနောက် အရပ်သား အစိုးရခေါင်းဆောင်များ၊ နိုင်ငံရေးသမားများ၊ တိုင်းရင်းသား ခေါင်းဆောင်များ၊ စစ်အုပ်စု ဆန့်ကျင်သည့် ကျောင်းသားများကို ဖမ်းဆီးသည်။ စစ်အုပ်စုကို ဆန့်ကျင်သူအချို့သည် ပုန်းအောင်း နေကြရမည်ကို သံသယဖြစ်ရန် မလိုသော်လည်း အရေအတွက်မှာ မများလှပေ။
သို့သော် ၁၉၈၈ ခုနှစ် နိုင်ငံတဝန်း ကျယ်ပြန့်သည့် ဒီမိုကရေစီအရေးတော်ပုံကြီးနောက်ပိုင်း စစ်တပ်က ဒုတိယအကြိမ် အာဏာသိမ်းသောအခါ ဖမ်းဆီးမှုနှင့်သေဆုံးမှု လွန်စွာများပြားပြီး စစ်အုပ်စု၏ လူဖမ်းပွဲ အတိုင်းအတာအားဖြင့် လွန်စွာကြီးမားသည်။ ထို့အပြင် ကျောင်းသားနှင့် တက်ကြွလှုပ်ရှားသူ ၁၀၀၀၀ ခန့်သည် လက်နက်စွဲကိုင်ပြီး စစ်အုပ်စုကို တိုက်ခိုက်ရန် နယ်စပ်ဒေသများသို့ ထွက်ပြေးကြသည်။
စစ်အုပ်စု ဆန့်ကျင်ရေးကို ပြည်တွင်းတွင် ဆက်လက်လုပ်ကိုင်ရန် ရွေးချယ်သူများသည် စစ်အုပ်စု လူဖမ်းပွဲများကို ရှောင်ရှားရန် ပုန်းအောင်းနေကြရသည်။ သို့သော် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ စစ်အုပ်စုခေတ်တလျှောက်လုံးတွင် ၎င်းတို့အများအပြားသည် တချိန်မဟုတ် တချိန် ထောင်ထဲတွင် အဆုံးသတ်ကြရသည်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် ၂၀၁၁ ခုနှစ်တွင် ရာထူးမှနုတ်ထွက်သောအခါ လက်ရှိအာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို စစ်တပ် အကြီးအကဲအဖြစ် ခန့်အပ်ခဲ့သည်။
ယခင်က စစ်ထောက်လှမ်းရေး ယန္တရားသည် ပိုက်စိတ်တိုက်ရှာဖွေသည့် စစ်ဆင်ရေးများ ပြုလုပ်ရာတွင် ထိရောက်သောကြောင့် အတိုက်အခံများနှင့် နိုင်ငံရေးသမားအများအပြားမှာ ကာလကြာရှည်စွာ ပုန်းအောင်းနေနိုင်ခြင်း မရှိပေ။
ယခင်က စစ်ထောက်လှမ်းရေး ယန္တရားသည် ပိုက်စိတ်တိုက်ရှာဖွေသည့် စစ်ဆင်ရေးများ ပြုလုပ်ရာတွင် ထိရောက်သောကြောင့် အတိုက်အခံများနှင့် နိုင်ငံရေးသမားအများအပြားမှာ ကာလကြာရှည်စွာ ပုန်းအောင်းနေနိုင်ခြင်း မရှိပေ။ ထိုစဉ်က MI ဟုခေါ်သော စစ်ထောက်လှမ်းရေးသည် မြန်မာလူ့အဖွဲ့အစည်းတွင် ကြောက်စရာအကောင်းဆုံး အဖွဲ့အစည်း ဖြစ်သည်။ မိစ္ဆာမင်းသားဟု ခေါ်သည့် ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်ချုပ်ခင်ညွန့်လက်အောက်တွင် စစ်ထောက်လှမ်းရေးသည် တနိုင်ငံလုံးမှ နိုင်ငံရေးအတိုက်အခံများကို ရှာဖွေ၊ ဖမ်းဆီး၊ ထောင်ချရန် စစ်အုပ်စု၏ အဓိက ယန္တရားဖြစ်လာသည်။
၁၉၈၈ ခုနှစ်နောက်ပိုင်း သူ၏ညွှန်ကြားချက်အောက်တွင် စစ်ထောက်လှမ်းရေးသည် ကျောင်းသားလူငယ်နှင့် နိုင်ငံရေးသမား ထောင်ပေါင်းများစွာကို ဖမ်းဆီးခဲ့ပြီး မည်သည့်အချိန်တွင်မဆို ထောင်များအတွင်း နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ခန့်ရှိခဲ့သည်။ သူ၏ စစ်ထောက်လှမ်းရေးသည် န်ိုင်ငံရေးအတိုက်အခံများကို ဖိနှိပ်ရန် တာဝန်ရှိသောကြောင့် ထိုစစ်အုပ်စုခေတ်အတွင်း သူသည် ဗိုလ်ချုပ်မှူးကြီးသန်းရွှေပြီးလျှင် အဓိက လူကြမ်းဇာတ်ကောင်ဖြစ်လာသည်။ ( ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ဗိုလ်ချုပ်ကြီးခင်ညွန့်ကို ပြိုင်ဘက်အဖြစ်မြင်လာပြီး ၂၀၀၄ ခုနှစ်တွင် သူ့ကို စစ်အုပ်စုမှ ထုတ်ပစ်ကာ ၄၄ နှစ် နေအိမ်အကျယ်ချုပ်ချမှတ်ခဲ့သည်။ နောင်တွင် ပြစ်ဒဏ်လျှော့ပေါ့ပေးခဲ့သော်လည်း သူ့အပေါ်ထားသည့် လူထု၏ သဘောထားကမူ ပျော့ပျောင်းသွားခြင်း မရှိခဲ့ပေ။)
၁၉၉၀ ခုနှစ်များနှင့် ၂၀၀၀ ပြည့်နှစ်များအတွင်း မြန်မာနိုင်ငံတဝှမ်းမှ ဒီမိုကရေစီလှုပ်ရှားမှုများကို စစ်ထောက်လှမ်းရေး၏ စနစ်တကျ ဖိနှိပ်စုံစမ်း ထောက်လှမ်းမှုများကြောင့် အတိုက်အခံအများအပြားသည် ဖမ်းဆီးမှုနှင့် အငြင်းပွားဖွယ်ရာထောင်ချမှုများကို ရှောင်ရှားရန် နိုင်ငံမှ ထွက်ပြေးကြရသည်။ ထိုညှင်းပမ်းနှိပ်စက်မှု၏ အမွေမှာ ပြည်ပတွင် အထူးသဖြင့် အမေရိကန်ပြည်ထောင်စုနှင့် ဥရောပနိုင်ငံများတွင် အဝေးရောက်နေထိုင်သော ကြီးမားသည့် မြန်မာလူမှုအသိုက်အဝန်းများ ပေါ်ပေါက်လာခြင်းပင်ဖြစ်သည်။ ထိုနိုင်ငံအများအပြားက မြန်မာနိုင်ငံမှ အတိုက်အခံများကို နိုင်ငံရေးခိုလှုံခွင့်ပေးခဲ့သည်။
မပြီးဆုံးသေးသော တိုက်ပွဲ
ထိုစဉ်က စစ်အုပ်စုဆန့်ကျင်ရေးလှုပ်ရှားမှုများတွင် ပါဝင်သူများ ပုန်းအောင်းနေရခြင်း အကြောင်းရင်းမှာ ယခုနွေဦးတော်လှန်ရေးတွင် တက်ကြွစွာပါဝင်နေပြီး ပုန်းအောင်းနေသူများ၏ တူညီသောအကြောင်းရင်းသာဖြစ်သည်။ တိုင်းပြည်၏ ဆယ်စုနှစ်များစွာကြာပြီဖြစ်သော စစ်အာဏာရှင်စနစ်ကို အဆုံးသတ်မည့် ၎င်းတို့၏ တာဝန်ကို ၎င်းတို့ရွေးချယ်ထားသည့် နည်းလမ်း အသီးသီးဖြင့် ဆက်လက်ထမ်းဆောင်နိုင်ရေးအတွက် ဆက်လက်ရှင်သန်နိုင်ရန်ဖြစ်သည်။
လက်ရှိ စစ်ကောင်စီတပ်များ ရန်မှ ပုန်းအောင်းနေသူများအနေဖြင့် ကျေးဇူးတင်စရာကောင်းသော အချက်မှာ ဗိုလ်ချုပ်ကြီး ခင်ညွန့်နှင့် တခါကသြဇာကြီးမားလှသော စစ်ထောက်လှမ်းရေးများ မြင်ကွင်းမှ ဆယ်စုနှစ်တခုကျော်ကြာ ပျောက်ကွယ်နေခဲ့ခြင်းဆိုသော အချက်ဖြစ်သည်။ ထိုကဲ့သို့သော ယန္တရားသာဆက်လက်တည်ရှိနေပါက ယနေ့ ပုန်းအောင်းနေကြရသူများသည် ပိုမိုများပြားသည့် အခက်အခဲများကို ရင်ဆိုင်ကြရမည်ဖြစ်သည်။
သို့သော် ယခုဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်လက်အောက်မှ စစ်တပ်သည် ဖမ်းဆီးမှုနှုန်းအရ၊ ဖမ်းဆီးထားစဉ် ညှင်းပမ်းနှိပ်စက်သတ်ဖြတ်မှုနှုန်းအရ ပိုမို အညှာအတာ ကင်းမဲ့သည်။ လွန်ခဲ့သော ၇ လအတွင်း ဖမ်းဆီးသတ်ဖြတ်ခံရသော နှုန်းသည် ယခင်စစ်အုပ်စုခေတ်ကထက် များစွာ ပိုမိုများပြားနေသည်။ စက်တင်ဘာလ ၁၀ ရက်နေ့အထိ ဖမ်းဆီးမှု ၈၀၁၃ ခုနှင့် သတ်ဖြတ်မှု ၁၀၆၂ ခုရှိသည်။
စစ်ထောက်လှမ်းရေး မရှိသောကြောင့် လက်ရှိစစ်ကောင်စီသည် လူဖမ်းပွဲများ လုပ်ရန် ဒလန် ဟုခေါ်သည့် သတင်းပေးကွန်ရက်ကို ကျယ်ကျယ်ပြန့်ပြန့် သုံးနေရသည်။
စစ်ထောက်လှမ်းရေး မရှိသောကြောင့် လက်ရှိစစ်ကောင်စီသည် လူဖမ်းပွဲများ လုပ်ရန် ဒလန် ဟုခေါ်သည့် သတင်းပေးကွန်ရက်ကို ကျယ်ကျယ်ပြန့်ပြန့် သုံးနေရသည်။
မြန်မာပြည်သူအများစုက တိုက်ပွဲဝင်ရယူရန် ကြိုးစားနေသည့် ဒီမိုကရေစီကို ကိစ္စတုံးရန် စစ်ကောင်စီသည် ဒီမိုကရေစီတက်ကြွလှုပ်ရှားသူများနှင့် ကာကွယ်သူများကို သတ်ဖြတ်နေသည်။ အနည်းဆုံအနေဖြင့် ၎င်းတို့၏ စိတ်ဓါတ်ကို သတ်ဖြတ်ရန် ကြိုးစားသည်။ ထိုသို့လုပ်ရန် စစ်ကောင်စီတပ်များသည် ထိုဘ၀ပေးဆပ်လုပ်ကိုင်နေသူများ ပုန်းအောင်းနေသော နေရာများကို ညစဉ်မြေလှန်ရှာနေသည်။ ထိုလုပ်ငန်းမှာ ၎င်းတို့၏ တာဝန်ဖြစ်သည်။ မိမိတို့၏ တာဝန်မှာ မိမိတို့ကိုယ်မိမိတို့ လွတ်လပ်ရှင်သန်အောင် ဆက်လက်ထိန်းသိမ်းထားခြင်းပင်။ သို့သော် ထိုအချက်သည် မိမိတို့၏ အန္တိမ ရည်မှန်းချက်မဟုတ်ပေ။
လွတ်လပ်သော လူပုဂ္ဂိုလ်များအဖြစ် ဆက်လက်ရှင်သန်ရေးအတွက် မိမိတို့သည် တနေ့ပြီးတနေ့ ပုန်းအောင်းနေကြရသည်။ သို့သော် ပိုမိုကြီးမားသည့် ရည်မှန်းချက်တခု ပိုမိုမြင့်မြတ်သည့် အကြောင်းရင်းတခုမှာ လက်ရှိစစ်အုပ်စုကို မြန်မာန်ိုင်ငံမှ တွန်းလှန်ဖယ်ရှားရန်၊ စစ်အာဏာရှင်စနစ်ကို အပြီးတိုင် အဆုံးသတ်ရန် ဆက်လက် တိုက်ပွဲဝင်နိုင်ဖို့ ဖြစ်သည်။
နိုင်ငံတဝှမ်းမှ ပုန်းအောင်းနေသော နေရာများတွင် စာရေးသူကဲ့သို့ နောက်တနေ့နံနက် လွတ်လပ်သော သူအဖြစ် နိုးလာရန် စိုးရိမ်တကြီး မျှော်လင့်နေသူ အများအပြား ရှိနိုင်ပါသည်။
ထို့ကြောင့်ပင် ပုန်းအောင်းနေကြရပါသည်။
(နိုင်ခေတ်သည် နိုင်ငံရေး ဆောင်းပါးရှင်ဖြစ်သည်။ ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Notes From Myanmar’s Underground ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)
You may also like these stories:
မြိုင်တွင် အသက်မပြည့်သေးသူ အပါအဝင် ၃ ဦးကို စစ်တပ်က ပစ်ခတ် မီးရှို့သတ်ဖြတ်
စစ်ကောင်စီက ကလေးငယ်များ အပါအဝင် ပြည်သူ ၁၀၀ ကျော်ကို ဓားစာခံအဖြစ် ဖမ်းဆီးထား
စစ်ကောင်စီ ပစ်သတ်လိုက်သည့် ကိုယ်ဝန်ဆောင် အမျိုးသမီးတွင် ၄ နှစ်အရွယ် ကလေးငယ်ကျန်ခဲ့
ပဲခူး အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို သရုပ်ခွဲလေ့လာခြင်း