စစ်ကောင်စီ၏ ဖမ်းဆီးခြင်း ခံထားရသည့် ရန်ကုန်တိုင်း ဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်းသည် ဒေါ်အောင်ဆန်းစုကြည်ကို ရွှေ ၇ ပိဿာနှင့် ဒေါ်လာ ၆ သိန်းပေးခဲ့ကြောင်း တရားရုံးတွင် သက်သေထွက်ပြီးနောက် ဒေါ်အောင်ဆန်း စုကြည်က ယင်းပြောကြားချက် မဟုတ်မှန်ကြောင်း သူ၏ ရှေ့နေအဖွဲ့သို့ ပြောလာသည်။
ရှေ့နေဖြစ်သူက “သူ့ကို ပေးတာလည်း မရှိဘူး၊ တမင်သက်သက် ဒါဟာ အချုပ်ထဲမှာ နေတုန်းက အာဏာပိုင်တွေ ပြောခိုင်းတာကို ပြောတာ နေမှာပေါ့” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောပြကြောင်း ဆိုသည်။
ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်သည် ၎င်းအပေါ် စွဲဆိုထားသော အမှုများဆိုင်ရာ ပြောဆိုချက်များနှင့်ပတ်သက်၍ “အားလုံးက အဓိပ္ပာယ် မရှိဘူး” ဟု မှတ်ချက်ပေးကြောင်း ရှေ့နေတဦးက ပြောသည်။
မြန်မာပြည်သူ အများစုကမူ ဒေါ်အောင်ဆန်းစုကြည်သည် သူမကိုယ်တိုင် မနှစ်သက်ဟု ဆိုထားသည့် အဂတိလိုက်စားမှုကို ကျူးလွန်လိမ့်မည် မဟုတ်ဟု ယူဆပြီး သူမ၏ နိုင်ငံရေး သီလနှင့် ပတ်သက်၍ ယုံကြည်ကြသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် ဒေါ်အောင်ဆန်းစုကြည်သည် လာဘ်ယူခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်သည့် ဦးဖြိုးမင်းသိန်း၏ ထွက်ဆိုချက် ရုပ်သံ ထွက်ပေါ်ခဲ့စဉ်က လူအများက စစ်တပ်က လုပ်ကြံဖန်တီးထားသည့် အတု အဖြစ်သာ ယုံကြည်ခဲ့ကြသည်။
သို့သော်လည်း ယခုအခါ ဦးဖြိုးမင်းသိန်း ကိုယ်တိုင် လာရောက်သက်သေ ထွက်ခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေအဖွဲ့က ပြောလာသောအခါ လူ တော်တော်များများ အံ့ဩတုန်လှုပ်သွားကြသည်။
ထိုသို့ သက်သေထွက်ဆိုကြောင်း သတင်းများ ထွက်လာပြီးနောက် Facebook လူမှုကွန်ရက်တွင် ဦးဖြိုးမင်းသိန်းသည် စစ်ကောင်စီ၏ အတင်းအကျပ် ဖိအားကြောင့် လိမ်ညာထွက်ဆိုရသည်ဟု ယူဆကာ နားလည်ပေးကြသူများ ရှိသကဲ့သို့ စစ်ကောင်စီနှင့် ပူးပေါင်းကာ လိမ်ညာထွက်ဆိုခဲ့သည်ဆိုသည့် အယူအဆနှင့်အတူ ဦးဖြိုးမင်းသိန်းအပေါ် စိတ်ဆိုး ဒေါသထွက်ကြသူများလည်း ရှိသည်။
မည်သို့ပင်ဖြစ်စေ ဦးဖြိုးမင်းသိန်း ထွက်ဆိုချက်နှင့် ပတ်သက်၍ စိတ်ဝင်စားဖို့ ကောင်းသည်က ဒေါ်အောင်ဆန်းစုကြည်အပေါ် အမေတဦးကဲ့သို့ ကြည်ညိုလေးစားကြောင်း ပြောထားသည့် ဦးဖြိုးမင်းသိန်းသည် မည်သည့် အကြောင်းကြောင့် လာဘ်ယူကြောင်း သက်သေထွက်သနည်း ဆိုသည့် အချက်ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည် အပေါ် စွပ်စွဲခြင်း
အာဏာသိမ်း စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထားပြီး အဂတိ လိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ ဖြင့် အမှု ၅ မှု အပါအဝင် စုစုပေါင်း အမှု ၁၁ မှု ဖြင့် တရားစွဲဆိုထားသည်။
အဆိုပါ အမှု ၁၁ မှုပေါင်းပြီး အမိန့်ချလိုက်ပါက အသက် ၇၆ နှစ်အရွယ်ရှိ ဒေါ်အောင်ဆန်းစုကြည်ကို စုစုပေါင်း ထောင်ဒဏ် နှစ် ၁၀၀ ကျော် ချမှတ်နိုင်မည့် အခြေအနေ ရှိသည်။
ဦးဖြိုးမင်းသိန်း ကိုယ်တိုင် အောက်တိုဘာလ ၁ ရက် ရုံးချိန်းတွင် တရားလိုပြ သက်သေတဦးအနေဖြင့် တရားခွင် အတွင်း သက်သေ လာရောက်ထွက်ဆိုခဲ့ရာ၌ စစ်ကောင်စီထံ ထွက်ဆိုခဲ့သည့် ရုပ်သံမှတ်တမ်းထဲက အတိုင်းပင် တရားခွင်တွင် ထွက်ဆိုခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေထံက သိရသည်။
သို့သော် ဦးဖြိုးမင်းသိန်းသည် သိသိသာသာ ပိန်ချုံးနေပြီး ဒေါ်အောင်ဆန်းစုကြည်ကို မျက်နှာချင်းဆိုင် မကြည့်ရဲကာ ထွက်ချက်ကိုလည်း အင်မတန် တိုးညင်းစွာ ပြောကြောင်း ရှေ့နေများက ပြောသည်။
ထွက်ချက်မှာ တိုးလွန်းသဖြင့် အသံကျယ်ကျယ်ပြောရန် ရှေ့နေများက ပြောသောအခါ ဦးဖြိုးမင်းသိန်းက သူ့အနေဖြင့် နှလုံး မကောင်းသကဲ့သို့ ကိုဗစ်၂ ခါ ပြန်ကူးထားသဖြင့် ကျန်းမာရေး မကောင်းကြောင်း ပြောဆိုသည်။ နောက်ဆုံးတွင် အသံတိုးလွန်းသဖြင့် ဒေါ်အောင်ဆန်းစုကြည်ဘက်မှ ရှေ့နေ ၂ ဦးက ဦးဖြိုးမင်းသိန်း အနားကပ်၍ နားထောင်ခဲ့ရကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေအဖွဲ့က ပြောပြသည်။
တရားခွင်တွင် ဦးဖြိုးမင်းသိန်းက၂၀၁၇ ၊ ၂၀၁၈ နှင့် ၂၀၁၉ ခုနှစ်များတွင် ၎င်းကိုယ်တိုင် နေပြည်တော်သို့ လာရောက်ပြီး ဒေါ်အောင်ဆန်းစုကြည်ထံ အမေရိကန် ဒေါ်လာ ၆ သိန်းနှင့် အကယ်ဒမီ အခေါက်ရွှေ ၇ ပိဿာ ပေးခဲ့ကြောင်း ပြောသည်။
“ဒေါ်အောင်ဆန်းစုကြည် ကိုယ်ရေးကိုယ်တာအတွက်ပဲ သုံးသုံး၊ ပါတီအောင်နိုင်ရေးအတွက်ပဲ သုံးသုံး၊ ဒေါ်ခင်ကြည် ဖောင်ဒေးရှင်း အတွက်ပဲ သုံးသုံး လိုတဲ့နေရာမှာ သုံးပါဆိုပြီး ကျနော်ကိုယ်တိုင် ဒေါ်အောင်ဆန်းစုကြည် လက်ထဲ ထည့်ပေးခဲ့တာ ဖြစ်ပါတယ်” ဟု ဦးဖြိုးမင်းသိန်းက ပြောဆိုခဲ့ကြောင်း ရှေ့နေအဖွဲ့ထံက သိရသည်။
ရွှေနှင့် ဒေါ်လာများသည် ဦးဖြိုးမင်းသိန်းနှင့် ဇနီးဖြစ်သူ ပိုင်ဆိုင်သည့် ပစ္စည်းများဖြစ်ပြီး လာဘ်ပေးရသည့် ရည်ရွယ်ချက်သည် ရန်ကုန်တိုင်းအတွင်းက ဆောင်ရွက်ချက်များကို ထောက်ခံ စောင့်ရှောက်ပေးရန် ဖြစ်သည်ဟု ထွက်ဆို ကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေအဖွဲ့က ပြောသည်။
ထွက်ဆိုချက်အရ ဆိုရလျှင် ဦးဖြိုးမင်းသိန်းအား ပေးရန် တောင်းခြင်းမျိုး မဟုတ်ဘဲ ၎င်းက ပေးခဲ့ခြင်းသာ ဖြစ်သည်။
ထို့ပြင် အခြားတိုင်းနှင့် ပြည်နယ် ဝန်ကြီးချုပ်များ အဂတိ လိုက်စားမှုဖြင့် အမှုဖွင့်ခံထားရစဉ်တွင် ဦးဖြိုးမင်းသိန်းကဲ့သို လာဘ်ပေးသည့် ဝန်ကြီးချုပ်တဦးက မည်သည့်အမှုနှင့်မျှ တရားစွဲခံထားရခြင်း မရှိသေးသည်မှာ အတော် ထူးဆန်းပြီး မည်သည့် အကြောင်းကြောင့်နည်းဟု မေးခွန်း ထုတ်စရာ ရှိသည်။
ဦးဖြိုးမင်းသိန်း ထွက်ချက်အပေါ် NLD အမြင်
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီဝင်များကမူ NLD ဗဟို အလုပ်အမှုဆောင် တဦးဖြစ်သည့် ဦးဖြိုးမင်းသိန်းက ပါတီ ဥက္ကဋ္ဌ ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်အား လာဘ်ယူသည်ဟု သက်သေထွက်ပေးခြင်းသည် စစ်ကောင်စီ၏ ဖိအားကြောင့် လိမ်ညာထွက်ဆိုခြင်း ဖြစ်နိုင်ကြောင်း ရှုမြင်ကြသည်။
“ဒီလိုမျိုး အခင်းအကျင်းတွေ အားလုံးဟာ အာဏာရှင်တခုရဲ့ လက်အောက်မှာဆိုရင် အချိန်မရွေး ဖြစ်နိုင်ပါတယ်” ဟု NLD ပါတီမှ ဒလမြို့နယ်၊ မဲဆန္ဒနယ်အမှတ်-၂ ၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးဘိုဘိုဦးက မှတ်ချက် ပေးသည်။
ဒေါ်အောင်ဆန်းစုကြည်က ဦးဖြိုးမင်းသိန်း၏ ထွက်ဆိုချက်များ မမှန်ကန်ကြောင်း ရှေ့နေအဖွဲ့ကို ပြောခြင်းသည် သူမ အမှန်တကယ် မယူခဲ့သဖြင့် ပြောဆိုခြင်းသာ ဖြစ်ကြောင်း ၎င်းက ဧရာဝတီသို့ ပြောသည်။ ဆက်လက်၍ ဦးဘိုဘိုဦးက ဦးဖြိုးမင်းသိန်းအနေနှင့် မှန်ရာကို မထွက်ကြောင်းဆိုသည်။
“ဒေါ်အောင်ဆန်းစုကြည် ဆိုတာက ဒီမိုကရေစီ အရေးပဲဗျ။ ဒီမိုကရေစီ အရေးမှာ သူဟာ အဆုံးအစွန်အထိ ကာကွယ်မှု မပေးသွားဘူးလို့ပဲ ကျနော် သုံးသပ်ပါတယ်။ သဘောကဗျာ ဒီကိစ္စတခုမှာ မာမာချာချာ ရပ်တည်ပြီးတော့ မဟုတ်တာ တခုကို မထွက်သင့်ဘူးလို့ ကျနော်တော့ မြင်တာပေါ့။ ဒါကတော့ နိုင်ငံရေး သိက္ခာနဲ့လည်း ဆိုင်တယ်” ဟု ၎င်းက မှတ်ချက်ပေးသည်။
ဦးဖြိုးမင်းသိန်း အနေနှင့် တရားခွင်တွင် သက်သေထွက်သည့် တလျှောက်လုံး ဒေါ်အောင်ဆန်းစုကြည် မျက်နှာကို မကြည့်ရှုခဲ့ခြင်းသည် ၎င်းအမှား လုပ်ထားသဖြင့် မကြည့်ရဲခြင်း ဖြစ်နိုင်ကြောင်း ဦးဘိုဘိုဦးက ပြောသည်။
“ကျနော် ထင်တာတော့ Guilty conscious ပေါ့ဗျာ။ သူ့ကိုယ်သူ အပြစ်ရှိတယ်လို့ ခံစားရလို့ပေါ့။ ကျနော် သိသလောက်တော့ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း အမေ တယောက်လို လေးစားကြည်ညို ချစ်ခင်တာပဲဗျာ။ အခုလို အခြေအနေမှာ ဒီလိုလုပ်ရတော့ ဘယ်လို မျက်နှာမျိုးနဲ့ ရင်ဆိုင်မလဲပေါ့ဗျာ” ဟု ၎င်းက သုံးသပ်သည်။
ဘာကြောင့် ဦးဖြိုးမင်းသိန်း သက်သေ ထွက်သလဲ
နိုင်ငံရေး လေ့လာသုံးသပ်သူများကမူ ဦးဖြိုးမင်းသိန်းသည် မူဝါဒအပေါ် အခြေပြု ရပ်တည်သူ မဟုတ်ဘဲ အခြေအနေပေါ် မူတည်ကာ ပြောင်းလဲ တုံ့ပြန်တတ်သူ ဖြစ်ပြီး စိတ်ဓာတ်ကြံ့ခိုင်မှု အားနည်းသဖြင့် ဒေါ်အောင်ဆန်းစုကြည် လာဘ် ယူသည်ဟု ထွက်ဆိုခြင်းဖြစ်နိုင်ကြောင်း သုံးသပ်ကြသည်။
မြန်မာနိုင်ငံ အခြေစိုက် နိုင်ငံရေး လေ့လာသုံးသပ်သူ တဦးကမူ ဦးဖြိုးမင်းသိန်းသည် ၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင်က ပြည်ထောင်စု ဒီမိုကရေစီပါတီ ဆိုသည့် နိုင်ငံရေးပါတီတရပ် ထူထောင်လှုပ်ရှားဖူးသူဖြစ်ပြီး NLD ပါတီ၏ ငယ်မွေးခြံပေါက် နိုင်ငံရေးသမား မဟုတ်ဟု ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည် နောက်ဆုံးအကြိမ် နေအိမ် အကျယ်ချုပ်ပြန်လွတ်ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်နှင့် ပါတီခေါင်းဆောင်များ၏ ယုံကြည်မှုကို ဦးဖြိုးမင်းသိန်း ရယူတည်ဆောက်နိုင်ခဲ့သည်။ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှ စပြီး ပါတီ၏ ရွေးကောက်ခံကိုယ်စားလှယ်ဖြစ်လာသည်။
ထိုကဲ့သို့သော သူကို ဒေါ်အောင်ဆန်းစုကြည်က ယုံကြည်ပြီး ပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်အဖြစ် ခန့်ကာ ရန်ကုန်တိုင်း ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခဲ့ခြင်းသည် ဒေါ်အောင်ဆန်းစုကြည်အနေနှင့် အတွက်အချက် မှားခဲ့ခြင်း ဖြစ်နိုင်ကြောင်း ၎င်းက ဆိုသည်။
“NLD ရဲ့ ဒုက္ခ၊ သုက္ခတွေနဲ့ ဖြတ်သန်းလာခဲ့တဲ့ သူလည်း မဟုတ်ဘူး။ အဲဒီလို လူတယောက်ကို ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီလို အရေးကြီးတဲ့ တာဝန်တရပ်ပေး လိုက်တာက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖြိုးမင်းသိန်းနဲ့ ပတ်သက်တဲ့ အတွက်အချက်၊ အကဲဖြတ်ချက် တိမ်းစောင်း လွဲချော်မှု ရှိခဲ့တယ်လို့ ပြောလို့ရတယ်” ဟု မြန်မာနိုင်ငံ အခြေစိုက် နိုင်ငံရေး လေ့လာသုံးသပ်သူ တဦးက ပြောသည်။
လက်ရှိ အချိန်အထိ ဖမ်းဆီးခံထားရသည့် NLD ပါတီအမာခံ ခေါင်းဆောင်ပိုင်းများတွင် ဦးဖြိုးမင်းသိန်းကဲ့သို့ သက်သေ ထွက်ဆိုသူ မရှိသေး ဟုလည်း ၎င်းက ထောက်ပြသည်။
“လမ်းခုလတ်မှာ သူဟာ စွန့်လိုက်တယ်။ အဲဒီလို စွန့်လိုက်တဲ့ အကြောင်းကိစ္စကတော့ သူ့မှာ ရှိပါလိမ့်မယ်။ သူ့မိန်းမလည်း အဖမ်းခံရတယ်။ သူ့ကိုလည်း အချုပ်ထဲထားတယ်။ ဆေးလည်း ကောင်းကောင်း ကုမပေးဘူး။ စသဖြင့် ရှိလိမ့်မယ်။ သို့သော် အဲဒါက သူတယောက်တည်း မဟုတ်ဘူး။ NLD မှာလည်း ကိုဗစ်နဲ့ သေဆုံးသွားတဲ့ ဦးဉာဏ်ဝင်းလို ခေါင်းဆောင်တွေလည်း ရှိတာပဲ။ အဲဒီလူတွေလို သူက မတောင့်ခံနိုင်ဘူး။ တော်လှန်ရေး လမ်းခုလတ်မှာ နိုင်ငံရေး တက်ကျိုးသွားတဲ့ ပုဂ္ဂိုလ်တယောက်လို့ပဲ ပြောချင်ပါတယ်” ဟု မြန်မာနိုင်ငံအခြေစိုက် နိုင်ငံရေး လေ့လာသုံးသပ်သူ တဦးက မှတ်ချက်ပေးသည်။
အမေရိကန်အခြေစိုက် နိုင်ငံရေး လေ့လာသုံးသပ်သူတဦးကလည်း ဦးဖြိုးမင်းသိန်း ယခုကဲ့သို့ ၎င်း၏ ပါတီခေါင်း ဆောင်အပေါ် လာဘ်ယူသည်ဟု စွပ်စွဲလာသည့် ဖြစ်ရပ်သည် အာဏာသိမ်းစစ်တပ်၏ အငြိုးအတေးကြီးမှုနှင့် လက်စားချေလိုစိတ် ကြီးမှုကို ဖော်ပြနေခြင်း ဖြစ်ကြောင်း သုံးသပ်သည်။
ဦးဖြိုးမင်းသိန်းသည် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဖြစ်သူ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ရာထူးအဆင့်အတန်းကိုလည်း ဝေဖန်ခဲ့ဖူးသည်။
၂၀၁၇ ခုနှစ် ဇူလိုင်တွင် ဆီဒိုနားဟိုတယ်၌ ပြုလုပ်သည့် အလုပ်ရုံ ဆွေးနွေးပွဲ၌ ဦးဖြိုးမင်းသိန်းက ဒီမိုကရေစီခေတ်တွင် စစ်ဘက်- အရပ်ဘက် ဆက်ဆံရေး မရှိကြောင်း ပရိုတိုကော အရဆိုပါက တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် ညွှန်ကြားရေးမှူးချုပ် အဆင့်သာ ရှိကြောင်း ပြောဆိုခဲ့သည်။
စစ်တပ်ဘက်က ဦးဖြိုးမင်းသိန်းသည် အစိုးရနှင့် တပ်မတော်ကြား ဆက်ဆံရေးကို ခက်ခဲစေသူဟု ကြေညာခဲ့ပြီး ပြန်လည် တောင်းပန်ရန် တောင်းဆိုခဲ့ရာ ဦးဖြိုးမင်းသိန်း တောင်းပန်ခဲ့ရသည်။
တချိန်က တပ်ချုပ်ကို ဝေဖန်ခဲ့သည့် ဦးဖြိုးမင်းသိန်းကို အာဏာသိမ်းပြီးနောက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဥက္ကဋ္ဌ လုပ်နေသည့် စစ်ကောင်စီဘက်က ဒေါ်အောင်ဆန်းစုကြည်ကို စွပ်စွဲ ထွက်ဆိုရန် ပြန်သုံးလာခြင်းသည် စစ်တပ်၏ အငြိုးအတေးကြီးမှုနှင့် လက်စားချေလိုမှုကို ဖော်ပြနေခြင်း ဖြစ်နိုင်ကြောင်း အမေရိကန်အခြေစိုက် နိုင်ငံရေး သုတေသီက သုံးသပ်သည်။
“စစ်တပ်က NLD ပါတီ ခေါင်းဆောင်တွေနဲ့ ပါတီကြားထဲမှာ အဟ ဖြစ်သွားအောင် ခေါင်းမရှိတဲ့ ကိုယ်ဖြစ်အောင် ဒီလိုလုပ်နေတဲ့ သဘောဘက်ကို ရောက်နေတယ်။ သူ့ရဲ့ ဒီလို အမှုတွေ ဆောင်ရွက်နေတဲ့ ရည်ရွယ်ချက်ကိုက အမှုတွေ ဆင်နေတာတွေ အကုန်လုံးက အာဏာထိန်းဖို့ထက် အာဏာထူထောင်ဖို့ ခြေလှမ်းတွေပဲ” ဟု ၎င်းက ဆိုသည်။
ဦးဖြိုးမင်းသိန်း နိုင်ငံရေးထဲ ဆက်ရှိနေဦးမလား
လက်ရှိတွင် ဦးဖြိုးမင်းသိန်းသည် မြန်မာတနိုင်ငံလုံးက ၎င်းအပေါ် မည်ကဲ့သို့ ထင်မြင်ယူဆသည် ဖြစ်စေ ဒေါ်အောင်ဆန်းစုကြည်အား ၎င်းပေးသော လာဘ်ကို ယူသည်ဟု တရားရုံးတွင် တရားဝင် ထွက်ဆိုသွားပြီ ဖြစ်သည်။
ဥပဒေကြောင်းအရ ဦးဖြိုးမင်းသိန်း မည်ကဲ့သို့ ဆက်ဖြစ်မည်ဆိုသည်မှာ မရှင်းလင်းသေးသော်လည်း ၎င်း၏ မြန်မာ့နိုင်ငံရေးတွင် ဒီမိုကရေစီ လှုပ်ရှားမှုဘက်မှ ပါဝင်ဆောင်ရွက်နိုင်မည့် အခြေအနေကမူ ၎င်း၏ ရပ်တည်ချက် ပြောင်းလဲမှုနှင့်အတူ ပြီးဆုံးသွားပြီဟု လေ့လာသူအချို့က ဆိုကြသည်။
မြန်မာနိုင်ငံ အခြေစိုက် နိုင်ငံရေး လေ့လာသူတဦးက “ဦးဖြိုးမင်းသိန်းရဲ့ နိုင်ငံရေးကတော့ ဗမာပြည်မှာ အလားအလာ မရှိတော့ဘူးလို့ပဲ ပြောရမှာပေါ့” ဟု မှတ်ချက်ပေးသည်။
အမေရိကန်နိုင်ငံ အခြေစိုက် နိုင်ငံရေး လေ့လာသုံးသပ်သူကလည်း ဦးဖြိုးမင်းသိန်း မကြာမီ အချုပ်မှ လွတ်မြောက်ပြီး ပုဂ္ဂိုလ်ရေး သက်တောင့်သက်သာ နေနိုင်မည် ဖြစ်သော်လည်း နိုင်ငံရေး သေသွားပြီဟု ဆိုသည်။ “ဒီမိုကရေစီ လှုပ်ရှားမှု အနေနဲ့ ပြောရရင်တော့ ဖြိုးမင်းသိန်းက သူ့ကိုယ်သူ သတ်သေလိုက်တာပဲ။ တနည်းပြောရရင် သူ လဲလိုက်တာပေါ့” ဟု မှတ်ချက်ပေးသည်။
You may also like these stories:
ဦးဖြိုးမင်းသိန်း၏ နိုင်ငံရေး အချိုးအကွေ့ အတက်အကျများ
ဦးဖြိုးမင်းသိန်း ထွက်ဆိုချက် ဒေါ်အောင်ဆန်းစုကြည် ငြင်းဆို
ပုဒ်မ ၅၀၅-ခ စွပ်စွဲချက် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ခုခံချေပမည်
နမခ တိုင်းမှူး ဗိုလ်မှူးချုပ် ဖြိုးသန့် တပ်ကို စွန့်ခွာရန် ပြင်သဖြင့် ထိန်းသိမ်းခံရဟုဆို