စက်တင်ဘာ ၂၀ ရက်နေ့ ရုံးထုတ်အလာ ဖမ်းဆီးခံ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က ရှေ့နေများမှ တဆင့် “ပြည်သူ့ဆန္ဒကို သူ ဘယ်တော့မှ ဆန့်ကျင်မည် မဟုတ်”ဟု ပြောဆိုခြင်းမှာ မြန်မာနိုင်ငံ၌ ကြားကာလအမျိုးသားညီညွတ်ရေးအစိုးရ (NUG) က စစ်ကောင်စီကို လက်နက်ကိုင်ဆန့်ကျင်ရန် စက်တင်ဘာ ၇ ရက်တွင် စစ်ကြေညာခြင်းအား သဘောတူ မတူဆိုသည်မှာ အငြင်းပွားစရာ ဖြစ်လာနေသည်။
လက်နက်ကိုင် ပုန်ကန်မှုများအား ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် သဘောမတူကြောင်း ဆိုရှယ်မီဒီယာတွင် ပျံ့နှံ့ ပေါ်ထွက်နေမှုနှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က “ပြည်သူလူထုဆန္ဒကို မဆန့်ကျင်”ဟု ရှေ့နေများမှတဆင့် ပြောဆိုမှုသည် စစ်ကောင်စီကို လက်နက်ကိုင်တော်လှန်ရေးဖြင့် တိုက်ခိုက်ခုခံခြင်းကို အတည်ပြုထောက်ခံခြင်းဟု အချို့က ကောက်ယူကြသည်။
အချို့ကမူ စစ်ကောင်စီက မည်သည့်နေရာတွင်ပင် မသိ အချုပ်ခံထားရသော ဒေါ်အောင်ဆန်းစုကြည်သည် လွှတ်တော်ကိုယ်စားပြုကော်မတီ CRPH နှင့် NUG တို့ကဲ့သို့ အာဏာသိမ်းနောက်ဆက်တွဲ နိုင်ငံရေးဖြစ်ထွန်းမှုများအား သိရှိ လက်လှမ်းမမီသောကြောင့် မည်သည့် သဘောထား ထင်မြင်ချက်မှ မပေးကြောင်း၊ ထို့ကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီအလုပ်အမှုဆောင် အစည်းအဝေး ထိုင်နိုင်သော အချိန်ကာလမှ ယင်းကိစ္စ ဆွေးနွေးနိုင်မည်ဟု ပြောဆိုခြင်း ဖြစ်ကြောင်း ကောက်ယူကြသည်။
လူထောင်ချီသတ်ဖြတ်ခဲ့ပြီး လူပေါင်းများစွာ ဖမ်းဆီးထားသော အာဏာသိမ်း စစ်ကောင်စီကို လက်နက်ကိုင်ဆန့်ကျင်ရန် မြန်မာနိုင်ငံ ပြည်တွင်း ပြည်ပမှ နိုင်ငံသူနိုင်ငံသား အတော်များများက စိတ်အားထက်သန်နေပြီး NUG ၏ ကြေညာချက်ကို ထောက်ခံနေကြသည်
လူထောင်ချီသတ်ဖြတ်ခဲ့ပြီး လူပေါင်းများစွာ ဖမ်းဆီးထားသော အာဏာသိမ်း စစ်ကောင်စီကို လက်နက်ကိုင်ဆန့်ကျင်ရန် မြန်မာနိုင်ငံ ပြည်တွင်း ပြည်ပမှ နိုင်ငံသူနိုင်ငံသား အတော်များများက စိတ်အားထက်သန်နေပြီး NUG ၏ ကြေညာချက်ကို ထောက်ခံနေကြသော်လည်း ဒေါ်အောင်ဆန်းစုကြည်သည် သူ့ဘဝတလျှောက်လုံး အကြမ်းမဖက်ရေး နည်းလမ်းများနှင့် စံတန်ဘိုးများကို ပြောဆိုလုပ်ကိုင်လာခဲ့သူ ဖြစ်ပြီး နိုင်ငံတကာ နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင်လည်း ဖြစ်သည်။ ထို့ပြင် NLD ပါတီ၏ ပေါ်လစီသည် အကြမ်းမဖက်ရေး မူဝါဒကို ဆွဲကိုင်ထားဆဲ ဖြစ်သည်။
NLD သတင်းရင်းမြစ်များအဆိုအရ NUG ၏ ခုခံစစ် ကြေညာချက်သည် သွေးထွက်သံယိုမှုများ မြင့်တက်လာနေမှုတွင် တာဝန်ရှိသည်ကို ပါတီတွင်း ထောက်ပြဝေဖန်လာနေကြောင်း သိရသည်။
NLD ပါတီ ခေါင်းဆောင် အများအပြားအပါဝင် ယခင်အစိုးရမှ အကြီးအကဲများ (NLD ပါတီဝင်များ) ဖမ်းခံထားရဆဲဖြစ်ပြီး NUG ၏ သဘောထားများ၊ စစ်ကြေညာချက်များသည် ထိုသူများ၏ သဘောတူချက် ပါဝင်သည်ဟု မပြောနိုင်ပေ။
ယခုအချိန်အထိ လွတ်မြောက်ပြီး ပုန်းအောင်းနေသော NLD ပါတီဝင်များထဲမှ လူငယ်၊ လူလတ် ခေါင်းဆောင်အချို့သည်လည်း NUG ၏ ရပ်တည်ချက် သဘောထားများ အပါအဝင် စက်တင်ဘာ ၇ ရက်နေ့က ကြေညာခဲ့သော ခုခံစစ်ကို သဘောမတူကြောင်း ဧရာဝတီမှ စုံစမ်းသိရှိရသည်။
နိုင်ငံတကာ၏ ရပ်တည်ချက်
အမေရိကန်နှင့် ဗြိတိန်ကဲ့သို့ နိုင်ငံများအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းက NUG ၏ လက်နက်ကိုင်တော်လှန်သည့် လမ်းစဉ်ကို ကြိုက်နှစ်သက်ခြင်း မရှိကြောင်း NUG စစ်ကြေညာပြီးနောက်တွင် အသီးသီးဖော်ပြ ပြောဆိုကြသည်။
မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ် Pete Vowles က UK အစိုးရသည် မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ပြန်လည်ဖော်ဆောင်နိုင်ရေး ငြိမ်းချမ်းစွာ ကြိုးပမ်းအားထုတ်မှုကို ထောက်ခံ ကြောင်း စက်တင်ဘာ ၇ ရက် ညနေပိုင်း၌ ၎င်း၏ တွစ်တာစာမျက်နှာတွင် ရေးသားသည်။
ထို့ပြင် တွေ့ဆုံဆွေးနွေးခြင်းကိုသာ တိုက်တွန်းပြီး နောက်ထပ် ပဋိပက္ခများသည် ထိခိုက်လွယ်သူများ၊ ကိုဗစ်-၁၉ ဆိုင်ရာ ကျန်းမာရေး စောင့်ရှောက်မှုနှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးတို့အပေါ် ထိခိုက်နစ်နာစေကြောင်း ၎င်းက သတိပေး ပြောဆိုသည်။
အမေရိကန်နှင့် ဗြိတိန်ကဲ့သို့ နိုင်ငံများအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းက NUG ၏ လက်နက်ကိုင်တော်လှန်သည့် လမ်းစဉ်ကို ကြိုက်နှစ်သက်ခြင်း မရှိကြောင်း NUG စစ်ကြေညာပြီးနောက်တွင် အသီးသီးဖော်ပြ ပြောဆိုကြသည်။
အမေရိကန် နိုင်ငံခြားရေးဌာနကလည်း မြန်မာနိုင်ငံ အကျပ်အတည်းကို အကြမ်းဖက်နည်းဖြင့် ဖြေရှင်းခြင်းအား အမေရိကန်က လက်မခံဘဲ ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းရန် တိုက်တွန်းကြောင်း RFA သတင်းဌာနကို ဖြေကြားသည်။
မြန်မာနိုင်ငံအတွင်း ကိုဗစ် ၁၉ ကပ်ရောဂါ အခြေအနေ ဆိုးရွားနေသဖြင့် လူသားချင်းစာနာမှု အကူအညီများ တန်းတူ ညီမျှပြီး ဘေးကင်းလုံခြုံစွာ အတားအဆီးမရှိ ပေးနိုင်ရေးအတွက် တည်ငြိမ်သည့် ပတ်ဝန်းကျင် လိုအပ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဌာနက ဆိုသည်။
မကြာမီတွင် သက်တမ်းကုန်ဆုံးတော့မည့် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စခရစ္စတင်းရှရနာ ဘာဂနာကလည်း မြန်မာနိုင်ငံတွင် NUG ၏ လက်နက်ကိုင်ပုန်ကန်ခြင်းကို ပြည်သူလူထုက ထောက်ခံနေကြောင်း သိရသည့် အတွက် စိတ်မကောင်းဖြစ်ရကြောင်း သူမ၏ တွစ်တာစာမျက်နှာတွင် ရေးသားသည်။ (အကြမ်းဖက်သူများကို ရည်ညွှန်းသောကြောင့် စစ်ကောင်စီလည်း ပါသည်ဟု သုံးသပ်ရမည်။)
“အကြမ်းဖက်နည်းလမ်းက လွဲလို့ အခြားရွေးစရာ မရှိတော့ဘူးလို့ အခြားပါဝင်ပတ်သက်သူတွေ မခံစားရအောင် လုပ်နိုင်တဲ့ ငြိမ်းချမ်းစွာ အဖြေရှာရေး အထင်အရှား ဆန္ဒကင်းမဲ့နေတာကို ကျမ စိတ်မကောင်းဖြစ်ရတယ်” ဟုလည်း အဆိုပါ ဆွစ်သံတမန်က ရေးသားခဲ့ခြင်းဖြစ်သည်။
NUG ၏ တုံ့ပြန်မှု
NUG ၏ လက်နက်ကိုင်တော်လှန်ရေးကို မနှစ်သက်ဘဲ စိုးရိမ်ပူပန်ကြောင်း နိုင်ငံအချို့က ဆိုလာသည့်နောက်တွင် NUG ကလည်း စက်တင်ဘာလ ၁၃ ရက်တွင် ကြေညာချက်တစောင်ထုတ်ပြန်ခဲ့သည်။
အဆိုပါကြေညာချက်တွင် နိုင်ငံတကာသည် မြန်မာ့အရေး ကြားဝင်ဆောင်ရွက်ပေးရန်နှင့် မြန်မာပြည်သူလူထုအား ကာကွယ်ရန် အားကိုးမရတော့ ကြောင်း ဆိုထားသည်။
မြန်မာပြည်သူလူထုသည် စစ်အာဏာသိမ်းမှုကို ဖေဖော်ဝါရီလ ကတည်းက ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ သော်လည်း အာဏာသိမ်းစစ်တပ်က အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်ခဲ့ ကြောင်း NUG ဘက်က ဆိုသည်။
အာဏာသိမ်းပြီး ၇ လကျော်အကြာတွင် စစ်တပ်၏ ရက်ရက်စက်စက် နှိမ်နှင်းမှုများကြောင့် လူပေါင်း ၁၀၀၀ ကျော်သေဆုံးပြီး ကျေးရွာများလည်း မီးရှို့ခံရကာ ထောင်နှင့်ချီသည့် နိုင်ငံရေးအကျဉ်းသားများ ဖမ်းဆီးခံထားရသည်။
“အကြမ်းဖက်နည်းလမ်းက လွဲလို့ အခြားရွေးစရာ မရှိတော့ဘူးလို့ အခြားပါဝင်ပတ်သက်သူတွေ မခံစားရအောင် လုပ်နိုင်တဲ့ ငြိမ်းချမ်းစွာ အဖြေရှာရေး အထင်အရှား ဆန္ဒကင်းမဲ့နေတာကို ကျမ စိတ်မကောင်းဖြစ်ရတယ်”
ပြည်သူလူထုက ငြိမ်းချမ်းစွာနေထိုင်လိုသော်လည်း စစ်ကောင်စီဘက်က အကြမ်းဖက်တုံ့ပြန်လာရသဖြင့် လူထုသည် ကိုယ့်ကိုယ်ကို ခုခံကာကွယ်ရေးလုပ်ဆောင်လာရခြင်းဖြစ်ကြောင်း၊ ထိုသို့ ခုခံကာကွယ်ရသည့် လူထု၏ တော်လှန်ရေးကို NUG က အရှိန်မြှင့်ပေးလိုက်ခြင်းသာဖြစ်ကြောင်း စစ်ကြေညာရခြင်းနှင့်ပတ်သက်၍ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ဧရာဝတီသို့ပြောဆိုခဲ့သည်။
“အခုဟာက နိုင်ငံတကာကလည်း ဘာပဲ ရှိနေသလဲဆိုတော့ စောင့်ရှောက်မယ်။ လူသားချင်းစာနာမှု အကူအညီတွေပေးမယ်ဆိုပြီး လုပ်တယ်။ ကျမတို့တွေက Plan တွေဆွဲတယ်။ Vaccine နဲ့ ပတ်သက်တဲ့ Plan တွေ ဆွဲတယ်။ စစ်ကောင်စီက ခွင့်မပြုလို့ မလာနိုင်ဘူးဆိုတော့ ကျမတို့ကလည်း ငုတ်တုတ်ထိုင်စောင့်နေရမယ့် အခြေအနေရှိနေပါတယ်။ ကျမတို့က နိုင်ငံရေးအရ လုပ်စရာရှိတာ ဆက်လုပ်သွားမယ်” ဟု ဆိုသည်။
NUG နှင့် နိုင်ငံတကာ အကြားက ကွာဟချက်
နိုင်ငံတကာဆက်ဆံရေးနှင့် ပြည်သူ့ရေးရာမူဝါဒကျွမ်းကျင်သူ အချို့ကမူ NUG ၏ စစ်ကြေညာသည့် လုပ်ရပ်သည် မြန်မာ့အရေး ဆွေးနွေးညှိနှိုင်းရေး တိုက်တွန်းနေသည် နိုင်ငံတကာအသိုင်းအဝိုင်းကို အံ့အားသင့်သွားစေကြောင်း ပြောသည်။
ထို့အတူ NUG သည် ရုတ်တရက် စစ်ကြေညာလိုက်ရသော်လည်း စစ်အာဏာရှင်ဆန့်ကျင်ရေးဆိုင်ရာ ခိုင်မာသည့် မဟာဗျူတရပ်ကို ချပြနိုင်ခြင်းမရှိကြောင်း ၎င်းတို့က ဆိုသည်။
နိုင်ငံတကာဆက်ဆံရေးနှင့် ပြည်သူ့ရေးရာမူဝါဒကျွမ်းကျင်သူ အချို့ကမူ NUG ၏ စစ်ကြေညာသည့် လုပ်ရပ်သည် မြန်မာ့အရေး ဆွေးနွေးညှိနှိုင်းရေး တိုက်တွန်းနေသည် နိုင်ငံတကာအသိုင်းအဝိုင်းကို အံ့အားသင့်သွားစေကြောင်း ပြောသည်။
“ဆိုလိုတာ ဘာမှ ပြင်ဆင်မှု မရှိဘူး။ အဲတော့ စစ်အစိုးရက ချေမှုန်းဖိနှိပ်ဖို့ အကြောင်းပြချက်ကောင်းရတယ်။ ပြည်တွင်းက အကြမ်းမဖက် လှုပ်ရှားမှုတွေအတွက် နေရာ (role of non-violent movement) ဘယ်နေရမှန်း မသိဘူး။ အကြမ်းဖက်- အကြမ်းမဖက် ဘယ်လိုပေါင်းစပ်မလဲ (Violent/ non-violent) မဟာဗျူဟာတွေလည်း သေချာ စဉ်းစားထားဟန် မရှိဘူး။ အကယ်၍ ဘာမှမဖြစ်ခဲ့ရင်လည်း ဘယ်သူတွေ တာဝန်ယူ တာဝန်ခံမယ် (accountability) မသိဘူး” ဟု နိုင်ငံတကာဆက်ဆံရေးနှင့် ပြည်သူ့ရေးရာ မူဝါဒကျွမ်းကျင်သူတဦးက ဆိုသည်။
ဆက်လက်၍ ၎င်းက NUG သည် ၎င်းအား အစိုးရအဖြစ် နိုင်ငံတကာက အသိအမှတ်ပြုရန် ပြောနေသော်လည်း ဒေသတွင်း တရုတ်နှင့် အိန္ဒိယကဲ့သို့ နိုင်ငံကြီးများကမူ အစိုးရအဖြစ်ထက် သတင်းအချက်အလက် ဖလှယ်နိုင်မည့် လှုပ်ရှားမှု (movement) အနေနဲ့သာ လက်ခံလိုကြကြောင်း သံတမန်သတင်းရင်းမြစ်များ၏ ပြောဆိုချက်ကို ကိုးကား၍ ဆိုသည်။
အမေရိကန်နိုင်ငံအခြေစိုက် နိုင်ငံရေးလေ့လာသုံးသပ်သူတဦးကလည်း NUG သည် တော်လှန်ရေးအတွေ့အကြုံနုနယ်သေးသည်ဖြစ်ရာ စိတ်ခံစားချက်အလျောက် ဖြစ်ချင်သည်နှင့်ဖြစ်သင့်သည်ဟု ၎င်းတို့ယူဆထားချက်များအား ထုတ်ပြန်ပြောဆိုနေခြင်း ဖြစ်နိုင်ကြောင်း၊ ထိုသို့ပြောဆိုနေခြင်းသည် အပြစ်မဆိုသာဘဲ အတွေ့အကြုံရင့်ကျက်လာသည်နှင့် အမျှ ပြောင်းလဲလာနိုင်ကြောင်း မှတ်ချက်ပေးသည်။
“နိုင်ငံတကာ သံခင်းတမန်ခင်းအထိုင်ကိုက စစ်ဖြစ်ဖို့ တည်ထားတာမဟုတ်ဘူး။ ဒါကြောင့် သံတမန်တွေက သူ့ရဲ့ ပရော်ဖက်ရှင်နယ်အရကိုပဲ တွေ့ဆုံဆွေးနွေးရေးပဲ ပြောမှာပဲ။ ဒါကြောင့် နိုင်ငံတကာနဲ့ ကွာဟတယ်ဆိုတာထက် အကြမ်းဖက်တော်လှန်ရေးနဲ့ အကြမ်းမဖက်တော်လှန်ရေးရဲ့ ကြားက အဟ ဖြစ်တယ်” ဟု ဆိုသည်။
“ကျနော်မြင်တာ အတွေ့အကြုံအရ တော်လှန်ရေးက ယင်နဲ့ ယန်လိုပဲဗျ။ (Yin and Yang) အပြု-အဖျက် ပေါင်းစပ်မှု ရှိတယ်။ အဖျက်ဆိုတာက ကိုယ်မလိုချင်တဲ့ စနစ်ဟောင်းကို ဖြိုချတာပေါ့။ အပြုဆိုတာကတော့ ကိုယ်လိုချင်တဲ့ စနစ်သစ် ကိုတည်ဆောက်တာ”
နိုင်ငံတကာဆက်ဆံရေးနှင့် ပြည်သူ့ရေးရာမူဝါဒကျွမ်းကျင်သူတဦးကမူ NUG က စစ်ကြေညာပြီးနောက် အကြမ်းဖက်သတ်ဖြတ်မှုများ ပိုများလာသည်ဖြစ်ရာ တော်လှန်ရေးသည် အဖျက်သဘောဘက်ပိုများနေကြောင်း ထောက်ပြသည်။
“ကျနော်မြင်တာ အတွေ့အကြုံအရ တော်လှန်ရေးက ယင်နဲ့ ယန်လိုပဲဗျ။ (Yin and Yang) အပြု-အဖျက် ပေါင်းစပ်မှု ရှိတယ်။ အဖျက်ဆိုတာက ကိုယ်မလိုချင်တဲ့ စနစ်ဟောင်းကို ဖြိုချတာပေါ့။ အပြုဆိုတာကတော့ ကိုယ်လိုချင်တဲ့ စနစ်သစ် ကိုတည်ဆောက်တာ။ အခုက အဖျက်ချည်းပဲ များနေရင် အလုပ်မဖြစ်နိုင်ဘူး။ သူတို့ခေါ်သလို အဖျက်သမားပဲ ဖြစ်မှာ။ ကိုယ်က အပြုသဘော ဘာလုပ်မလဲ၊ စဉ်းစားဖို့လိုမယ်” ဟုဆိုသည်။
အပြုသဘောဆောင် ချဉ်းကပ်မှု
စင်္ကာပူနိုင်ငံအခြေစိုက် Yusof Ishak Institute ၏ မြန်မာ့အရေးလေ့လာမှု ပရိုဂရမ် ပူးတွဲညှိနှိုင်းရေးမှူးဖြစ်သူ ဒေါ်မိုးသူဇာက အကြမ်းဖက်မှုများကို မည်သူကဆောင်ရွက်ပြီး ထိုသို့အကြမ်းဖက်မှု ဖြစ်ပွားစေသည့် အခြေအနေများရောက်အောင် မည်သူက ဖန်တီးခဲ့သည်ဆိုသည့်အချက်ကိုလည်း ရှင်းလင်းစွာမြင်ရန် လိုအပ်ကြောင်း တိုက်တွန်းပြီး လက်ရှိအခြေအနေအရ စားပွဲဝိုင်း၌ တွေ့ဆုံဖျန်ဖြေရေးသည် အခွင့်အလမ်းမသာသေးဟု ဆိုနိုင်သော်လည်း မြန်မာ့အရေး ပြင်ပမှ ကြားဝင်စေ့စပ်ပေးမည့်သူများအနေနှင့် ဖြစ်နိုင်သမျှ နည်းလမ်းပေါင်းစုံကို စဉ်းစားသင့်ကြောင်း ဆိုသည်။
သို့မှသာ အနာဂတ်တွေ့ဆုံဆွေးနွေးရေးအတွက် ပထမခြေလှမ်းဖြစ်လာပြီး အကြမ်းဖက်မှု သံသရာကို အဆုံးသတ်ရေး အကူအညီဖြစ်နိုင်ကြောင်း ဒေါ်မိုးသူဇာက မှတ်ချက်ပေးသည်။
“ ကြားဝင်စေ့စပ်ပေးမယ့်သူတွေဟာ (တဖက်တည်းသော်လည်း ကောင်း ၂ ဖက်စလုံးနဲ့ ဘက်စုံပါဝင်နိုင်တဲ့ နည်းလမ်းပေါင်းစုံနဲ့ သော်လည်းကောင်း) သံတမန်ရေးနည်းလမ်းပေါင်းစုံကို ထည့်သွင်းစဉ်းစား ဖို့လိုပါတယ်။ အဲဒါက အဓိကသက်ဆိုင်သူများအကြား အနာဂတ်အပြုသဘောဆောင်တဲ့ တွေ့ဆုံဆွေးနွေးရေးအတွက် ပထမခြေလှမ်းအဖြစ်၊ မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေသော အကြမ်းဖက်မှု သံသရာ ဝဲသြဃကို အဆုံးသတ်နိုင်ဖို့ အကူအညီဖြစ်စေမှာဖြစ်ပါတယ်” ဟု ဆိုသည်။
နိုင်ငံတကာအသိုင်းအဝိုင်းအနေနှင့် NUG ကို စစ်ရေးအရ အကူအညီပေးနိုင်မည်မဟုတ်သော်လည်း စစ်အာဏာရှင်များအား တွေ့ဆုံဆွေးနွေးရေးလုပ်ရန် ဖိအားပေးတိုက်တွန်းနိုင်မည့် အခြေအနေ ဆက်ရှိနေမည်
ကမ္ဘာတဝှမ်း ပဋိပက္ခများကို စောင့်ကြည့်လေ့လာနေသည့် International Crisis Group (ICG) ၏ မြန်မာ့အရေးအကြံပေး Richard Horsey ကလည်း မြန်မာပြည်သူလူထုသည် စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်မှုများကို ခံစားရပြီးနောက် တွေ့ဆုံဆွေးနွေးရေးကို တွန့်ဆုတ်သွားကြောင်း ဧရာဝတီသို့ပြောသည်။
နိုင်ငံတကာအသိုင်းအဝိုင်းအနေနှင့် NUG ကို စစ်ရေးအရ အကူအညီပေးနိုင်မည်မဟုတ်သော်လည်း စစ်အာဏာရှင်များအား တွေ့ဆုံဆွေးနွေးရေးလုပ်ရန် ဖိအားပေးတိုက်တွန်းနိုင်မည့် အခြေအနေ ဆက်ရှိနေမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
“၂ ဖက်စလုံးက ဆွေးနွေးညှိနှိုင်းဖို့ ဆုံးဖြတ်မယ်ဆိုရင် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ရလဒ်ကောင်းတွေ ထွက်လာဖို့ ကူညီပံ့ပိုးပေးနိုင်မှာပါ။ သူတို့ဟာ အာဏာကို လက်လွှတ်ဖို့ထက် တိုင်းပြည်ပျက်စီးတာကိုပဲ မြင်ဖို့ အသင့်ဖြစ်နေတဲ့ စစ်ဗိုလ်ချုပ်တွေရဲ့ စိတ်ကို ပြောင်းလဲဖို့ လွယ်ကူမှာမဟုတ်ပေမယ့်လည်း စစ်ဗိုလ်ချုပ်တွေကို ဖိအားပေးပြီး ဆွေးနွေးဖို့ ဆက်လက်တိုက်တွန်းနိုင်နေမှာဖြစ်ပါတယ်” ဟု Richard Horsey က မှတ်ချက်ပေးသည်။
You may also like these stories :
ပြည်သူ့ဆန္ဒကို ဘယ်တော့မှမဆန့်ကျင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော
ဦးကျော်မိုးထွန်းကိစ္စ တရုတ်က မြန်မာ့အရေးကို သတိထား ကိုင်တွယ်နေကြောင်း ပြသ
ဒေါ်အောင်ဆန်းစုကြည်ကို လျှို့ဝှက်ချုပ်ထားခြင်းက လူ့အခွင့်အရေးချိုးဖေါက်မှုဖြစ်
တော်လှန်ရေးကို အရှိန်အဟုန် မြှင့်လိုက်တယ်
မြန်မာနိုင်ငံတွင် စစ်တပ် လိုသည်၊ သို့သော် လက်ရှိစစ်တပ် မဟုတ်