ဆောင်းပါး

မြင်သားရွာကို အကျည်းတန်ရုပ်ဆိုးစေခဲ့တဲ့ စက်တင်ဘာ မနက်ခင်း

Want create site? Find Free WordPress Themes and plugins.

ချင်းတွင်းမြစ် အနောက်ဘက်ကမ်း ပုံတောင်ပုံညာ တောင်တန်းကြီးနဲ့ ချင်းတောင်တန်းတွေကြား တည်ရှိတဲ့၊ အေးချမ်း သာယာလှပတဲ့ ယောဒေသလေးဟာ စစ်အာဏာသိမ်းပြီး နောက်ပိုင်းမှာ တော်လှန်ရေး နယ်မြေတခုအသွင် ဆောင်လာပြီး စစ်မီးပဋိပက္ခတွေ တဖြည်းဖြည်းနဲ့ ကျယ်ပြန့်လာနေပါတယ်။

ပြည်သူတွေက ရွေးကောက်တင်မြှောက်ထားတဲ့ အရပ်သားအစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းယူခဲ့တဲ့ စစ်တပ်ကို ရရာ လက်နက်စွဲကိုင်ပြီး တွန်းလှန်ခုခံနေတဲ့ နိုင်ငံတဝှမ်းက ဒေသတွေထဲမှာ မကွေးတိုင်းအတွင်းက ယောဒေသလည်း အပါအဝင် ဖြစ်ပါတယ်။

ယောဒေသ ဂန့်ဂေါခရိုင်အတွင်းမှာ ဂန့်ဂေါ၊ ထီးလင်း၊ ဆော၊ ကျောက်ထု မြို့နယ်တွေ ပါဝင်ပြီး ကျေးရွာအများစုဟာ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ထောက်ခံသူတွေ ဖြစ်ကြပေမယ့် စစ်တပ်ကျောထောက်နောက်ခံ ပြုထားတဲ့ ကြံ့ခိုင်ရေးပါတီရဲ့ အမာခံနယ်မြေတွေလည်း ရှိတာကြောင့် ပျူစောထီးလို့ခေါ်တဲ့ အရပ်သား လက်နက်ကိုင်တွေ အားကောင်းတဲ့ ဒေသလည်း ဖြစ်ပါတယ်။

စစ်အာဏာရှင်စနစ်ကို တွန်းလှန်နေတဲ့ ယောဒေသခံတွေမှာ ခေတ်မီလက်နက်တွေ တပ်ဆင်ထားခြင်း မရှိဘဲ တူမီးလို ရိုးရာလုပ်သေနတ်တွေနဲ့ပဲ လက်နက်၊ လူသူအင်အား သာလွန်နေတဲ့ စစ်တပ်ကို ပြန်လည်ခုခံနေကြတာ ဖြစ်ပါတယ်။

ဒါကြောင့်လည်း စစ်ကောင်စီတပ်တွေရဲ့ အင်အားသုံး အကြမ်းဖက် ဖိနှိပ်ဖြိုခွင်းမှုတွေအောက်မှာ သေဆုံးခဲ့ရသူတွေ၊ နေ အိမ် မီးရှို့ဖျက်ဆီးခံရမှုတွေ၊ တောတောင်တွေထဲ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဖြစ်ရပ်တွေဟာ တစတစ မြင့်တက်လာပါ တယ်။

စက်တင်ဘာ နံနက်ခင်းတခုမှာတော့ ယောဒေသကို ဖြတ်သန်းစီးဆင်းနေတဲ့ မြစ်သာမြစ်ကမ်းဘေး မေးတင်ထားတဲ့ ဂန့်ဂေါမြို့နယ်အတွင်းက မြင်သားကျေးရွာလေးဟာ ထိတ်လန့်ခြောက်ခြားစရာတွေနဲ့ နိုးထလာခဲ့ပါတယ်။

စက်တင်ဘာ ၉ ရက် အဲဒီမနက်ခင်းဟာ မြင်သားရွာလေးအတွက် တသက် မမေ့နိုင်စရာ အိပ်မက်ဆိုးကြီးတခု ဖြစ်သလို စစ်အာဏာရှင်ကို တော်လှန်နေတဲ့ ပြည်သူတွေကြားလည်း နာကျည်းကြေကွဲဖွယ် မြင်ကွင်းတခု ဖြစ်ခဲ့ပါတယ်။

အဲဒီမနက်ခင်းက မြင်သားရွာရဲ့ အနောက်ဘက်ကမ်းမှာရှိတဲ့ သာလင်းရွာမှာ စစ်တပ်က မီးရှို့နေတယ်ဆိုတဲ့ သတင်းဆိုးနဲ့ အတူ သူတို့ရွာကိုလည်း ရောက်လာနိုင်တယ်လို့ ယူဆထားတဲ့အတွက် ပြေးသူပြေး၊ ရွာလုံခြုံရေးအဖွဲ့က လူငယ်တွေက လည်း နေရာယူသူယူနဲ့ ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ပါတယ်။

သိပ်မကြာခင် အချိန်မှာပဲ “ဝင်လာပြီ၊ ဝင်လာပြီ” ဆိုတဲ့ အော်သံတွေနဲ့အတူ ကြိုတင်မှန်းဆထားတဲ့အတိုင်း မြစ်သာမြစ် ကို ဖြတ်ပြီး သာလင်းရွာနဲ့ မြင်သားရွာကို ဆက်ထားတဲ့ သံဘောင်တံတား တဖက်ခြမ်းမှာ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေနဲ့ အားက စားဘောင်းဘီတို ဝတ်ဆင်ထားတဲ့ အရပ်သား လက်နက်ကိုင်တွေ ရွာဆီဦးတည်လာနေတာကို လှမ်းမြင်လိုက်ကြပါတယ်။

မြစ်သာမြစ်ပေါ်က သံဘောင်တံတား တဖက်တချက်စီ နေရာယူထားသူတွေကြား နံနက် ၁၀ နာရီခန့်ကစလို့ ပစ်ခတ်မှုတွေ ဖြစ်ခဲ့ကြပြီး အဲဒီနောက်မှာတော့ စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ် တိုက်ခိုက်လာတာကြောင့် ရပ်ရွာကာ ကွယ်ရေးအဖွဲ့ဝင်တွေ တောင်မခံနိုင်တော့ဘဲ ဆုတ်ခွာခဲ့ရသလို ကျေးရွာဟာလည်း စီးနင်းဖျက်ဆီးခြင်း ခံရပါတော့တယ်။

အဲဒီဖြစ်စဉ်မှာ အသက်မပြည့်သေးတဲ့ ၈၊ ၉ တန်း ကျောင်းသားအရွယ် လူငယ်တွေနဲ့ ကျေးရွာအတွင်းက သက်ကြီးပိုင်းတွေ အပါအဝင် စုစုပေါင်း ၁၈ ဦးဟာ အဲဒီနေ့ တရက်တည်းမှာပဲ သေဆုံးခဲ့ပြီး နေအိမ် ၂၀ လောက်လည်း စစ်ကောင်စီ တပ်ဖွဲ့ ဝင်တွေရဲ့ မီးရှို့ဖျက်ဆီးခြင်းကို ခံလိုက်ရပါတယ်။

ကျေးရွာဒေသခံတဦးက “ကိုယ့်ရပ်ရွာကို မီးလာရှို့မှာစိုးလို့ ရွာမှာဖွဲ့ထားတဲ့ ကာကွယ်ရေးအဖွဲ့လေးတွေက ရှိတာလေးတွေနဲ့ ခုခံကြတာ။ သူတို့က စပစ်တော့ ရှိတဲ့တူမီးလေးတွေနဲ့ ၄၅ မိနစ်လောက်တော့ ခုခံခဲ့ကြသေးတယ်။ တော်တော် ရင်နာစရာ ကောင်းပါတယ်။ မကျေနပ်ကြဘူးပေါ့ဗျာ” လို့ မချိတင်ကဲ ဆိုပါတယ်။

တိုက်ခိုက်မှု ဖြစ်စဉ်နဲ့ ပတ်သက်လို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေနဲ့ အရပ် ဝတ် လက်နက်ကိုင်တွေ ၅၀ ဦးခန့် ပါဝင်ခဲ့ပြီး မြင်သားကျေးရွာမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) လှုပ်ရှားနေတယ်လို့ သတင်းရတဲ့အတွက် သွားရောက်စစ်ဆေးရာမှာ ရွာအနီးအရောက် လူ ၅၀ ခန့်က ဝိုင်းဝန်း တိုက်ခိုက်ခဲ့တာ ဖြစ်တယ် လို့ ပြောပါတယ်။

အဲဒီ တိုက်ခိုက်မှုအတွင်း စစ်သည် ၁ ဦး သေဆုံးခဲ့သလို ခုခံသူတွေဘက်ကလည်း အလောင်းတွေနဲ့ သေနတ် ၂၃ လက်၊ လက်လုပ်စိန်ပြောင်း ၈ လက် ကိုလည်း ရရှိခဲ့တယ်လို့ ၎င်းက ပြောထားပေမယ့် အလောင်း အရေအတွက်ကိုတော့ ထုတ်ဖော် ပြောဆိုတာမျိုး မရှိပါဘူး။

ဒေသခံတွေကို တိုက်ခိုက်ရာမှာ စစ်သားတွေနဲ့အတူ ပါဝင်တဲ့ အရပ်ဝတ် လက်နက်ကိုင်တွေဟာ ပျူစောထီးအဖွဲ့ဝင်တွေ ဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
အဲဒီဖြစ်စဉ်ပြီး နောက်ပိုင်း မကွေးတိုင်း၊ ဂန်ဂေါမြို့နယ်အတွင်း မြစ်သာမြစ်ကမ်းဘေးမှာ တည်ရှိတဲ့၊ အိမ်ခြေ ၅၈၃ အိမ်နဲ့ လူဦးရေ ၃၈၀၀ ကျော် နေထိုင်တဲ့၊ စည်ကားတဲ့ ရွာကြီးတရွာအဖြစ် တည်ရှိခဲ့တဲ့ မြင်သားရွာဟာ တိတ်ဆိတ် ခြောက်ကပ် သွားပြီး ဒေသခံတွေမှာလည်း နေ့စဉ်နဲ့အမျှ စိုးထိတ်မှုတွေနဲ့ ဖြတ်သန်းနေကြရပါတယ်။

မြင်သားရွာ ဒေသခံတွေဟာ စိုက်ပျိုးရေးကို အဓိက လုပ်ကိုင်ကြပြီး စပါး၊ ပဲ၊ နှမ်း စတဲ့ သီးနှံတွေကို ရာသီအလိုက် စိုက်ပျိုး လုပ်ကိုင်ကြပြီး နှမ်းအထွက်နှုန်းကောင်းတဲ့ ဒေသတခုလည်း ဖြစ်ပါတယ်။

ယောဒေသအတွင်းက မြင်သားကျေးရွာဟာ စစ်အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ ကျပ်တည်းမှုတွေကို တခြားသော မြို့ရွာတွေနည်းတူ ရင်ဆိုင်နေရသလို တနိုင်ငံလုံး အတိုင်းအတာနဲ့ ကူးစက်မှု၊ သေဆုံးမှုနှုန်း မြင့်တက်နေတဲ့ ကိုဗစ်-၁၉ ကပ်ရောဂါဒဏ်ကိုလည်း ခုခံနေရတာ ဖြစ်ပါတယ်။

ကိုဗစ်ကြောင့် သေဆုံးရသူ ၁၇ ဦးထိ ရှိလာတဲ့အခါ ကိုဗစ်ကာကွယ်ရေးအတွက်၊ ရပ်ရွာလုံခြုံရေးအတွက် ရွာအဝင် အထွက်တွေကို စစ်ဆေးစောင့်ကြည့်ဖို့ လူငယ်အများစု ပါဝင်တဲ့ လုံခြုံရေးအဖွဲ့လေးတွေ စုဖွဲ့ပြီး ရွာအဝင်တံတားထိပ်မှာ အလှည့်ကျစောင့်လေ့ ရှိကြပါတယ်။

“ဒီကလေးတွေက ကိုဗစ်ကာကွယ်ရေးအတွက် ရွာအဝင်အထွက်ကို အလှည့်ကျစောင့်ကြတာ။ ကိုဗစ်တွေ စဖြစ်ထဲက ဇူ လိုင်လလောက်ထဲက ဖြတ်သွားဖြတ်လာ ကားတွေကို ဆေးဖြန်းတယ်။ ဒါတွေပဲ လုပ်နေကြတာ။ ကလေးတွေက ရပ်ရွာ လုံခြုံရေးအတွက် သူတို့မှာ တူမီးသေနတ်လေးတွေတော့ ရှိတယ်” လို့ ရွာခံအမျိုးသမီး တဦးက ပြောပြပါတယ်။

စက်တင်ဘာ ၉ ရက်နေ့ ဖြစ်စဉ်မှာတော့ ရွာထိပ်လုံခြုံရေးအဖွဲ့ထဲက အသက်မပြည့်သေးတဲ့ လူငယ်တွေ သေဆုံးခဲ့ရတဲ့ အပြင် တချို့သေဆုံးသူတွေဟာ စစ်ကောင်စီ တပ်သားတွေ ရွာထဲရောက်မှသာ ပစ်ခတ်သတ်ဖြတ်ခဲ့တာ ဖြစ်တယ်လို့ ဒေ သခံတွေက ပြောပါတယ်။

ထို့ပြင် သေဆုံးခဲ့တဲ့ လူတွေဟာလည်း ဦးခေါင်းတွေချည်း ပစ်ခတ်ခံထားရသလို အစုလိုက်အပြုံလိုက်ပုံစံ မြင်တွေ့ရတဲ့ အတွက် လက်နက်ကြီးဒဏ်ကြောင့် မသေမရှင် ဖြစ်နေသူတွေကို ဖမ်းဆီးပြီးမှသာ ပစ်သတ်ခဲ့တာ ဖြစ်တယ်ဆိုတဲ့ ယူဆ ချက်တွေလည်း ရှိနေပါတယ်။

ဒေသခံတချို့ကလည်း မျက်မြင်တွေရဲ့ ပြောပြချက်ကို ကိုးကားပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်လို့ ဆုတ်ခွာပြေးကြတဲ့အချိန် မှာ လက်ကိုင်ဖုန်းကျကျန်ခဲ့လို့ ပြန်လှည့်ကောက်တဲ့ လူငယ်တချို့ အရှင်ဖမ်းဆီးခံခဲ့ရတာ ဖြစ်တယ်လို့လည်း ဆိုကြပါတယ်။

“တော်တော်များများ ခေါင်းတွေကိုပဲ ဖြစ်ထားတာ။ ခေါင်းတွေ ပဲ့ကျနေတယ်။ သင်္ဘောသီးအမှည့် အပင်က ပြုတ်ကျထား သလို ဦးနှောက်တွေက အပြင်ကို ပုံထွက်နေတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။

စစ်ကောင်စီတပ်များ ဝင်ရောက်ခဲ့သည့် သာလင်းရွာနှင့် မြင်သားရွာ တည်နေရာပြ မြေပုံ(ဧရာဝတီ)

ဒီလို ပစ်ခတ်သတ်ဖြတ် ခံရသူတွေထဲက အသက် ၈၆ နှစ်အရွယ် ဦးထွန်းငွေ ဆိုသူဟာ နေအိမ်အနီးမှာ ကြိုးတုပ်ရာတွေနဲ့ အတူ ရိုက်နှက်ထားတဲ့ ဒဏ်ရာတွေနဲ့ သေဆုံးခဲ့တာ ဖြစ်တဲ့အပြင် အသက် ၅၀ ကျော်အရွယ် ဦးအောင်ငွေ ဆိုသူမှာလည်း နေအိမ်ရှိ ကုလားထိုင်ပေါ်မှာပင် ပစ်သတ်ခံထားရတာကိုလည်း ဓာတ်ပုံမှတ်တမ်းတွေအရ တွေ့ရပါတယ်။

ဦးအောင်ငွေဆိုသူဟာ သွက်ချာပါဒလိုက်နေသူဖြစ်ပြီး လမ်းကောင်းကောင်း မလျှောက်နိုင်သူ ဖြစ်ကြောင်း၊ တချို့လည်း မပြေးဘဲ အိမ်မှာပုန်းကျန်နေခဲ့ချိန် ပစ်သတ်ခံရခြင်း ဖြစ်နိုင်ကြောင်း၊ တွေ့သမျှ ယောက်ျားမှန်သမျှကို ပစ်သတ်သွားတဲ့ ပုံစံဖြစ်နေပြီး ရွာထဲတင် ပစ်သတ်ခံရသူ ၅ ဦးလောက် ရှိတယ်လို့လည်း ဒေသခံတဦးက ပြောပါတယ်။

အဲဒီနေ့က စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ ရွာအတွင်းဝင်ပြီး နေအိမ်တွေကို မီးရှို့ မွှေနှောက်နေချိန်မှာ ရွာခံအများစုဟာ ဘေး လွတ်ရာတောထဲ ထွက်ပြေးသူပြေး၊ ရွာဘုန်းတော်ကြီးကျောင်းကို ပြေးသူပြေးနဲ့ ကစဉ့်ကလျား ဖြစ်ခဲ့ကြပါတယ်။

သို့သော် သိပ်မကြာခင်မှာပဲ ရွာသားတွေ ခိုလှုံနေကြတဲ့ ဘုန်းကြီးကျောင်းဘက်ကို သေနတ်ပစ်ဖောက်သံတွေနဲ့အတူ စစ်ကောင်စီ တပ်သားတွေနဲ့ အရပ်ဝတ် လက်နက်ကိုင်တွေ ၂၀ လောက် တစတစ ရမ်းကား ဝင်ရောက်လာပြီး ကျောင်းထဲ ပုန်းနေသူတွေကို ထွက်လာဖို့ “ဝင်လာမှ ငါတို့အဆိုး မဆိုနဲ့” လို့ဆိုကာ အော်ဟစ် ခြိမ်းခြောက်ခဲ့ပါတယ်။

စိုးရိမ်ကြောက်လန့်စိတ်တွေနဲ့ အပြင်ကို ထွက်လာတဲ့ သက်ကြီးရွယ်အိုတွေ၊ အမျိုးသမီးတွေ၊ ကလေးမိခင်တွေနဲ့ ကလေး ငယ်တွေ အပါအဝင် ဒေသခံတွေကို ကွန်ကရစ်လောင်းထားတဲ့ ကွက်လပ်မှာ ၁ နာရီကျော် ဒူးထောက်ခိုင်းထားပြီး မေး မြန်းပြောဆိုတာတွေ ပြုလုပ်ခဲ့ပါတယ်။

စစ်ကောင်စီ တပ်သားတွေဟာ “နင်တို့ သားသမီးတွေ၊ မောင်နှမတွေ ပါမှာပဲ။ ပြီးရင် တံတားထိပ်မှာ နင်တို့ အလောင်း သွားကောက်လိုက်။ ဆယ်ယောက် ထက်တောင် မကဘူး။ ငါတို့ပြန်သွားမှ နင်တို့ အလောင်းကောက်လိုက်ကြ” ဆိုပြီး ရုန့်ရင်းကြမ်းတမ်းစွာ ပြောဆိုခဲ့တယ်လို့လည်း အမျိုးသမီးတဦးက ပြန်ပြောပြပါတယ်။

ဒါတွေတင် မကသေးပါဘူး။ ပြည်သူတွေရဲ့ ဖုန်းအလုံး ၆၀ ထက်မနည်းကိုလည်း သိမ်းဆည်းရယူပြီး “ဘယ်မှာ ဘာဖြစ်နေ ပြီ။ တင်လိုက်ကြဦးလေ” လို့ ပြောပြောပြီး လူရမ်းကားဆန်ဆန် ဖုန်းတွေကို ရိုက်ခွဲခဲ့ကြသလို “ကျောင်းဝင်းအပြင်ကို ခြေ တလှမ်း လှမ်းတာနဲ့ ပစ်သတ်မယ်” လို့လည်း ခြိမ်းခြောက် ပြောဆိုခဲ့ပြန်ပါသေးတယ်။

ဒူးထောက်ခိုင်းထားတဲ့ ဒေသခံတွေထဲက အမျိုးသား ၆ ဦးခန့်ကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ၎င်းတို့ရဲ့ လက် နက်တွေနဲ့ ပစ္စည်းတွေကို သယ်ခိုင်းခဲ့ကာ နောက်ပိုင်း အဲဒီလူတွေကို ပြန်လွှတ်ပေးခဲ့ပေမယ့် ကျောင်းဝင်းအတွင်း က ကားတစီးကို ယူဆောင်သွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီ တပ်သားတွေဟာ ဒေသခံတွေအပေါ် အကြမ်းဖက် ခြိမ်းခြောက်တာတွေ ပြုလုပ်ရုံတင်မကဘဲ အမျိုးသမီးတွေ အပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားပြောဆိုတာတွေလည်း ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

“စားကောင်းသောက်ကောင်း စော်တွေ တွေ့တယ်၊ တင်လာခဲ့ရမလား” လို့ အချင်းချင်း ပြောဆိုတာမျိုးတွေ ကြားရတဲ့ ဒေသခံတွေ အနေနဲ့ ခံပြင်းဒေါသထွက်ကြရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

ဒေသခံတွေ တိမ်းရှောင်ထွက်ပြေးနေစဉ်မှာ စစ်သားတွေနဲ့ အရပ်ဝတ် လက်နက်ကိုင်တွေဟာ နေအိမ်တွေကို မီးရှို့ခဲ့သလို ရွာမှာ ညအိပ်စခန်းချပြီး နေအိမ်တွေအတွင်း မွှေနှောက်ရှာဖွေတာမျိုးတွေ ပြုလုပ်ခဲ့တာကို မျက်မြင်တွေ့ခဲ့ရတဲ့ ဒေသခံတချို့ လည်း ရှိနေပါတယ်။

နောက်တနေ့ မနက်မှာ ၎င်းတို့ဟာ နေအိမ်အချို့ကို မီးထပ်ရှို့ကာ ထွက်ခွာသွားကြပါတယ်။ အဲဒီနောက်မှာမှ ဒေသခံတွေ ဟာ ကိုယ့်အိမ်ကိုယ် ပြန်ကြည့်ကြရသလို သေဆုံးသူတွေရဲ့ အလောင်းတွေကိုလည်း ကောက်ခဲ့ကြရတာ ဖြစ်ပါတယ်။

အဲဒီတော့မှ ဘယ်သူတွေပါလဲ သေချာသိရပြီး သေဆုံးသူတွေထဲ အငယ်ဆုံးလေးမှာ အသက် ၁၆ နှစ်သာ ရှိသေးတယ်လို့ ရွာခံတဦးက ယူကျုံးမရစွာနဲ့ ပြောပြပါတယ်။

စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ဒေသခံပြည်သူများ၏ နေအိမ်များကိုလည်း မီးရှို့ဖျက်ဆီးသွားသည် ဓာတ်ပုံ – CJ

သူက “သေဆုံးသွားတဲ့ ကလေးတွေက တဦးတည်းသော သားလေးတွေလည်း ပါတယ်။ သူတို့ မိဘတွေကတော့ အရူးတ ပိုင်းပဲ။ ကိုယ်တိုင်လည်း သူတို့လေးတွေ မျက်နှာကို မကြည့်ရက်ခဲ့ဘူး။ သူတို့ကို ပစ်သတ်လိုက်တဲ့ နေ့ကစပြီး လူကြီး၊ လူ ငယ်၊ ယောက်ျား၊ မိန်းမ အကုန်လုံး မျက်ရည်ရွဲပြီး ငိုနေရတဲ့သူတွေကြီးပဲ” လို့လည်း ဆိုပါတယ်။

စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေဟာ မြင်သားရွာတင်မက ဂန့်ဂေါမြို့နယ်အတွင်းက ကျေးရွာတွေကို ပြီးခဲ့တဲ့ အပတ်အတွင်း ဝင်ရောက်စီးနင်းပြီး ပစ်ခတ်တာ၊ မီးရှို့တာတွေကို ဆက်တိုက် ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

စက်တင်ဘာ ၁၂ ရက်နေ့က ထှယ်လှော်ကျေးရွာရှိ နေအိမ် ၂၇ လုံးနဲ့ စက်တင်ဘာ ၁၃ ရက်နေ့မှာ နှမ်းခါးကျေးရွာက အရပ်သား ပြည်သူတွေရဲ့ နေအိမ်အချို့ကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

ဂန့်ဂေါမြို့နယ်အတွင်းက နှမ်းခါး၊ ရဲလှ၊ တောင်ခရမ်း၊ အလယ်ရွာ၊ ရွာမ၊ သာလင်း၊ မြင်သားစတဲ့ ရွာတွေ အပါအဝင် ကျေး ရွာ ၁၅ ရွာခန့်ဟာ စစ်ကောင်စီတပ်ရဲ့ အကြမ်းဖက် ဖျက်ဆီးမှုတွေကို ခံခဲ့ရပြီး ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် ဒေသခံ ၂၀ ကျော် သေဆုံးခဲ့ပြီ ဖြစ်သလို ၄ ကြိမ်တိုင် မီးရှို့ခြင်းခံရတဲ့ နှမ်းခါးရွာဆိုရင်လည်း နေအိမ် အလုံး ၅၀ ခန့် ဖျက်ဆီးခံခဲ့ရပြီ ဖြစ်ပါတယ်။

အဲဒီကျေးရွာတွေက ထောင်နဲ့ချီတဲ့ ကျေးရွာဒေသခံတွေဟာလည်း ဘုန်းကြီးကျောင်းတွေမှာ ခိုလှုံနေရသလို တောတောင် တွေထဲ ထွက်ပြေးတိမ်းရှောင် နေကြရတာတွေလည်း ရှိပါတယ်။

လက်ရှိမှာ စစ်ကောင်စီတပ်တွေရဲ့ တိုက်ခိုက်မှုတွေအပေါ် တုံ့ပြန်တဲ့အနေနဲ့ ဂန့်ဂေါမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ ဟားခါး CDF တို့ ပူးပေါင်းအဖွဲ့က စစ်ကြောင်းများကို တိုက်ခိုက်မှုများ ရှိသလို ဂန့်ဂေါနဲ့ ကလေးမြို့ကြား ကားလမ်း တလျှောက်မှာလည်း မိုင်းခွဲတိုက်ခိုက်မှုတွေ ဆက်တိုက်သလို ဖြစ်ပေါ်နေပါတယ်။

ဒီလိုတိုက်ခိုက်မှုတွေကြောင့် အရပ်သားတွေ ထိခိုက်ဆုံးရှုံးမှု ရှိသလို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီ တပ်တွေဘက်မှာလည်း နှစ်ဖက် ထိခိုက်သေဆုံးမှုတွေ ရှိနေပါတယ်။

မြင်သားရွာက အစုလိုက် သေဆုံးနေတဲ့ လူငယ်တွေရဲ့ ပုံတွေ၊ အကြမ်းဖက် စစ်တပ်ကို ရင်ဆိုင်ခဲ့ကြတဲ့ လူငယ်တွေ ကိုင်ဆောင်ခဲ့ကြတဲ့ လက်လုပ်လက်နက်တွေကို အွန်လိုင်းပေါ်ကနေတဆင့် မြင်တွေ့လိုက်ကြတဲ့ အချိန်မှာ ပြည်သူတွေ ကြား ရင်ထုမနာ ဖြစ်ခဲ့ကြရပါတယ်။

ယောသေခံ အမျိုးသမီး တဦးက “သူတို့က လူမဆန်လောက်အောင် ရက်စက်လွန်းတယ်။ သူတို့လို လူတွေကိုလည်း အသံတောင် မကြားနိုင်တော့ဘူး။ ကျမအသိတွေထဲ အများကြီး ရှိတာတောင်မှ သူတို့လို အသိုင်းအဝိုင်းထဲကဆို အသံတောင် မကြားချင်တော့ဘူး” လို့ နာနာကျည်းကျည်း ပြောဆိုပါတယ်။

လက်ရှိ အချိန်ထိလည်း မြင်သားကျေးရွာ ဒေသခံတွေဟာ စိတ်ထိခိုက်ဒဏ်ရာတွေ၊ ထိတ်လန့်မှုတွေနဲ့အတူ ပုံမှန်အနေ အထားကို ပြန်မရောက်သေးသလို အများစုကလည်း နေအိမ်တွေမှာ ပြန်နေကြခြင်း မရှိသေးဘဲ ဘုန်းကြီးကျောင်းနဲ့ တခြား နေရာတွေမှာ ရှောင်တိမ်းနေကြဆဲ ဖြစ်တယ်လို့ သိရပါတယ်။

ဒေသခံတဦးက “ဒါမျိုး နောက်ထပ်လည်း မကြုံချင်တော့ဘူး။ တခြားသူတွေလည်း မကြုံပါစေနဲ့လို့လည်း ဆုတောင်းတယ်။ ကျမတို့ နိုင်ကိုနိုင်ရမယ်ဆိုတဲ့ စိတ်တော့မွေးထားတယ်။ သူတို့ကို ကြောက်စိတ် ဝင်သွားတာတော့ မဟုတ်ဘူး။ ရွံသွားတာ” လို့ ဆိုပါတယ်။

စက်တင်ဘာ ၉ ရက် တိုက်ပွဲအတွင်းမှာ ကျဆုံးသွားခဲ့တဲ့ လူငယ်တွေကို သူတို့ အသက်စွန့်ခဲ့ရာ ရွာအဝင် တံတားထိပ်နား မှာပဲ စုပေါင်းပြီး မီးသင်္ဂြိုလ် ပေးခဲ့ကြပါတယ်။

တချိန်မှာ ဒီလူငယ်တွေ အသက်ပေးသွားခဲ့ရတဲ့ ရွာအဝင် တံတားထိပ်နားမှာ အထိမ်းအမှတ် နေရာတခုအဖြစ်နဲ့ အာဇာ နည်ပန်းခြံမျိုးလေး လုပ်မယ်လို့ ရွာသူ၊ ရွာသားတွေ စိတ်ကူးထားပေမယ့် ဒီဖြစ်ရပ်ကို ပြန်တွေးတိုင်း သူတို့ရင်ထဲမှာ တဆစ် ဆစ်နဲ့ နာကျင်ခံစားနေရဆဲ ဖြစ်ပါတယ်။ ။

You may also like these stories:

စစ်ကောင်စီ သတ်သွားသည့် ဂန့်ဂေါဒေသခံများ လိင်အင်္ဂါများပါ ဖြတ်ခံထားရ

ဂန့်ဂေါမြို့နယ် မြင်သားကျေးရွာ တိုက်ပွဲအတွင်း ဒေသခံ ၁၇ ဦး သေဆုံး

Did you find apk for android? You can find new Free Android Games and apps.
Loading