နိုင်ငံတော်သမ္မတဦးဝင်းမြင့် ၊ နိုင်ငံတော်အတိုင်ပင်ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်တို့အပေါ် ပုဒ်မ ၅၀၅ (ခ) နဲ့စွဲဆိုထားတဲ့ အမှုနဲ့ပတ်သက်လို့ စက်တင်ဘာ ၂၈ ရက်နေ့က တရားသူကြီးက ဘာကြောင့်အပြစ်မရှိတာလဲလို့ မေးတဲ့အပေါ် ကျူးလွန်ခြင်းမရှိသည့်အတွက် အပြစ်မရှိကြောင်း သုံးဦးစလုံးက ထွက်ဆိုခဲ့ကြပါတယ်။
တကယ်လည်း ဘာပြစ်မှုမှ မကျူးလွန်ထားတဲ့ နိုင်ငံ့အကြီးအကဲတွေကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်တပ်က မတရားအာဏာသိမ်းဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ ဒီနောက် အသက် ၇၆ နှစ်ရှိပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အနည်းဆုံး နှစ်ပေါင်း ၇၅ နှစ်ထောင်ဒဏ်ကျစေနိုင်မယ့် ပုဒ်မပေါင်း ၁၁ ခု၊ သမ္မတဦးဝင်းမြင့်ကို ပုဒ်မ ၂ ခု ၊ဒေါက်တာမျိုးအောင်ကို ပုဒ်မ ၂ ခုနဲ့ အပြစ်ရှာတရားစွဲဆိုခဲ့ပါတယ်။ စစ်အစိုးရရဲ့ထင်သလို မတရားဖမ်းဆီးအပြစ်ရှာတရားစွဲဆို တာတွေဟာ နိုင်ငံရေးအကျဉ်းသားဟောင်းတွေဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်၊ ဒေါက်တာမျိုးအောင်တို့အတွက် ပထမဆုံးအတွေ့အကြုံတော့ မဟုတ်ခဲ့ပါဘူး။
ဒါပေမယ့် လူ့အခွင့်အရေးချိုးဖောက်ပြီး ဒေါ်အောင်ဆန်းစုကြည်တို့ကို လျှို့ဝှက်ဖမ်းဆီးထားတာ၊ မတရားတဲ့ပုဒ်မအမျိုးမျိုးတပ်ပြီး တရားစွဲထောင်ချဖို့ စိုင်းပြင်းနေတာကတော့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သူ့ဆရာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေထက် ပိုပြီး လက်ရဲဇက်ရဲရှိတယ်ဆိုတာကို ပြသရာရောက်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ နဝတ၊ နအဖစစ်အစိုးရခေတ်တွေမှာ အကျယ်ချုပ် ၃ ကြိမ်ချခံရပြီး စုစုပေါင်း ၁၅ နှစ်မတရားထိန်းသိမ်းခံခဲ့ရသူဖြစ်ပါတယ်။ သမ္မတဦးဝင်းမြင့်၊ ဒေါက်တာမျိုးအောင်တို့ဟာလည်း စစ်အစိုးရရဲ့မတရားဖမ်းဆီးခံခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေ ဖြစ်ခဲ့ကြပါတယ်။
ရှစ်လေးလုံးလူထုအရေးတော်ပုံကာလမှာ မြန်မာလူထုရဲ့ထောက်ခံမှုကိုတရှိန်ထိုးရရှိနေတဲ့ အသက် ၄၃ နှစ်အရွယ်ဒေါ်အောင်ဆန်းစုကြည်ကို နဝတစစ်အစိုးရက ၁၉၈၉ ခုနှစ်၊ ဇူလိုင်လမှာ နိုင်ငံတော်အားဘေးအန္တရာယ်ကျရောက်ခြင်းမှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ ပုဒ်မ ၁၀ (ခ)နဲ့ ပထမဆုံးအကြိမ်နေအကျယ်ချုပ်ချမှတ်ခဲ့ပါတယ်။ ပုဒ်မ ၁၀ (ခ) အရ ၃ နှစ်တိတိချုပ်ထားခွင့်ရှိလို့ ၁၉၉၂ ခုနှစ်ဇူလိုင်လမှာ ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်ရမှာဖြစ်ပေမယ့် နဝတစစ်အစိုးရက ၁၉၉၁ ခုနှစ်မှာ ၅ နှစ်တိတိထိန်းသိမ်းခွင့်ရှိတယ်ဆိုတဲ့ ဥပဒေပြင်ဆင်ချက်ကို ပြောင်းလဲခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို အကျယ်ချုပ် ၂ နှစ်ထပ် ထပ်တိုးလိုက်တဲ့သဘောပါ။ ဒီအတိုင်းဆိုရင်တောင် ဒေါ်အောင်ဆန်းစုကြည်ကို ၁၉၉၄ ခုနှစ်၊ ဇူလိုင်လမှာ အကျယ်ချုပ် ၅ နှစ်ပြည့်လို့ လွှတ်ပေးရမှာဖြစ်ပေမယ့် စစ်အစိုးရက လွှတ်မပေးသေးပါဘူး။ ၁၉၈၉ ခုနှစ် ဇူလိုင်လကနေ ၁၉၉၀ ခုနှစ်၊ ဇူလိုင်လအထိက အစိုးရအမိန့်အာဏာနဲ့ ထိန်းသိမ်းထားတာဖြစ်လို့ ပြစ်ဒဏ် ၅ နှစ်မှာ အကျုံးမဝင်ဘူးလို့ အကြောင်းပြခဲ့ပါတယ်။ စစ်အစိုးရရဲ့မလိမ့်တပတ်လုပ်မှုကြောင့် ဒေါ်အောင်ဆန်းစုကြည်လည်း တက္ကသိုလ်ရိပ်သာလမ်း ခြံအမှတ် ၅၄ မှာ နောက်ထပ် ၁ နှစ် ထပ်နေခဲ့ရပါတယ်။
၁၉၉၅ ခုနှစ် ဒေါ်အောင်ဆန်းစုကြည် ပထမအကြိမ် အကျယ်ချုပ်က လွတ်ပြီး နောက်ပိုင်းမှာလည်း စစ်အစိုးရဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ဒီမိုကရေစီနဲ့လူ့အခွင့်အရေးလှုပ်ရှားမှုတွေကို ဥပဒေမဲ့တားဆီးပိတ်ပင်နှောင့်ယှက်ခဲ့ကြပါတယ်။ ၁၉၉၆ ခုနှစ် နိုဝင်ဘာလတုန်းကဆိုရင် ရန်ကုန်မြို့ရဲ့အဓိကလမ်းမကြီးဖြစ်တဲ့ ကမာ္ဘအေးဘုရားလမ်းပေါ်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ကားကို အရပ်ဝတ်စစ်တပ်လက်ပါးစေတွေက သံတုတ်၊ ချိန်းကြိုး၊ အုတ်ခဲကျိုးတွေနဲ့ ရိုက်နှက်ဖျက်ဆီးတဲ့အထိ ရမ်းကားခဲ့ကြပါတယ်။
၂၀၀၀ ခုနှစ် စက်တင်ဘာလမှာတော့ မန္တလေးကို စည်းရုံးရေးသွားမယ့် ဒေါ်အောင်ဆန်းစုကြည်ကို ရန်ကုန်ဘူတာကြီးမှာ အတင်းဝင်ဖမ်းပြီး နေအိမ်ကိုအတင်းအကျပ်ပြန်ပို့ခဲ့ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဘာပြစ်မှုမှ မကျူးလွန်ဘဲ ဒုတိယအကြိမ် နေအိမ် အကျယ်ချုပ်အဖြစ် ၂၀၀၀ ပြည့်နှစ် စက်တင်ဘာလကနေ ၂၀၀၂ ခုနှစ်မေလအထိ ၁ နှစ်နဲ့ ၈ လကျော်ကြာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြန်ပါတယ်။
ဒီ ဒုတိယအကြိမ် အကျယ်ချုပ်ကာလမတိုင်လေးမှာပဲ ကွမ်းခြံကုန်း၊ ကော့မှူးမြို့နယ်ဘက်ကို စည်းရုံးရေးခရီးထွက်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့အဖွဲ့ကို ဖမ်းဆီးရိုက်နှက်ပြီး အကျယ်ချုပ် ၁၄ ရက်ချခဲ့ပါသေးတယ်။ ရန်ကုန်တဖက်ကမ်း ဒလမြို့မှာ ရဲမေ ၆ ယောက်က ဒေါ်အောင်ဆန်းစုကြည်ကို မလှုပ်နိုင်အောင် အတင်းဖမ်းချုပ်ဝိုင်းညှပ်ထားပြီး တက္ကသိုလ်ရိပ်သာလမ်းနေအိမ်ကို ပြန်ပို့ခဲ့တာဖြစ်ပါတယ်။ အဲဒီတုန်းက ၁၄ ရက် အကျယ်ချုပ်ကျခဲ့သူတွေထဲမှာ အခု ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ တရားစွဲခံထားရတဲ့ နေပြည်တော်ကောင်စီဥက္ကဋ္ဌဒေါက်တာမျိုးအောင်လည်း ပါဝင်ခဲ့ပါတယ်။
စစ်အစိုးရအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အပြစ်မရှိအပြစ်ရှာ တားဆီးပိတ်ပင်ဖမ်းဆီးမှုတွေကို လုပ်ခဲ့ပေမယ့် မြန်မာလူထုကတော့ ဒေါ်အောင်ဆန်းစုကြည်အပေါ် ထောက်ခံအားပေးမှုလျှော့မသွားခဲ့ပါဘူး။ ဒါကြောင့် ၂၀၀၃ ခုနှစ် မေလမှာ အထက်မြန်မာပြည်ကို စည်းရုံးရေးခရီးထွက်ရင်း လူထုရဲ့တခဲနက်ထောက်ခံမှုရနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီပဲရင်းအကြမ်းဖက်လုပ်ကြံမှုကြီးကိုနဲ့ ကြုံ တွေ့ခဲ့ရပါတော့တယ်။
စစ်ကိုင်းတိုင်း ဒီပဲရင်းမြို့နယ် ကြည်ရွာမှာ တုတ်၊ ဓါး၊ ဝါးချွန်များကိုင်ဆောင်ထားသော စွမ်းအားရှင်၊ ကြံ့ဖွံ့၊ လုံထိန်းများပါဝင်တဲ့ လူအုပ်ကြီးက ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဒီချုပ်လုံခြုံရေးအဖွဲ့ဝင်တွေ၊ လာရောက်အားပေးကြိုဆိုကြသော ရဟန်းသံဃာ၊ရွာသူရွာသားတွေကို အကြမ်းဖက်ရိုက်နှက်သတ်ဖြတ်ခဲ့တာဖြစ်ပါတယ်။ ဒီပဲရင်းလုပ်ကြံမှုမှာ လူ ၄ ဦးသေခဲ့တယ်လို့ စစ်အစိုးရက ထုတ်ပြန်ခဲ့ပေမယ့် မျက်မြင်သက်သေတွေက လူပေါင်းများစွာသေဆုံးခဲ့တယ်လို့ ဆိုကြပါတယ်။ ဒီလုပ်ကြံမှုကြီးမှာ အသက်မသေပဲ လွတ်မြောက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက အင်းစိန်အကျဉ်းထောင်ကို ပို့ခဲ့ပါတယ်။ အဲဒီကမှတဆင့် ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာလမ်း ခြံအမှတ် ၅၄ မှာ တတိယအကြိမ် နေအိမ်အကျယ်ချုပ်ချခဲ့ပြန်ပါတယ်။
၂၀၀၃ ခုနှစ် မေလကစပြီး နေအိမ်အကျယ်ချုပ်ချခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဥပဒေအရ ၅ နှစ်အထိအချုပ်ခံရနိုင်တာမို့ ၂၀၀၈ ခုနှစ် မေလမှာ အကျယ်ချုပ်က လွတ်မှာဖြစ်ပါတယ်။ ဒါပေမယ့် စစ်အစိုးရက ၂၀၀၄ ခုနှစ်က စတွက်လို့ ၂၀၀၉ ခုနှစ် မေလမှာမှ ၅ နှစ်ပြည့်မှာ ဖြစ်ပါတယ်။ တကယ်တမ်း လွတ်မယ့် မေလရောက်တဲ့အချိန်မှာ အမေရိကန်လူမျိုး အမေရိကန်ကြည်းတပ်ဖွဲ့ဝင်ဟောင်း ဂျွန်ယက်တောဟာ အင်းလျားကန်ကနေ ရေကူးပြီး ခြံအမှတ် ၅၄ ကို ရောက်လာခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ဂျွန်ယက်တောရဲ့ကျန်းမာရေးအကြောင်းပြချက်အရ လူသားချင်းစာနာမူနဲ့ ၂ ရက်ကြာ လက်ခံပေးမိရာက နိုင်ငံတော်အား နှောက်ယှက်ဖျက်ဆီးလိုသူများ၏ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေပုဒ်မ ၂၂ ကို ဖောက်ဖျက်မှုနဲ့ တရားစွဲခံခဲ့ရပါတော့တယ်။ ပြည်သူအများစုကတော့ ဒါဟာ စစ်အစိုးရ ဒေါ်အောင်ဆန်းစုကြည်ကို မလွှတ်ပေးချင်လို့၊ ၂၀၁၀ ပါတီစုံအထွေထွေရွေးကောက်ပွဲ မဝင်နိုင်အောင်လို့ ဂျွန်ယက်တောနဲ့အမှုဆင်တယ်လို့ ယုံကြည်ခဲ့ကြပါတယ်။
ကာယကံရှင်ဒေါ်အောင်ဆန်းစုကြည်ကတော့ တက္ကသိုလ်ရိပ်သာလမ်း၊ ခြံအမှတ် ၅၄ ကနေ အင်းစိန်ထောင်၊ အကျဉ်းဦးစီးဌာန အရာရှိရိပ်သာထဲ ပြောင်းရွှေ့ချုပ်နှောင်ခံရပြီး သူ့ဘဝရဲ့ပထမဆုံးရုံးချိန်းတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ၂၀၀၉ ခုနှစ်သြဂုတ်လ ၁၁ ရက်နေ့ မနက် ၁၀ နာရီ ၄၅ မိနစ်မှာ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော်နှောင့်ယှက်ဖျက်စီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ် စောင့်ရှောက်သည့်ဥပဒေပုဒ်မ ၂၂ အရ အလုပ်နှင့်ထောင်ဒဏ် ၃ နှစ်ကျခံဖို့ စီရင်ချက်ချခဲ့ပါတယ်။
ဒါပေမယ့် တဆက်တည်းမှာပဲ ပြည်ထဲရေးဝန်ကြီးဗိုလ်ချုပ်မောင်ဦးက ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ညွှန်ကြားချက်တစ်ရပ်ကို တရားသူကြီးအဖွဲ့ဝင်တွေ၊ သံတမန်တွေ၊သတင်းထောက်တွေရှေ့ဖတ်ပြခဲ့ပါတယ်။ အဲဒီညွှန်ကြားချက်မှာ နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးသန်းရွှေက ဒေါ်အောင်ဆန်းစုကြည်ကို စာနာထောက်ထားညှာတာလိုတာကြောင့် တရားရုံးက မည်သို့ပင် ပြစ်ဒဏ်ချမှတ်ထားသည်ဖြစ်စေ ပြစ်ဒဏ်၏ထက်ဝက်ကိုသာ ကျခံစေဖို့၊ ကျန်ရှိတဲ့ ပြစ်ဒဏ်တွေကို ဆိုင်းငံ့ထားဖို့၊ ခြံအမှတ် ၅၄ မှာ နေထိုင်ဖို့၊ စည်းကမ်းချက်တွေနဲ့အညီ ကောင်းမွန်စွာနေထိုင်ရင် ဆိုင်းငံ့ထားတဲ့ပြစ်ဒဏ်တွေ အားလုံးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးမယ်လို့ ပါပါတယ်။ နအဖအစိုးရရဲ့ ဇာတ်ညွှန်းအတိုင်း ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်အစိုးရက ၂၀၁၀ ပါတီစုံရွေးကောက်ပွဲအပြီး ၅ ရက်မြောက်နေ့ဖြစ်တဲ့ ၂၀၁၀ ခုနှစ် နိုဝင်ဘာ ၁၃ ရက်နေ့မှာ နေအိမ်အကျယ်ချုပ်က လွတ်မြောက်လာခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်သူတွေရဲ့ရွေးချယ်မှုနဲ့ ၂၀၁၂ ခုနှစ်ကြားဖြတ်ရွေးကောက်ပွဲကတဆင့် စစ်ဗိုလ်ချုပ်ဟောင်း၊ ကြံ့ခိုင်ရေးလွှတ်တော်ကိုယ်စားလှယ်တွေ လွှမ်းမိုးထားတဲ့ လွှတ်တော်ထဲရောက်လာခဲ့ပါတယ်။ ဒီနောက် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဟာ ၂၀၁၅ ခုနှစ် ပါတီစုံ အထွေထွေရွေးကောက်ပွဲမှာ တောင်ပြိုကမ်းပြိုအနိုင်ရခဲ့ပါတယ်။ ၁၉၉၀ ပါတီစုံရွေးကောက်ပွဲအလွန် ၂၅ နှစ်ကြာပြီးမှ ပထမဆုံးအကြိမ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရဖွဲ့နိုင်ခဲ့ပါတယ်။ ၁၉၆၂ ခုနှစ် ဗိုလ်ချုပ်နေဝင်းအာဏာသိမ်းပြီး နှစ်ပေါင်း ၅၀ ကျော်မှ ပထမဆုံးအကြိမ် အရပ်သားအစိုးရ ဖွဲ့စည်းနိုင်ခဲ့တာလည်းဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်သူတွေရဲ့ထောက်ခံမှုရှိပေမယ့် စစ်တပ်ကရေးဆွဲထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံရဲ့ တားမြစ်မှုကြောင့် သမ္မတဖြစ်ခွင့်မရခဲ့ပါဘူး။ ဒါကြောင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရ ကို ၅ နှစ်ကြာဦးဆောင်ခဲ့ပါတယ်။ ၂၀၂၀ ပါတီစုံအထွေထွေရွေးကောက်ပွဲ မှာလည်း ပြည်သူရဲ့ထောက်ခံအားပေးမှုကြောင့် ဒုတိယအကြိမ်အပြတ်အသတ်အနိုင်ရရှိခဲ့ပါတယ်။ အစိုးရဒုတိယသက်တမ်းအတွက် ပြင်ဆင်နေချိန်မှာပဲ ပြည်သူရဲ့ထောက်ခံမှုကိုဘယ်တုန်းကမှ မရခဲ့၊ ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာ့နိုင်ငံရေးဦးဆောင်ကဏ္ဍကနေဘယ်လိုမှ မဖယ်ထုတ်နိုင်ခဲ့တဲ့ စစ်တပ်ရဲ့အငြိုးတကြီးအာဏာသိမ်းမှုနဲ့ ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ အသက် ၇၆ နှစ်ရောက်မှ စတုတ္ထအကြိမ်ဖမ်းဆီးခံရပြီး နေပြည်တော်ရဲ့လျှို့ဝှက်တနေရာမှာ ချုပ်နှောင်ခံခဲ့ရပါတယ်။ အရင် စစ်ခေါင်းဆောင်တွေဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီးစောမောင် ၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေတို့လက်ထက် အဖမ်းခံတုန်းကထက် များပြားတဲ့ ဥပဒေပုဒ်မ ၁၁ ခုနဲ့ တရားစွဲခံခဲ့ရပါတယ်။ အရင်စစ်အစိုးရတွေတုန်းက ၁၃ နှစ်လောက် နေအိမ်အကျယ်ချုပ်နေခဲ့ရပြီး အမေရိကန်နိုင်ငံသားဂျွန်ယက်တောကျမှ အမှုရင်ဆိုင်ခဲ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်လက်ထက်မှာ မတရားတဲ့ဥပဒေပုဒ်မတွေနဲ့ ခပ်မြန်မြန်အမှုရင်ဆိုင်နေရပြီး ထောင်ဒဏ်ချမှတ်ခံရဖွယ် ရှိနေပါတယ်။ ဒီဥပဒေတွေ အတိုင်း ပြစ်ဒဏ်ခံရမယ်ဆိုရင်တော့ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့နောက်ပိုင်းအချိန်တွေကို ဖမ်းဆီးထိန်းသိမ်းခံဘဝနဲ့ ကုန်ဆုံးသွားရတော့မှာဖြစ်ပါတယ်။
You may also like these stories:
ဒေါ်အောင်ဆန်းစုကြည်ကို လျှို့ဝှက်ချုပ်ထားခြင်းက လူ့အခွင့်အရေးချိုးဖေါက်မှုဖြစ်
စစ်ကောင်စီက ရှောင်တန်းနဲလ်ကို ရှေ့နေနှင့်တွေ့ခွင့်မပေး
မြေနီကုန်းတွင် သတ်ဖြတ်ခံရသော ဆရာဝန်၏ ဇနီးကို စစ်ကောင်စီ ဖမ်းဆီး
ဖမ်းဆီးသွားပြီး ရုပ်အလောင်းပါ ဖျောက်ခံလိုက်ရသည့် မန္တလေးက ကိုသန်းထွန်းဦး