ဆောင်းပါး

လေတပ်ဦးစီးချုပ် မိသားစု စီးပွားရှာသော နည်းလမ်း (အပိုင်း ၂)

လေတပ်အကြီးအကဲ ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်ကို ၁၉၆၄ ခု၊ ဇူလိုင်လက စစ်အရာရှိ မိသားစုတွင် ပေါက်ဖွားပြီး သူ၏ ဖခင်သည် ယခင်အာဏာရှင် ဦးနေဝင်းအောက်တွင် စစ်သားငယ်အဆင့်မှ တိုက်ခိုက်ရင်း ၁၉၇၆ တွင် စစ်တပ်အကြီးအကဲ ဖြစ်လာသူ ဖြစ်သည်။

မောင်မောင်ကျော်သည် သူ၏ဖခင်ကဲ့သို့ စစ်တပ်ထဲ ဝင်ရောက်ပြီး တိုက်လေယာဉ်မှူးအဖြစ် လေ့ကျင့်ခဲ့ကြောင်း ၎င်းတို့ မိသားစုကို သိသော ဗြိတိန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ဟောင်း ဦးကျော်စွာမင်းက ပြောသည်။

သူ့တွင် ကြီးမားသည့် စစ်တပ်နောက်ခံသမိုင်း ရှိသောကြောင့် ရာထူး တက်မြန်သည်ဟုလည်း သူက ဆိုသည်။

လေတပ်အကြီးအကဲ ဖြစ်လာပြီးနောက် သူသည် ၂၀၁၈ တွင် မော်စကိုသို့ သွားရောက်ပြီး Sukhoi စစ်လေယာဉ်ကို ပူးတွဲမောင်းနှင်ခဲ့ကြောင်း ရုရှားနိုင်ငံပိုင် TASS သတင်းဌာနက ဖော်ပြသည်။ မြန်မာလေတပ်သည် ထိုလေယာဉ် ၆ စင်း ဝယ်ယူရန် စီစဉ်နေကြောင်းလည်း အဆိုပါ သတင်းဌာနက ဖော်ပြသည်။

ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်သည် သူ၏ သားသမီးများကို ရန်ကုန်ရှိ သီးသန့်ရပ်ကွက်တခုတွင် လူလားမြောက်အောင် ထားသည်။

လေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးမောင်မောင်ကျော် အိန္ဒိယသို့ သွားရောက်ခဲ့စဉ်

အိုင်ဗန်ထက်သည် အစောင့်များ စောင့်ကြပ်နေသည့် ဂိတ်ပေါက်များနှင့် သံဆူးကြိုးများ ကာထားသော၊ အိမ်ကြီး အိမ်ကောင်းများဖြင့် ချမ်းသာကြွယ်ဝသူများ နေထိုင်ကြသော ရွှေတောင်ကြားရပ်ကွက်တွင် သူ၏ညီငယ်နှင့်အတူ ကြီးပြင်း လာကြောင်းနှင့် ချိုင့်များပြည့်နေသော လမ်းတွင် ဇိမ်ခံကား အကောင်းစားကို မောင်းတတ်ကြောင်း သူ၏ အတန်းဖော်တဦး က ပြောသည်။

၎င်းတို့နှစ်ဦးကို ယာဉ်မောင်းတဦးက အဆင့်မြင့်ကျောင်းသို့ ပိုဆောင်ပေးပြီး ၎င်းတို့သည် ညနေပိုင်းတွင် အင်္ဂလိပ်စာ အတန်း တက်ရောက်ကာ သီးခြားကလပ်တခုတွင် ရေကူးကြကြောင်း ၎င်းတို့၏ ကျောင်းနေဖက် တဦးက ပြောသည်။

မြန်မာနိုင်ငံတွင် ကျောင်းတက်ပြီးနောက် အိုင်ဗန်ထက်သည် စင်္ကာပူတွင် အဆင့်မြင့် ကွန်ဒိုမီနီယံတွင် နေထိုင်ကာ ကောလိပ်ကျောင်း တက်ရောက်ခဲ့သည်ဟု ဆိုသည်။

သူသည် စင်္ကာပူတွင် မောင်နှမ ဝမ်းကွဲများဖြစ်သော လင်းထက်၊ မွန်ရည်တို့နှင့် အချိန်ဖြုန်းသည်။ ထိုမောင်နှမဝမ်းကွဲ နှစ်ယောက်မှာ မောင်မောင်ကျော်၏အမ သီတာမြင့်၏ သားနှင့်သမီး ဖြစ်သည်။

သူ၏ ခင်ပွန်းနှင့်အတူ သီတာမြင့်သည် လေကြောင်းထောက်ပံ့ရေးလုပ်ငန်း LTR ကို ပိုင်ဆိုင်ပြီး ထိုလုပ်ငန်းသည် မြန်မာနှင့် စင်္ကာပူတွင် လုပ်ငန်းများ လုပ်ကိုင်နေသည်။ သီတာမြင့်ကလည်း မေးခွန်းများကို ဖြေကြားခြင်း မရှိပေ။

လင်းထက်သည် LTR စင်္ကာပူလုပ်ငန်းများ၏ ဒါရိုက်တာ ဖြစ်လာပြီး မွန်ရည်သည်လည်း နောင် ၂ နှစ် ကြာသောအခါ ဒါရိုက်တာ ဖြစ်လာကြောင်း ကော်ပိုရိတ် မှတ်တမ်းများက ပြသနေသည်။

အမေရိကအခြေစိုက် လေကြောင်း မဂ္ဂဇင်းတစောင်၏ အဆိုအရ လင်းထက်နှင့် သူ၏ မိသားစုလုပ်ငန်းသည် ၁၉၆၂ ခုနှစ် နောက်ပိုင်း မြန်မာနိုင်ငံသို့ အမေရိကတွင် ထုတ်လုပ်သည့် လေယာဉ်များကို ၂၀၁၄ ခုနှစ်က ပထမဆုံးအကြိမ် ရောင်းချမှုတွင် အရေးပါသော အခန်းကဏ္ဍမှ ပါလာကြောင်း သိရသည်။

Reuters သတင်းဌာနက ဖော်ပြထားသော ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၏ မိသားစုဝင်များ

ထိုစဉ်က မြန်မာ့လေကြောင်းဟု ခေါ်သည့် မြန်မာအမျိုးသား လေကြောင်းလိုင်းသို့ Cessna တာဗို လေယာဉ် ၂ စီး ရောင်းချခြင်း ဖြစ်သည်။ မြန်မာအမျိုးသား လေကြောင်းလိုင်းသည်လည်း မေးခွန်းများကို တုံ့ပြန်ဖြေကြားခြင်း မရှိပေ။

လူငယ်များ ဖြစ်သောကြောင့် ၎င်းတို့သည် အသုံးအဖြုန်းကြီးသည့် လူနေမှုဘဝပုံစံဖြင့် နေထိုင်ကြသည်။ မွန်ရည်၏ Instagram အကောင့်တွင် တင်ထားသောပုံအရ သူမသည် ၂၀၁၃ က ပါရီတွင် ညဘက်လည်ပတ်ပြီး မိတ်ဆွေများဖြင့် ပါတီပွဲကျင်းပကာ ရှန်ပိန်ပွဲတော် ဆင်နွှဲကြသည်။

အွန်လိုင်းမှ သိရသည့် ထိုကလပ်၏ ရက်စွဲတပ်မထားသော အစားအသောက် ဈေးနှုန်းများအရ အဆိုပါ ရှန်ပိန်များသည် တပုလင်းလျှင် ယူရို ၇၅၀ ပေးရကြောင်း သိရသည်။

Instagram မှ သူမ၏ လူနေမှု ပုံစံများသည် စစ်တပ်လုပ်ငန်းများနှင့်ဖြစ်စေ၊ ထိုကဲ့သို့သော မည်သည့်လုပ်ငန်းနှင့်ဖြစ်စေ သက်ဆိုင်ခြင်း မရှိကြောင်း မွန်ရည်က Reuters သို့ ပြောသည်။

လုပ်ငန်းခွဲများ ထူထောင်ခြင်း

အိုင်ဗန်ထက်သည် ဆောက်လုပ်ရေးစီမံကိန်း စီမံခန့်ခွဲမှုကို လေ့လာပြီးနောက် ၂၀၁၂ တွင် ရန်ကုန်သို့ ပြန်လာပြီး ထိပ်တန်း အိမ်ခြံမြေသူဌေးတဦးအတွက် လုပ်ကိုင်ပေးသည်။

သူသည် သူ၏ဇနီးဖြစ်လာမည့် လင်းလက်သီရိကို ရန်ကုန်မြို့စွန်ရှိ ထိပ်တန်းတိုက်ခန်း စီမံကိန်းတခုတွင် လုပ်ကိုင်ရင်း တွေ့ ခဲ့သည်ဟု ၎င်းတို့နှစ်ဦး၏ မိတ်ဆွေတဦးက ပြောသည်။

အိုင်ဗင်ထက်နှင့် လင်းလက်သီရိတို့ကို ၎င်းတို့၏ လူမှုကွန်ရက် ပရိုဖိုင်းဓာတ်ပုံတွင် မြင်တွေ့ရစဉ်

လင်းလက်သီရိသည် အင်္ဂလန်နိုင်ငံ Bath University မှ ဗိသုကာဘွဲ့ ရထားကြောင်း အွန်လိုင်းပရိုဖိုင်း အများအပြားအရ သိရသည်။

၎င်းတို့ ဇနီးမောင်နှံသည် ဟိုတယ်လုပ်ငန်း၊ အခမ်းအနား စီစဉ်သော လုပ်ငန်းနှင့် ဗိသုကာ ကုမ္ပဏီ အများအပြား ထူထောင်ကြကြောင်း လုပ်ငန်းမှတ်တမ်းများအရ သိရပြီး ၂၀၂၀ ဧပြီလက မှတ်ပုံတင်ခဲ့သော လုပ်ငန်းတခုကို စစ်တပ် အကြီးအကဲ မင်းအောင်လှိုင်၏သား အောင်ပြည့်စုံနှင့် ပူးတွဲပိုင်ဆိုင်ကြောင်း မှတ်တမ်းများအရ သိရသည်။

အဆက်အသွယ် ကောင်းသော စစ်တပ်အသိုက်အဝန်းမှ သားသမီးများသည် ပြည်ပတွင် ပညာသင်ယူပြီး ပြန်လာကာ စီးပွားရေးလုပ်ငန်းများ ထူထောင်ပြီး အခွင့်ထူးခံ ကန်ထရိုက်များ ရယူအောင်မြင်နေကြောင်း ဗြိတိန်နိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ဟောင်း ဦးကျော်စွာမင်း ပြောသည်။

“ဒီလို အဆက်အသွယ်တွေကြောင့် သူတို့မှာ ပညာပဲ လိုတယ်။ သူတို့တွေက ချမ်းသာပြီးသားလူတွေ” ဟု သူက ပြောသည်။

၂၀၁၇ ခုနှစ်သို့ ရောက်သောအခါ အိုင်ဗန်နှင့် သူ၏ဇနီးတို့သည် ထိုနှစ် မတ်လက ရန်ကုန်တွင် LEDs မီးသီး သန်းပေါင်းများစွာဖြင့် ရုပ်တုများပြုလုပ်ပြသသည့် မီးထွန်းပွဲတခုကို စီစဉ်ကာ အများပြည်သူ မြင်ကွင်းသို့ ရောက်လာသည်။ ယင်းပွဲတော်သို့ ပြည်တွင်း နိုင်ငံရေးသမားများလည်း တက်ရောက်ကြသည်။

၂၀၁၇ မတ်လ ရန်ကုန်တွင် LEDs မီးသီး သန်းပေါင်းများစွာဖြင့် ရုပ်တုများပြုလုပ်ပြသသည့် မီးထွန်းပွဲတခုကို အိုင်ဗင်ထက် စီစဉ်ခဲ့သည်

နောက် ၅ လ ကြာသောအခါ စစ်တပ်သည် ရိုဟင်ဂျာများကို ဖြိုခွဲမှုစတင်ပြီး သိန်းနှင့်ချီသော သူများကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ မောင်းထုတ်သည်။

စစ်တပ်က သတ်ဖြတ်၊ အဓမ္မပြုကျင့်၊ ညှဉ်းပန်းနှိပ်စက်သည်များနှင့် ရိုဟင်ဂျာတို့ နေအိမ်များအား အကြီးအကျယ် မီးရှို့ သည်များကို ကိုယ်တွေ့ကြုံရသူများက ပြန်ပြောပြကြသည်။ ထိုစွပ်စွဲချက်များကို စစ်တပ်က ငြင်းဆိုသည်။

သို့သော် Reuters သတင်းဌာနက ဖော်ထုတ်ခဲ့သည့် ပထမဆုံး အတည်ပြုနိုင်သော ရက်စက်ကြမ်းကြုတ်မှုများတွင် စစ် တပ်သည် ရိုဟင်ဂျာ အမျိုးသား ၁၀ ဦးကို သတ်ဖြတ်ပြီး ၎င်းတို့အလောင်းများကို ကျင်းတိမ်တူးကာ မြှုပ်နှံဖျောက်ဖျက်ခဲ့သည်။

ရိုဟင်ဂျာများ ဘင်္ဂလားဒေ့ရှ်သို့ ဆက်လက် ထွက်ပြေးနေဆဲဖြစ်သည့် ၂၀၁၇ နိုဝင်ဘာလတွင် အိုင်ဗန်ထက်သည် ၎င်းတို့ လုပ်ငန်း၏ နောက်ထပ် မီးထွန်းပွဲတော်တခုကို ပုသိမ်တွင် ပြုလုပ်ကြောင်း ထိုပွဲတော် Facebook စာမျက်နှာအရ သိရသည်။

၂၀၁၈ ဇန်နဝါရီတွင် မောင်မောင်ကျော်ကို လေတပ်အကြီးအကဲ ခန့်သည်။ နောက်လ အနည်းငယ်ကြာသောအခါ သူ့ သား၏ ကုမ္ပဏီသည် နောက်ထပ် မီးထွန်းပွဲတော်တခု ကျင်းပပြီး ထိုတကြိမ်တွင်မူ တပ်မတော်နေ့ အခမ်းအနား ကျင်းပခြင်း ဖြစ်သည်။

ထိုနှစ် ဒီဇင်ဘာလတွင် အိုင်ဗန်ထက်နှင့် သူ၏ဇနီးတို့ ရန်ကုန်ရှိ စစ်တပ်ဝင်းအတွင်း နန်းတော်တမျှ ခမ်းနားသော ခန်းမတခုတွင် မင်္ဂလာဆောင်ကြသည်။

Reuters သတင်းဌာနက ကြည့်ရှုခဲ့သည့် မင်္ဂလာဆောင် ဓါတ်ပုံများတွင် စစ်တပ်အကြီးအကဲ မင်းအောင်လှိုင်သည် ထိုဇနီးမောင်နှံနှင့်အတူ ဓာတ်ပုံရိုက်ခံကြောင်း ပြသနေသည်။

၂၀၁၉ တွင် အိုင်ဗန်ထက်သည် နိုင်ငံရေးပါတီသစ်ဖြစ်သော ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ၏ အကြံပေးတယောက် ဖြစ်လာကြောင်း အိုင်ဗန်၏ မိတ်ဆွေတဦးက ပြောသည်။

ထိုပါတီကို စစ်တပ်ထောက်ခံသူများနှင့် ဒေါ်အောင်ဆန်းစုကြည်၏ ပါတီမှ ခွဲထွက်လာသူများက ၂၀၂၀ ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်ရန် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

ထိုပါတီမှ တက်ကြွလှုပ်ရှားသူနှစ်ဦးက သူ ပါဝင်ပတ်သက်ကြောင်း အတည်ပြုသော်လည်း မည်သည့်အခန်းကဏ္ဍမှ ပါဝင်သည်ကို အတိအကျ မသိကြောင်း ပြောသည်။

ပြည်သူ့ရှေ့ဆောင်ပါတီသည် ၂၀၂၀ ရွေးကောက်ပွဲတွင် အခြေအနေ မကောင်းဘဲ နေရာတနေရာမျှ အနိုင်မရပေ။

တချိန်တည်းတွင် အိုင်ဗန်၏ ဇနီး လင်းလက်သီရိသည် ကာကွယ်ရေးနှင့် လုံခြုံရေးလုပ်ငန်း Alliance Engineering Services ကို ပူးတွဲတည်ထောင်ပြီး ရှယ်ယာ ၆၀ ရာခိုင်နှုန်း ပိုင်ဆိုင်သည်။ ကုမ္ပဏီကို တည်ထောင်ပြီး လအနည်းငယ် ကြာသောအခါ သူမသည် နုတ်ထွက်လိုက်ပြီး ရှယ်ယာများကို ပိုင်ဆိုင်ခြင်း မရှိတော့ပေ။

အိုင်ဗင်ထက်၊ လင်းလက်သီရိ၊ လင်းထက်နှင့် မွန်ရည်တို့၏ အသုံးအဖြုန်းကြမ်းသော လူနေမှုဘဝ

ထိုကုမ္ပဏီ၏ နေ့စဉ် လုပ်ငန်းဆောင်တာများကို ဝင်းမင်းဟိန်းဆိုသူက စီမံကြောင်း ကုမ္ပဏီ မှတ်တမ်းများနှင့် ကာကွယ်ရေး ကန်ထရိုက်တာနှင့် စီးပွားရေး မိတ်ဆွေများထဲက တဦးနှင့် တွေ့ဆုံမေးမြန်းမှုများအရ သိရသည်။

ဝင်းမင်းဟိန်းသည် အိုင်ဗန်ထက်နှင့် စင်္ကာပူတွင် တကျောင်းတည်း တက်ခဲ့ကြောင်း သူ၏ LinkedIn ပရိုဖိုင်းအရ သိရသည်။ သူ့ကို ဆက်သွယ် မေးမြန်းသော်လည်း အကြောင်းပြန်ကြားခြင်း မရှိပေ။

၂၀၁၉ တွင် လေတပ်သည် ပြည်ပမှ လက်နက်ကိရိယာများအတွက် ဒေါ်လာ သန်း ၃၆၀ သုံးစွဲကာ အခြားတပ်ဖွဲ့များထက် ပိုမို များပြားကြောင်း၊ ရေတပ် အသုံးစရိတ်၏ နှစ်ဆရှိကြောင်း Reuters က ကြည့်ရှုခဲ့သည့် မှတ်တမ်းများအရ သိရသည်။

နိုင်ငံပိုင် မီဒီယာပါ ဖော်ပြချက်များအရ မင်းအောင်လှိုင်သည် လေတပ်ကို အဓိက ဦးစားပေးအဖြစ် အထောက်အပံ့ပြုပေးထားသည်။

လေတပ်အသုံးစရိတ် အများအပြားကို လေယာဉ်သစ်များ ဝယ်ယူရန်သာမက လက်ရှိ လေယာဉ်များ၏ အစိတ်အပိုင်းသစ်များ တပ်ဆင်ခြင်းအတွက်လည်း သုံးကြောင်း မှတ်တမ်းများက ပြသနေသည်။

၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် လေတပ်၏ ပြည်ပဝယ်ယူမှု အသုံးစရိတ် ဒေါ်လာ ၃၇၇ သန်းကို အပိုအစိတ်အပိုင်းများနှင့် ပြုပြင်ရန် သုံးကြောင်း အသုံးစရိတ်များကို Reuters ၏ စိစစ်လေ့လာမှုအရ သိရသည်။

ထို့ကြောင့် လေယာဉ် အပိုပစ္စည်းများနှင့် ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများသည် အကျိုးအမြတ်များသော လုပ်ငန်းများ ဖြစ်ကြောင်း ကာကွယ်ရေး ကန်ထရိုက်တာများက ပြောသည်။

ရုရှားဂျက်တိုက်လေယာဉ်များနှင့် အခြားပုံများဖြင့် သရုပ်ဖော်ထားသည့် Alliance Engineering Services ၏ အင်တာနက် စာမျက်နှာတွင် ၎င်းတို့၏ ဦးတည်ချက်မှာ မြန်မာကာကွယ်ရေးနှင့် လုံခြုံရေးလုပ်ငန်းတွင် ထွန်းသစ်စ ခေတ်သစ်ကို ဦးဆောင်ရန် ဖြစ်ကြောင်း၊ လေယာဉ် ပြုပြင်ထိန်းသိမ်းခြင်းနှင့် အရေးပါသော အစိတ်အပိုင်းများ ဝယ်ယူရေးကို အထူးပြု လုပ်ဆောင်ကြောင်း ဖော်ပြထားသည်။

၂၀၁၉ နှင့် ၂၀၂၁ ခုနှစ်များတွင် ထိုလုပ်ငန်းသည် မော်စကိုတွင် ကျင်းပသည့် MAKS နိုင်ငံတကာ လေကြောင်းပြပွဲတွင် ပါဝင်ပြသူများ စာရင်း၌ပါဝင်ပြီး ထိုပွဲတွင် ရုရှားလေယာဉ် ထုတ်လုပ်သူများက ၎င်းတို့၏ ထုတ်ကုန်များကို ပြသပြီး ပြည်ပ ဝယ်ယူသူများကို ဆွဲဆောင်သည်။

Reuters က ကြည့်ရှုခဲ့သည့် ၂၀၂၀ နိုဝင်ဘာလက Alliance Engineering စာရွက်စာတမ်းအရ ထိုလုပ်ငန်းသည် အစ္စရေးမှ Elbit Systems က ထုတ်လုပ်သည့် Skylark စစ်သုံး မောင်းသူမဲ့လေယာဉ် အပိုပစ္စည်းများအတွက် ဈေးနှုန်း စုံစမ်းကြောင်း သိရသည်။

စစ်တပ်သည် ရခိုင်ပြည်နယ် အပါအဝင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် တိုက်ပွဲများတွင် မောင်းသူမဲ့ လေယာဉ်များကို ပိုမို အသုံးပြုလာနေပြီး ၂၀၂၀ က ရခိုင်တွင် တိုင်းရင်းသားလက်နက်ကိုင်များက ပျက်ကျသော မောင်း သူမဲ့ လေယာဉ်တစင်းကို ဓာတ်ပုံရိုက်ကူးထားသည်။

မြန်မာသို့ Skylark မောင်းသူမဲ့လေယာဉ်များ သို့မဟုတ် အပိုပစ္စည်းများ ရောင်းချပါသလားဟု မေးသောအခါ Elbit Systems က ၎င်းတို့သည် မြန်မာနိုင်ငံတွင် မည်သည့် လှုပ်ရှားမှုမျှ မရှိကြောင်း၊ ထိုနိုင်ငံသို့ ၂၀၁၅ ခုနှစ်မှ စတင်ပြီး မည်သည့် ထုတ်ကုန်ဖြစ်စေ၊ ဝန်ဆောင်မှုဖြစ်စေ ရောင်းချခြင်း မရှိကြောင်း ပြောသည်။

စင်္ကာပူမောင်နှမဝမ်းကွဲများ

စင်္ကာပူတွင် အိုင်ဗန်၏ ညီအစ်ကိုဝမ်းကွဲ လင်းထက်သည် မြန်မာလေကြောင်းလုပ်ငန်းသို့ ပစ္စည်းကိရိယာ ပေးသွင်းရာတွင် အဓိကကျသော ခေါင်းဆောင်ဖြစ်နေကြောင်း မှတ်တမ်းများနှင့် မီဒီယာသတင်းများက ပြသနေသည်။

၂၀၁၉ ခု လင်းထက်နှင့် မွန်ရည်တို့ကို စင်ကာပူတွင် မြင်တွေ့ရစဉ်

LTR ကို ပူးတွဲပိုင်ဆိုင်သည့်အပြင် လင်းထက်သည် အခြားစင်္ကာပူကုမ္ပဏီ တခုဖြစ်သည့် Asian Aviation Resources ၏ မြန်မာနိုင်ငံဆိုင်ရာ အကြီးအကဲ ဖြစ်သည်။ ထိုလုပ်ငန်း၏ အင်တာနက်စာမျက်နှာအရ ၎င်းသည် Textron Aviation ၏ ခွင့်ပြုချက်ရ အရောင်းကိုယ်စားလှယ် ဖြစ်ကြောင်း သိရသည်။

ကုမ္ပဏီတွင် လင်းထက် ပါဝင်ပတ်သက်မှုများကို ပြောကြားရန် Asian Aviation Resources အမှုဆောင်တဦးက ငြင်းဆန် သည်။ ထိုလုပ်ငန်းကို Reuters က ဆက်သွယ်ပြီးနောက် လင်းထက်၏ ကိုယ်ရေး အချက်အလက်များကို ၎င်းတို့၏ အင်တာနက်စာမျက်နှာမှ ဖယ်ရှားခဲ့သည်။

၎င်းတို့အနေဖြင့် ကြားခံများ အခြားသူများနှင့် ပတ်သက်သည့် လျှို့ဝှက်ချက်များကို ထုတ်ဖောပြောဆိုခြင်း မပြုနိုင်ကြောင်း Textron ပြောခွင့်ရသူ မေနတ်က ပြောသည်။

၂၀၁၄ နှင့် ၂၀၁၉ ခုနှစ်အကြား လင်းထက်က သူ၏ မိသားစုလုပ်ငန်းသည် မြန်မာနိုင်ငံသို့ လေယာဉ်နှင့် ရဟတ်ယာဉ် များ ရောင်းချရန် လုပ်ကိုင်နေသည်ဟု ပြောကြောင်း သတင်းဌာနများက ဖော်ပြသည်။

သူသည် ရဟတ်ယာဉ်များ ရောင်းချရန် လုပ်ကိုင်နေစဉ် အမေရိကန်နှင့် ဥရောပသမဂ္ဂတို့၏ ထိုစဉ်က အရေးယူ ပိတ်ဆို့မှု များသည် ပြဿနာမရှိကြောင်း ၂၀၁၆ က ပြောသည်။

မြန်မာအစိုးရနှင့် ပုဂ္ဂလိက ကုမ္ပဏီများသည် အရေးယူပိတ်ဆို့မှုအတွက် ပြဿနာမရှိဘဲ စင်္ကာပူမှ Bell ရဟတ်ယာဉ်များကို အလွယ်တကူ ဝယ်နိုင်ကြောင်း မြန်မာတိုင်းမ်သို့ သူက ပြောသည်။ ထိုစဉ်က အရေးယူပိတ်ဆို့မှု အများအပြားကို ရုပ်သိမ်း ပြီး ဖြစ်သော်လည်း နိုင်ငံခြား ကုမ္ပဏီများသည် အရေးယူပိတ်ဆို့မှုများနှင့် ပတ်သက်ပြီး ပူပန်နေရဆဲဖြစ်သည်။

လေကြောင်းအမှုဆောင် ဗီလိယပ်နှင့် ကန်ထရိုက်တာ နှစ်ဦး၏ အဆိုအရ လင်းထက်သည် စစ်ဘက်ပစ္စည်း ပေးသွင်းမှုများတွင်လည်း ပါဝင်ပတ်သက်နေကြောင်း သိရသည်။

သူသည် မြန်မာစစ်တပ်အတွက် ပစ္စည်းပေးသွင်းနေသည့် Aero Sofi နှင့်လည်း ပတ်သက်နေကြောင်း ကန်ထရိုက်တာ တဦးနှင့် စီးပွားရေး မိတ်ဆွေတဦးက ပြောသည်။ Aero Sofi သည် ၂၀၂၀ တွင် ဂျော်ဒန်လေတပ်မှ ဒေါ်လာ ၃၈.၆ သန်းတ န် Airbus C295 စစ်ဘက် သယ်ယူပို့ဆောင်ရေးလေယာဉ် ၂ စင်း ဝယ်ယူရန် အားထုတ်ခဲ့သည်။

ထိုကိစ္စတွင် Aero Sofi ပါဝင်ပတ်သက်မှုကို ပေါက်ကြားလာသည့် စစ်အသုံးစရိတ် စာရွက်စာတမ်းများကို ကိုးကားပြီး ဂိုဏ်းဖွဲ့ရာဇဝတ်မှုနှင့် အဂတိလိုက်စားမှု အစီရင်ခံရေး စီမံချက် (Organized Crime and Corruption Reporting Project) က တင်ပြခဲ့ဖူးသည်။

Reuters က ထိုအကြောင်းကို ပြန်လည် သုံးသပ်ခဲ့သော်လည်း ထိုကိစ္စ အောင်မြင်သည် မအောင်မြင်သည်ကို မဆုံးဖြတ်နိုင်သေးပေ။

Aero Sofi ၏ လုပ်ငန်းမှတ်ပုံတင်တွင် လင်းထက်၏ အမည် ပါဝင်ခြင်း မရှိသော်လည်း ထိုလုပ်ငန်းနှင့် သူ့မိသားစုလုပ်ငန်းအကြား နီးကပ်သော ဆက်ဆံရေး ရှိကြောင်း မှတ်တမ်းတင်ထားသည်။

ဥပမာအားဖြင့် LTR ၏ ဒုတိယ လုပ်ငန်းဆောင်ရွက်မှု မန်နေဂျာ ဟိန်းထွဋ်ဝင်းသည် Aero Sofi ကို ပူးတွဲတည်ထောင်သူ ဖြစ်ပြီး ရှယ်ယာ သုံးပုံတပုံ ပိုင်ကြောင်း လုပ်ငန်းမှတ်တမ်းများအရ သိရသည်။

ဖုန်းဖြင့် ဆက်သွယ်သောအခါ ဟိန်းထွဋ်ဝင်းက သူသည် Aero Sofi တွင် မလုပ်တော့ကြောင်း ပြောပြီး နောက်ထပ် မေးခွန်းများကို ဖြေဆိုခြင်း မပြုတော့ပေ။ Aero Sofi ကို ဆက်သွယ်သော်လည်း အကြောင်းပြန်ကြားခြင်း မရှိပေ။

မွန်ရည်သည်လည်း မြန်မာစစ်တပ်သို့ ပစ္စည်းပေးသွင်းသော ကုမ္ပဏီများမှ အမှုဆောင်များနှင့် နီးကပ်သော ဆက်ဆံရေး ရှိကြောင်း သိရသည်။

သူမသည် Aero Sofi မှ အရာရှိတဦးဖြစ်သော သီဟမျိုးညွန့် ၊ King Royal Technologies ကို တစိတ်တပိုင်းပိုင်သည့် မန်နေဂျင်းဒါရိုက်တာ ရဲအောင်အောင်တင်တို့နှင့်အတူ စင်္ကာပူတွင် ကုန်သွယ်ရေးလုပ်ငန်းတခု ပ်ိုင်ဆိုင်နေသည်။

King Royal Technologies သည် မြန်မာစစ်တပ်သို့ ဂြိုလ်တုဆက်သွယ်ရေး ပစ္စည်းများ ရောင်းချသောကြောင့် ဇူလိုင်လက အမေရိကန်ဘဏ္ဍာရေးဌာန၏ ပိတ်ဆို့ အရေးယူခံရသောလုပ်ငန်း ဖြစ်သည်။

Maxi Road Trading ဟု အမည်ပေးထားသည့် ထိုကုန်သွယ်ရေးလုပ်ငန်းတွင် အများပြည်သူသို့ တင်ပြသည့် အချက်အလက် မရှိဘဲ ထိုလုပ်ငန်းအတွက် မေးခွန်းများကိုလည်း မွန်ရည်က ဖြေဆိုခြင်းမရှိပေ။

Aero Sofi နှင့် Maxi Road Trading တို့သည် လုပ်ငန်းလည်ပတ်မှု မရှိတော့ကြောင်း သီဟမျိုးညွန့်က ပြောသည်။

Maxi Road Trading သည် လွန်ခဲ့သော လအနည်းငယ်ကပင် ရပ်ဆိုင်းလိုက်ကြောင်း စင်္ကာပူလုပ်ငန်း မှတ်ပုံတင်ဌာနသို့ ဇူလ်ိုင်လက အကြောင်းကြားခဲ့သည်။ King Royal က မေးခွန်းများကို ဖြေကြားခြင်းမရှိဘဲ ရဲအောင်အောင်တင်ကိုလည်း ဆက်သွယ်နိုင်ခြင်း မရှိပေ။

Textron သည် လွန်ခဲ့သော နှစ် ၃၀ အတွင်း လေယာဉ် ၅ စင်းကို မြန်မာနိုင်ငံသို့ တိုက်ရိုက် ရောင်းချခဲ့ကြောင်းနှင့် စစ်အာဏာသိမ်းမှု မတိုင်မီကပင် မြန်မာနိုင်ငံသို့ အပိုအစိတ်အပိုင်းများ တိုက်ရိုက်ရောင်းချမှု ရပ်ဆိုင်းထားကြောင်း မေနတ်က ပြောသည်။

သတင်းမှောင်ချခြင်း

စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီ ခေါင်းဆောင်များ၏ မိသားစုများသည် ၎င်းတို့၏ အွန်လိုင်းကိုယ်ရေး အချက်အလက်များကို ကွယ်ဝှက်ရန် ကြိုးစားကြသည်။

အိုင်ဗန်ထက်၏ ဇနီး တည်ထောင်ထားသည့် Alliance Engineering Services ၏ အင်တာနက်စာမျက်နှာကို တည်ဆောက်ဆဲ ဆိုသည့်စာဖြင့် အစားထိုးထားသည်။

၂၀၂၁ မတ်လအတွင်း လေတပ်က ဗုံးကြဲအပြီး ပျက်ဆီးသွားသော ကရင်စာသင်ကျောင်း တကျောင်း

မောင်မောင်ကျော်နှင့် သူ၏မိသားစုများသည် ၎င်းတို့၏ ကိုယ်ရေးအချက်အလက်များကို ဖုံးကွယ်နေကြသော်လည်း သူ စီမံသည့် လေတပ်သည် နယ်စပ်ဒေသများ အပါအဝင် စစ်ကောင်စီ အာဏာခိုင်မာအောင် လုပ်ရာတွင် အရေးပါသော အခန်း ကဏ္ဍမှ ပါဝင်နေသည်။

နယ်စပ်ဒေသများတွင် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များသည် လူများစု ဗမာများထံမှ ပိုမိုကျယ်ပြန့်သော လွတ်လပ်ရေးရရန် တိုက်ခိုက်နေသည်မှာ ဆယ်စုနှစ်များစွာ ကြာပြီဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် အစိုးရသည် ငြိမ်းချမ်းရေး ရရန်အတွက် ကြားဝင် ဆောင်ရွက်ခဲ့သော်လည်း အာဏာသိမ်း ပြီးနောက်တွင် ငြိမ်သက်နေသော ပဋိပက္ခများ ပြန်လည် ဖြစ်ပွားလာပြီး အချို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း များက အရပ်သား ဆန္ဒပြသူများကို ခိုလှုံခွင့်ပေးကာ စစ်တပ်ကို တိုက်ခိုက်ရန် ဘုံသဘောထားများ ရှိလာကြသည်။

ဥပမာအားဖြင့် ကရင်ပြည်နယ်တွင် နိုင်ငံ၏ အဓိက လက်နက်ကိုင်အဖွဲ့အစည်း တခုဖြစ်သော ကရင်အမျိုးသားအစည်း အရုံး (KNU) က ဆန္ဒပြသူများနှင့် သွေးစည်းခိုင်မာကြောင်း ဖော်ပြသည်။

မတ်လနှောင်းပိုင်းက ကရင်ပြည်နယ်တွင် ဂျက်တိုက်လေယာဉ်များဖြင့် တိုက်ခိုက်မှုကြောင့် ၅ နှစ်အရွယ် ကလေးတဦး အပါအဝင် လူအများအပြား သေဆုံးကြသည်ဟု Free Burma Rangers ကယ်ဆယ်ရေးအဖွဲ့က ပြောသည်။

ထိုတိုက်ခိုက်မှု အတွင်း၌ပင် ၁၂ နှစ်အရွယ် မိန်းကလေးတဦး၏ မျက်နှာကို ဗုံးဆံမှန်သော်လည်း ဆက်လက် ရှင်သန်နိုင်ခဲ့ သည်။ ထောင်ပေါင်းများစွာသော ပြည်သူများသည် တောများအတွင်းသို့ ထွက်ပြေးရပြီး နယ်စပ်ကိုဖြတ်ကာ ထိုင်းနိုင်ငံသို့ ထွက်ပြေးကြရသည်။

၂၀၂၁ မတ်လအတွင်း လေတပ်က ဗုံးကြဲသောကြောင့် တောတောင်များကြား ပုန်းရှောင်နေရသော ကရင်မိသားစု

နောက် ရက်သတ္တပတ် အနည်းငယ်ကြာသောအခါ လင်းထက်နှင့် မွန်ရည်တို့သည် စင်္ကာပူရှိ ပြင်သစ် စားသောက်ဆိုင် Bar-A-Thym တွင် အခြားသူ ၃ ဦးနှင့်အတူ စားသောက်ကြကြောင်း ဧပြီ ၁၅ ရက်နေ့ Instagram ပို့စ်တခုအရ သိရသည်။ ထိိုုပို့စ်တွင် မွန်ရည်က “အလုပ်နှင့်ဘ၀” မျှတအောင် နေထိုင်ရေး စတစ်ကာဖြင့် အမှတ်အသား ပြသထားသည်။

ထိုစားသောက်ဆိုင်တွင် ၎င်းတို့နှင့်အတူ ရှိနေသူတဦးမှာ Bell Helicopters မှ ဒေသဆိုင်ရာ အရောင်းမန်နေဂျာ Eric Ng ဖြစ်သည်။ သူသည် ထိုမိသားစုနှင့် မည်သည်တို့ လုပ်နေသည်ကို Reuters က မေးသောအခါ ပြန်လည်တုံ့ပြန်ခြင်း မရှိပေ။

စစ်ကောင်စီ၊ စစ်ကောင်စီနှင့် နီးစပ်သူများကို အမေရိကန် ပြည်ထောင်စုက ပိတ်ဆို့အရေးယူသောအခါ အိုင်ဗန်ထက်ကိုလည်း ပိတ်ဆို့အရေးယူခံရသူများ စာရင်းတွင် မေလ ၁၇ ရက်နေ့က ထည့်သွင်းလိုက်သည်။

အိုင်ဗန်ထက်ကိစ္စနှင့် ပတ်သက်ပြီး အမေရိကန်ဘဏ္ဍာရေးဌာန ပြောခွင့်ရသူက ဝေဖန်ပြောကြားခြင်း မပြုသော်လည်း မိသားစုများ၏ ပိုင်ဆိုင်မှုများ သို့မဟုတ် စစ်ကောင်စီကို အကျိုးဖြစ်စေသော ရောင်းဝယ်မှုများနှင့် စစ်အာဏာသိမ်းမှု အတွက် တာဝန်ရှိသည့် မကောင်းမှု ကျူးလွန်သူများနှင့် မိသားစု ပတ်သက်မှုများအပေါ် အခြေခံပြီး ဗ်ိုလ်ချုပ်သားသမီးများကို အရေးယူခြင်း ဖြစ်ကြောင်း ပြောသည်။

ပြည်တွင်းတွင် အိုင်ဗန်ထက်သည် စစ်အာဏာသိမ်းမှု ဆန့်ကျင်ကန့်ကွက်သူများ၏ လူမှုကွန်ရက် ပစ်မှတ် ဖြစ်နေပြီး ထိုဆန့်ကျင်ကန့်ကွက်သူများက မြန်မာဗိုလ်ချုပ်များ၏ မိသားစုအမည်များ ဖော်ထုတ်ပြောကြား အရှက်ခွဲကာ ၎င်းတို့ကို ဝိုင်းကြဉ်ထားရန် တောင်းဆိုနေသည်။

ယခုအခါ အိုင်ဗန်ထက်သည် ၎င်း၏ Facebook ကိုယ်ရေး အချက်အလက်များကို ပိတ်ထားပြီး သူသည် အနိုင်ကျင့်ခံနေရကြောင်း ပြောသည်။

ဤတွင် ပြီးပါပြီ။

(Reuters သတင်းထောက်များဖြစ်သော ပေါ့ပီ မက်ဖာဆင်၊ ရေဒီး လီဗင်ဆန်၊ ဂျွန်ဂီဒီး၊ ဆိုင်မွန်လူးဝစ်စ်၊ စတီဖင်ဂရေးနှင့် ဝလုံးတို့က စုံစမ်းဖော်ထုတ် ရေးသားထားသည့် How family of a Myanmar junta leader are trying to cash in ကို ဘာသာပြန်သည်။)

You may also like these stories:

လေတပ်ဦးစီးချုပ် မိသားစု စီးပွားရှာသော နည်းလမ်း (အပိုင်း ၁)

မြန်မာစစ်တပ် ဘာတွေဖြစ်နေလဲ

“ကချင်မြေမှ အခု ထွက်သွား” ဟု ဆန္ဒပြခံရသည့် စစ်ခေါင်းဆောင်၏ မြစ်ကြီးနားခရီးစဉ်

Loading