ရခိုင်ပြည်နယ် အနောက်ဘက်ခြမ်း မွတ်ဆလင် ပြဿနာများမှာ ယနေ့အချိန်ထိ ကမ္ဘာက အာရုံစိုက်မှု ရှိနေကြသလို ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ခြမ်းသို့ တိမ်းရှောင်သွားသော မွတ်ဆလင် ဒုက္ခသည်အရေးမှာလည်း နယ်သာလန်နိုင်ငံ သည် The Hague မြို့က အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) ၌ အမှုရင်ဆိုင်နေဆဲ ဖြစ်သည်။
ထိုသို့ ရှုပ်ထွေးလှသည့် မောင်တောနယ်စပ် ပြဿနာမီး မငြိမ်းနိုင်သေးသည့်အချိန် မွတ်ဆလင် လက်နက်ကိုင်အဖွဲ့ များ မှိုလိုပေါက်ပြီး တကျော့ပြန် ခေါင်းထောင်လာပြန်သည်။
ရိုဟင်ဂျာ ကယ်တင်ရေး တပ်မတော် (ARSA)၊ ရိုဟင်ဂျာ သွေးစည်းညီညွတ်ရေးအဖွဲ့ (RSO)၊ ရိုဟင်ဂျာ တပ်မ တော် (ARA) တို့အပြင် ဂိုဏ်းစတားဆန်ဆန် လှုပ်ရှားနေသော အဒူလာကိမ်း အဖွဲ့ စသည့် လက်နက်ကိုင်အဖွဲ့အစည်း များမှာ နှစ်နိုင်ငံ နယ်စပ်မျဉ်းများကို ခြေကုပ်ယူပြီး မောင်တောဒေသကို စိမ့်ဝင်လှုပ်ရှားနေသည်မှာ ဒေသခံလူထု အတွက် စိုးရိမ်စရာဖြစ်လာသည်။
ရိုဟင်ဂျာ သွေးစည်း ညီညွတ်ရေးအဖွဲ့ (Rohingya Solidarity Organization- RSO) အဖွဲ့သည် ၁၉၈၀ ခုနှစ် အစော ပိုင်းကတည်းက ပေါ်ပေါက်ခဲ့ပြီး မြန်မာ- ဘင်္ဂလားဒေ့ရှ် နယ်စပ်ကို ခြေကုပ်ယူကာ မောင်တောနယ်စပ်လုံခြုံရေးကင်း စခန်းများကို မကြာခဏ တိုက်ခိုက်မှု ရှိခဲ့ကြောင်း သမိုင်း မှတ်တမ်းများက ဖော်ပြသည်။
၁၉၆၀ ခုနှစ်တွင် မောင်တောနယ်မြို့နယ်အတွင်းက လုံခြုံရေး စခန်းများကို အလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ မြန်မာအစိုးရက နယ်မြေ ရှင်းလင်း နှိမ်နင်းသဖြင့် RSO အဖွဲ့များ အကျအဆုံးများကာ တဖက်နိုင်ငံသို့ ပြန်လည် ဆုတ် ခွာခဲ့ရကြောင်းလည်း သမိုင်းမှတ်တမ်းများအရ သိရသည်။
၁၉၉၈ ခုနှစ် နောက်ပိုင်းတွင် ဘင်္ဂလားဒေ့ရှ် အစိုးရသည် နယ်စပ်ဒေသ အုပ်ချုပ်ရေးကို တင်းကျပ်လိုက်သည့်အတွက် အင်အားချိနဲ့နေသော RSO အဖွဲ့သည် မထင်မရှား အမည်ခံ အဖြစ်သာ ဆက်ရှိနေခဲ့သည်။
သို့သော်လည်း မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း RSO အဖွဲ့သည် အင်တာနက် လူမှုကွန်ရက် ပေါ်မှ တဆင့် ၎င်းတို့ လှုပ်ရှားမှုတချို့ကို ဆိုင်းမဆင့်ဗုံမဆင့် ထုတ်ဖော် ပြသခဲ့သည်။
ပြီးခဲ့သော ဇွန်လအတွင်းက RSO တပ်ဖွဲ့မှ ဗိုလ်မှူး ကျော်မြင့်ထွန်းဆိုသူသည် ယူနီဖောင်း အပြည့်အစုံဖြင့် ပစ္စတို ခါး ကြားထိုးကာ အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ကို ရိုဟင်ဂျာ လူမျိုးတို့ ရပိုင်ခွင့်အတွက် စစ်မျက်နှာဖွင့် တိုက်ခိုက်သွား မည်ဖြစ်ကြောင်းကို ဗမာဘာသာဖြင့် ပြောဆိုပြီး အင်တာနက် စာမျက်နှာကတဆင့် ထုတ်လွှင့် ဖြန့်ချိခဲ့သည်။
ထိုဗီဒီယိုဖိုင်တွင် RSO တပ်ဖွဲ့ဝင်များသည် စစ်ရေးပြကွင်းတွင် လေ့ကျင့်နေသည့်ပုံများကိုလည်း သေနတ်ပစ်ပေါက် ကာ ပြသခဲ့ပြီး ၎င်းတို့၏ စစ်သင်တန်း လေ့ကျင့်နေပုံမှာလည်း စစ်ကောင်စီလက်အောက်ခံ စစ်တပ်နှင့်ရဲတို့ကဲ့သို့ စစ် ရေးပြ လှုပ်ရှားပုံကို အခြေခံကာ ပုံတူကူးထားသည့် ပုံစံမျိုးကိုလည်း တွေ့မြင်ရသည်။
ထိုသို့ RSO အဖွဲ့ တကျော့ပြန် ခေါင်းထောင် လှုပ်ရှားမှုကြောင့်၂၀၁၇ ခုနှစ် မောင်တောအရေးအခင်းက ကမ္ဘာကျော်ခဲ့ သော ရိုဟင်ဂျာ ကယ်တင်ရေး တပ်မတော် (ARSA) အဖွဲ့တို့ကြားတွင် အချင်းချင်း အားပြိုင်တိုက်ခိုက်မှုများ ရှိလာနေ ကြောင်းလည်း သိရသည်။
ARSA အဖွဲ့သည် ၂၀၁၆၊ ၂၀၁၇ ခုနှစ်တို့တွင် မောင်တောမြို့နယ်အတွင်း နယ်ခြားစောင့်ရဲ စခန်းများကို တပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ကမ္ဘာက အာရုံစိုက်မှုကို ရရှိခဲ့သည်။
ARSA ၏ လုပ်ဆောင်ချက်များသည် တိုင်းရင်းသား လက်နက်ကိုင်များ ပုန်ကန်တော်လှန်သည့်အနေနှင့် မတူဘဲ အကြမ်းဖက်သမားတို့၏ စစ်သွေးကြွသည့် လုပ်ရပ်များကို ပုံဖော်လုပ်ဆောင်ပြီး ဟိန္ဒူ ဘာသာဝင်များကိုလည်း အစု လိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သည့်အတွက် အကြမ်းဖက်သမားများအဖြစ် မြန်မာအစိုးရက ကြေညာထားသလို မွတ်ဆ လင် အသိုင်းအဝိုင်းကြားတွင်လည်း ထောက်ခံမှု ကျဆင်းခဲ့သည်။
မြန်မာနိုင်ငံအတွင်း၌ စစ်အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာသည့် ပြည်သူ့ တော်လှန်ရေးလှိုင်း ကြီးထွားနေသလို တိုင်းရင်းသား လက်နက်ကိုင်များနှင့် နှစ်ပေါင်း ၇၀ ကျော်ကြာ ဖြစ်ပွားနေသော ပြည်တွင်း စစ်မီး မငြိမ်းနိုင်သော အချိန် အခါတွင် ရခိုင်အနောက်ဘက်ခြမ်းရှိ မွတ်ဆလင် လက်နက်ကိုင် အဖွဲ့များမှာလည်း တစခန်းထ လာနေခြင်းက ဌာနေ တိုင်းရင်းသားများနှင့် မွတ်ဆလင်များအဖို့ ရင်လေးစရာ တခု ဖြစ်သည်။
မူလက ARSA အဖွဲ့ကို ထောက်ခံသော မွတ်ဆလင် ကျေးရွာသားများမှာ တကျော့ပြန် ခေါင်းထောင်လာသော RSO အဖွဲ့ ၏ ရန်ပြုခြင်းကို ခံရသလို ARSA အဖွဲ့ကလည်း တချို့သော မွတ်ဆလင် ကျေးရွာသားများကို RSO အဖွဲ့ကို ထောက်ခံ သည်ဆိုသည့် စွပ်စွဲချက်ဖြင့် ဖမ်းဆီး ရိုက်နှက်ခံရမှု ရှိသည်ဟုလည်း မွတ်ဆလင်ကျေးရွာသားများ ဧရာဝတီသို့ ပြော ဆိုသည်။
မွတ်ဆလင်ကျေးရွာ အတွင်းသို့ ဝင်ရောက် ဓားပြတိုက်၊ ပြန်ပေးဆွဲ၊ လူသတ်မှု ဖြစ်တိုင်းမှာလည်း တဖွဲ့အပေါ် တဖွဲ့ ထိုးချကာ အေးချမ်းစွာ နေလိုသော မွတ်ဆလင်ကျေးရွာသားများအဖို့ ရတက်မအေးနိုင်သည့် အခြေအနေတခုကို ရောက်ရှိနေသည်။
မောင်တောမြို့နယ်အတွင်းက မွတ်ဆလင်ကျေးရွာသားများသည် အဆိုပါ လက်နက်ကိုင် အဖွဲ့အစည်းများ၏ ညအချိန် ဝင်ရောက် ဖမ်းဆီးခြင်း၊ ငွေညှစ် ပြန်ပေးဆွဲခြင်းများကို မကြာခဏ ဆိုသလို ခံရလေ့ရှိပြီး သူတို့ခေါ်ဆောင်သည့်အခါ ငြင်းဆန်မှု တစုံတရာ ပြုလုပ်လျှင် ကျေးရွာအတွင်း တခါတည်း ပစ်သတ်သွားတတ်သည်။
ယခုလ စက်တင်ဘာလ ၂ ရက်ကလည်း မောင်တောမြို့နယ် ပန်းတောပြင် မွတ်ဆလင် ကျေးရွာ တာဝန်ခံတဦးကို မွတ်ဆလင် လက်နက်ကိုင် အဖွဲ့တခုက ဝင်ရောက် ဖမ်းဆီးခဲ့ရာ ၎င်းတို့ နောက်သို့ မလိုက်သည့်အတွက် သေနတ် ဖြင့် တခါတည်း ပစ်သတ်သွားခဲ့ပြီး ကျေးရွာတာဝန်ခံ၏ ညီအစ်ကို တော်စပ်သူ ၂ ဦးကိုလည်း ဓားဖြင့် ထိုးသွားသည့် အတွက် ပြင်းထန်ဒဏ်ရာများ ရရှိခဲ့သည်။
ထိုနေ့က အဆိုပါ ပန်းတောပြင်ကျေးရွာ စာသင်ကျောင်းတွင် စစ်ကောင်စီ လက်အောက်ခံ လုံခြုံရေး တပ်ဖွဲ့ဝင်များ လည်း ရောက်ရှိနေသလို ပန်းတောပြင်ကျေးရွာ အနီးတွင်လည်း နယ်ခြားစောင့်ရဲကင်း စစ်ဆေးရေးဂိတ်လည်း ရှိ ကြောင်း ကျေးရွာသားများက ပြောသည်။
လက်ရှိအချိန်အထိ ကျုးလွန်သူများကို ဖမ်းဆီးရမိခြင်း မရှိသလို မည်သည့်အဖွဲ့ ဖြစ်သည် ဆိုသည့် လက်သည် တရား ခံကိုလည်း ဖော်ထုတ်နိုင်ခြင်း မရှိခြင်းက မောင်တောမြို့နယ်အတွင်းက လုံခြုံရေး အာမခံချက်အပေါ် မီးမောင်း ထိုးပြ နေသည်။
ဘင်္ဂလားဒေ့ရှ်အတွင်းက ကူတုပါလောင် ဒုက္ခသည်စခန်းရောက် မွတ်ဆလင်အဖွဲ့ ဖြစ်သည့် Rohingya Nationalist Organization (RNO) ကတော့ အဆိုပါ လူသတ်ဓားပြတိုက်သည့်အဖွဲ့မှာ အဒူလာကိမ်း ခေါင်းဆောင်သည့် အဖွဲ့ ဖြစ်ကြောင်း စက်တင်ဘာလ ၉ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သည်။
ပြီးခဲ့သော သြဂုတ်လ ၁၆ ရက်ကလည်း မောင်တောမြို့နယ်အတွင်းက ပဒင်းကျေးရွာ အုပ်ချုပ်ရေးမှူးကို ပြန်ပေးဆွဲခဲ့ ပြီး အိမ်အတွင်းမှ ရွှေထည်များကို လူယုခဲ့ခြင်း၊ ပန်းတောပြင်ကျေးရွာ တာဝန်ခံ မူဟီဘူရာမန် တို့ကို သတ်ဖြတ်ခြင်း တို့မှာ အဒူဟာကိမ်းအဖွဲ့ လက်ချက်ဖြစ်သည်ဟု RNO က ထုတ်ပြန်ထားသည်။
ယင်းပြင် မေလ၂၃ ရက်ကလည်း ကညှင်တန်းရပ်ကွက်မှ ပရိဘောဂဆိုင်ဖွင့်လှစ်ရောင်းချသည့် မွတ်ဆလင် သား အဖဖြစ်သူ ရှော်ဖီးလ် (၅၀ နှစ်) နှင့်သားဖြစ်သူ မောက်အာယာစ် (၂၇ နှစ်) တို့ကို နေအိမ်အတွင်း ဝင်ရောက်ပြီး ပြန်ပေးဆွဲခြင်း၊ ကံပူကျေးအုပ်ချုပ်ရေးမှူးဟောင်း ဆွေယောအာလောင်အား ပြန်ပေးဆွဲ ငွေညှစ်ခြင်း၊ စသည့် အကြမ်း ဖက်မှုများသည် အဒူလာကိမ်းအဖွဲ့ ဖြစ်သည်ဟု RNO က ထုတ်ပြန်ထားချက်တွင် ဖော်ပြထားသည်။
AA အနေဖြင့် လူသတ်ဓားပြ ခေါင်းဆောင် အဒူလာကိမ်းကို နှိမ်နင်း ချေမှုန်းပေးရန်နှင့် ထိုကဲ့သို့ ဒုစရိုက်သမားအား ချေမှုန်းခြင်းအားဖြင့် ဖြူစင်သော တော်လှန်ရေးကို အကောင်အထည်ဖော်ရန် RNO တောင်းဆို တိုက်တွန်းထားသည်။
မေယုတောင်ကြောနှင့် မွတ်ဆလင် ကျေးရွာများအတွင်း ကိုယ်ယောင်ဖျောက်နေသော အသက် ၅၅ နှစ်အရွယ် အဒူဟာကိမ်းသည် မောင်တောမြို့နယ် တောင်ပိုင်း သင်္ဘောကွေ့ရွာဇာတိ ဖြစ်ကြောင်း သိရ သည်။
ပါတီ ကောင်စီခေတ် သူ၏ ငယ်စဉ်ဘဝတုန်းက ကျေးရွာအာဏာပိုင်များ၏ အာဏာပြ ဗိုလ်ကျ စိုးမိုးမှုများနှင့်အတူ ဖမ်းဆီးနှိပ်စက်မှုများကို ခံခဲ့ရကာ မိသားစုဘဝ ပျက်ခဲ့ရကြောင်း မကြာသေးမီက အင်တာနက် လူမှုကွန်ရက်ပေါ်တွင် သူ့အကြောင်း ပျံ့နှံ့လာသည်။
ထောက်လှမ်းရေးများ ကြီးစိုးသည့် လက်ထက်တွင်လည်း ကျေးရွာအာဏာပိုင်များက နယ်မြေခံ ထောက်လှမ်းရေးများ နှင့် ပူးပေါင်းကာ ၎င်းမှာ မတရား ဖမ်းဆီးနှိပ်စက်ခြင်းကို ခံခဲ့ရပြီးနောက် အချုပ်ထဲမှ ထွက်ပြေးလွတ်မြောက်လာသူ ဖြစ်ကာ အာဏာပိုင်နှင့် ပေါင်းသည့် မွတ်ဆလင် ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ လုပ်ငန်းရှင် သူဌေးများ ဆိုလျှင် ၎င်း အနေဖြင့် အမုန်းကြီး မုန်းတီးကာ သင်ခန်းစာပေးခြင်းများကို ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ရုပ်သံ ဗွီဒီယိုဖိုင်မှတဆင့် သူက သတိပေး ပြောကြားထားသည်။
စစ်ကောင်စီ လက်အောက်ခံ နယ်ခြားစောင့်ရဲတပ်ဖွဲ့၊ ရခိုင်မြောက်ပိုင်းတွင် သြဇာ လွှမ်းမိုးထားသော ရက္ခိုင့်စစ်တပ် ( AA) အဖွဲ့တို့ကလည်း အဒူလာကိမ်းအား ဖမ်းဆီးနိုင်ခြင်း မရှိသေးသလို ARSA၊ RSO အဖွဲ့တို့နှင့်လည်း ထိပ်တိုက်တွေ့ ဆုံခြင်း မရှိဘဲ မောင်တောနယ်မြေတခွင်တွင် ဗိုလ်ကျ စိုးမိုး ခြယ်လှယ်နိုင်ခြင်းကလည်း စိတ်ဝင်စားစရာ ကောင်းလှ သည်။
လေ့လာသူတချို့ကတော့ အဒူလာကိမ်းသည် ဒေသအာဏာပိုင်များထံတွင် ၂ ကြိမ်တိုင် ဖမ်းဆီးခဲ့ရသော်လည်း ပြန်လည်လွတ်မြောက်လာခြင်းမှာ သံသယ ဖြစ်စရာကောင်းပြီး နယ်ခြားစောင့်ရဲတပ်ဖွဲ့ အကြီးအကဲများနှင့် တစုံတရာ ပတ်သက်မှု ရှိနိုင်သည်ဟု သုံးသပ်ကြသည်။
တချို့သော ဓားပြတိုက်၊ လူသတ်မှုများသည် မောင်တောမြို့နယ်အတွင်းက မူးယစ်ရာဇာအဖွဲ့များအချင်းချင်း လက်စား ချေ လုပ်ကြံမှုများသာဖြစ်ပြီး နာမည်ရှိနေသော အဒူလာကိမ်း လုပ်ရပ်အဖြစ် ပုံဖော်မှုတခုသာ ဖြစ်ကြောင်း စောင့်ကြည့် သူတချို့က ဆိုသည်။
မောင်တောမြို့နယ်အတွင်းက လုံခြုံရေး ထိပ်ပိုင်းခေါင်းဆောင်များနှင့် နီးစပ်သူတဦးက ARSA၊ RSO၊ ARA စသည့် မွတ်ဆလင် လက်နက်ကိုင်များ၏ လုပ်ဆောင်ချက်များ နောက်ကို ခြေရာခံ မရနိုင်အောင် အဒူလာကိမ်းကို အသုံး ပြုကာ အာရုံလွှဲနေခြင်း ဖြစ်သည်ဟုဆိုသည်။
AA နှင့် နီးစပ်သူ ရခိုင်တိုင်းရင်းသား တဦးကတော့ အဒူလာကိမ်းအား AA တပ်ဖွဲ့ဝင်များက ဖမ်းဆီးနိုင်ရေးအတွက် ကြိုးပမ်းမှုများရှိသော်လည်း ဓားပြတိုက်၊ ပြန်ပေးဆွဲတို့တွင် ရခိုင်တိုင်းရင်းသား ကျေးရွာများကို မတို့မထိဘဲ မွတ်ဆ လင်အချင်းချင်းသာ လုပ်ဆောင်ခြင်းဖြစ်သည့်အတွက် ယခုကဲ့သို့ လွတ်မြောက်နေခြင်းသာ ဖြစ်ကြောင်း ပြောသည်။
AA သည် စစ်တပ်နှင့် အပစ်ခတ်တိုက်ခိုက်မှု ရပ်စဲထားသည့် နောက်ပိုင်းကတည်းက ရခိုင်ပြည်နယ်အတွင်း အုပ်ချုပ် ရေးနှင့် တရားစီရင်ရေး ကဏ္ဍများကို အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသည်။
သူတို့၏ အုပ်ချုပ်ရေး ကဏ္ဍများတွင် မွတ်ဆလင်ရွာသားများကိုပါ ထည့်သွင်း ပါဝင်စေပြီး ဒေသတွင်း တရားဥပဒေ စိုးမိုးရေးကို ဆောင်ရွက်စေရန်အတွက် ၎င်းတို့ လက်အောက်ခံတွင် မွတ်ဆလင်လက်နက်ကိုင်အဖွဲ့တခုကိုလည်း ဖွဲ့စည်း ပေထားကြောင်း လေ့လာသူတချို့က ဆိုသည်။
မွတ်ဆလင် ကျေးရွာများကတော့ AA သည် ဒေသတွင်း တရားဥပဒေ စိုးမိုး ရေးအတွက် ရဲတပ်ဖွဲ့ ကဲ့သို့သော မွတ်ဆလင်လူငယ်များကို သင်တန်းပေးပြီး လက်နက် တပ်ဆင်ပေးမှု တချို့ရှိသော် လည်း နယ်ခြားစောင့်ရဲစခန်း အများဆုံး အခြေစိုက်သည့် မောင်တောမြို့နယ်တွင် ထိုသို့ လုပ်ဆောင်ခြင်း မရှိသေးဟု ဆိုသည်။
ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် စစ်တပ်နှင့် AA တို့ မီးကုန်ယမ်းကုန် တိုက်ပွဲဖြစ်ပွားခဲ့သည့် အချိန်တုန်းကလည်း ရသေ့ တောင်မြို့နယ်နှင့် ဘူးသီးတောင်မြို့နယ်လောက်သာ စစ်မီး တောက်လောင်ခဲ့ပြီး မောင်တောမြို့နယ်အတွင်း စစ်ပွဲ ဖြစ်မှု မရှိသလောက် ရှားပါးခဲ့သည်။
သို့သော်လည်း စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့် တပ်ဖွဲ့ဝင်များလည်း လက်လှမ်းမမီ၊ AA တပ်ဖွဲ့ဝင်များလည်း သြဇာလွှမ်းမိုး မှု အားနည်းသော ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ရေလမ်း၊ ကုန်းလမ်း နယ်စပ်ချင်း ထိစပ်နေသော မောင်တောမြို့နယ်အတွင်း မွတ်ဆလင် လက်နက်ကိုင် အဖွဲ့တို့ စိမ့်ဝင်လှုပ်ရှားမှုက တနေ့တခြား များပြားလာနေကြောင်း စောင့်ကြည့်လေ့လာသူ တချို့က မှတ်ချက်ပြုသည်။
သို့အတွက် သာယာလှပသော ဘင်္ဂလား ပင်လယ်အော် ပင်လယ်ကမ်းစပ်ကို အမှီပြုပြီး အေးချမ်းစွာ နေလိုသော မွတ်ဆလင် ကျေးရွာသားများအဖို့ ထိုကဲ့သို့ မွတ်ဆလင် လက်နက်ကိုင်များကြားတွင် ကျီးလန့်စာ စား ဘဝဖြင့် ရှင် သန်နေရသလို ရခိုင်အနောက်ဘက်ခြမ်းက တကျော့ပြန် မွတ်ဆလင် လက်နက်ကိုင်များ၏ လှုပ်ရှားမှုသည် တချိန်က မူဂျာဟစ်အဖွဲ့ သောင်းကြမ်းမှုကဲ့သို့ ကြီးထွားလာလေမလား ဆိုသည်ကလည်း စိတ်ဝင်စားစရာ ဖြစ်လာသည်။
You may also like these stories:
မောင်တောတွင် လက်နက်ကိုင်အဖွဲ့ ၁ ဖွဲ့ တိုက်ခိုက်မှုကြောင့် ၁ ဦး သေ၊ ၂ ဦး ဒဏ်ရာရ
AA ထံ အမှုများ မတိုင်ကြားဖို့ မွတ်ဆလင်ရွာ လူကြီးများအား စစ်တပ်က ခေါ်ယူ သတိပေး