စစ်တပ်က အာဏာသိမ်းပြီး တပတ်ကြာသောအခါ ဆယ်စုနှစ်တခုနီးပါး ငြိမ်သက်နေသော တွစ်တာအကောင့်တခု ပြန်လည် အသက်ဝင်လာသည်။
အဆိုပါ တွစ်တာအသုံးပြုသူသည် ဖေဖော်ဝါရီ ၁ ရက်နေ့ နောက်ပိုင်း စစ်ကောင်စီတပ်များ၏ ဖြိုခွဲမှုများကြောင့် သေဆုံးရသူ ရာပေါင်းများစွာ အပါအဝင် စစ်အာဏာသိမ်းမှု ဆန့်ကျင်သူများအား လှောင်ပြောင်သရော်ခဲ့သည်။
ဖေဖေါ်ဝါရီ ၈ ရက်နေ့က မြို့တော်နေပြည်တော်တွင် ဆန္ဒပြသူများကို ရဲများက ဖိအားပြင်း မီးသတ်ပိုက်ဖြင့် ထိုးသောအခါ ရိုးရာသင်္ကြန် နှစ်သစ်ကူးပွဲတော် ကျင်းပသည်ဟုဆိုပြီး “သူတို့အတွက် သင်္ကြန်စောစောကျတယ် ဟဟ” ဟု ရေးခဲ့သည်။
ရက်သတ္တပတ် အနည်းငယ် ကြာသောအခါ ထိုသူက “#fuckthereds” ဟု ရေးသားပြီး စစ်အာဏာသိမ်းမှုတွင် ဖြုတ်ချ ဖမ်းဆီးခံရသည့် နိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ ပါတီကို တိုက်ခိုက်သည့် အသုံးအနှုန်းများကို သုံးစွဲသည်။
ယခုအခါ ပိတ်လိုက်ပြီ ဖြစ်သော ထိုအကောင့်၏ မှတ်တမ်းများကို လေ့လာသောအခါ ယင်းအကောင့်သည် စစ်အာဏာသိမ်း ထိပ်တန်းခေါင်းဆောင် လေတပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၏ အသက် ၃၃ နှစ်အရွယ် သားဖြစ်သူ အိုင်ဗန်ထက်၏ အကောင့်ဖြစ်ကြောင်း သိရသည်။
အိုင်ဗန်ထက်သည် ၁၉၄၈ ခုနှစ် မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးနောက် နိုင်ငံရေးလောကကို လွှမ်းမိုးချုပ်ကိုင်ထားသည့် မြန်မာစစ်တပ်ကို လူမှုကွန်ရက်တွင် စိတ်အားထက်သန်စွာ ထောက်ခံသူမျှသာမကပေ သူ၏ဇနီး လင်းလက်သီရိနှင့် အတူ မြန်မာစစ်တပ်ကို လက်နက်တပ်ဆင် ထောက်ပံ့ရန် ကြိုးစားနေသည့် ပုဂ္ဂလိကလုပ်ငန်းတခုကို ထူထောင်ထားသူလည်းဖြစ်ကြောင်း Reuters သတင်းဌာနက တွေ့ရှိခဲ့သည်။
Reuters သတင်းဌာနက လေ့လာခဲ့သော လုပ်ငန်းမှတ်ပုံတင်နှင့် စစ်ဘက်ဝယ်ယူမှု မှတ်တမ်းတခုအရသာမက ယင်းမိသားစု၏ မိတ်ဆွေ အပေါင်းအသင်းများ၊ ကာကွယ်ရေး ကန်ထရိုက်တာ ၅ ဦးနှင့်ပါ တွေ့ဆုံမေးမြန်းမှုများအရ ၎င်းတို့ ဇနီးမောင်နှံသည် စီးပွားရေးနယ်ပယ်တွင် အကျိုးစီးပွားများရှိနေသည့် စစ်တပ်မိသားစု မျိုးဆက်သစ်၏ တစိတ်တပိုင်း ဖြစ်ကြောင်း သိရသည်။
ထိုသားနှင့် ချွေးမသာမက လေတပ်အကြီးအကဲ၏ တူနှင့် တူမသည်လည်း ကြွယ်ဝချမ်းသာကြပြီး ၎င်းတို့သည် နိုင်ငံ၏ လေကြောင်းကဏ္ဍသို့ ပစ္စည်းများ ရောင်းချသည့် ကုမ္ပဏီတခုကို ပိုင်ဆိုင်ကြောင်း လုပ်ငန်းမှတ်ပုံတင်နှင့် မီဒီယာ တွေ့ဆုံမေးမြန်းမှုများက ပြသနေသည်။
ထို တူတော်စပ်သူသည် လက်နက်ကိုင်တပ်များသို့ ပစ္စည်းများပေးသွင်းနေကြောင်း ကာကွယ်ရေး ကန်ထရိုက်တာ ၂ ဦး၊ စီးပွားရေးလုပ်ငန်း မိတ်ဆွေတဦးနှင့် မြန်မာလေကြောင်းလိုင်း အမှုဆောင်ဟောင်းတဦးက ပြောသည်။
အသက် ၅၇ နှစ် ရှိပြီဖြစ်သော မောင်မောင်ကျော်သည် ၂၀၁၈ တွင် လေတပ်အကြီးအကဲအဖြစ် ရာထူးတိုးခဲ့ပြီး စစ်တပ်၏ ခေတ်မီရေး အစီအစဉ် အကြီးအကဲအဖြစ်လည်း တာဝန်ယူကာ ဆယ်စုနှစ်များစွာ လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် စွပ်စွဲခံနေရသော စစ်တပ်အတွက် လေယာဉ်များ အဆင့်မြှင့်တင်ရန် ဒေါ်လာသန်း ရာပေါင်းများစွာ သုံးစွဲခဲ့သည်။
အဆိုပါ လူ့အခွင့်အရေး ချိုးဖောက်မှုများတွင် ၂၀၁၇ ခုနှစ်က လူမျိုးတုန်းသတ်ဖြတ်ရန် ရည်ရွယ်ချက်ဖြင့် ရိုဟင်ဂျာ မွတ်ဆလင်များကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုလည်း ပါဝင်ကြောင်း ကုလသမဂ္ဂ စုံစမ်းစစ်ဆေးသူများက ပြောသည်။
စစ်တပ်က ယင်းစွပ်စွဲချက်များကို ငြင်းဆန်ပြီး ရဲများကို တိုက်ခိုက်သည့် စစ်သွေးကြွများအား တရားဝင် စစ်ဆင်ရေး လုပ်ခြင်းဖြစ်သည်ဟု ပြောသည်။
မြန်မာနိုင်ငံတွင် စစ်အာဏာ သိမ်းပြီးနောက် လူ ၁၀၀၀ ကျော် သတ်ဖြတ်ခံရသည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
အာဏာသိမ်းပြီးနောက် လေတပ်သည် အတိုက်အခံများကို ချေမှုန်းရန် စစ်တပ်များကို ပို့ဆောင်ပေးကြောင်း၊ တိုင်းရင်းသား လက်နက်ကိုင်များကို ဗုံးကြဲကြောင်း၊ ထိုသို့ ဗုံးကြဲရာတွင် အရပ်သားများပါ သေဆုံးရကြောင်း မျက်မြင်သက်သေများက ပြောသည်။
လူမှုကွန်ရက်တွင် တင်ထားသည့် ဓာတ်ပုံများနှင့် ရေးသားဖေါ်ပြချက်များအရ ထိုလေတပ်အကြီးအကဲ၏ မိသားစုများသည် နိုင်ငံတွင် လူများစု မတတ်နိုင်သော လူနေမှုအဆင့်ကို ခံစားနေကြောင်း ပြသနေပြီး ထိုပုံများတွင် စင်္ကာပူမှ ဈေးကြီး သောနေရာများ၌ ပါတီပွဲ ကျင်းပနေပုံများ၊ ဘန်ကောက်၊ လန်ဒန်နှင့် ဆန်တိုရီနီသို့ သွားရောက် လည်ပတ်ခြင်းများကို ပြသထားသည်။
အခွင့်ထူးခံ လူလားမြောက်လာပြီးနောက် အိုင်ဗန်ထက်သည် ၂၀၁၈ ဒီဇင်ဘာတွင် သူ၏ဖခင်နှင့် ယခု အာဏာသိမ်း ခေါင်းဆောင် မင်းအောင်လှိုင်တို့ ရှေ့မှောက်တွင် ၎င်း၏မင်္ဂလာပွဲကို ကျင်းပခဲ့ကြောင်း ဓါတ်ပုံများက ပြသနေသည်။
နောက် ၃ လ ကြာသောအခါ ဗြိတိန်နိုင်ငံတွင် ဗိသုကာပညာ သင်ကြားခဲ့သော သူ၏ ဇနီးသည် ကာကွယ်ရေးနှင့် လုံခြုံရေး လုပ်ငန်းများကို ခေတ်မီအောင် ပြုလုပ်ပေးမည့် Alliance Engineering Services Co., Ltd ကို တည်ထောင်ကြောင်း လုပ်ငန်းမှတ်ပုံတင်များနှင့် ထိုလုပ်ငန်း၏ ဝက်ဘ်ဆိုက်အရ သိရသည်။
ထိုလုပ်ငန်းကို အိုင်ဗန်ထက်ကိုယ်တိုင် ဦးဆောင်ကြောင်း Reuters က တွေ့ဆုံမေးမြန်းခဲ့သည့် ကာကွယ်ရေး ကန်ထရိုက်တာ နှစ်ဦးနှင့် စီးပွားရေး မိတ်ဆွေတဦးက ပြောသည်။
သူသည် ၎င်းတို့နှင့် စီးပွားရေး လုပ်ငန်းများကို ဆွေးနွေးပြီး အချို့ကိစ္စများမှာ ဆောင်ရွက် ပြီးစီးသွားပြီ ဖြစ်ကြောင်း အဆိုပါ သတင်းရင်းမြစ်များက ပြောသည်။
ထိုလုပ်ငန်းများတွင် မောင်းသူမဲ့လေယာဉ် အစိတ်အပိုင်းများမှသည် ဆိုနာနှင့်ရေဒါများ ဝယ်ယူခြင်းအထိ ပါဝင်သည်။
အစ္စရေးလုပ် မောင်းသူမဲ့ ထောက်လှမ်းရေး လေယာဉ်အစိတ်အပိုင်း ဈေးနှုန်းများကို စုံစမ်းသည့် Alliance Engineering Services က ရောင်းချသူများထံ ၂၀၂၀ ခုနှစ်က ပေးပို့သည့် စာတစောင်ကို Reuters သတင်းဌာနက လေ့လာခဲ့သည်။
ထိုမောင်းသူမဲ့ လေယာဉ်များကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကို တိုက်ခိုက်ရာတွင် သုံးကြောင်း ယင်း အဖွဲ့အစည်များမှ ထုတ်ပြန်သည့် ဓါတ်ပုံများအရ သိရသည်။
အဆိုပါစာကို အိုင်ဗန်ထက်က ပေးပို့ခြင်းဖြစ်ကြောင်း ယင်းကိစ္စကို သိရှိသူတဦးက ပြောသည်။ ထိုကိစ္စ မည်သို့ ဆက်လက် လုပ်ကိုင်သည်နှင့် မည်မျှတန်ဖိုးရှိသည်ကို Reuters အနေဖြင့် မဆုံးဖြတ်နိုင်သေးပေ။
စင်္ကာပူတွင် အခြေစိုက်သည့် အသက် ၃၃ နှစ်အရွယ် လင်းထက်နှင့် သူ၏ညီမ မွန်ရည် (၃၁ နှစ်) တို့သည် လေတပ်ဦးစီးချုပ်၏ တူနှင့်တူမဖြစ်ပြီး မြန်မာနှင့် အခြားဈေးကွက်များရှိ လေကြောင်းကဏ္ဍများသို့ အကြံပေးခြင်း၊ အပိုပစ္စည်းရောင်းခြင်း၊ ငှားရမ်းခြင်းနှင့် ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများ လုပ်ဆောင်သည့် မိသားစု စီးပွားရေး လုပ်ငန်းတခုကို ပိုင်ဆိုင်ကြသည်။
လင်းထက်သည် နိုင်ငံပိုင် မြန်မာအမျိုးသား လေကြောင်းလိုင်း၏ ဒါရိုက်တာ တဦးလည်းဖြစ်ပြီး မြန်မာနိုင်ငံအတွက် အမေရိ ကန် လေကြောင်း ကုန်အမှတ်တံဆိပ်များ ဖြစ်သော Bell နှင့် Cessna တို့၏ ကိုယ်စားလှယ်ဖြစ်ကြောင်း မြန်မာသတင်း မီဒီ ယာများနှင့် သူ ကိုယ်စားပြုသည့် ကုမ္ပဏီတခု၏ အင်တာနက် ဝက်ဘက်ဆိုက်၏ မှတ်တမ်းဟောင်းအရ သိရသည်။
စစ်တပ်ကို သစ္စာခံခြင်း
လေတပ်အကြီးအကဲ မောင်မောင်ကျော်၏ မိသားစုများသည် ချမ်းသာကြွယ်၀ကြပြီး သူ၏ဖခင် ကျော်ထင်သည်လည်း ယခင် စစ်တပ် အကြီးအကဲဟောင်းတဦး ဖြစ်သည်။
စစ်တပ်အတွက် လင်းထက်သည် လေယာဉ် အပိုပစ္စည်းမျိုးစုံ ရောင်းချပေးနေကြောင်း Reuters က တွေ့ဆုံမေးမြန်းခဲ့သည့် ကာကွယ်ရေး ကန်ထရိုက်တာများနှင့် စီးပွားရေး အပေါင်းအသင်းများက ပြောသည်။
စစ်တပ်က လက်စားချေမည်ကို စိုးရိမ်သောကြောင့် အဆိုပါ ကန်ထရိုက်တာ အားလုံးက ၎င်းတို့၏ အမည်များကို ထုတ်ဖော် သုံးစွဲခွင့် မပေးပါ။
သို့သော် မြန်မာ့လေကြောင်းလိုင်း အမှုဆောင် တဦးက လေတပ်အကြီးအကဲ၏ တူနှင့် လုပ်ကိုင်ခဲ့သည့် လုပ်ငန်းတခု အကြောင်း ပြောပြသည်။
ပုဂ္ဂလိက လေကြောင်းလိုင်းဖြစ်သော Air Mandalay ၏ အမှုဆောင်အရာရှိချုပ်ဟောင်း ဂယ်ရီ ဗီလိယပ် Gary Villiard က သူသည် လင်းထက်နှင့် လုပ်ငန်းလုပ်ခဲ့ကြောင်း၊ ထိုလေတပ်အကြီးအကဲ၏ တူသည် စစ်ဘက်ဖြစ်စေ၊ အရပ်ဘက်ဖြစ်စေ မြန်မာ့လေကြောင်း လုပ်ငန်းနှင့် ပတ်သက်သည့် ကိစ္စများတွင် အစအဆုံး ပါသည်ကို ဖုံးကွယ်ထားခြင်း မရှိကြောင်း ပြောသည်။
လေတပ်က ဝယ်ယူသည့် တာယာများ၊ အင်ဂျင်ပြုပြင်ခြင်းနှင့် အစိတ်အပိုင်းများ၊ ဘီး၊ ဘရိတ် အကုန် သူ့ထံမှ သွားရသည်ဟု ဗီလိယပ်က ဆိုသည်။
၎င်းတို့ မိသားစု စီးပွားရေးနှင့် ပတ်သက်သည့် အသေးစိတ် မေးခွန်းများကို မြန်မာလေတပ် အကြီးအကဲနှင့် သူ၏ မိသားစု များထံ Reuters က ပေးပို့ခဲ့သော်လည်း အိုင်ဗန်ထက်နှင့် သူ၏ဇနီးတို့က တုံ့ပြန်ခြင်း မရှိပေ။
မေးခွန်းများ ပေးပို့ပြီးနောက် ၂ ရက်အတွင်း အိုင်ဗန်ထက်၏ တွစ်တာအကောင့် ပိတ်သွားခဲ့သည်။ သတင်းထောက်က အိုင်ဗန်ထက်ကို ဖုန်းနံပါတ်တခုမှ ဆက်သွယ်ပြီး ၎င်းဆက်သွယ်ရခြင်း အကြောင်းရင်းကို ရှင်းပြသောအခါ ဖုန်းချသွားသည်။
စစ်ဘက်သို့ ပေးပို့ခဲ့သည့် မေးခွန်းများကိုလည်း မောင်မောင်ကျော်က ဖြေကြားခြင်း မရှိပေ။
၎င်း၏ တူနှင့်တူမ ပ်ိုင်သည့် စီးပွားရေးလုပ်ငန်းဖြစ်သော LTR ကမူ အီးမေးလ်ဖြင့် အကြောင်းပြန်ပြီး ၎င်းတို့သည် မြန်မာ စစ်တပ်သို့ လက်နက်၊ လေယာဉ်အစိတ်အပိုင်းနှင့် မည်သည့်ပစ္စည်းကိုမျှ မရောင်းကြောင်း ပြောသည်။
တူတော်စပ်သူ လင်းထက်ကလည်း မေးခွန်းများကို ဖြေဆိုခြင်း မပြုပေ။ သူ၏ညီမ မွန်ရည်ကို ဖုန်းဖြင့် ဆက်သွယ်သော အခါ သူက ကုမ္ပဏီသည် မြန်မာနိုင်ငံနှင့်ဆိုင်သည့် လုပ်ငန်းများနှင့် မပတ်သက်ကြောင်း၊ သူ၏မိသားစုသည် မည်သည့် အထူးအခွင့်အရေးကိုမျှ ရသည်ဟု မယုံကြည်ကြောင်း ပြောသည်။
Bell, Beechcraft နှင့် Cessna ကုန်အမှတ်တံဆိပ်များကို ပိုင်သည့် နယူးယောက် စတော့အိတ်ချိန်း စာရင်းဝင် Textron Inc ပြောခွင့်ရ မိုက်ကယ်မေနတ်က ၎င်းတို့ ကုမ္ပဏီနှင့် လင်းထက်၊ သူ့မိသားစု ဆက်ဆံရေးနှင့် ပတ်သက်သည့် မေးခွန်း များကို ဖြေကြားခြင်း မရှိပေ။
၎င်းတို့ ကုမ္ပဏီသည် ကြားခံအဆက်အသွယ်များ ကိစ္စကို ဆွေးနွေးမည် မဟုတ်ဟု ဆိုသည်။
မိသားစုကိစ္စ
မြန်မာစစ်တပ်သည် စီးပွားရေးတွင် လွန်စွာကျယ်ပြန့်လှသော နယ်ပယ်ကို အထူးသဖြင့် ရေနံ၊ သဘာဝဓာတ်ငွေ့၊ ကြေးနီ နှင့် ကျောက်စိမ်း စသည့် သယံဇာတ ထုတ်ယူသည့် လုပ်ငန်းများကို ထိန်းချုပ်ထားသည်မှာ ကာလရှည်ကြာပြီ ဖြစ်သည်။
စစ်ခေါင်းဆောင် အဆက်ဆက်အောက်တွင် စစ်အုပ်စုသည် အရပ်သားထိန်းချုပ်မှု ကင်းလွတ်သည့် စီးပွားရေး အကျိုးစီး ပွားကွန်ရက်ကို ထူထောင်ထားပြီး ကန်ထရိုက်များကိုလည်း ပုဂ္ဂလိက ကဏ္ဍမှ ခရိုနီများ၏ ကွန်ရက်သို့ ချထားပေးကြောင်း ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေးအဖွဲ့၏ ၂၀၁၉ အစီရင်ခံစာ တစောင်က ဆိုသည်။
Open Corporates မှ အချက်အလက်များကို သုံးသပ်ခြင်း၊ ပြည်တွင်းကုမ္ပဏီ မှတ်တမ်းများဖြင့် အတည်ပြုခြင်းအရ အာဏာသိမ်း စစ်ခေါင်းဆောင်များ မိသားစုများ၏ စီးပွားရေး ကဏ္ဍအမျိုးမျိုးတွင် ပတ်သက်နေသည့် အတိုင်းအတာကို ပြသနေသည်။
စစ်ကောင်စီအဖွဲ့ဝင် ၄ ဦး သားသမီးများ ပိုင်ဆိုင်သည့် ကုမ္ပဏီ စုစုပေါင်း ၂၇ ခုကို Reuters သတင်းဌာနက တွေ့ရှိခဲ့ပြီး အဆိုပါ လုပ်ငန်းများမှာ ဆောက်လုပ်ရေး၊ ဆေးဝါးမှ ဖျော်ဖြေရေးအထိ လုပ်ငန်းအမျိုးမျိုး ပါဝင်သည်။
“ဗိုလ်ချုပ်တွေက သူတို့ ကိုယ်ကျိုးစီးပွား၊ ပိုင်ဆိုင်မှုနဲ့ ကြွယ်ဝချမ်းသာမှုတွေကိုပဲ ကာကွယ်နေတယ်ဆိုတာ လူတိုင်း သိနေ တာပဲ” ဟု ယခင် လေထီးတပ်တွင် လုပ်ခဲ့သည့် ဗြိတိန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ဟောင်း ဦးကျော်စွာမင်းက ပြော သည်။
၎င်းသည် ဖေဖေါ်ဝါရီ ၁ ရက်နေ့တွင် ဖမ်းဆီးခံရသည့် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရန် တောင်းဆိုပြီးနောက် ရာထူး မှ ဖယ်ရှားခံရပြီး ဗြိတိန်တွင် ဆက်လက် နေထိုင်နေသည်။
လက်ရှိ စစ်တပ်အကြီးအကဲ မင်းအောင်လှိုင်၏ သားသမီးများသည်လည်း အစိုးရထံမှ အခွင့်ထူးများ ရရှိနေပြီး စစ်တပ် သို့ ပေးပို့ခဲ့သည့် မေးခွန်းများကို မင်းအောင်လှိုင်က ဖြေကြားခြင်း မရှိပေ။
အသက် ၆၀ နှစ်ကျော် အရပ်ပုပု၊ မျက်မှန်ဝတ်သော မင်းအောင်လှိုင်သည် မထင်ရှားသော ဘဝမှ တိုင်းရင်းသားဒေသ စစ်ဆင်ရေးများအတွင်း ရာထူးတက်လာသူ ဖြစ်ပြီး ယင်းစစ်ဆင်ရေးများအတွင်း စစ်သားများက ကျေးရွာသူများကို ဂိုဏ်းဖွဲ့အဓမ္မပြုကျင့် ကျေးရွာသားများကို သတ်ဖြတ်ကြသည်ဟု လူ့အခွင့်အရေး အဖွဲ့များက ဆိုသည်။
စစ်တပ် အကြီးအကဲအဖြစ် ခန့်အပ်ခံရပြီးနောက် စစ်တပ်က တိုင်းရင်းသား လူနည်းစုများအပေါ် ရက်စက်ကြမ်းကြုတ်မှုများ ကျူးလွန်ခဲ့သည် ဆိုသောအချက်ကို သူ ငြင်းဆန်သည်။
ယခင် စစ်အုပ်စုခေါင်းဆောင် သန်းရွှေကို ဆက်ခံရန်အတွက် သူ့ထက်ဝါရင့်သည့် ပြိုင်ဘက်များအကြားမှ သူ့ကို လက်ရွေး စင်အဖြစ် ရွေးချယ်ခံခဲ့ရခြင်းလည်း ဖြစ်သည်။
၂၀၁၇ တွင် သူသည် သိန်းနှင့်ချီသော ရိုဟင်ဂျာများအား မြန်မာနိုင်ငံမှ မောင်းထုတ်ခြင်းကို ကြီးကြပ်ခဲ့သည်။
လွန်ခဲ့သောနှစ်က မိန့်ခွန်းတခုတွင် နိုင်ငံအတွင်း စီးပွားရေး မညီမျှမှုများအကြောင်း သူပြောပြီး မြန်မာနိုင်ငံ၏ ဆင်းရဲချမ်း သာ ကွာဟမှုကို ကျဉ်းမြောင်းအောင် လုပ်ရမည်ဟု ဆိုသည်။
ယခုနှစ် အစောပိုင်းတွင် စစ်အာဏာသိမ်းပြီးနောက် သူ၏ သားသမီးများကို အမေရိကန် ပြည်ထောင်စုက အမည်ပျက် စာရင်း သွင်းလိုက်ပြီး ၎င်းတို့၏ စီးပွားရေး အကျိုးစီးပွားများကို မီးမောင်းထိုးပြလိုက်သည်။
အမေရိကန် ဘဏ္ဍာရေးဌာန၏ အဆိုအရ သူ၏သား အောင်ပြည့်စုံသည် ၂၀၁၃ တွင် စားသောက်ဆိုင်သစ် ဖွင့်သည့် မြေနေရာကို ဈေးကွက်ပေါက်ဈေး၏ ၁ ရာခိုင်နှုန်းအောက်ဖြင့် ငှားရန်းရယူထားကြောင်း သိရသည်။
မင်းအောင်လှိုင်၏သမီး ခင်သီရိသက်မွန်သည် စစ်တပ် ထိန်းချုပ်ထားသည့် ဆက်သွယ်ရေး လုပ်ငန်းတခုအတွက် မိုဘိုင်း တာဝါများ ဝန်ဆောင်မှုပေးသည့် ကုမ္ပဏီတခုကို ပူးတွဲပိုင်ဆိုင်ကြောင်း Reuters သတင်းဌာနက ကြည့်ရှုခွင့် ရခဲ့သည့် မြန် မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် စာရွက်စာတမ်းများအရ သိရသည်။
ထိုအကြောင်းကို Deutsche Welle သတင်းကလည်း ဖော်ပြခဲ့ပြီး ဖြစ်သည်။ အောင်ပြည့်စုံနှင့် ခင်သီရိသက်မွန်တို့က Reuters ၏ မေးခွန်းများကို တုံ့ပြန်ခြင်းမရှိပေ။
စစ်ကောင်စီ ပြောခွင့်ရသူကလည်း ယခုဆောင်းပါးအတွက် မေးမြန်းသည်များကို ပြန်လည်ဖြေကြားခြင်း မရှိပေ။
ဆက်ရန်ရှိသေးသည်။
(Reuters သတင်းဌာနက စုံစမ်းဖော်ထုတ် ရေးသားထားသည့် How family of a Myanmar junta leader are trying to cash in ကို ဘာသာပြန်သည်။)
You may also like these stories:
အာဏာသိမ်းမှုများက တိုင်းပြည်ကျရှုံးမှုကိုသာ ဦးတည်နေ
မြင်သားရွာကို အကျည်းတန်ရုပ်ဆိုးစေခဲ့တဲ့ စက်တင်ဘာ မနက်ခင်း
လျှပ်စစ်ရထားလမ်းဖောက်မည်ဟု ဗိုလ်ချုပ်မှူးကြီး ပြောပြန်ပြီ