“မင်းအောင်လှိုင် ကချင်မြေကို လာခဲ့တာ မရှက်ဘူးလား၊ မရှက်ဘူးလား” ဟု ကြွေးကြော်နေသည့် လူငယ်များသည် လုံခြုံရေး တင်းကျပ်ထားသည့်ကြားမှ မြစ်ကြီးနားမြို့လယ်ကို အရောက်လာပြီး စစ်ကောင်စီဥက္ကဋ္ဌကို အလိုမရှိကြောင်း ဆန္ဒပြခဲ့ကြသည်။
ကချင်လူငယ်များသည် “ကချင်မြေမှ အခု ထွက်သွား” ဟု သံပြိုင် ကြွေးကြော်ကြသည့်အပြင် ၎င်းတို့၏ လက်ထဲ၌လည်း “သွေးကြွေးမှာ ဆွေးနွေးစရာ မရှိပါ”၊ “ကချင်မြေမှာ ခြေမနင်းရ၊ နင်းမိသည့် ခြေပုပ်ပါစေ” ဟူသည့် စာတန်းများကိုလည်း ကိုင်ဆောင်ထားကြသည်။
လူငယ်များ မြို့လယ်လမ်းပေါ်တက်ပြီး ဆန္ဒပြနေချိန်သည် စစ်ကောင်စီ၏ ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြစ်ကြီးနားမြို့သို့ ရောက်ရှိနေချိန် စက်တင်ဘာ ၁၉ ရက်က ဖြစ်သည်။
ကချင်ပြည်နယ်သို့ အကြိမ်ကြိမ် လာရောက်ဖူးသော်လည်း ယခုခရီးစဉ်သည် အာဏာသိမ်းပြီးနောက်တွင် စစ်ကောင်စီ၏ ဥက္ကဋ္ဌအဖြစ် ပထမဆုံး လာရောက်သည့် ခရီးစဉ် ဖြစ်သည်။
မြစ်ကြီးနားမြို့တွင် နေထိုင်ပြီး စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လုပ်ဆောင်နေသည့် လူငယ်တဦးက “လုပ်သွားတဲ့ လူငယ်တွေက ကျနော်တို့ လူထုအားလုံးကို ကိုယ်စားပြုတဲ့ ဆန္ဒပြမှုလို့ ပြောရမှာပါ။ ဒီလောက်ထိ လူထုဆန္ဒကို ဆန့်ကျင်ပြီး ရာနဲ့ချီတဲ့ လူထုကို သတ်ဖြတ်ထားတဲ့ စစ်တပ်ရဲ့ခေါင်းဆောင်ကို ကျနော်တို့ မြေကနေ မကြိုဆိုနိုင်ပါဘူး” ဟု ပြောသည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယခင်က စစ်တပ်၏ ကာကွယ်ရေးဦးစီးချုပ် အနေဖြင့် ကချင်ပြည်နယ်သို့ အကြိမ်ကြိမ် လာရောက်ဖူးသော်လည်း ယခုခရီးစဉ်သည် အာဏာသိမ်းပြီးနောက်တွင် စစ်ကောင်စီ၏ ဥက္ကဋ္ဌအဖြစ် ပထမဆုံး လာရောက်သည့် ခရီးစဉ် ဖြစ်သည်။
၎င်းသည် စက်တင်ဘာ ၁၈ ရက်တွင် မြစ်ကြီးနားမြို့သို့ ရောက်လာပြီး မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် မြစ်ကြီးနား တပ်နယ်မှ တပ်ဖွဲ့များ၊ တပ်မိသားစုဝင်များ၊ အာဏာသိမ်းစစ်တပ်ကို သစ္စာခံကာ စစ်ကောင်စီ၏ အုပ်ချုပ်ရေး ယန္တရားတွင် ပါဝင်နေသည့် ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင်များ၊ ခရိုင်နှင့် မြို့နယ်အဆင့် အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများကို လိုက်လံ တွေ့ဆုံခဲ့သည်။
စစ်ဘက်ဆိုင်ရာ အရာရှိများ၊ မိသားစုဝင်များကို မြောက်ပိုင်းတိုင်း စစ်ဌာနချုုပ်အတွင်း တွေ့ဆုံခြင်း ဖြစ်ပြီး အရပ်ဘက် အုပ်ချုပ်ရေး တာဝန်ခံများကို ကချင်ပြည်နယ်အစိုးရ အဖွဲ့ရုံးတွင် တွေ့ဆုံခြင်း ဖြစ်သည်။
မြစ်ကြီးနားတပ်နယ်မှ အရာရှိများ၊ မိသားစုဝင်များနှင့် တွေ့ဆုံရာတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က မဲလိမ်၍ နိုင်ငံတော်ကို အာဏာကို အတင်းရယူရန် ဆောင်ရွက်သဖြင့် ယခုနိုင်ငံရေး အခြေအနေသို့ ဆိုက်ရောက်သွားရခြင်း ဖြစ်ကြောင်း၊ စစ်တပ်က အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍတွင် အရေးကြီးသည့် နေရာမှ ပါဝင်နေသည်ကို သိရှိ နားလည်ရမည် ဖြစ်ကြောင်းများ ပြောဆိုခဲ့ကြောင်း သိရသည်။
ကချင်ပြည်နယ်ကလည်း တကယ့်ကို စစ်ရေး ပဋိပက္ခရှိတဲ့ နယ်မြေ၊ လုံခြုံရေးနဲ့ ပတ်သက်ရင် အမြဲ အရေးပေါ်နေတဲ့ နယ်မြေ။ ဒါနဲ့ပတ်သတ်လို့လည်း သူကိုယ်တိုင်လာရောက်ပြီး နည်းနည်းကွပ်ကဲတဲ့ သဘောလည်း ရှိတယ်
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် စစ်ကောင်စီ၏ ထိပ်ပိုင်း ခေါင်းဆောင်များသည် အာဏာသိမ်း လုပ်ရပ်ကို အာဏာသိမ်းခြင်း မဟုတ်ကြောင်းနှင့် NLD က မဲလိမ်သဖြင့် နိုင်ငံတော် တာဝန်ကို လွှဲပြောင်းရယူရသည်ဟုဆိုကာ ၎င်းတို့၏ တပ်နယ် အသီးသီးကို လိုက်လံ ရှင်းပြနေသည်မှာ အာဏာစသိမ်းကတည်းက ဖြစ်သည်။
စစ်ရေးနှင့် ပတ်သက်၍လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “မည်သည့် တပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်သည် ဖြစ်စေ ခြေလျင်တပ်ကဲ့သို့ တာဝန်ထမ်းဆောင်နိုင်ရမည်ဖြစ်ပြီး အမြဲတမ်းတိုက်ပွဲ အသင့်ဖြစ်နေရန်နှင့် လက်ရုံး တပ်များနှင့် ပူးပေါင်း စစ်ဆင်နိုင်စွမ်း တိုးတက် ကောင်းမွန်အောင် အမြဲတမ်း လေ့ကျင့်နေရမည်” ဟုလည်း ပြောဆိုကြောင်း စစ်ကောင်စီ၏ သတင်းထုတ်ပြန်ချက်ထဲတွင် ထည့်သွင်း ရေးသားထားသည်။
မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ အရာရှိများနှင့် နီးစပ်သူတဦးက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အနေဖြင့် မြောက်ပိုင်း တိုင်း စစ်ဌာနချုပ်မှ အရာရှိများ၊ တပ်ဖွဲ့ဝင်များကို စစ်ရေးနှင့် ပတ်သက်၍ အမြဲတမ်း အဆင်သင့်ရှိရန် လှုံ့ဆော် သွားသည့်အပြင် အရပ်ဘက်အုပ်ချုပ်ရေးမှ အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံရာတွင်လည်း ၎င်းကို သစ္စာခံစေရန် ရင်းရင်းနှီးနှီး ဆက်ဆံကာ စည်းရုံးရေးဆင်းခြင်း ဖြစ်သည်ဟု ပြောသည်။
“ကျနော်တို့ မြင်ရ ကြားရသလောက်ကတော့ လက်ရှိမှာ နိုင်ငံရေး အခြေအနေက အရမ်းရှုပ်ထွေးနေတယ်။ ပြီးတော့ ကချင်ပြည်နယ်ကလည်း တကယ့်ကို စစ်ရေး ပဋိပက္ခရှိတဲ့ နယ်မြေ၊ လုံခြုံရေးနဲ့ ပတ်သက်ရင် အမြဲ အရေးပေါ်နေတဲ့ နယ်မြေ။ ဒါနဲ့ပတ်သတ်လို့လည်း သူကိုယ်တိုင်လာရောက်ပြီး နည်းနည်းကွပ်ကဲတဲ့ သဘောလည်း ရှိတယ်လို့ ကြားရတယ်” ဟု အမည်မဖော်လိုသူတဦးက ဧရာဝတီသို့ ပြောသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် ကချင်ပြည်နယ်၏ စစ်ရေး အခြေအနေမှာ တည်ငြိမ်မှု မရှိပါ။
ကချင်ပြည်နယ်တွင်း အခြေစိုက်လှုပ်ရှားသည့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) သည် ၂၀၁၈ ခုနှစ် ဒီဇင်ဘာမှ စ၍ ပဏာမအပစ်ရပ် စာချုပ်တစောင်ကို ချုပ်ဆိုရန် ညှိနှိုင်းနေခဲ့ရာ စစ်တပ်က အာဏာမသိမ်းခင်ကာလအထိ ကချင် ဒေသတွင်း ပစ်ခတ်တိုက်ခ်ိုက်မှုများကို ကြီးကြီးမားမား မဖြစ်စေရန် ထိန်းသိမ်းခဲ့သည်။
စစ်တပ်က အာဏာသိမ်းပြီးနောက်တွင် လူထုကိုလည်း ပစ်ခတ်သတ်ဖြတ်ရာ KIA က လူထုနှင့်အတူ ရပ်တည်မည်ဟု ပြောဆိုပြီး မတ် ၁၁ ရက်မှစ၍ စစ်မျက်နှာစဖွင့်၍ တိုက်ခိုက်ရာ ကချင်ပြည်နယ်တွင်းရှိ မြို့နယ် ၈ ခုခန့်တွင် တိုက်ပွဲများ ဖြစ်ပွားထားသည်။
ကချင်ပြည်နယ်တွင်းရှိ မြို့နယ်အသီးသီးတွင် စစ်ကောင်စီ၏ တပ်စခန်းများသို့ ထောင်နှင့်ချီသည့် စစ်သည်အင်အားများ၊ လက်နက်ခဲယမ်း အင်အားများကို တဖြည်းဖြည်း ဖြည့်တင်း တိုးချဲ့မှုများ ပြု လုပ်ထားသည်
တဖက်တွင် KIA သည် လူထုတော်လှန်ရေးကို ထောက်ခံကာ လက်နက်ကိုင်၍ ပြန်တိုက်ခိုက်လိုသည့် လူငယ်များကို စစ်ပညာသင်ပေးခြင်း၊ စစ်ကောင်စီက လိုက်လံ ဖမ်းဆီးနေသည့် နိုင်ငံရေး တက်ကြွလှုပ်ရှားသူများနှင့် NLD အမတ်များကို KIA နယ်မြေတွင်း ခိုလှုံခွင့် ပေးထားခြင်းအပြင် အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) ၏ ယာယီ သမ္မတ ဒူဝါလ ရှီးလသည်လည်း KIA နှင့် ကချင်နိုင်ငံရေး အသိုင်းအဝိုင်း၏ ကျောထောက်နောက်ခံရှိသူ တဦး ဖြစ်သည်။
ထို့သို့ စစ်တပ်က ကချင်ပြည်နယ်တွင် အခြေစိုက်သည့် KIA သည် စစ်ကောင်စီကို ဖြုတ်ချနိုင်ရေး နိုင်ငံတဝန်း ကြိုးစားနေသည့် တော်လှန်ရေးကို အဓိက ပံ့ပိုးကူညီနေသည့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ကြီး တဖွဲ့ဟု မြင်သောကြောင့် စစ်ကောင်စီဥက္ကဋ္ဌ အနေဖြင့် ကချင်ပြည်နယ်ကို အာရုံစိုက် စောင့်ကြည့်သည့် အနေအထား ရှိပုံရသည်။
မတ်လမှ သြဂုတ်လအတွင်း၌လည်း ကချင်ပြည်နယ်တွင်းရှိ မြို့နယ်အသီးသီးတွင် စစ်ကောင်စီ၏ တပ်စခန်းများသို့ ထောင်နှင့်ချီသည့် စစ်သည်အင်အားများ၊ လက်နက်ခဲယမ်း အင်အားများကို တဖြည်းဖြည်း ဖြည့်တင်း တိုးချဲ့မှုများ ပြု လုပ်ထားသည်ဟု KIA ဘက်က ပြောဆိုထားသည်။
စစ်ကောင်စီတပ်များသည် တနေရာတည်းတွင် စစ်သည်အင်အားများ စုပုံထားခြင်း မဟုတ်ဘဲ ရှေ့တန်း စခန်းများ၊ နောက်တန်း တပ်စခန်းများ အသီးသီးတွင် အင်အားဖြည့်တင်းထားပြီး KIA ၏ ဗဟိုဌာနချုပ် နယ်မြေတည်ရှိရာ လိုင်ဇာမြို့အနီး ပတ်ဝန်းကျင်ရှိ စစ်ကောင်စီ၏ ရှေ့တန်းစခန်းများတွင်လည်း စစ်သည်အင်အား ရာဂဏန်းခန့် တိုးချဲ့ ဖြည့်တင်းထားသည်ဟု သိရသည်။
ယခုအခါ စစ်ကောင်စီဥက္ကဋ္ဌ ကချင်ပြည်နယ်သို့ လာရောက်၍ ၎င်း၏ တပ်ဖွဲ့ဝင်များနှင့် တွေ့ဆုံသည့်အပေါ် သဘောထား မေးမြန်းရာ KIA ၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ၊ ဗိုလ်မှူးကြီး နော်ဘူက KIO ဗဟိုကော်မတီ အနေဖြင့် တစုံတရာ သုံးသပ်ချက် ထုတ်ထားခြင်း မရှိပါဟု ဆိုသည်။
စစ်ကောင်စီ ဥက္ကဋ္ဌ ကချင်ပြည်နယ်သို့ ရောက်နေသည့် ရက်ပိုင်းတွင် မြေပြင်၌လည်း စစ်ရေး တင်းမာခြင်း၊ တိုက်ပွဲ ဖြစ်ပွားခြင်း မရှိဘဲ အခြေအနေ တည်ငြိမ်နေကြောင်းနှင့် ထူးခြားသည့် စစ်ရေး လှုပ်ရှားမှုများလည်း မတွေ့ရှိရပါဟု ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။
အာဏာသိမ်းစစ်ခေါင်းဆောင်ကို ကြိုဆိုသည့် စစ်ကောင်စီ၏ ကချင်ပြည်နယ် ထိပ်သီးခေါင်းဆောင် ဦးခက်ထိန်နန်နှင့် ကချင်လူမျိုးများကိုလည်း ကချင်လူထု၏ သစ္စာဖောက်များအဖြစ် ရှုတ်ချကြသည်။
“သူ့ အဖွဲ့အစည်း နာမည်၊ အစိုးရ နာမည်ပြောင်းပြီးနောက်မှာ ဒီတခါက ပထမ ရောက်တာလို့ ကျနော် ထင်တယ်။ ကချင်ပြည်နယ်ဘက်ကလည်း သူ့အတွက် အရေးကြီးတဲ့ နေရာလို့ သတ်မှတ်တယ်လို့ ကျနော် ထင်ပါတယ်။ ဒါကြောင့် သူ့ဌာနဆိုင်ရာတွေ ရပ်မိရပ်ဖတွေ ပြည်သူ့စစ်တွေ နယ်ခြားစောင့်တပ်တွေကို သူတွေ့စရာ ရှိတာတွေကို လာတွေ့တာလို့ပဲ ကျနော် သုံးသပ်ပါတယ်။ ဒါက ကျနော့် သုံးသပ်ချက်ပါ” ဟု ၎င်းက ပြောဆိုသည်။
မြစ်ကြီးနား ခရီးစဉ်တွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အတူ စစ်ကောင်စီ၏ အုပ်ချုပ်ရေး အဖွဲ့ဝင်များဖြစ်သည့် စစ်ဘက်ဆိုင်ရာ အခြားအရာရှိများ၊ ပဒိုမန်းငြိမ်းမောင်၊ ဦးဂျာဖန်နော်တောင်၊ ဦးစိုင်း လုံးဆိုင်၊ ဦးရွှေကြိမ်းတို့ အပြင် စစ်ကောင်စီ၏ ပြည်ထောင်စု ဝန်ကြီးများလည်း ပါဝင်သည်။
ကချင်ပြည်နယ် အစိုးရရုံး၌တွေ့ဆုံရာတွင် စစ်ကောင်စီ၏ ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ကချင်အမျိုးသား ဝတ်စုံ၊ ကချင်ရိုးရာ လွယ်အိတ်နှင့် ရိုးရာငွေဓား ပေးအပ်ရာ ကချင်ရိုးရာ အသုံး အဆောင်များအား အာဏာသိမ်း စစ်ခေါင်းဆောင်ကို ပေးသည်ဟုဆိုကာ ကချင်နိုင်ငံရေး အသိုင်းအဝိုင်းတွင် ဝေဖန်မှုများ ရှိလာကြသည်။
ယခင်က ကချင်ပြည်နယ်သို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လာရောက်သည့် ခရီးစဉ်များတွင် ဒေသခံကချင်လူထု ကြား အာရုံစိုက် စောင့်ကြည့်ခြင်းနှင့် တသီးတသန့် ရှုတ်ချ ဝေဖန်ခြင်းမျိုး လုပ်ဆောင်ခြင်း မရှိခဲ့သော်လည်း ယခုအခါ အာဏာသိမ်းလုပ်ရပ်၏ အရှိန်ကြောင့် ဒေသခံလူထုက ပြင်းပြင်းထန်ထန်ပင် ဆန့်ကျင်ကြောင်း ပြောဆိုကြသည်။
အာဏာသိမ်းစစ်ခေါင်းဆောင်ကို ကြိုဆိုသည့် စစ်ကောင်စီ၏ ကချင်ပြည်နယ် ထိပ်သီးခေါင်းဆောင် ဦးခက်ထိန်နန်နှင့် ကချင်လူမျိုးများကိုလည်း ကချင်လူထု၏ သစ္စာဖောက်များအဖြစ် ရှုတ်ချကြသည်။ ဦးခက်ထိန်နန်သည် စစ်ကောင်စီက ပေးအပ်သည့် တာဝန်ကို စတင်လက်ခံစဉ်ကတည်းက ၎င်း၏ နေအိမ်နှင့် မိသား စုဝင်များကိုပါ ကချင်လူထုက ဆန္ဒပြခြင်း၊ ရှုတ်ချခြင်း၊ လူမှုအသိုင်းအဝိုင်းက အဆက်အဆံ မလုပ်ရေး ပြစ်ဒဏ်ခတ်ရန် ပြောဆိုခြင်းများ ရှိခဲ့သည်။
လမ်းပေါ်ထွက်ဆန္ဒပြမှုများ ငြိမ်သက်သွားချိန်တွင် ဦးခက်ထိန်နန်၏ မိသားစုကို ဝေဖန်မှုများ လျော့ကျသွားသော်လည်း ယခုအခါ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ခရီးစဉ်ကြောင့် လူမှုကွန်ရက် စာမျက်နှာတွင် တဖန် ပြန်လည် ဝေဖန် ရှုတ်ချခံလာရသည်။ ဦးခက်ထိန်နန်၏ သမီး လုပ်ကိုင်နေသည့် ကချင်ရိုးရာထည် လုပ်ငန်းကိုပါ ဝယ်ယူအားပေးခြင်း မပြုလုပ်ရန်၊ လူမှု အသိုင်းအဝိုင်းက ဖယ်ကျဉ်ထားရန် ပြောဆိုမှုများ ပြန်တွေ့မြင်လာရသည်။
You may also like these stories:
စစ်ရေး မတည်မငြိမ်မှုများနှင့် ကချင်ပြည်နယ်
တနိုင်း- ရှင်ဗွေယန်လမ်းတွင် KIA နှင့် စစ်ကောင်စီကြား စစ်ရေး တင်းမာနေ
မြန်မာ့တပ်မတော်တွင် စွမ်းရည်သုံးရပ် ကင်းမဲ့သွားပြီ
စစ်အာဏာရှင်ကို အာခံတွန်းလှန်နေကြသည့် ချင်းတောင်တန်းပေါ်က လက်နက်ကိုင်တပ်များ
မြင်သားရွာကို အကျည်းတန်ရုပ်ဆိုးစေခဲ့တဲ့ စက်တင်ဘာ မနက်ခင်း