အာဏာသိမ်း စစ်ကောင်စီသည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို အရှိန်မြှင့် လုပ်ဆောင်မည်ဟုဆိုကာ အပစ်ရပ် ဆိုင်းပေးကြောင်း ထုတ်ပြန်ထားသော်လည်း မြေပြင်တွင် ကယားပြည်နယ်ကို စစ်အင်အား ရာနှင့်ချီ၍ ထိုးစစ်ဆင် လျက်ရှိရာ အပြောနှင့် လက်တွေ့မှာ ဆန့်ကျင်ဘက် ဖြစ်နေသည်။
စက်တင်ဘာ ၁၇ ရက်တွင် ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်ဘက်မှ စစ်သည်အင်အား ၃၀၀ နှင့်အထက်ကို တင်ဆောင်လာသည့် ကားအစီးရေ ၄၀ သည် ကလော-ပင်လောင်း-ဖယ်ခုံ လမ်းမအတိုင်း ဖြတ်သန်းလာပြီး ကယား ပြည်နယ်တွင်းသို့ အကြီးအကျယ် ထိုးစစ်ဆင်ရန် စစ်ကောင်စီက ပြင်ဆင်လျက် ရှိသည်။
ထိုစစ်ကြောင်းကို ဖယ်ခုံမြို့နယ်အတွင်း အခြေစိုက် လှုပ်ရှားနေသည့် ကရင်နီတော်လှန်ရေးတပ်များက ဖြတ်တောက် တိုက်ခိုက်ခဲ့သော်လည်း စက်တင်ဘာ ၂၉ တွင် ကယားနယ်စပ်၊ လွိုင်ကော်မြို့နယ်၊ ကုန်းသာရွာ အနီးသို့ ဆက်ဝင်လာ ရာ တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့သည်။
စက်တင်ဘာ ၂၉ ရက် ကုန်းသာတိုက်ပွဲတွင် ကရင်နီတော်လှန်ရေးတပ်များဘက်မှ ၆ ဦး တိုက်ပွဲတွင်း ကျဆုံးခဲ့ပြီး စစ်ကောင်စီဘက်မှလည်း ထိခိုက်သေဆုံးမှုများ ရှိခဲ့သည်။
ဖယ်ခုံပြည်သူ့ကာကွယ်ရေးတပ် (PDF) ၏ ပြောရေးဆိုခွင့်ရှိသူက “ဖယ်ခုံမြို့နယ်နဲ့ လွိုင်ကော်မြို့နယ် အစပ်မှာ တိုက် ပွဲတွေ ဖြစ်တာပါ။
တိုက်ပွဲဖြစ်တဲ့ ယာဉ်တန်းက ဖယ်ခုံဘက်က ဖြတ်တောက် တိုက်ရင်းနဲ့ပဲ လွိုင်ကော်ဘက်ကို ဝင်သွား တာ။ အဲဒီ ယာဉ်တန်းနဲ့ တိုက်ကြတာပါ။
စစ်ရေး အခြေအနေကတော့ ပြင်းထန်တယ်” ဟု ဖြစ်ပွားခဲ့သည့် တိုက်ပွဲ၏ အခြေအနေကို ပြောပြသည်။
ကုန်းသာတိုက်ပွဲတွင် ဖယ်ခုံ PDF၊ မိုးဗြဲ PDF၊ ဒီးမော့ဆို PDF၊ လွိုင်ကော် PDF၊ ကရင်နီအမျိုးသားများကာကွယ်ရေး တပ် (KNDF) နှင့် ကရင်နီတပ်မတော် (KA) တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ကြခြင်း ဖြစ်သည်။
ကရင်နီတော်လှန်ရေးတပ်များ အနေဖြင့် စစ်ကောင်စီ၏ စစ်ကြောင်းကို ကယားပြည်နယ်တွင်းသို့ ဝင်မလာနိုင်စေရန် ကယားနယ်စပ်တွင် ပိတ်ဆို့တိုက်ခိုက်နေကြရာ စစ်ကောင်စီဘက်ကလည်း လက်နက်ကြီးကျည်များဖြင့် ဆက်တိုက် ပစ်ခတ်ခဲ့သလို မြေပြင်တွင်လည်း ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့သည်။
တိုက်ပွဲများကြောင့် ကုန်းသာကျေးရွာအတွင်း ထောင်နှင့်ချီသည့် ဒေသခံများမှာ နေရပ်စွန့်ခွာ ထွက်ပြေးကြရသည်။

ကုန်းသာကျေးရွာဒေသခံ အမျိုးသမီးတဦးက “ကျမတို့ ရွာထဲမှာ လူဦးရေက ၄၀၀၀ ကနေ ၅၀၀၀ ဝန်းကျင်အထိ ရှိပါ တယ်။ အခု အကုန်လုံး ထွက်ပြေးကြပြီ။ ရွာထဲမှာလည်း အိမ်တွေ ပျက်စီးတာတွေ ရှိတယ်။ စစ်ကောင်စီဘက်က ရွာ အပြင်က စေတီရှိတဲ့ တောင်ကုန်းပေါ်မှာ နေရာယူပြီး ရွာထဲကိုရော၊ ရွာပတ်လည်ကိုရော လက်နက်ကြီးတွေ အသား ကုန်ပစ်တာ” ဟု ပြောသည်။
စက်တင်ဘာ ၂၉ ရက်တွင် ညမိုးချုပ်သည်အထိ ပစ်ခတ်သံများ ဆူညံနေခဲ့ပြီး ကုန်းသာကျေးရွာအတွင်းမှ အရပ်သား များ ရွာလုံးကျွတ် ထွက်ပြေးရကာ နေအိမ် ၁၀ လုံးထက်မနည်းလည်း မီးလောင်ပျက်စီးခဲ့သည်။
စက်တင်ဘာ ၃၀ ရက်တွင်လည်း စစ်ကောင်စီဘက်က လက်နက်ကြီးများဖြင့် ထပ်မံပစ်ခတ်ကာ ညနေပိုင်းတွင် ကရင် နီတော်လှန်ရေးတပ်များနှင့် တိုက်ပွဲ ဖြစ်ပွားပြီးနောက် ၎င်းတို့ စစ်ကြောင်းကို ဖယ်ခုံမြို့နယ်ထဲသို့ ပြန်ဆုတ်ခွာခဲ့သည်။
ဒေသခံများ၏ ပြောဆိုချက်အရ ကုန်းသာရွာဘက်မှ ပြန်ဆုတ်ခွာလာသည့် စစ်ကောင်စီ၏ စစ်ကြောင်းသည် ဖယ်ခုံ မြို့နယ်၊ မိုးဗြဲမြို့အနီးရှိ အမှတ် ၄၂၂ တပ်ရင်းထဲတွင် ဝင်ရောက် စခန်းချထားသည်ဟု သိရသည်။
စစ်ကောင်စီတပ်သည် ပြန်ဆုတ်ခွာသည့် လမ်း၌လည်း ဆောင်ကန်းကျေးရွာအတွင်းမှ နေအိမ်အချို့ကို မီးရှို့ဖျက်ဆီး သွားခဲ့သည်။
စစ်ကောင်စီဘက်မှ ကယားပြည်နယ် အတွင်းသို့ စစ်အင်အားတိုးချဲ့ ဆောင်ရွက်ခြင်းမှာ ယခုအကြိမ်သည် ဒုတိယ အကြိမ်မြောက် ဖြစ်သည်။
ပြီးခဲ့သည့် ဇူလိုင်နှင့် သြဂုတ်လ အတွင်းကလည်း စစ်ကောင်စီ၏ တပ်မ ၆၆ လက်အောက်ခံ တပ်ရင်းများနှင့် တပ်မ ၅၅ လက်အောက်ခံ တပ်ရင်းများထဲမှ အင်အား ၁၅၀၀ ကျော်ကို ဖြည့်တင်းထားပြီး ဖြစ်သည်။
အဆိုပါ အင်အား ဖြည့်တင်းစဉ်ကလည်း ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့ ဘက်မှ ကွေ့ပတ်ကာ ရှမ်းပြည်နယ်တောင် ပိုင်း၊ ဖယ်ခုံမြို့နယ်မှတဆင့် ဒီးမော့ဆို၊ လွိုင်ကော်ဘက်သို့ ဝင်လာခြင်း ဖြစ်သည်။
ကနဦး ဖြည့်တင်းထားသည့် အင်အား ၁၅၀၀ ကျော်ကို ဒီးမော့ဆို၊ လွိုင်ကော်မြို့နယ်များအပြင် ဘော်လခဲ၊ ဖရူဆို မြို့ နယ်များဘက်မှာပါ စစ်ကောင်စီက ဖြန့်ချထားသည်။
ကရင်နီတော်လှန်ရေးတပ်များက ၎င်းတို့ ကယားပြည်နယ်ကို အင်အား အလုံးအရင်းဖြင့် စစ်ကောင်စီက စစ်ဆင်ရေး လုပ်နေသည်မှာ ပြည်နယ်၏ မြို့တော် လွိုင်ကော်နှင့် ဒီးမော့ဆိုကို ထိန်းချုပ်နိုင်ရေး ရည်ရွယ်ဆောင်ရွက်နေခြင်း ဖြစ် သည်ဟု ရှုမြင်ကြောင်း ပြောဆိုကြသည်။

တဖက်တွင်လည်း နယ်မြေအရ အာဏာသိမ်း စစ်ခေါင်းဆောင်များ အခြေစိုက်ရာ နေပြည်တော်နှင့် နီးစပ်လွန်းနေ သဖြင့် နေပြည်တော်ကို ကာကွယ်ရန် ကယားကို စစ်ရေးအရ ပိုမို ဖိနှိပ်နေခြင်း ဖြစ်သည်ဟုလည်း ကရင်နီတော်လှန် ရေးတပ်ဖွဲ့ဝင် တချို့၏ သုံးသပ်ပြောဆိုမှုများလည်း ရှိသည်။
ဖယ်ခုံ PDF ၏ ပြောရေးဆိုခွင့်ရှိသူက “ကျနော်တို့ ဖယ်ခုံကနေ နေပြည်တော်ကို ဖောက်ထွက်မယ်ဆိုရင် ကြားထဲမှာ သူတို့ တားဆီးနိုင်ဖို့ ခက်တာတွေ ရှိတယ်။ ဖယ်ခုံမြို့နယ်ထဲကနေဆိုရင် နေပြည်တော်ဘက်ကိုဝင်ဖို့ အလွယ်ဆုံး လမ်းကြောင်းတွေမှာ ရှိနေတော့ အဲဒါတွေလည်း ဖြစ်နိုင်ပါတယ်” ဟု သုံးသပ်ပြောဆိုသည်။
စစ်ကောင်စီကို ပြင်းပြင်းထန်ထန် ခုခံတိုက်ခိုက်နေသည့် ကရင်နီတော်လှန်ရေးတပ်များ လှုပ်ရှားနေသော နယ်မြေ တခွင်သည် အာဏာသိမ်း စစ်ကောင်စီ၏ ရုံးစိုက်ရာ နေပြည်တော် ကောင်စီနယ်မြေနှင့် ထိစပ်နေသည်။
ကရင်နီတော်လှန်ရေးတပ်များထဲတွင် တဖွဲ့အပါအဝင် ဖြစ်သော ဖယ်ခုံ PDF များ လှုပ်ရှားသည့် ရှမ်းပြည်နယ်တောင် ပိုင်း ဖယ်ခုံမြို့နယ်အတွင်းမှ ကျေးရွာများသည် နေပြည်တော် ကောင်စီနယ်မြေ အတွင်းရှိ ပျဉ်းမနားမြို့နယ်၏ ကျေး လက်ဒေသနှင့် တဆက်တည်း တည်ရှိနေသည်။
ဖယ်ခုံမြို့နယ်သည် ကယားပြည်နယ် လွိုင်ကော်မြို့နယ်၊ ဒီးမော့ဆိုမြို့နယ်တို့နှင့် နယ်မြေထိစပ်နေပြီး ထို ရှမ်း-ကယား နယ်စပ် တကြောလုံးတွင် ကရင်နီတော်လှန်ရေးတပ်ဖွဲ့ ၆ ဖွဲ့ခန့်က စုပေါင်း လှုပ်ရှားကြသည်။
ကရင်နီတော်လှန်ရေးတပ်များသည် မြို့နယ်အလိုက် အခြေစိုက်ကာ လှုပ်ရှားကြသော်လည်း မြို့နယ်တခုတွင် စစ်ကောင်စီက အင်နှင့်အားနှင့် ဖိတိုက်လာပါက ကရင်နီတပ်အချင်းချင်း ပူးပေါင်းပြီး ပြန်လည် တိုက်ခိုက်ကြခြင်း ဖြစ် သည်။
ကရင်နီတော်လှန်ရေးတပ်များသည် လက်နက်ခဲယမ်းပိုင်းတွင် စစ်ကောင်စီတပ်များကို မယှဉ်ပြိုင်နိုင်သော်လည်း နယ်မြေကျွမ်းကျင်မှု၊ တိုက်ခိုက်ရေးနှင့် စိတ်ဓာတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုတွင် အားကောင်းမောင်းသန် ရှိကြသည်။
ကရင်နီတော်လှန်ရေးတပ်များထဲမှ စစ်အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာသည့် PDF ရဲဘော်များ လက်ထဲတွင် တူမီးများ၊ လက်လုပ်သေနတ်များသာ ရှိသော်လည်း မေလမှစ၍ ယနေ့အချိန်ထိ တိုက်ခိုက်နေသည့် တိုက်ပွဲပေါင်း ၉၀ နီးပါးလုံးတွင် စစ်ကောင်စီတပ်သား အများအပြား သေဆုံးအောင် တိုက်ခိုက်နိုင်ခဲ့သည်။
ထို့ကြောင့်လည်း နယ်မြေအရ အနီးစပ်ဆုံး ဖြစ်နေသည့်အပြင် စစ်ကောင်စီကို ပြင်းပြင်းထန်ထန် တော်လှန် တိုက်ခိုက် နေသည့် ကရင်နီတော်လှန်ရေးတပ်များသည် နေပြည်တော်ကို လှမ်းခြိမ်းခြောက်နေသည်ဟု အာဏာသိမ်း စစ်ခေါင်းဆောင်များက ယူဆပုံရသည်။
KNDF ၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက “အဓိကတော့ စစ်ကောင်စီရဲ့ ယန္တရားတွေ ပိုမို ခိုင်မာအောင် လုပ်ဖို့ အတွက် စစ်အင်အားတွေ ပိုတိုးထည့်တယ် ဆိုတာကတော့ သေချာသလောက် ရှိပါတယ်” ဟု ပြောသည်။
ကယားပြည်နယ်တွင်း တိုက်ပွဲများ ဖြစ်ပွားနေချိန်အတွင်း မြို့တော်ဖြစ်သည့် လွိုင်ကော်နှင့် ဒီးမော့ဆိုမြို့များတွင် စစ်ကောင်စီ၏ အုပ်ချုပ်ရေး ယန္တရားများအားလုံး ရပ်တန့်သွားပြီး အုပ်ချုပ်ရေး၊ ကျန်းမာရေး၊ ပညာရေး အားလုံး ရပ် ဆိုင်းထားရသဖြင့် ထိုကဏ္ဍများကို ပြန်လည် လည်ပတ်နိုင်ရန် စစ်ကောင်စီက ကြိုးစားနေသည်ဟု မြင်ကြောင်း KNDF ၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

စစ်ကောင်စီ အနေဖြင့် ကယားပြည်နယ်ကို ထိန်းချုပ်နိုင်ရေးအတွက် စစ်အင်အားများ ထပ်မံဖြည့်တင်းကာ စစ်ရေးအရ ဖိအားပေးခြင်း လုပ်ဆောင်မည်ဟုသာ ယူဆကြောင်း ပြောဆိုပြီး နေပြည်တော်နှင့် နီးစပ်ခြင်း ရှိနေ၍ တိုက်ခိုက်ခြင်း ဟုတ်မဟုတ်နှင့် ပတ်သက်၍ မှတ်ချက် တစုံတရာ ပေးခြင်း မရှိပါ။
မေလမှ ယခုအချိန်ထိ ဖြစ်နေသည့် တိုက်ပွဲကြားတွင် စစ်ကောင်စီ အနေဖြင့် လွိုင်ကော်၊ ဒီးမော့ဆိုမြို့နယ်များရှိ နယ်မြေများအားလုံးကို ထိန်းချုပ်နိုင်ခြင်း မရှိသလို ကရင်နီတော်လှန်ရေးတပ်များဘက်မှလည်း ထိန်းချုပ်နိုင်သည့် နယ်မြေများ မရှိသေးဘဲ နှစ်ဖက်လုံးက တိုက်ခိုက်နေကြဆဲ ဖြစ်သည်။
ကရင်နီတော်လှန်ရေးတပ်များသည် နေပြည်တော် ကောင်စီနယ်မြေနှင့် နီးစပ်သည့် ကျေးရွာများ၊ နယ်မြေများတွင် တိုက်ခိုက်ခြင်းများ မရှိသေးသော်လည်း သြဂုတ်လအတွင်းက နေပြည်တော်သို့ သွယ်တန်းထားသည့် လျှပ်စစ်တာဝါ တိုင် ၁ တိုင်ကို ဖျက်ဆီးခဲ့သည်။
ယင်းတာဝါတိုင်သည် ကယားပြည်နယ် လွိုင်ကော်မြို့နယ် လောပိတ ရေအားလျှပ်စစ်မှတဆင့် ဖယ်ခုံမြို့နယ်သို့ ဖြတ် သန်းကာ နေပြည်တော်သို့ သွယ်တန်းထားသည့် မဟာဓာတ်အားလိုင်း ၂ ခု အနက် ၁ ခု ဖြစ်သည်။
ဖယ်ခုံ PDF အနေဖြင့် ၎င်းတို့ ဖျက်ဆီးလိုက်သည့် တာဝါတိုင်သည် အရပ်သားများ သုံးစွဲသည့် တိုင်မဟုတ်ဘဲ စစ်ကောင်စီတပ်များ သီးသန့်သုံးသည့် ဓာတ်အားလိုင်းတိုင်ကိုသာ ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်ဟု ကြေညာခဲ့သည်။
စစ်ကောင်စီသည် နေပြည်တော်ကောင်စီနယ်မြေနှင့် အနီးဆုံး ပြည်နယ်တွင် ၎င်းတို့ကို ဖြုတ်ချနိုင်ရေး တော်လှန်တိုက် ခိုက်သည့် ကရင်နီတပ်များနှင့် ရင်ဆိုင်နေရသည့်အပြင် နေပြည်တော်နယ်မြေအတွင်း၌လည်း ၎င်းတို့အား အချိန်မရွေး တိုက်ခိုက်ရန် လေ့ကျင့်ထားသည့် PDF တပ်များနှင့် ရင်ဆိုင်နေရသည်။
နေပြည်တော် ကောင်စီနယ်မြေ အတွင်း၌လည်း စစ်ကောင်စီတပ်ကို ဦးတည်တိုက်ခိုက်သည့် ဖြစ်စဉ်များ ဖြစ်ပွားလျက် ရှိပြီး စက်တင်ဘာ ၂၉ ရက်နေ့က ပျဉ်းမနားမြို့တွင်း ဈေးဝယ်နေသည့် စစ်ကောင်စီ၏ ကား ၁ စီး ဗုံးဖြင့် တိုက်ခိုက်ခံခဲ့ ရသည်။
စက်တင်ဘာ ၃၀ ရက် ညနေပိုင်းတွင်လည်း စစ်ကောင်စီက သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေချိန်တွင် ပုဗ္ဗသီရီမြို့နယ်၊ ဘုရင့်နောင် ရပ်ကွက်အတွင်းရှိ စစ်ကောင်စီ၏ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ၏ ပစ္စည်းဝယ်ယူမှု ညွှန်ကြားရေး မှူးရုံး ဗုံးခွဲခံခဲ့ရသည်။
ထိုရုံးအတွင်းသို့ ဖောက်ခွဲခဲ့သည့် ဗုံးသည် ပေါက်ကွဲအား ပြင်းသဖြင့် ရုံအဆောက်အဦ ထိခိုက်ပျက်စီးမှု ရှိသည့်အပြင် စစ်ရုံးပရိဝုဏ်အတွင်း ရပ်ထားသည့် ကား ၁ စီးလည်း ပျက်စီးမှု ရှိခဲ့သည်။
ထိုကဲ့သို့ပင် နေပြည်တော် ကောင်စီနယ်မြေ အတွင်း၌လည်း အခြေအနေက တည်ငြိမ်ခြင်း မရှိပါ။
ကယားပြည်နယ်ဘက်တွင်လည်း စစ်ကောင်စီ၏ စစ်ကြောင်းများက ထပ်မံ တိုးဝင်ရန် ကြိုးစားနေဆဲဖြစ်ရာ စစ်ရေး အခြေအနေမှာ တည်ငြိမ်မှု မရှိပါ။
ကယားပြည်နယ်တွင်း ဝင်ရောက်ရန် ကြိုးစားနေသည့် စစ်ကောင်စီတပ်များသည် မိုးဗြဲမြို့ရှိ အမှတ် ၄၂၂ တပ်ရင်း ထဲတွင် ရှိနေဆဲ ဖြစ်သည်။
စစ်ကောင်စီ၏ စစ်ကြောင်းသည် ၄၂၂ တပ်ရင်းထဲမှ ထွက်လာပြီး ကယားပြည်နယ်တွင်း ထပ်မံဝင်ရောက်ရန် ကြိုးစား ပါက ကရင်နီတော်လှန်ရေးတပ်များနှင့် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားဦးမည် ဖြစ်သည်။ ။
You may also like these stories:
ပလက်ဝက စစ်ရှောင်များကို အာဏာသိမ်းစစ်တပ်က အိမ်ပြန်ခိုင်းနေ
စစ်ကောင်စီ မြေမြှုပ်မိုင်းများက အရပ်သားများကို ပစ်မှတ်ထား
လွိုင်ကော် တိုက်ပွဲ ပြင်းထန်၊ အရပ်သား ထောင်နှင့်ချီ ထွက်ပြေးနေရ