ဆောင်းပါး

မြန်မာစစ်တပ် ဘာတွေဖြစ်နေလဲ

Want create site? Find Free WordPress Themes and plugins.

ဖေဖေါ်ဝါရီလ ၁ ရက်နေ့က အာဏာလုယူသည့် စစ်ကောင်စီကို ဆန့်ကျင်သည့် ပြည်သူ့ခုခံစစ် ကြေညာရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဆုံးဖြတ်လိုက်ခြင်းကို နိုင်ငံတကာအသိုက်အဝန်း ကြီးကြီးမားမား စာနာနားလည်ခြင်း မရှိပေ။ ဗြိတိန်နိုင်ငံသည် မြန်မာနိုင်ငံ ဒီမိုကရေစီ ပြန်လည်ထိန်းသိမ်းရေးအတွက် ငြိမ်းချမ်းသော အားထုတ်မှုများကို ထောက်ခံကြောင်း၊ စစ်ကောင်စီအာဏာသိမ်းမှုနှင့် ရက်စက်ကြမ်းကြုတ်မှုများကို အပြင်းအထန်ရှုတ်ချပြီး သက်ဆိုင်သူအားလုံး တွေ့ဆုံဆွေးနွေးရန် တောင်းဆိုကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်အဖြစ် သတ်မှတ်ထားသူ ပိဗိုးလက်စ် Pete Vowles က စက်တင်ဘာလ ၇ ရက်နေ့က တွစ်တာတွင်ရေးသားသည်။

သက်ဆိုင်သူ အားလုံးငြိမ်းချမ်းရန်နှင့် အကြမ်းဖက်မှုမြင့်မားလာခြင်းကို ရှောင်ရှားရန် အားပေးကြောင်း ရန်ကုန်ရှိ အမေရိကန်သံရုံးကလည်း နောက် ၂ ရက်ကြာသောအခါ ပြောသည်။ နိုင်ငံတကာ ကျွမ်းကျင်သူများ၏ သီးခြားလွတ်လပ်သော အဖွဲ့ဖြစ်သည့် မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ အဖွဲ့ဝင် ခရစ် ဆီဒေါ့တီကလည်း စက်တင်ဘာလ ၈ ရက်နေ့တွင် Reuters သတင်းဌာနသို့ ပြောကြားရာတွင် “အကြမ်းဖက်မှုသည် ပြည်သူများဒုက္ခခံစားရသည့် အကြောင်းရင်းဖြစ်ပြီး အဖြေမဟုတ်ပေ။ မိမိတို့သည် NUG ကို စာနာသော်လည်း ထိုဆုံးဖြတ်ချက်ကြောင့် ဖြစ်လာမည့် ကိစ္စများကို စိုးရိမ်သည်” ဟုပြောသည်။

လူသားချင်းစာနာမှု အကူအညီများပေးနိုင်ရေး ၄ လကြာ အပစ်အခတ်ရပ်စဲရန် အရှေ့တောင်အာရှ နိုင်ငံများအသင်း ASEAN က တိုက်တွန်းပြီး စစ်ကောင်စီနှင့် အတိုက်အခံများဆွေးနွေးရန် တောင်းဆိုသည်။ အာဏာမသိမ်းမီက စစ်အုပ်စုနှင့် နှစ်နိုင်ငံကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုပြုလုပ်ထားသော သြစတြေးလျ အစိုးရကလည်း စစ်ကောင်စီအား တွေ့ဆုံဆွေးနွေးဖြေရှင်းရန် အကြိမ်ကြိမ်တောင်းဆိုခဲ့ပြီး ASEAN သည် မြန်မာ အကျပ်အတည်းဖြေရှင်းရေးတွင် အပြုသဘောဆောင်သည့် အခန်းမှ ပါဝင်လိမ့်မည်ဟု တစုံတရာ ယူဆနေသည်။

စစ်ကောင်စီသည် တွေ့ဆုံဆွေးနွေးရေးကို အနည်းအကျဉ်းမျှပင် စိတ်ဝင်စားသည်ဟု ယူဆလျှင် တုံးအရာရောက်သည်။ အမြင်ဖလှယ်ခြင်းနှင့် အပေးအယူလုပ်ခြင်းသည် ဗိုလ်ချုပ်များ၏ အစီအစဉ်တွင် မည်သည့်အခါကမျှ ပါဝင်ခြင်းမရှိပေ

စိတ်မှန်သော မည်သူမဆိုသည် စစ်အုပ်စုနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအကြား၊ ယခုအခါ နယ်စပ်တွင်မဟုတ်ဘဲ နိုင်ငံအလယ်ပိုင်းသို့ပါ ရောက်လာသည့် များပြားလှသော ခုခံရေးတပ်ဖွဲ့များအကြား ငြိမ်းချမ်းစွာ အဖြေရှာရေး ဦးတည်သည့် တွေ့ဆုံဆွေးနွေးရေးကို ဆန့်ကျင်မည် မဟုတ်ပေ။ သို့သော် ပြည်ပတွန်းအားပေးမှု ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ စစ်ကောင်စီသည် ထိုသို့သော တွေ့ဆုံဆွေးနွေးရေးကို အနည်းအကျဉ်းမျှပင် စိတ်ဝင်စားသည်ဟု ယူဆလျှင် တုံးအရာရောက်သည်။ အမြင်ဖလှယ်ခြင်းနှင့် အပေးအယူလုပ်ခြင်းသည် ဗိုလ်ချုပ်များ၏ အစီအစဉ်တွင် မည်သည့်အခါကမျှ ပါဝင်ခြင်းမရှိပေ။ ၎င်းတို့သည် စစ်အင်အားကိုသာ ထာဝရယုံကြည်ကြပြီး အတိုက်အခံများ လက်နက်ချရေးကိုသာ တောင်းဆိုသည်။ သို့သော် မြန်မာနိုင်ငံ၏ များပြားလှသော ပဋိပက္ခများအတွက် ငြိမ်းချမ်းစွာ အဖြေရှာရန် မဖြစ်နိုင်လျှင် အခြားမည်သည့်နည်းလမ်း ရှိသနည်း။ NUG နှင့် ၎င်း၏ လက်နက်ကိုင်အဖွဲ့အစည်းဖြစ်သည့် လျော့တိလျော့လျဲ ဖွဲ့စည်းထားသည့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) နှင့် တိုင်းရင်းသားမဟာမိတ်များအနေဖြင့် စစ်တပ်ကို ချေမှုန်းရန် အလားအလာရှိပါသလား။

ဧရာဝတီ စာဖတ်ပရိသတ်အားလုံး သိပြီးဖြစ်သည့်အတိုင်း စာရေးသူသည် မြန်မာပြည်တွင်းစစ်အကြောင်း ရေးသားနေသည်မှာ ဆယ်စုနှစ် ၄ ခုကျော်ပြီဖြစ်သည်။ ထိုကာလအတွင်း စာရေးသူသည် စစ်တပ်၏ လှုပ်ရှားမှုကို ကြိမ်ခါများစွာမြင်ဖူးပြီး ရှေ့တန်းစစ်မျက်နှာများမှ အဓိကစစ်ပွဲကြီးနှစ်ခုအလယ်တွင်ပင် ရောက်နေခဲ့ဖူးသည်။ ပထမစစ်ပွဲမှာ ၁၉၈၅ ခုနှစ် ဒီဇင်ဘာလက စစ်တပ်က စစ်ကိုင်းတိုင်း အနောက်မြောက်ပိုင်းမှ နာဂပြည် အမျိုးသားဆိုရှယ်လစ်ကောင်စီ ဌာနချုပ်ကို နံနက်စောစော ထိုးစစ်ဆင်ချိန်ဖြစ်သည်။ စာရေးသူ ထိုနေရာတွင် ရှိနေသောကြောင့် စစ်တပ်သည် ထိုဝေးကွာကြမ်းတမ်းသော တောင်တန်း ဒေသတွင် အလျှင်အမြန်တပ်များ လှုပ်ရှားပြီး ထိုးစစ်ဆင်ခြင်း ဖြစ်နိုင်ခြေများသည်။ ထိုနေရာတွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) မှ တပ်များလည်း ရှိနေသောကြောင့် တိုက်ပွဲသည် လွန်စွာပြင်းထန်ပြီး လက်နက်တပ်ဆင်မှု အားနည်းသည့် နာဂတပ်များကို တိုက်ခိုက်ရသည်နှင့် တူညီခြင်းမရှိပေ။ သို့သောနောက်ဆုံးတွင် စစ်တပ်က ထိုစခန်းကို သိမ်းလိုက်သည်။ မိမိနှင့်အခြား မသေမပျောက်ကျန်သူများမှာ ပိုမို လုံခြုံသောနေရာသို့ မရွှေ့ပြောင်းနိုင်မီ တောထဲတွင် ရက်ပေါင်းများစွာ ပြေးလွှား ပုန်းအောင်းနေကြရသည်။

စစ်တပ်သည် ရှေ့တန်းစစ်မျက်နှာများတွင် အရပ်သားများအပေါ် ထုတ်ဖေါ်ပြောဆိုရန်ပင် ခက်ခဲသည့် ရက်စက်ကြမ်းကြုတ်မှုများ ကျူးလွန်နေသာ အလွန်ရက်စက်သော စစ်တပ်ပင်ဖြစ်သည်။

ဒုတိယအကြိမ်မှာ ၁၉၈၆ ခုနှစ် နိုဝင်ဘာလက ရှမ်းပြည်မြောက်ပိုင်း စီစီဝမ်တိုက်ပွဲတွင် ဖြစ်သည်။ ဗမာပြည်ကွန်မြူနစ်ပါတီ (CPB) ၏ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က တောင်ကုန်းထိပ်ရှိ စစ်တပ်စခန်းတခုကို တိုက်ခိုက်သောအခါ စာရေးသူသည် CPB တပ်မှူးများနှင့်အတူ ကတုတ်ကျင်းများအတွင်း ရောက်နေသည်။ ထိုတိုက်ပွဲတွင် CPB သည် အင်အားရာချီအသုံးပြုပြီး အရုဏ်တက်တွင် စတင်သည်။ ထိုမျှ အင်အားများသော လက်နက်များကို စစ်ဒဏ်ခံနေရသည့် မြန်မာပြည်မှ မည်သည့်နေရာတွင်မျှ စာရေးသူ မတွေ့ဘူးပေ။ CPB တပ်များသည် ၁၂၀ မမ မော်တာများ၊ ၇၅ မမ ပြောင်းချောရိုင်ဖယ်များ၊ ဗုံးပစ်လောင်ချာများ၊ စက်သေနတ်များ၊ အော်တိုမက်တစ်ရိုင်ဖယ်များ တပ်ဆင်ထားသည်။

စစ်တပ်၏ စခန်းမှာ အစိတ်စိတ်အမွှာမွှာဖြစ်သွားပြီး အကြီးအကျယ် ထိခိုက်သေဆုံးသော်လည်း လက်ကျန်စစ်တပ်က လက်နက်ချရန် ငြင်းဆန်နေသည်။ CPB ကဖမ်းမိသည့် ဒဏ်ရာရနေသော စစ်သားတဦးကိုပင် စာရေးသူတွေ့ခဲ့သည်။ စာရေးသူသည် CPB ဘက်က တိုက်ခိုက်သည်ကို တွေ့ခဲ့ပြီးဖြစ်သော်လည်း ထိုတိုက်ပွဲနှင့်ပတ်သက်ပြီး ကျောက်စိမ်းမြေ Land of Jade စာအုပ်တွင် ရေးခဲ့သည့်အတိုင်း “သူ့ကိုတွေ့ဆုံမေးမြန်းခြင်း မပြုနိုင်သောကြောင့် မိမိစိတ်ပျက်မိသည်။ သူ့တပ်ဖွဲ့၏ တိုက်ခိုက်ရေးစိတ်ဓါတ်ကို အထင်ကြီးမိကြောင်းတော့ အနည်းဆုံး ပြောချင်မိသည်” ဟု သာဆိုရမည်ဖြစ်သည်။

ထိုစဉ်ကလည်း စစ်တပ်သည် ရှေ့တန်းစစ်မျက်နှာများတွင် အရပ်သားများကို ထုတ်ဖေါ်ပြောဆိုရန်ပင် ခက်ခဲသည့် ရက်စက်ကြမ်းကြုတ်မှုများ ကျူးလွန်နေသာ အလွန်ရက်စက်သော စစ်တပ်ပင်ဖြစ်သည်။ ထိုအချက်ကို ကျေးရွာသားများ၊ စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှု သားကောင်ဖြစ်ရသော အခြားသူများနှင့် တွေ့ဆုံမေးမြန်းစဉ်ကပင် သိထားပြီးဖြစ်သည်။ တချိန်တည်းတွင် ထိုစစ်တပ်ကို လက်နက်တပ်ဆင်မှုမှာလည်း ချို့တဲ့လှသည်။ သို့သော် ထိုသို့သောအခြေအနေများရှိသော်လည်း စစ်တပ်သည် တိုက်ရည်၀နေသည့် ထိရောက်သော ခြေလျှင်တပ်ဖြစ်နေသည်။ စစ်သားများသည် အမြဲတမ်း လှုပ်ရှားနေပြီး CPB ၊ ထိုင်းနယ်စပ်တွင် ကရင်၊ မြောက်ဖျားပိုင်းတွင် ကချင်နှင့် အခြားတိုင်းရင်းသားဒေသများတွင်လည်း တိုက်ပွဲများရှိနေသည်။

၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံနောက်ပိုင်းတွင် အခြေအနေအားလုံး ပြောင်းလဲကုန်သည်။ စစ်တပ်ခေါင်းဆောင်ပိုင်းအတွင်း အဓိကကြောက်လန့်မှုမှာ မကျေမနပ်ဖြစ်နေသော စစ်သားများက ဒီမိုကရေစီလိုလားသူများနှင့် သွားရောက်ပူးပေါင်းမည်ကို စိုးရိမ်ခြင်းဖြစ်လာပြီး ထိုအချက်ကပင် မြန်မာနိုင်ငံတွင် စစ်အုပ်ချုပ်ရေးအဆုံးသတ်ရန် နိဒါန်းဖြစ်လာသည်။ ထို့ကြောင့် တပ်အတွင်း အက်ကြောင်းပေါ်ခြင်းကို တားဆီးရန် အနိမ့်ဆုံးအနေဖြင့် အရာရှိများအကြားတွင် ကျေနပ်အောင် လုပ်ဆောင်ပေးသည်။ ၁၉၈၉ ခုနှစ်မှ စတင်ပြီး စစ်တပ်သည် ပိုမိုသစ်လွင်အဆင့်မြင့်သည့် စစ်လက်နက်ပစ္စည်းများဝယ်ယူရန် ဒေါ်လာ တဘီလီယံကျော် သုံးသည်။ ထိုလက်နက်များသည် အဓိကအားဖြင့် တရုတ်မှလာသော်လည်း စင်္ကာပူ၊ ပါကစ္စတန်နှင့် အစ္စရေးမှလည်း လာသည်။ သို့သော် ထိုလက်နက်များအနက် အများစုမှာ မြန်မာနိုင်ငံအတွက် မလိုအပ်သော ပုန်ကန်မှုနှိမ်နင်းရေး စစ်ဆင်ရေးများတွင် အသုံးမဝင်သလောက်ဖြစ်နေသော ဒုံးကျည်စနစ်များ၊ ကြီးမားသောတင့်ကားများ၊ သံချပ်ကာယာဉ်များ၊ ရေတပ်ကင်းလှည့် သင်္ဘောများ၊ ရေဒါ ကိရိယာ အမျိုးမျိုးဖြစ်သည်။ ထိုအရာများသည် “ယောင်္ကျားလေးများ ကစားစရာ”သာဖြစ်ပြီး တပ်ဖွဲ့ဝင်များသည် ပုံပန်းကျသည့် စစ်ဝတ်စုံများလည်း ရရှိကြသည်။ မကြာမီမှာပင် မြန်မာစစ်တပ်သည် ဂျာမန်ဒီဇိုင်းကို အခြေခံသည့် ဟောင်းနွမ်း ကြီးမားလေးလံသည့် ရိုင်ဖယ်များကို အစားထိုးရန် ခြေလျှင်တပ်သုံး ရိုင်ဖယ်သစ်များ ရရှိသွားသည်။

တပ်ထဲမှာနေတုန်းက ကျနော့်မှာ စည်းစိမ်ဆိုလို့ ကြက်တောင်ရိုက်တံ တစုံနဲ့ အာမီရမ်တပုလင်းပဲ ရှိတယ်။ ဒါတောင် ကျနော်က ဗိုလ်မှူးကြီး။ အခုကျတော့ စစ်ဗိုလ်ပေါက်စတွေတောင်မှ ကားတစီးမက ပိုင်တယ်၊ ဂေါက်ရိုက်တံအစုံ အများကြီးပိုင်ပြီး အနည်းဆုံး မယားငယ် နှစ်ယောက်ရှိတယ်။ သူတို့ စစ်မတိုက်ချင်တော့ဘူး

အလားတူအရေးပါသော အခြားအချက်တခုမှာ ဒေသဆိုင်ရာတပ်မှူးများကို အလှည့်ကျ ပြောင်းရွှေ့သည့် ယခင်က လူကြိုက်နည်းလှသည့်စနစ် ဖြစ်သည်။ ထိုစနစ်ကို အသုံးပြုရခြင်းမှာ မည်သည့်အရာရှိမျှ နိုင်ငံအချက်အခြာကျသောနေရာတွင် ပုဂ္ဂိုလ်ရေးအာဏာ အခြေခံမထူထောင်နိုင်စေရန် ဖြစ်သည်။ ထိုနောက် စစ်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း အများအပြားအကြား အပစ်အခတ်ရပ်စဲရေးများ ပေါ်ပေါက်လာသည်။ ဝ၊ ကချင်၊ ခွန်ဆာ၏ မူးယစ်ဆေးဝါးတပ်၊ မွန်၊ ပအိုဝ်နှင့် အခြားအဖွဲ့အစည်းများက စစ်တပ်နှင့် ငြိမ်းချမ်းရေးယူကြသည်။ ထောက်လှမ်းရေးအကြီးအကဲ ဗိုလ်ချုပ်ကြီး ခင်ညွန့်က လုပ်ကိုင်သည့် ထိုအစီအစဉ်များသည် မြို့ပြမှ အတိုက်အခံများနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအကြား အချိတ်အဆက်မမိစေရန် လုပ်ဆောင်ခြင်းဖြစ်သည်။ ထိုသို့ ချိတ်ဆက်မိသွားပါက ၁၉၈၈ ခုနှစ် စက်တင်လာလ ၁၈ ရက်နေ့တွင် အာဏာသိမ်းသော စစ်အုပ်စုအတွက် အန္တရာယ်ကျရောက်သွားမည်ဖြစ်သည်။ ထိုအစီအစဉ် အောင်မြင်သည်။ စစ်တပ်နှင့် အပစ်အခတ်မရပ်စဲသည့် တခုတည်းသော အင်အားအတန်အသင့်ရှိသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းဖြစ်သော ကရင်အမျိုးသား အစည်းအရုံးတွင် ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူ အနည်းငယ်သာ ကျန်ရစ်သည်။

သို့သော် ပိုမိုလုံခြုံစိတ်ချရစေရန် စစ်တပ်သည် အင်အားကို သိသိသာသာ တိုးချဲ့သည်။ ၁၉၈၈ ခုနှစ်မတိုင်မီက ကြည်း၊ရေ၊လေ တပ်သုံးခုလုံးတွင် အင်အား ၁၉၅၀၀၀ ထက် မပိုပေ။ ထိုအင်အား အားလုံး နီးပါးမှာ ကြည်းတပ်တွင်သာရှိပြီး လေတပ်နှင့်ရေတပ်သည် လွန်စွာသေးငယ်ပြီး အရေးမပါကြောင်း အများအပြားက ယူဆကြသည်။ လန်ဒန်အခြေစိုက် သေနင်္ဂဗျူဟာလေ့လာရေး နိုင်ငံတကာ အင်စတီကျုနှင့် အခြားနိုင်ငံတကာသုတေသနလုပ်ငန်းများ၏ အဆိုအရ ယခုအခါ ကြည်းတပ်တွင် အင်အား ၅၀၇၀၀၀၊ လေတပ်တွင် ၂၃၀၀၀ နှင့် ရေတပ်တွင် ၁၉၀၀၀ ရှိသောကြောင့် စုစုပေါင်းအင်အား ၅၄၉၀၀၀ ရှိသည်။ တပ်ဖွဲ့အများစုတွင် လူအင်အားလျှော့နည်းခြင်းနှင့် တပ်အများအပြားသည် စစ်မြေပြင်မှ လာသည့် အစီရင်ခံစာများတွင်သာ ရှိခြင်းတို့ကြောင့် ထိုသုတေသနလုပ်ငန်းများသည် မြန်မာစစ်တပ်၏ အင်အားကို အလွန်အကျွံ တွက်ထားခြင်း ဖြစ်နိုင်သည်။

မည်သို့ဆိုစေ စစ်တပ်၏ လူအင်အားနှင့် လက်နက်ကိရိယာသည် ၁၉၈၀ ခုနှစ်များကထက် များစွာ ကြီးမားလာကြောင်းမူကို မငြင်းနိုင်ပေ။ သို့သော် ဆယ်စုနှစ် ၂ ကျော်ကြာသည့် ယခင်အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်များကြောင့် လက်ရှိစစ်တပ်မျိုးဆက်သည် တိုက်ခိုက်ရေးအတွေ့အကြုံ အကန့်အသတ်ဖြင့်သာ ရှိတော့သည်။ ၎င်းတို့သည် စစ်ရေးပြချီတက်ရာတွင် ပိုမိုကောင်းမွန်ပြီး စစ်မြေပြင်တွင် ထိုမျှကောင်းမွန်ခြင်း မရှိကြောင်း သတင်းရင်းမြစ်တခုက ပြောသည်။ ထို့အပြင် ၁၉၈၈ ခုနှစ်နောက်ပိုင်းတွင် ဈေးကွက်စီးပွားရေးကို ချမှတ်လိုက်သောကြောင့် အရာရှိများသည် ငွေအမြောက်အမြားရရန် အခွင့်အလမ်းများစွာ ရသွားကြသည်။ လူမှုကွန်ရက်မှ သတင်းရင်းမြစ်တခု ရေးသည့်အတိုင်းဆိုရပါက “စစ်အရာရှိတွေက လာဘ်ယူဖို့နဲ့ ခရိုနီတွေနဲ့ စီးပွားရေးလုပ်ဖို့ကိုပဲ စိတ်ဝင်စားကြတယ်။ စစ်မတိုက်ချင်တော့ဘူး။ သူတို့က အလျှင်အမြန် ချမ်းသာဖို့အတွက် တပ်ထဲဝင်ခဲ့တာ” ဟုသာ ဆိုရမည်ဖြစ်သည်။ အငြိမ်းစား စစ်အရာရှိတဦးက စာရေးသူကိုပြောဖူးသည်မှာ “တပ်ထဲမှာနေတုန်းက ကျနော့်မှာ စည်းစိမ်ဆိုလို့ ကြက်တောင်ရိုက်တံ တစုံနဲ့ အာမီရမ်တပုလင်းပဲ ရှိတယ်။ ဒါတောင် ကျနော်က ဗိုလ်မှူးကြီး။ အခုကျတော့ စစ်ဗိုလ်ပေါက်စတွေတောင်မှ ကားတစီးမက ပိုင်တယ်၊ ဂေါက်ရိုက်တံအစုံ အများကြီးပိုင်ပြီး အနည်းဆုံး မယားငယ် နှစ်ယောက်ရှိတယ်။ သူတို့ စစ်မတိုက်ချင်တော့ဘူး” ဟုသာ ဆိုရမည်ဖြစ်သည်။

ယနေ့တွင် ဗမာလွှမ်းမိုးသော စစ်တပ်က တိုင်းရင်းသားလူမျိုးစုများကိုသာမက ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးနောက်ပိုင်း မည်သည့် ပုန်ကန်မှုမျှ မရှိခဲ့သော နေရာများမှ ၎င်းတို့ ဗမာအချင်းချင်းကိုပင် သတ်ဖြတ်ရန် စေလွှတ်နေရသည်။

၂၀၁၁ ခုနှစ်ဇွန်လတွင် KIA နှင့် အပစ်အခတ်ရပ်စဲရေး ပြိုပျက်သွားသောအခါ အခြေအနေများ ထပ်မံပြောင်းလဲ ပြန်သည်။ ဆယ်စုနှစ်တခုအတွင်း ပထမဆုံးအနေဖြင့် တိုင်းရင်းသားဒေသတခုတွင် အဓိကတိုက်ပွဲများ ပြန်လည် ပေါ်ပေါက်လာသည်။ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလက စာရေးသူသည် KIA ဌာနချုပ် လိုင်ဇာတွင် ရှိနေပြီး မြန်မာစစ်တပ်၏ စွမ်းဆောင်ရည် ညံ့ဖျင်းမှုကြောင့် စာရေးသူ အံ့သြရသည်။ အစဦးတွင် ၎င်းတို့သည် လေ့ကျင်မှု ညံ့ဖျင်းပြီး အတွေ့အကြုံမရှိသော ခြေလျှင်တပ်ကို လွှတ်လိုက်သည်။ ထိုသို့ရှေ့တက်လာသော မြန်မာစစ်တပ်ကို KIA ပြောက်ကျားများက ဖြိုချလိုက်သောအခါ အကြီးအကျယ်ထိခိုက်သေဆုံးသည်။ အခြေအနေဆိုးလွန်းသောကြောင့် မြန်မာခြေလျှင်တပ်သည် နောက်ပြန်ဆုတ်ရပြီး ရုရှားလုပ် တိုက်ခိုက်ရေး ရဟတ်ယာဉ်များ၊ တိုက်လေယာဉ်များနှင့် အားကိုးနေရပြီး KIA စခန်းများကို လွန်စွာဝေးကွာသောနေရာမှ အမြောက်ကြီးများဖြင့် ပစ်ခတ်သည်။ ထိုစဉ်က ရန်ကုန်မှ ယုံကြည်ရသည့် သတင်းများအရ အချို့စစ် အရာရှိများသည် ကချင်ပြည်နယ်တွင် စစ်တိုက်ရန် စေလွှတ်ခံရမည်ကို ရှောင်ရှားရန် လာဘ်ထိုးကြရကြောင်း သိရသည်။ ယခုမြန်မာစစ်တပ်သည် ၁၉၈၀ ခုနှစ်များက စာရေးသူတွေ့ဖူးသော စစ်တပ်နှင့် မတူတော့ပေ။

ထိုနောက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းသစ်ဖြစ်သည့် ရက္ခိုင့်တပ်တော် (AA) က တိုက်ပွဲများ စတင်သောအခါ ရခိုင်ပြည်နယ်တွင် ပြင်းထန်သော တိုက်ပွဲများဖြစ်သည်။ အဆင့်မြင့်အရာရှိများ အပါအဝင် မြန်မာစစ်တပ်ဘက်က လူထောင်ချီ ဒဏ်ရာရ သေဆုံးကြသည်။ ဤနေရာတွင်လည်း ခြေလျှင်တပ်၏ စွမ်းဆောင်ရည် ညံ့ဖျင်းသောကြောင့် လေကြောင်းကို အားကိုးရပြန်ပြီး AA ရှိမည်ထင်သော ရွာများကို သိမ်းကြုံးပစ်ခတ်သော်လည်း အချည်းနှီးသာဖြစ်သည်။ ယနေ့ AA နှင့် ၎င်း၏ အရပ်သား နိုင်ငံရေး အဖွဲ့အစည်းသည် ရခိုင်ပြည်နယ်တွင် တရားမဝင်သေးသော စင်ပြိုင်အစိုးရထူထောင်ထားသည်။ AA သည် ပလောင်တပ်ဖွဲ့ဖြစ်သော တအောင်းအမျိုးသားတပ်မတော်၊ ကိုးကန့်တိုက်ခိုက်ရေးသမားများဖြစ်သော မြန်မာအမျိုးသား ဒီမိုကရက်တစ်တပ်မတော်တို့နှင့်လည်း တရုတ်လူမျိုးစုများလွှမ်းမိုးသည့် ရှမ်းပြည် အရှေ့မြောက်ပိုင်းတွင် မဟာမိတ်ဖွဲ့ထားသည်။ သီးခြားလွတ်လပ်သော သတင်းများအရ ညီနောင် မဟာမိတ်ဟုခေါ်သော ထိုတပ်ဖွဲ့ ၃ ဖွဲ့သည် မြန်မာစစ်တပ်ကို အောင်နိုင်သည့် တိုက်ပွဲအများအပြား တိုက်ခိုက်နိုင်ခဲ့ကြသည်။ အမေရိကန်ပြည်ထောင်စု ငြိမ်းချမ်းရေးအင်စတီကျုက ထုတ်ဝေသည့် ၂၀၂၀ ခုနှစ် နိုဝင်ဘာလက စာတမ်းတစောင်အရ မြန်မာနိုင်ငံသည် ထိုမျှပြင်းထန်သော တိုက်ပွဲများကို မခံစားရသည်မှာ ဆယ်စုနှစ်များစွာကြာပြီဖြစ်ပြီး ထိုမျှသော ထိခိုက်သေကြေမှုမျိုးကို မကြုံဘူးကြောင်း သိရသည်။

ထို့ကြောင့် ယခုအရေးပါသော မေးခွန်းမှာ ရှေ့ဆက် မည်သို့ဖြစ်မည်နည်းဆိုသည့် မေးခွန်းဖြစ်သည်။ ယနေ့တွင် ဗမာလွှမ်းမိုးသော စစ်တပ်က တိုင်းရင်းသားလူမျိုးစုများကိုသာမက ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးနောက်ပိုင်း မည်သည့် ပုန်ကန်မှုမျှ မရှိခဲ့သော နေရာများမှ ၎င်းတို့ ဗမာအချင်းချင်းကိုပင် သတ်ဖြတ်ရန် စေလွှတ်နေရသည်။ စစ်တပ်သည် ထိုနေရာများတွင်လည်း ထိခိုက်သေဆုံးရကြောင်း ထင်ရှားနေပြီး တပ်ဖွဲ့များ၏ စိတ်ဓါတ်ရေးရာကို ဆိုးရွားစွာ သက်ရောက်နေသည်။ ဆယ်စုနှစ်များစွာအတွင်း ပထမဆုံးအနေဖြင့် စစ်တပ်အတွင်း အက်ကွဲနိုင်သော ခန့်မှန်းချက်များလည်း ရှိလာသည်။ NUG သတင်းရင်မြစ်များကို ယုံကြည်ရပါက ရဲအများစုနှင့်စစ်သား ၂၀၀၀ ကျော်သည် ဒီမိုကရေစီလိုလားသောဘက် နှင့် ပူးပေါင်းကြောင်း သိရသည်။

ထိုသတင်းများကို အတည်ပြုနိုင်ခြင်း မရှိသော်လည်း စစ်တပ်အတွင်း ယခင်က မဖြစ်ဖူးသော အခြေအနေ တခုဖြစ်ပေါ်နေသည်။ ထိုဖြစ်စဉ်ကို NUG ၏ ပြည်သူ့ခုခံစစ်က မည်သို့အရှိန်အဟုန်ရစေမည် သို့မဟုတ် ဆန့်ကျင်ဘက်ဖြစ်ပြီး တပ်အတွင်း ပိုမိုခိုင်မာသွားစေမည်ကိုမူ ဆက်လက် စောင့်ကြည့်ရဦးမည်ဖြစ်သည်။ စစ်အရာရှိနှင့် တပ်သားအများအပြားသည် ၎င်းတို့ ကျူးလွန်ခဲ့သော အကျင့်ပျက်ခြစားမှုများ၊ ရက်စက် ကြမ်းကြုတ်မှုများနှင့်ပတ်သက်လျှင် လုပ်ခဲ့သမျှအား ကောင်းစွာသိနေခြင်းက အဓိက ပြဿနာတခု ဖြစ်သည်။ အပြောင်းအလဲဆိုသည်မှာ တနိုင်ငံလုံးတွင် မကြုံစဖူး နီးပါးဖြစ်နေသော သူတို့ ကျူးလွန်နေခဲ့သည့် ရက်စက်ကြမ်းကြုတ်မှုများအတွက် သူတို့ကို အရေးယူမည့် သဘောသက်ရောက်မည်ကို သူတို့ စိုးရိမ်နေနိုင်သည်။

စစ်အာဏာသိမ်းပြီးနောက် လမ်းမများပေါ်တွင် ပွဲတော်ပုံစံဖြင့် စတင်ခဲ့သော ဆန္ဒပြပွဲများသည် ရဲနှင့်စစ်တပ်က ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို သတ်ဖြတ်လိုက်သောအခါ လုံး၀ ဆန့်ကျင်ဘက် ပုံစံသို့ ပြောင်းလဲသွားသည်။ ထိုသို့သော ရက်စက်ကြမ်းကြုတ်မှုသည် ခုခံမှုကို မွေးဖွားပေးပြီး ယခုမြန်မာနိုင်ငံတွင် မိမိတို့တွေ့မြင်နေရသည်မှာ ထိုခုခံမှုပင်ဖြစ်သည်။ မည်သို့ဆိုစေ၊ အနာဂတ်က မည်သို့ရှိစေ တွေ့ဆုံဆွေးနွေးရေးနှင့် အကြမ်းဖက်မှုမှ ရှောင်ကျဉ်ရန် နှစ်ဘက်လုံးကို တိုက်တွန်းရေးက အလုပ်ဖြစ်မည့်ပုံ မပေါ်ပေ။

(ဘာတေးလ်လစ်တနာသည် အာရှအကြောင်း ဆယ်စုနှစ် လေးခုကြာ ရေးသားခဲ့သည့် ဆွီဒင် သတင်းစာဆရာ၊ စာရေးဆရာနှင့် သေနင်္ဂဗျူဟာအတိုင်ပင်ခံဖြစ်သည်။ ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ ၎င်း၏ What Has Happened to Myanmar’s Tatmadaw? ကို ဘာသာပြန်သည်။)

You may also like these stories:

ကျွန်ဝယ်ရာအဆစ်ပါရတဲ့ စစ်သားမယားများ

မြန်မာ့တပ်မတော်တွင် စွမ်းရည်သုံးရပ် ကင်းမဲ့သွားပြီ

ကျယ်ပြန့်လာနေသော မြန်မာပြည်တွင်းစစ်ရဲ့ ဟိုချီမင်းလမ်းကြောင်းများ

ဦးကျော်မိုးထွန်းကိစ္စ တရုတ်က မြန်မာ့အရေးကို သတိထား ကိုင်တွယ်နေကြောင်း ပြသ

Did you find apk for android? You can find new Free Android Games and apps.
Loading