ဖေဖေါ်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းယူမှု ဆန့်ကျင်ရေး လမ်းမများပေါ် ပွဲတော်ဆန်ဆန်ဖြင့် စတင်ခဲ့သည့် ဆန္ဒပြပွဲများသည် စစ်အုပ်စုနှင့် တိုင်းရင်းသားလက်နက်ကိုင်များအကြား ဆယ်စုများစွာ တိုက်ပွဲမဖြစ်ဘူးသော ဒေသအများအပြားအထိ ပျံ့နှံ့နေသည့် ပြင်းထန်သော နိုင်ငံတဝန်း လက်နက်ကိုင် ပုန်ကန်မှုအဖြစ် ပြောင်းလဲသွားခဲ့သည်။
အကြွင်းမဲ့အာဏာကို လုယူပြီး ရွေးကောက်ခံမဟုတ်သည့် အစိုးရကို ခန့်အပ်လိုက်ချ်ိန်တွင် စစ်အုပ်စု ကျူးလွန်နေသည့် ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုနှင့် ကြီးမားသော ရက်စက်ကြမ်းကြုတ်မှုများက စစ်တပ်သည် နိုင်ငံတွင် လူမုန်းအများဆုံး အဖွဲ့အစည်းဖြစ်သည် ဆိုသည့် ဂုဏ်သတင်းကို အလေးအနက်ဖေါ်ပြနေသည်။
တချိန်တည်းတွင် နိုင်ငံကို ကိုဗစ်နိုင်တင်းကပ်ဆိုးနှင့် ကမ္ဘာ့ဘဏ်က ၂၀၂၁ ခုနှစ်တွင် ၁၈ ရာခိုင်နှုန်း ကျုံ့သွားမည်ဟု ခန့်မှန်းထားသည့် တုံ့ဆိုင်းနေသော စီးပွားရေးကလည်း အကြီးအကျယ်ဖျက်ဆီး နေသည်။ ဆင်းရဲနွမ်းပါးမှုတွင် နေထိုင်ရမည့်သူအရေအတွက်မှာ ၂၀၁၇ ခုနှစ်က ၂၄.၈ ရာခိုင်နှုန်း ရှိရာမှ ၂၀၂၂ ခုနှစ်တွင် ၄၈.၂ ရာခိုင်နှုန်းအထိ နှစ်ဆတိုးသွားမည်ဟု ဆိုသည်။
၂၀၁၀ ခုနှစ်တွင် စတင်သော နိုင်ငံရေးနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ စတင်ပြီးနောက်နှင့် ၂၀၁၅ ခုနှစ်တွင် သမိုင်းဝင် ရွေးကောက်ပွဲများဖြစ်လာသောအခါ အနောက်တိုင်း အကူအညီပေးရေး အသိုက်အဝန်း၏ အချစ်တော်ဖြစ်လာခဲ့သော်လည်း ယခုမူ မြန်မာနိုင်ငံသည် ယခင် ဝိုင်းကျဉ်ခံ အဆင့်ကို ပြန်လည် စတင်လိုက်သည်။ မည်သည့်နည်းလမ်းဖြင့်မဆို တွက်ချက်ပါက မြန်မာနိုင်ငံသည် အနှိုင်းမဲ့သော ကပ်ဆိုးဆီသို့ ဦးတည်နေပြီဖြစ်သည်။
လွန်ခဲ့သော ၈ လက တနိုင်ငံလုံးမှ သန်းပေါင်းများစွာသော ပြည်သူများသည် မြို့ကြီး၊ မြို့ငယ်တိုင်း၊ ကျေးရွာတိုင်း အားလုံးနီးပါးတွင် လမ်းမများပေါ် ထွက်လာကြသည်။ အလှမယ် ဝတ်စုံများအပြင် စစ်တပ်က ငါတို့ထက်ပိုကြောက်စရာကောင်းတယ် ဆိုသည့်စာတန်းကိုင်ပြီး တစ္ဆေဝတ်စုံများ စသည့် စိတ်ကူးစိတ်သန်းကောင်းသော ဝတ်စုံများ ဝတ်ဆင်ထားသည့် လူငယ်များက စစ်အာဏာသိမ်းမှုကို အပြင်းအထန်ဆန့်ကျင်ကြောင်း ဖေါ်ပြခဲ့သည်။
Generation Z လူငယ်များကြောင့် စိတ်ဓါတ်တက်ကြွလာသည့် အသက်အရွယ်ကြီးရင့်သော ဆန္ဒပြသူများက ဗုဒ္ဓဘာသာခေတ်မတိုင်မီက ဝတ်စုံများကို ဝတ်ဆင်ကြပြီး ဒဏ္ဍာရီဆန်သော နတ်ပွဲ သို့မဟုတ် ဝိဉာဉ်ပွဲ ဘာသာရေးအခမ်းအနားများကို ကျင်းပကာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် အခြားအာဏာသိမ်း ဗိုလ်ချုပ်များကို ဖယ်ရှာပေးရန် နတ်များထံတွင် ဆုတောင်းကြပြီး ၎င်းတို့ကို မကောင်းဆိုးရွား ကျိန်စာတိုက်ကြသည်။ တနိုင်ငံလုံးနီးပါး သပိတ်မှောက်နေခြင်းဖြစ်သည်။
သို့သော် ငြိမ်းချမ်းသော ဆန္ဒပြပွဲများကို စစ်တပ်က စတင်ပစ်ခတ်လိုက်သောအခါ အခြေအနေသည် အဆိုးဘက်သို့ ပြောင်းသွားသည်။
အထူးလေ့ကျင့်ထားသည့် လက်ဖြောင့်စစ်သားများသည် ၎င်းတို့၏ရက်စက်ကြမ်းကြုတ်မှု သတင်းစကားကို ပျံ့နှံ့စေရန် လူအုပ်အတွင်းမှ အငယ်ဆုံးသူများကို ရွေးချယ် ပစ်ခတ်ကြသည်။ မတ်လကုန်သောအခါ မင်းအောင်လှိုင်က ရုပ်သံမိန့်ခွန်းတွင် “ခေါင်းတွေ ကျောတွေကို နောက်ကနေ အပစ်ခတ်ခံရနိုင်တဲ့ အန္တရာယ်ရှိတယ်ဆိုတာ အရင်ရက်တွေက ဖြစ်ရပ်တွေက သင်ခဏ်းစာယူသင့်တယ်” ဟု ပင်ပြောလာသည်။
ယခုအခါ ဆန္ဒပြသူ တထောင်ကျော် သတ်ဖြတ်ခံထားရပြီး နောက်ထပ် ထောင်ပေါင်းများစွာကိုလည်း စစ်အုပ်စုက ဖမ်းဆီးချုပ်နှောင်ထားသော်လည်း မြို့တော်ဟောင်း ရန်ကုန်၊ အလယ်ပိုင်းမြို့ကြီးဖြစ်သော မန္တလေးနှင့် အခြားနေရာများတွင် အသေးစား ဆန္ဒပြပွဲများ ဆက်လက်ဖြစ်ပေါ်နေသည်။
သို့သော် စစ်ကောင်စီဆန့်ကျင်ရေး အင်အားစုများသည် မြို့ပြမှ စစ်တပ်နှင့် စစ်တပ်နှင့်ပတ်သက်သည့် ပစ်မှတ်များကို ပိုမိုဗုံးခွဲတိုက်ခိုက်လာပြီး စစ်ကောင်စီနှင့်ပတ်သက်သည့် အရာရှိများနှင့် ၎င်းတို့၏ ဒလန်ဟု သံသယရှိများကို ပိုမိုလုပ်ကြံသတ်ဖြတ်လာပြီး ဆန့်ကျင်မှုကို ဖေါ်ပြသော ပုံသဏ္ဍန် ပြောင်းလဲလာသည်။
ပြည်သူ့ကာကွယ်ရေးတပ်များ (PDFs) ဟုခေါ်သည့် ခုခံရေးအင်အားစုများသည် စစ်တပ်ကို အခြေခံအားဖြင့် စစ်ကိုင်း၊ မန္တလေးနှင့် မကွေးတိုင်းများ၊ ချင်းနှင့် ကယားပြည်နယ်များတွင် တိုက်ခိုက်နေကြသည်။
၎င်းတို့သည် အမဲလိုက်တူမီးသေနတ်များနှင့်လေးခွများဖြင့် ပစ်ပြီးပြေးသည့် လုပ်ရပ်များဖြင့် စတင်ခဲ့သော်လည်း ယခုအခါ အော်တိုမက်တစ် ရ်ိုင်ဖယ်များကို ပိုင်ဆိုင်လာကြပြီး စစ်ကောင်စီ တပ်များကို အကြီးအကျယ် ထိခိုက်သေဆုံးစေလာသည်။
ခုခံရေးအင်အားစု မျိုးဆက်သစ်များကို ရှာမတွေ့သောအခါ စစ်ကောင်စီတပ်များသည် ရွာများအတွင်းသို့ ရဟတ်ယာဉ်ပေါ်မှ ရမ်းသမ်းပစ်ခတ်ခြင်း၊ အမြောက်ကြီးများဖြင့် ပစ်ခတ်ခြင်းတို့ကို လုပ်ဆောင်ကာ အရပ်သားများကို အကြောင်းမဲ့သတ်ပြီး ဆိုင်ကယ်များ၊ ကားများ၊ တိရိစာ္ဆန်များနှင့် နေအိမ်များကို မီးရှို့သည်။
ခေတ်သစ်ခုခံရေးအင်အားစုများ၏ လက်နက်အချို့ကို ရဲများနှင့် စစ်ကောင်စီတပ်များထံမှ သိမ်းပိုက်ထားခြင်းဖြစ်သော်လည်း အခြားလက်နက်များကို မြောက်ပိုင်းမှ ကချင်၊ အရှေ့ပိုင်း ထိုင်းနယ်စပ်မှ ကရင်နှင့် ကရင်နီစသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများက ထောက်ပံ့သည်။
အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံ၏ ရှည်လျှားလှသော တိုင်းရင်းသား ပုန်ကန်မှုလည်း ပြန်လည် အင်အားကောင်းလာသည်။ ကချင်ပြည်နယ်တွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ထိုးစစ် စတင်ပြီး ၎င်းတို့၏ စစ်ဆင်ရေးဒေသကို စစ်ကိုင်းတိုင်းမြောက်ပိုင်းနှင့် မန္တလေးတိုင်းများသို့ပင် ချဲ့ထွင်လိုက်ပြီး ဒေသခံ PDFs များနှင့်ပင် ပူးပေါင်းဆောင်ရွက်လိုက်သေးသည်။
စက်တင်ဘာလ ၁၉ ရက်နေ့တွင် ကချင်ပြည်မြို့တော် မြစ်ကြီးနားသို့ မင်းအောင်လှိုင်သွားရောက်သောအခါ တရက်သာနေနိုင်ပြီး လုံခြုံရေးအကြောင်းပြချက်များကြောင့် ပိုမိုမြောက်ပိုင်းကျသည့် ပူတာအိုသို့ သွားရောက်မည့် အစီအစဉ်ကို ဖျက်လိုက်ရသည်။
လူငယ်များက မြစ်ကြီးနားမှ လမ်းမများပေါ် ထွက်လာကြပြီး “မင်းအောင်လှိုင်၊ ကချင်ပြည်ကို လာတာ မရှက်ဘူးလား၊ ကချင်ပြည်က ပြန်ထွက်သွား” ဟုအော်ဟစ် မောင်းထုတ် ဆန္ဒပြကြသည်။
တချိန်တည်းတွင် ကချင်လူမှုအခြေပြု အဖွဲ့အစည်းများက စစ်ကောင်စီခန့် ကချင်ပြည်နယ် ဝန်ကြီးချုပ် ခက်ထိန်နန်ကို ရှုတ်ချပြီး သူ့ကို ကချင်အမျိုးသား သစ္စာဖေါက်ဟု ခေါ်ကြသည်။
နိုင်ငံတဝန်းလုံးတွင် လုံခြုံရေးအခြေအနေ ယိုယွင်းနေသောကြောင့် ရှေ့လာမည့် လများအတွင်း အလားအလာရှိသော တိုက်ခ်ိုက်မှုများသည် မြို့တော်ဟောင်း ရန်ကုန်တွင်သာမက မန္တလေးနှင့် မြို့တော်သစ် နေပြည်တော်တွင်ပါ ဖြစ်နိုင်ကြောင်း ရန်ကုန်ရှိ အမေရိကန် သံရုံးက ၎င်းတို့၏ ဝက်ဆိုက်တွင် စက်တင်ဘာလ ၂၅ ရက်နေ့က သတိပေးချက် ထုတ်ပြန်ရသည်။
နိုင်ငံတကာတွင်လည်း မြန်မာ၏လက်ကျန်မိတ်ဆွေများမှာ အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) ၊ တရုတ်နှင့် ရုရှားတို့သာ ရှိတော့သည်။
သို့သော် တရုတ်နိုင်ငံသည်ပင် ၎င်း၏လောင်းကြေးများ လုံခြုံစေရန် လှေနံနှစ်ဘက်နင်းနေရသည်။ ဘေ့ဂျင်းသည် နေပြည်တော်ရှိ စစ်ကောင်စီ (SAC) သို့ အကူအညီ အမေရိကန် ဒေါ်လာ ၆ သန်း မကြာသေးမီက ပေးခဲ့သော်လည်း တရုတ်ကွန်မြူနစ်ပါတီက စစ်တပ်ဖြုတ်ချခဲ့သည့် အရပ်သား အစိုးရခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် ပါတီချင်းဆက်ဆံရေးကို ထပ်မံအတည်ပြုပြောကြားသည်။
စစ်ကောင်စီခန့်အစိုးရနှင့် ဖြုတ်ချခံ နိုင်ငံရေးသမားများဖြင့် ဖွဲ့စည်းထားသည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့အကြား ကုလသမဂ္ဂတွင် မြန်မာနိုင်ငံအား မည်သည့်အစိုးရက ကိုယ်စားပြုသင့်သည် ဆိုသည်ပြဿနာကို ဆိုင်းငံ့ထားရန် တရုတ်နှင့် အမေရိကန်အကြား သဘောတူညီမှုသည်လည်း ဘေ့ဂျင်၏ လှေနံနှစ်ဘက်နင်းခြင်းကို ပိုမိုထင်ရှားအောင်ပြသနေသည်။
ထို့အပြင် တရုတ်နိုင်ငံသည် စစ်ကောင်စီထိန်းချုပ်သော ကျန်းမာရေးအာဏာပိုင်များသို့ ကိုဗစ်နိုင်တင်း ကာကွယ်ဆေး ၁၃ သန်းနီးပါးပေးပြီး ကချင်၊ ရှမ်းပြည်နယ်နှင့် ၀ ထိန်းချုပ်ဒေသများမှ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ ထိန်းချုပ်သော ဒေသများသို့လည်း အရေအတွက် မဖေါ်ပြသည့် ထိုကာကွယ်ဆေးများကို ပေးပို့ခဲ့သည်။ ထိုကာကွယ်ဆေးများကို ထိုဒေသများသို့ တရုတ်ဆေးဝန်ထမ်းများက ဝင်ရောက်လာပြီး ကိုယ်တိုင်ထိုးပေးကာ ပြန်လည်ထွက်ခွာသွားခဲ့ကြကြောင်း သိရသည်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအများအပြား အထူးသဖြင့် ကိုးကန့်အခြေစိုက် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်၊ ရှမ်းပြည်မြောက်ပိုင်းမှ ပလောင် တိုင်းရင်းသားများ၏ တအောင်းအမျိုးသားလွတ်မြောက်တပ်မတော်၊ ရှမ်းပြည်တိုးတက်ရေး ပါတီ၏ ရှမ်းပြည်တပ်မတော်၊ အနောက်တောင်ပိုင်းမှ ရက္ခိုင့်တပ်တော်နှင့် KIA တို့သည် တရုတ် လုံခြုံရေးဌာနများနှင့် အချိတ်အဆက်ရှိသည့် ၀ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်က ပေးသော တရုတ်လက်နက်များ တပ်ဆင်ထားသည်။
မြန်မာနိုင်ငံ ဘင်္ဂလားပင်လယ်အော်ကမ်းခြေမှ တရုတ်နိုင်ငံတောင်ပိုင်း ယူနန်ပြည်နယ်သို့ တရုတ်နိုင်ငံက တည်ဆောက်ထားသည့် ရေနံနှင့် သဘာဝဓါတ်ငွေ့ ပိုက်လိုင်းများအနီး စစ်မတိုက်ရန် နှင့် မြန်မာနိုင်ငံမှ ရပ်ဝန်းနှင့် လမ်းအစီအစဉ် ရင်းနှီးမြှုပ်နှံမှုများကို မနှောက်ယှက်ရန်လည်း ထိုအဖွဲ့များကို တရုတ်ကပြောကြားထားကြောင်း သိရသည်။
ထိုသို့သောအခြေအနေများကို စစ်ကောင်စီသည် ဖေဖေါ်ဝါရီလ ၁ ရက်နေ့ အာဏာမသိမ်းမီက ကြိုမြင်ခဲ့နိုင်မည် မဟုတ်ပေ။ တချိန်တည်းတွင် ဗိုလ်ချုပ်များသည် မည်သည့်နည်းဖြင့်မဆို အာဏာကို တွယ်ဖက်ထားရန်လည်း ဆုံးဖြတ်ထားပုံရသည်။ ၎င်းတို့ကျဆုံးမည်ဆိုလျှင် စစ်အာဏာမသိမ်းမီနှင့် အထူးသဖြင့် စစ်အာဏာသ်ိမ်းပြီးနောက် ကျူးလွန်သည့် ရက်စက်ကြမ်းကြုတ်မှုများအတွက် အရေးယူခံရမည်ကို သဘောပေါက်သောကြောင့် ထိုသို့ဆုံးဖြတ်ထားခြင်းဖြစ်သည်။
များပြားလာနေသော နိုင်ငံတကာ အရေးယူပိတ်ဆို့မှုများ၊ သပိတ်မှောက်မှုများနှင့် ၎င်းတို့ကိုယ်တိုင်၏ မှားယွင်းသော စီးပွားရေးစီမံခန့်ခွဲမှုမှ ဆက်လက်ရှင်သန်နိုင်ရေး စစ်ကောင်စီသည် ဒေါ်လာဘီလီယံပေါင်းများစွာတန်သည့် ကချင်ပြည်နယ် ဖားကန့်မြို့ပတ်ဝန်းကျင်မှ အကျိုးအမြတ်များလှသော ကျောက်စိမ်းမှောင်ခိုလုပ်ငန်းကို ထိန်းချုပ်ရန် ကြိုးစားနေသည်။
Al-Jazeera သတင်းဌာနက ဇွန်လ ၂၉ ရက်နေ့တွင် ကိုးကားခဲ့သည့် န်ိုင်ငံတကာ သဘာဝပတ်ဝန်းကျင်စောင့်ကြည့်ရေးလုပ်ငန်းဖြစ်သော Global Witness ၏ အစီရင်ခံစာအရ အာဏာသိမ်းမှုသည် အဓိကအားဖြင့် တရုတ်သို့ ကျောက်စိမ်းတင်ပို့ခြင်းမှ ရသည့် ဝင်ငွေကို စစ်အုပ်စုအတွက် တရားမဝင်ရငွေဖြစ်သွားစေနိုင်ပြီး စစ်ကောင်စီကို ကျားကန်ပေးရန် နိုင်ငံရေးအရ အသုံးချသည့် ရင်းမြစ်ဖြစ်သွားစေနိုင်ကြောင်း သိရသည်။
အာဏာသိမ်းပြီးနောက် ဖားကန့်ဒေသသည် စစ်ပွဲဇုန်ဖြစ်သွားပြီး KIA တပ်များက စစ်ကောင်စီတပ်များကို တိုက်ခိုက်ကာ စခန်းများကိုပင် သိမ်းယူနေသောကြောင့် ကျောက်စိမ်းတူးရန် လွန်စွာ မလုံခြုံတော့ပေ။
သို့သော် Global Witness ၏ ၂၀၁၅ ခုနှစ်အစီရင်ခံစာနှင့် ယခုနှစ် အစီရင်ခံစာအရ ကျောက်စိမ်းမှောင်ခိုလုပ်ငန်းမှ အကျိုးအမြတ်ရနေသူများတွင် Kyaing International Gems Company ကြိုင်နိုင်ငံတကာကျောက်မျက်ကုမ္ပဏီ ပါဝင်နေပြီး ထိုလုပ်ငန်းကို မြန်မာနိုင်ငံ၏ ၁၉၉၂ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိအာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ သားများအနက်မှ တဦးဖြစ်သူ ကြိုင်စန်းရွှေက ပိုင်ဆိုင်သည်။
တချိန်တည်းတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏သား အောင်ပြည့်စုံသည်လည်း ဖားကန့်မှ ကျောက်စိမ်းတူးဖေါ်ရာတွင် သုံးသည့် ဒိုင်းနမိုက် ရောင်းချမှုကို စစ်တပ်က ထိန်းချုပ်ထားရာတွင် အခန်းကဏ္ဍတခုမှ ပါဝင်နေသည်။ မတ်လ ၁၀ ရက်နေ့က အောင်ပြည့်စုံကို သူ၏အမ စီးပွားရေးသမား ခင်သီရိသက်မွန်နှင့်အတူ အမေရိကန်နိုင်ငံက အရေးယူပိတ်ဆို့လိုက်သည်။
စစ်ကောင်စီ ဆက်လက်ရပ်တည်ရေးသည် အဆက်အသွယ်များနှင့် ဝင်ငွေအပေါ် မူတည်နေသော်လည်း ချက်ခြင်း အာဏာရလာသော အခြား စစ်ခေါင်းဆောင်များ၏ ဆန္ဒကို မဖြည့်ဆည်းနိုင်လျှင် အတွင်းပိုင်း အာဏာသိမ်းမှု မဖြစ်နိုင်ဟု မပြောနိုင်ပေ။ ထိုကဲ့သို့သော ကြီးကျယ်သည့် ခြေလှမ်းကို လုပ်ရဲမည့် မည်သူမဆိုတွင် မင်းအောင်လှိုင်နှင့် သူ၏ထိပ်တန်းအရာရှိများထက် ပိုမိုလစ်ဘရယ်ဆန်သော အမြင်ရှိမည်ဟု အာမခံချက် မရှိကြောင်း စစ်အုပ်စုကို လေ့လာစောင့်ကြည့်နေသူများပြောသည်။
သို့သော် ဆန့်ကျင်ဘက်ဖြစ်နေသည်မှာ စွဲဆောင်စည်းရုံးနိုင်စွမ်း ကင်းမဲ့နေသော မင်းအောင်လှိုင်သည် ပျော့လွန်းပြီး ကျယ်ပြန့်လာနေသော ဆန့်ကျင်မှုများကို နှိမ်နင်းရန် ပိုမိုပြင်းထန်သော နည်းလမ်းများ သုံးရန် လိုသည်ဟု အချို့စစ်ခေါင်းဆောင်များက မြင်ကြသည်။ စစ်တပ်အတွင်း ထူးထူးခြားခြား ကွဲထွက်ပါက မီးကုန်ယမ်းကုန် ပြည်တွင်းစစ်ဖြစ်ပြီး လူသားချင်းစာနာမှု ကပ်ဘေး ပိုမိုကြီးမားမည်ဖြစ်သည်။
သို့သော် မြန်မာနိုင်ငံ၏ မပြီးဆုံးသေးသော ကြေကွဲစရာဇာတ်လမ်းတွင် ရှေ့ဆက် မည်သည်တို့ဖြစ်လာစေ ပိုမိုထင်ရှားလာသည်မှာ မင်းအောင်လှိုင်နှင့် သူ၏ မဟာမိတ်များက ဖေဖေါ်ဝါရီလ ၁ ရက်နေ့ နေပြည်တော်နှင့် ရန်ကုန်တွင် တင့်ကားများ မောင်းဝင်ခိုင်းလိုက်ချိန်သည် ကပ်ဆိုးများ၏ ပြဿနာသေတ္တာကို ဖွင့်လိုက်ခြင်းဆိုသည်ပင်။
(Asia Times ပါ Bertil Lintner ၏ Myanmar on a military-made road to disaster ကို ဘာသာပြန်သည်။)
You may also like these stories:
စစ်ကောင်စီ၏ အပစ်ရပ်ရေး ကြေညာချက် လက်နက်ကိုင်အဖွဲ့တွေ မယုံကြည်
မြန်မာ့တပ်မတော်တွင် စွမ်းရည်သုံးရပ် ကင်းမဲ့သွားပြီ
ကျွန်ဝယ်ရာအဆစ်ပါရတဲ့ စစ်သားမယားများ