စစ်အာဏာသိမ်းမှုကို ဆန့်ကျင်နေသည့် အကြမ်းမဖက် ဆန္ဒဖော်ထုတ်နေမှုများသည် စစ်တပ်က အာဏာသိမ်းပြီး ၈ လကျော်လာတဲ့ အချိန်အထိ ရပ်တန့်မသွားဘဲ မြို့ကြီးများနှင့် ကျေးလက် လမ်းမများထက်တွင် နေ့စဉ်လို စစ်အာဏာရှင် ဆန့်ကျင်သံများ ပဲတင်ထပ်အောင် ကြားနေကြရဆဲဖြစ်သည်။
အာဏာသိမ်း စစ်တပ်က ၎င်းတို့ကို ဆန့်ကျင်ဆန္ဒပြနေသည့် ပြည်သူများအား အမျိုးသမီး၊ အမျိုးသား၊ ကလေး၊ လူကြီး မခွဲခြားဘဲ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်ခြင်း၊ ကားဖြင့် ဝင်တိုက်ခြင်း၊ ရိုက်နှက်ခြင်း၊ ဖမ်းဆီးနှိပ်စက် ထောင်ချခြင်း စတာတွေကို လိုင်စင်ရ လူသတ်သမားများအလား လုပ်ဆောင်ခဲ့ကြသည်။
ထို့ကြောင့် ပြည်သူများ ထွက်ပြီး ဆန္ဒပြနေသည့် လမ်းမကြီးများသည့် ဒလန်များ၊ အယောင်ဆောင် စစ်တပ်၊ ရဲနှင့် ထောက်လှမ်းရေးမျက်လုံးအောက်က သတ်ကွင်းများသဖွယ်ဖြစ်လာသည်။ သို့သော်လည်း ထိုသတ်ကွင်းများထက်တွင် အရှိန်မြှင့်ပြီး တက်လာသည့် အမျိုးသမီးသပိတ်များကို အင်အားကောင်းကောင်းနဲ့ ပိုတွေ့လာရသည်။
ထိုအထဲတွင် မြို့ကြီးများသာမက ကျေးလက်ဒေသ အသီးသီးမှ အမျိုးသမီးများ ဦးဆောင်သည့် သပိတ်စစ်ကြောင်းများ လည်း အားကောင်းစွာ ပေါ်ထွက်လာသည်။
စစ်အာဏာရှင်နှင့်အတူ ဖိုဝါဒကြီးစိုးမှုနှင့် ရှေးရိုးစွဲ အယူအဆများကိုပါ တပါတည်း တော်လှန်တိုက်ဖျက်ရန်၊ အမျိုးသမီး သပိတ်များ ပိုမိုအားကောင်းလာပြီး စစ်အာဏာရှင်ကို တစုတစည်းတည်း တော်လှန်ရန်ဟူသည့် ရည်ရွယ်ချက်များဖြင့် “အမျိုးသမီး မဟာမိတ်အင်အားစု” ကို ပြီးခဲ့သည့် စက်တင်ဘာ လဆန်းပိုင်းတွင် စုဖွဲ့ခဲ့ကြသည်။
အဆိုပါ အင်အားစုသည် မြို့ပြ ကျေးလက်များပါမကျန် ချိတ်ဆက်ထားပြီး ရန်ကုန်၊ မန္တလေး၊ မုံရွာ စသည့် မြို့ကြီးများ အပြင် ကျေးရွာဒေသ အသီးသီးက အမျိုးသမီးများ ဦးဆောင်သော သပိတ်စစ်ကြောင်းများစွာသည် စစ်အာဏာရှင် ဆန့်ကျင်ရေး ကြွေးကြော်သံများဖြင့် နေ့စဉ် လမ်းပေါ်ထွက် ချီတက်ဆန္ဒပြနေသည်။
တရက်ထက်တရက် ပိုမိုတင်းကျပ်လာသည့် စစ်ကောင်စီ၏ လုံခြုံရေး အစီအမံများကြောင့် သပိတ်တွင် ပါဝင် သူများအတွက် အန္တရာယ် များလွန်းလှသည်။ ဆန္ဒပြရန် လမ်းပေါ်ထွက်လာသည့် အမျိုးသမီးများလည်း အိမ်ပြန်ရောက်ဖို့ မသေချာသည့် အခြေအနေမှာပင် လမ်းပေါ်ထွက်ပြီး စစ်အာဏာရှင်ကို ရဲရဲတောက် ဆန့်ကျင်နေကြသည်။
ထို့ကြောင့် သပိတ်စစ်ကြောင်းတွင် ပါဝင်သူများ အနေဖြင့် မကြာခဏ နေရာရွှေ့ပြောင်း နေထိုင်ရခြင်း၊ ၎င်းတို့ နေအိမ်များအား ရှာဖွေ ဖျက်ဆီးခံရမှုများ၊ မိသားစုဝင်များအား ဖမ်းဆီးခံရမှုများကိုပါ ကြုံတွေ့နေရသလို သပိတ်တခု ဖြစ်မြောက်ရေးအတွက် အ ဘက်ဘက်မှ ပါဝင်ခဲ့ကြသည့် လူငယ်အများအပြားမှာလည်း လူမသိသူမသိ ဖမ်းဆီးခံနေရသည်။
ရန်ကုန်မြို့ သပိတ်စစ်ကြောင်းများတွင် ပါဝင်သည့် အမည်အဖော်လိုသူ အမျိုးသမီးတဦးက အဖမ်းအဆီး များသည့်ကြား မှ ပြောက်ကျားသပိတ်များ ဆက်ထွက်နေခြင်းနှင့် ပတ်သက်၍ “ပြည်သူတွေရဲ့ သဘောထား အစစ်အမှန်ကို သပိတ်စစ် ကြောင်းတွေက ပြယုဂ်တခုအနေနဲ့ အမြဲပြည်သူနဲ့ တသားတည်း ရှိတယ်ဆိုတာကို လှုံ့ဆော်တိုက်တွန်းနေတာပဲ ဖြစ်ပါ တယ်” ဟု ပြောဆိုသည်။
မြို့ပြများတွင် သပိတ်စစ်ကြောင်းများကို ဦးဆောင်နေသည့် အမျိုးသမီးများသည် အများအားဖြင့် ကျောင်းသားအရွယ် လူငယ် အမျိုးသမီးများ ဖြစ်ကြပြီး စစ်ကြောင်းထဲတွင် သက်လတ်ပိုင်း အမျိုးသမီးများ၊ အိမ်ထောင်ရှင် အမျိုးသမီးများပါ မကျန် တက်ကြွစွာ ပါဝင်နေသည်ကို တွေ့ရသည်။
ဖေဖော်ဝါရီ ၁ ရက် မတိုင်ခင်ကအထိ အရာအားလုံး နေသားတကျ ရှိခဲ့ရာမှ ယခုအခါတွင်မူ တနေရာတည်း၌ အတည် တကျ နေထိုင်နိုင်ခြင်းမရှိ၊ မိသားစုများနှင့် အဆက်သွယ်ဖြတ်ကာ သိုသိုသိပ်သိပ် လှုပ်ရှားသွားလာနေရသည်။
စစ်အာဏာရှင် တော်လှန်ရေးတွင် ပါဝင်နေသည့် လူငယ်များ၏ မကြာသေးခင်က အတိတ်ကာလကို ပြန်ကောက်ကြည့် မည်ဆိုလျှင် ပညာသင်ယူမှု၊ အလုပ်အကိုင်၊ ရည်မှန်းချက်များ ကိုယ်စီဖြင့် အညွန့်တလူလူ ဖြစ်သည်။
သို့သော် စစ်တပ်က မတရား အာဏာသိမ်းယူလိုက်ပြီး နောက်မှာတော့ တိုင်းပြည် ချောက်ထဲကျသွားခြင်းနှင့်အတူ လူငယ် များ၏ အနာဂတ်သည်လည်း ပျောက်ဆုံးသွားခဲ့ရသည်။
အဆိုပါ လူငယ်များစွာထဲကမှ တဦး အပါအဝင် ဖြစ်သည့် အသက် ၂၃ နှစ်အရွယ် မအေးမြင့်အောင်အောင် တယောက် သည်လည်း ၎င်း၏ ပညာရေး လမ်းကြောင်းပင် မဆုံးလိုက် အာဏာသိမ်းမှု ဖြစ်လာသည့်အခါ စစ်အာဏာရှင် တော် လှန်ရေးတွင် ပါဝင်လာသည်။
သူ့ ယုံကြည်ချက်အတိုင်း စစ်အာဏာရှင် ဆန့်ကျင်ရေးအတွက် မြေပြင်သပိတ်လှုပ်ရှားမှု လမ်းစဉ်ကို ဆက်လက်ကိုင်စွဲခဲ့ပြီး မန္တလေးမြို့က အမျိုးသမီးသပိတ်စစ်ကြောင်းကို ဦးဆောင်သူတဦး ဖြစ်လာခဲ့သည်။
ဖက်ဆစ်စစ်တပ်ရဲ့ အုပ်ချုပ်မှုအောက်မှာ မနေချင်ဘူး။ စစ်ကျွန်ပညာရေး စနစ်အောက် ပညာမသင်ချင်ဘူး။ နှစ် ၇၀ ကျော် ပြည်တွင်းစစ်ကို မခံစားချင်ဘူး။ အကြောက်တရားနဲ့ မနေချင်ဘူး။ အဲဒါတွေကြောင့် အခုအချိန်အထိ ဘယ်လောက်ပဲ ဖြိုခွင်းဖြိုခွင်း အဲဒီ အကြောက်တရားကို ဖောက်ထွက် ရင်ဆိုင်ပြီးတော့ မြေပြင်သပိတ်တွေမှာ တက်ကြွလှုပ်ရှားနေကြခြင်း ဖြစ်ပါတယ်
“ဖက်ဆစ်စစ်တပ်ရဲ့ အုပ်ချုပ်မှုအောက်မှာ မနေချင်ဘူး။ စစ်ကျွန်ပညာရေး စနစ်အောက် ပညာမသင်ချင်ဘူး။ နှစ် ၇၀ ကျော် ပြည်တွင်းစစ်ကို မခံစားချင်ဘူး။ အကြောက်တရားနဲ့ မနေချင်ဘူး။ အဲဒါတွေကြောင့် အခုအချိန်အထိ ဘယ်လောက်ပဲ ဖြို ခွင်းဖြိုခွင်း အဲဒီ အကြောက်တရားကို ဖောက်ထွက် ရင်ဆိုင်ပြီးတော့ မြေပြင်သပိတ်တွေမှာ တက်ကြွလှုပ်ရှားနေကြခြင်း ဖြစ်တယ်” ဟု သူက ခိုင်မာစွာ ဆိုသည်။
မအေးမြင့်အောင်အောင်သည် မန္တလေးတက္ကသိုလ်တွင် ဥပဒေဘာသာရပ်ကို ဂုဏ်ထူးတန်း တက်နေဆဲ ကျောင်းသူ တဦး ဖြစ်ပြီး အကယ်၍ စစ်အာဏာသိမ်းမှုသာ မဖြစ်ခဲ့ပါက ရှေ့နေကောင်းတယောက် ဖြစ်လာရန် သူမရည်မှန်းထားသည်။
ယခုတော့ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတွင် ကျရာအခန်းဏ္ဍမှ ပါဝင်ရင်း မည်သည့်အချိန် ဖမ်းဆီးခံရမည်၊ နှိပ် စက် အနိုင်ကျင့်ခံရမည်၊ ပစ်ခတ်သတ်ဖြတ် ခံရမည်မှန်း မသိသော နေ့ရက်များကို ကျော်လွှား ဖြတ်သန်းနေရသည်။
မအေးမြင့်အောင်အောင်ကဲ့သို့ လူငယ်အမျိုးသမီးများသာမက ကျေးရွာဒေသအသီးသီးတွင်လည်း သက်လတ်ပိုင်း အိမ်ထောင်ရှင် အမျိုးသမီးများ၏ ဦးဆောင်မှုကို တွေ့မြင်နိုင်သည်။
မည်မျှပင် အခက်အခဲ၊ အတားအဆီးများ ရှိနေပါစေ နောက်မျိုးဆက်သစ်များအတွက် ပိုမိုကောင်းမွန်သည့် ပတ်ဝန်းကျင် တခု ဖြစ်လာရေးအတွက် စစ်အာဏာရှင် အပြီးတိုင် ပြုတ်ကျရမည်ဟု ရည်မှန်းကာ လမ်းမထက် ယနေ့ထိတိုင် ချီတက် ဆန္ဒပြနေခြင်း ဖြစ်သည်ဟု ကလေး ၂ ဦး၏ မိခင်ဖြစ်သူ မုံရွာမြို့ သပိတ်စစ်ကြောင်းများတွင် ပါဝင်နေသည့် ဒေါ်ဌေးက ဆို သည်။
၎င်းက “တော်လှန်ရေးမှာ လုပ်နေတဲ့သူတွေက အစ်မတို့ မမွေးရပေမယ့် အစ်မတို့ ကလေးတွေလို့ပဲ ခံစားရတယ်။ အစ်မတို့ သား သမီးတွေလိုပဲ သူတို့နာရင် အစ်မတို့လည်း နာသလိုမို့ အစ်မတို့ သပိတ်စစ်ကြောင်းတွေမှာ လိုက်တယ်။ အခု စစ်အာဏာ ရှင်ကို လုံးဝ သဘောမကျဘူး အဲဒါကြောင့်မလို့ တော်လှန်တာ ဖြစ်တယ်” ဟု ပြောသည်။
ဒေါ်ဌေးသည် စစ်အာဏာရှင် တော်လှန်ရေး သပိတ်စစ်ကြောင်း ထွက်ရမည်ဆိုလျှင် သူ၏ အသက်မွေးဝမ်းကျောင်း ဖြစ်သော ဈေးဆိုင်ကိုပင် ပိတ်ပြီး စစ်ကြောင်းများတွင် တက်ကြွစွာ လိုက်ပါလေ့ရှိသူတဦး ဖြစ်သည်။
သူက “အစ်မတို့လည်း လှုပ်ရှားလို့ရတဲ့ ဘက်ကနေ တတ်နိုင်သလောက်ကတော့ ဆက်ပြီး လှုပ်ရှားသွားပေးဦးမှာပဲ။ အစ်မ တို့ကို ဖမ်းတယ်ဆိုရင်လည်း ရှောင်မယ်။ ရှောင်ပြီးတော့ အခြေအနေ ရရင်တော့ရသလို ပြန်ပြီးတော့ စစ်ကြောင်းကို ပြန် လိုက်မယ်။ ဒါကြီး မပြီးမချင်းတော့ အစ်မတို့က ဆက်ပြီးတော့ လိုက်နေဦးမှာပဲ” ဟု ခိုင်မာပြတ်သားစွာ ပြောသည်။
စစ်အာဏာရှင် တော်လှန်ရေး ကာလအတွင်း အမျိုးသမီးများသည် အမျိုးသားများနှင့် တန်းတူ မြေပြင်သပိတ် လှုပ်ရှားမှု များတွင် ပါဝင်နေရုံသာမက တဖက်တွင်လည်း တိုင်းရင်းသား လက်နက်ကိုင် နယ်မြေဒေသများသို့ သွားရောက်ပြီး စစ်သင် တန်း တက်ရောက်နေသူူ၊ လေ့ကျင်ပြင်ဆင်နေသူများလည်း ရှိနေသည်။
လက်နက်ကိုင် တော်လှန်ရေး လမ်းစဉ်နှင့် မြေပြင်သပိတ် တိုက်ပွဲများသာမက CDM ကဲ့သို့သော အာဏာဖီဆန်ရေး လှုပ်ရှားမှုများ ဖြစ်သည့် တော်လှန်ရေးကဏ္ဍ အသီးသီးသည် ဟန်ချက်ညီညီ သွားနေရန် လိုအပ်ကြောင်း မုံရွာမြို့မှ အမျိုးသမီး သပိတ်ခေါင်းဆောင် တဦးဖြစ်သူ မချောစုစံက ခံယူထားသည်။
စစ်ကောင်စီ အနေနဲ့က လက်နက်ကိုင် တော်လှန်ရေးသမားတွေနဲ့ ရင်ဆိုင်နေရတာ ရှိတယ်။ တဖက်မှာလည်း လမ်းပေါ် သပိတ်တွေကို ဖြိုခွင်းနေရတာတွေ ရှိတယ်။ အဲဒီအခါမှာ စစ်ကောင်စီရဲ့ အင်အား ယိုင်နဲ့ပြီးတော့ ကွဲကွဲပြားပြား ဖြစ်စေတယ်။ အဲဒါကြောင့် မြေပြင်သပိတ်တွေ ရှိနေရတာ ဖြစ်တယ်
“စစ်ကောင်စီ အနေနဲ့က လက်နက်ကိုင် တော်လှန်ရေးသမားတွေနဲ့ ရင်ဆိုင်နေရတာ ရှိတယ်။ တဖက်မှာလည်း လမ်းပေါ် သပိတ်တွေကို ဖြိုခွင်းနေရတာတွေ ရှိတယ်။ အဲဒီအခါမှာ စစ်ကောင်စီရဲ့ အင်အား ယိုင်နဲ့ပြီးတော့ ကွဲကွဲပြားပြား ဖြစ်စေ တယ်။ အဲဒါကြောင့် မြေပြင်သပိတ်တွေ ရှိနေရတာ ဖြစ်တယ်” ဟု မြေပြင်သပိတ်များ၏ အရေးပါပုံကိုလည်း သူက ပြောပြ သည်။
၎င်းတို့သည် အကြမ်းမဖက် လှုပ်ရှားမှုကို ယုံကြည်ပြီး စစ်ကောင်စီ အနေဖြင့်လည်း ယနေ့ထိတိုင် အုပ်ချုပ်နိုင်ခြင်း မရှိသေးကြောင်း၊ ၎င်းတို့၏ လှုပ်ရှားမှုများသည် လက်နက်ကိုင် တော်လှန်ရေးကို ကူညီထောက်ပံ့ရာ ရောက်ကြောင်း အမျိုး သမီး သပိတ်စစ်ကြောင်းတွင် ပါဝင်သူများက ယုံကြည်ထားသည်။
စစ်အာဏာရှင်ကို ဆန့်ကျင်သည့် တော်လှန်ရေး အဆင့်များ တဖြည်းဖြည်း ပြောင်းလဲနေမှုတွင် ပြည်သူလူထု အနေဖြင့် ပကတိ ဖြစ်ပျက်နေသည့် အခြေအနေမှန်များကို သဘောပေါက် နားလည်ရန် လိုအပ်ပြီး မျှော်လင့်ချက် အမှားများကို နား မယောင်ဘဲ ပြင်ဆင်သင့်သည်များကို ပြင်ဆင်ထားကြရန်လည်း ၎င်းတို့က တိုက်တွန်းပြောဆိုသည်။
စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုများကြောင့် ဖမ်းဆီးခံရသည့် အမျိုးသမီးများကို စစ်ကြောရေးအတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင်များက နှုတ်အား၊ ကိုယ်အားဖြင့် လိင်ပိုင်းဆိုင်ရာ စော်ကားမှု၊ နှိပ်စက်ညှဉ်းပန်းခြင်းများသာမက ဆန္ဒပြပွဲများတွင် ပါဝင်ရင်း စစ်ကောင်စီ၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရသည်များထိပင် ရှိသည်။
အာဏာသိမ်းပြီးကာစ စစ်ကောင်စီသည် အကြမ်းမဖက် ဆန္ဒပြပြည်သူများကို ကျည်အစစ်သုံးကာ ပစ်ခတ်သတ်ဖြတ်ခဲ့ မှုကြောင့် ဖေဖော်ဝါရီ ၉ ရက်နေ့ နေပြည်တော် ဆန္ဒပြမှုအတွင်း အသက် ၁၉ နှစ်အရွယ် မမြသွဲ့သွဲ့ခိုင်နှင့် မတ်လ ၃ ရက် နေ့ မန္တလေး ဆန္ဒပြပွဲအတွင်း အသက် ၁၈ နှစ်အရွယ် မကြယ်စင်တို့ သေဆုံးခဲ့ရသည်။
မမြသွဲ့သွဲ့ခိုင်နှင့် မကြယ်စင်တို့ကဲ့သို့ စစ်ကောင်စီ လက်ချက်ဖြင့် တော်လှန်ရေး ကာလအတွင်း သေဆုံးခဲ့ရသည့် အမျိုး သမီး ၇၉ ဦး ရှိပြီဖြစ်ကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ကောက်ယူရရှိထား သည့် စာရင်းများအရ သိရသည်။
အဆိုပါ စာရင်းသည် AAPP က ကောက်ယူရရှိထားသည့် အရေအတွက်သာဖြစ်ပြီး မြေပြင်တွင် သေဆုံးခဲ့သူ အရေ အတွက်မှာ ထိုထက်ပိုများနိုင်ပေသည်။
ထိုကဲ့သို့ အန္တရာယ်များလွန်းလှသည်၊ ခက်ခဲကြမ်းတမ်းသည်ကို သိသော်လည်းပဲ အမျိုးသမီးများသည် စစ်အာဏာရှင် ဆန့်ကျင်ရေးအတွက် နောက်တွန့်သွားခြင်းမရှိ၊ အခက်အခဲ အတားအဆီးများ ကြားမှပင် ယနေ့ထိတိုင် လမ်းမထက် ဆက် လက် ချီတက်နေကြဆဲ ဖြစ်သည်။
ရန်ကုန်၊ မန္တလေး ကဲ့သို့သော မြို့ပြများ အပါအဝင် ကျေးရွာများ၏ လမ်းမထက် အမျိုးသမီးများ ဦးဆောင်သည့် သပိတ် စစ်ကြောင်း အသီးသီး၏ “စနစ်ဆိုးကို အမြစ်ချိုးမယ့် သူပုန် အမျိုးသမီးသပိတ်”၊ “စစ်ခွေးတွေ ကျဆုံးဖို့ တို့အမျိုးသမီးတွေ ဝိုင်းဝန်းစို့”၊ “အောင်ပွဲတွေ ဆင်နွှဲဖို့ တို့အမျိုးသမီးတွေ Fight ကြစို့”၊ “အမျိုးသမီးတို့ဘုန်းနဲ့ ဖက်ဆစ်စစ်တပ်ကို ချေမှုန်း မယ်” ဟူသော အားမာန်အပြည့်ပါသည့် ကြွေးကြော်သံများက ယနေ့ထိတိုင် လွင့်ပျံနေဆဲ ဖြစ်သည်။ ။
You may also like these stories:
ကိုယ် ယုံကြည်ပြီး တည်ဆောက်ခဲ့သမျှ အားလုံး ပျက်စီးသွားတာပဲ
အခြေခံကုန်ပစ္စည်း ဈေးနှုန်းများ ထိုးတက်လာနေ
BGF ထိန်းချုပ် နယ်စပ်ကုန်သွယ်ရေးလှေဂိတ်များ ထိုင်းဘက်က ပြန်ဖွင့်ရန်စီစဉ်