ချင်းပြည်နယ်ဟု ဆိုလိုက်လျှင် ချယ်ရီပန်း၊ တောင်ဇလပ်ပန်းတို့ဖြင့် လှပသည့် ဌာနေတခုအဖြစ် ဖွဲ့နွဲ့တင်စားလေ့ ရှိကြသည်။ ထို့အတူ မြင့်မားမတ်စောက်သည့် တောင်တန်းအသွယ်သွယ် ယှက်သွယ်နေသည်ကလည်း ချင်းတို့ ဌာနေ၏ သရုပ်သဏ္ဍာန်တခုဟု ဆိုရပေမည်။
အောက်ချင်းငှက်ကလည်း ချင်းတို့ဌာနေ၏ အမှတ်အသားတခု ဖြစ်သည်။ တောင်နှင့်တောင်ခိုး တောင်ကို မိုးကာ နှစ်ပေါင်းများစွာ ငြိမ်းချမ်းခဲ့သည့် ပြည်နယ်တခုလည်း ဖြစ်သည်။
သို့သော် ယခု အချိန်အခါတွင်တော့ များစွာ ပြောင်းလဲခဲ့ပေပြီ။ ချင်းပြည်နယ်တွင် တောင်ခိုး မြူခိုးတို့နှင့်အတူ ယမ်းခိုး တို့ဖြင့် ဝေနေပြီ၊ တူမီးယမ်းခိုးများသည် ၂၀၂၁ ခုနှစ် ချင်းပြည်နယ်၏ အမှတ်လက္ခဏာတခု ဖြစ်၍လာနေပြီ ဖြစ်သည်။
ချင်းလူမျိုး
ချင်းလူမျိုးတို့သည် မြန်မာ၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ ရှ်နိုင်ငံများတွင် ဖြန့်ကျက်နေထိုင်ကြသည်။ မူလချင်းဒေသက တဆက်စပ်ထဲ ဖြစ်သော်လည်း အင်္ဂလိပ်တို့က အိန္ဒိယနှင့် မြန်မာပြည် အုပ်ချုပ်ရေး ခွဲခြားစဉ်က ချင်းဒေသသည် အိန္ဒိယတွင် ပါဝင်သည့်အပိုင်းနှင့် မြန်မာပြည်တွင်း ပါဝင်သည့်အပိုင်း ကွဲပြားခဲ့သည်။
တဖန် အိန္ဒိယနှင့် ပါကစ္စတန် (ယခု ဘင်္ဂလားဒေ့ရှ်) ခွဲသောအခါတွင်လည်း အိန္ဒိယအတွင်းရှိ ချင်းဒေသ ဟူ၍ ထပ်မံ ခွဲခြမ်းခံရသည်ဟု ဆိုကြပါသည်။
မြန်မာပြည် နယ်နမိတ်အတွင်း နေထိုင်ကြသော ချင်းလူမျိုးများသည် မြောက်ဘက် စာရာမေရိတောင် ရှိရာ စံမရတောင်တန်း၊ အနောက်တောင်ဘက် မဏိပူရနယ်ထိ၊ ထိုနယ်၏တောင်ဘက် ချင်းဒေသဖြစ်သည့် ဟာခါး၊ ဖလမ်း၊ တီးတိန်ဒေသနှင့် ၎င်း၏တောင်ဘက် ခေါနူးသုမ် တောင်တဝိုက်ရှိ တောင်တန်းများ၊ ရခိုင်ရိုးမတောင်တန်းနှင့် ကုလားတန်မြစ်၏ မြောက်ဘက်ဒေသများ၊ ရခိုင်ရိုးမအရှေ့ခြမ်း ပြည်၊ သရက်၊ မင်းဘူးခရိုင်နှင့် စစ်ကိုင်းတိုင်း အနောက် ဘက်ခြမ်းတို့တွင် နေထိုင်ကြသည်။
လက်ရှိ ချင်းပြည်နယ်မှာ ဟားခါး၊ ဖလမ်း၊ မင်းတပ်၊ ပလက်ဝ ဒေသတို့ ပါဝင်သော ချင်းတောင်တန်း ဖြစ်သည်။
ချင်းပြည်နယ်
ချင်းပြည်နယ်သည် တောတောင် ထူထပ်သည်။ အမြင့်ဆုံးတောင် ဖြစ်သည့် ခေါနူးသုမ် (ခ) ဝိတိုရိယတောင် (ခ) နတ်မတောင်သည် အမြင့်ပေ ၁၀,၅၀၀ ပေ မြင့်ပြီး ချင်းပြည်နယ်ရှိ ဒုတိယ အမြင့်ဆုံးတောင်ဖြစ်သည့် ကနေဒီတောင် (ခ) လေသာတောင်သည် ၂၇၀၃ မီတာ (ပေ ၈၀၀၀ ကျော်) မြင့်သည်။
ချင်းပြည်နယ် တခုလုံး ပေ ၄၀၀၀ နှင့် ပေ ၅၀၀၀ အထက် မြင့်မားမတ်စောက်သည့် တောင်တန်းများ တည်ရှိနေပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည်။ ချင်းပြည်နယ်အတွင်း တနေရာမှ တနေရာသို့ သွားရန်ပင် ခက်ခဲသည့် အခြေ အနေများ ရှိနေဆဲ ဖြစ်သည်။
ချင်းပြည်နယ်သည် မြန်မာပြည် အနောက်ဘက်တွင် ရှိသည့် ပြည်နယ်တခု ဖြစ်ပြီး ချင်းပြည်နယ်၏ အရှေ့ဘက်တွင် စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်း၊ မြောက်ဘက်တွင် အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်၊ အနောက်ဘက်တွင် အိန္ဒိယနိုင်ငံ မီဇို ရမ်ပြည်နယ်၊ တောင်ဘက်တွင် ရခိုင်ပြည်နယ်တို့နှင့် ထိစပ်နေသည်။
ချင်းပြည်နယ်၏ အကျယ်အဝန်းသည် ၃၆,၀၁၉ စတုန်းရန်းကီလိုမီတာ (၁၃,၉၀၇ စတုရန်းမိုင်) ရှိပြီး ဖလမ်း၊ ဟားခါး၊ မင်းတပ်၊ မတူပီခရိုင် ဟူ၍ ခရိုင် ၄ ခု သတ်မှတ် ပိုင်းခြားထားကာ ဖလမ်းခရိုင်တွင် ဖလမ်း၊ တီးတိန်၊ တွန်းဇံ၊ ဟားခါး ခရိုင်တွင် ဟားခါး၊ ထန်တလန်၊ မင်းတပ်ခရိုင်တွင် မင်းတပ်၊ ကန် ပက်လက်၊ မတူပီခရိုင်တွင် မတူပီ၊ ပလက်ဝ မြို့နယ် ဟူ၍ ၉ မြို့နယ် ပါဝင်သည်။
ချင်းပြည်နယ်အတွင်း ခရိုင် ၄ ခု၊ မြို့နယ် ၉ မြို့နယ်၊ မြို့ ၁၈ မြို့၊ ရပ်ကွက် ၆၆ ရွာ၊ ကျေးရွာအုပ်စု ၄၆၄ အုပ်စု၊ ကျေး ရွာပေါင်း ၁,၃၄၇ ရွာ ရှိပြီး ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ ၄၇၈,၈၀၁ ဦး ရှိသည်။
ယခုအခါ လူဦးရေ ၅ သိန်းကျော် ရှိသည်ဟု သိရပြီး ကယားပြည်နယ်ပြီးလျှင် ဒုတိယ လူဦးရေအနည်းဆုံး ပြည်နယ် ဖြစ်သည်။ ချင်းပြည်နယ်သည် ဝ ဒေသထက် နှစ်ဆကျယ်ပြီး လူဦးရေမှာ အတူတူခန့် ရှိသည်။
မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ် ထုတ်ပြန်ချက်များအရ ချင်းပြည်နယ်တွင် လူမျိုး ၅၃ မျိုး ရှိသည်ဟု ဖော်ပြပြီး ချင်းတိုင်းရင်းသား ခေါင်းဆောင်အချို့က ထိုမျိုးနွယ်စုကွဲ အရေအတွက်အား ပြန်လည်စိစစ်ရန် လိုသည်ဟု ဆိုသည်။
၎င်းတို့ အားလုံးနီးပါးမှာ ချင်းမျိုးနွယ်စုများ ဖြစ်ပြီး သွားလာရေး ခက်ခဲသော တောင်တန်းဒေသတွင် နေထိုင်ကြသည် ဖြစ်ရာ တနယ်နှင့်တနယ် ဘာသာစကား မတူကွဲပြားမှုအချို့ ရှိခြင်းဖြစ်သည်ဟု ဆိုကြသည်။
ယခင် လမ်းပန်းဆက်သွယ်မှု အလွန်ခက်ခဲသည့် ကာလက တီးတိန် တွန်းဇံဒေသ၊ ဟားခါး ဖလမ်း ထန်တလန် ဒေသ၊ မင်းတပ် ကန်ပက်လက် မတူပီဒေသ၊ ပလက်ဝဒေသ စသည်တို့သည် ဒေသတခုချင်းအတွင်း ကူးသန်းသွားလာမှုအရ လွယ်ကူ၍ ပိုမိုနီးစပ်မှုရှိကြသော်လည်း အဆိုပါ ဒေသတခုနှင့် တခုမှာ သွားလာရေး ခက်ခဲသဖြင့် ကွာဟမှုများ ရှိခဲ့သည်ဟု ဆိုရမည်။
ဤသို့ တောင်တန်းဒေသ သွားလာရေး ခက်ခဲသဖြင့် တောင်ကြောအလိုက် ရွာတည်၍ စုစည်းနေကြသော မျိုးနွယ်စု တခုနှင့်တခု ဘာသာစကား ကွဲပြားလေ့ရှိသည်ကို ဝ နယ်တွင်လည်း တွေ့ခဲ့ရဖူးသည်။
နောင် တစုတစည်းထဲ ဖြစ်လာသည့်အခါ၊ သွားရေးလာရေး အဆင်ပြေပြီး အမြဲထိတွေ့ဆက်ဆံမှုများ ရှိလာသည့်အခါ ဘုံတူညီသည့် ဘာသာစကားတခု ပေါ်ထွက်လာသည်။
ယခုအခါ ငါတို့ အားလုံးသည် ချင်းအမျိုးသားများသာ ဖြစ်ကြသည်ဟူသည့် ကြွေးကြော်သံအောက်တွင် စုစည်းရန် ကြိုးစားနေကြသကဲ့သို့ လက်တွေ့လည်း စုစည်းလာနေပြီ ဖြစ်သည်ကို တွေ့ရသည်။ အကန့်အသတ် အချို့ ကိုတော့ ကျော်လွှားရန် လိုပေဦးမည်။
ချင်းလူမျိုးသည် ချင်းပြည်နယ်တွင်သာမက အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံများအတွင်း၌ပါ ပျံ့နှံ့နေထိုင်ကြ သကဲ့သို့ မြန်မာပြည် အခြားအရပ်ဒေသများတွင်လည်း ပျံ့နှံ့နေထိုင်ကြသည်ကို တွေ့ရသည်။
ချင်းလူ့အခွင့်အရေးအဖွဲ့က ပြုစုထားသော စာရင်းအရ ရခိုင်ပြည်နယ်တွင် ၁၀၀,၀၀၀၊ စစ်ကိုင်းတိုင်းတွင် ၂၀၀,၀၀၀၊ မကွေးတိုင်းတွင် ၁၅၀,၀၀၀၊ ပဲခူးတွင် ၄၀,၀၀၀၊ ဧရာဝတီတွင် ၂၀,၀၀၀၊ ရန်ကုန်တွင် ၄၀,၀၀၀၊ ကရင်/ရှမ်း/မန္တလေး တွင် ၁၀,၀၀၀ စုစုပေါင်း ၅၆၀,၀၀၀ ရှိပေရာ ချင်းပြည်နယ်အတွင်းရှိ ချင်း လူဦးရေထက်ပင် များနေသည်ကို တွေ့ရသည်။
ထို့ပြင် နိုင်ငံခြားသို့ ပြောင်းရွှေ့အခြေချခြင်း၊ အလုပ်သွားရောက် လုပ်ကိုင်ခြင်း ပြုသည့် ချင်းလူဦးရေမှာ ချင်းလူ့အခွင့် အရေးအဖွဲ့၏ စာရင်းအရ အမေရိကားတွင် ၆၀,၀၀၀၊ မလေးရှားတွင် ၅၀,၀၀၀၊ ဩစတေးလျတွင် ၁၀,၀၀၀ တို့ဖြင့် အများဆုံး ရှိကြပြီး အခြားတိုင်းပြည်များတွင်လည်း ပျံ့နှံ့နေထိုင်လုပ်ကိုင်နေကြရာ နိုင်ငံခြားသို့ သွားရောက် အလုပ်လုပ် ကိုင်သူ၊ ပြောင်းရွှေ့ အခြေချနေထိုင်သူ ၁ သိန်းကျော် ရှိကြောင်း သိရသည်။
ချင်းပြည်နယ်သည် မြန်မာပြည်တွင် ဖွံ့ဖြိုးမှု အနည်းဆုံးနှင့် အဆင်းရဲဆုံး ပြည်နယ် ဖြစ်သည်။ ထို့ပြင် ဒေသတွင်း သယံဇာတ ထွက်ရှိမှု နည်းပြီး အလုပ်အကိုင် အခွင့်အလမ်းလည်း ရှားပါးသည်။
ထို့ကြောင့်လည်း နိုင်ငံရပ်ခြားအပါ အခြားဒေသသို့ပြောင်းရွှေ့ အခြေချသူ၊ အလုပ်လုပ်ကိုင်သူ များပြားသည်။ ချင်း လူမျိုးများတွင် ပညာတတ်များ ထွက်ပေါ်လာပြီ ဖြစ်သော်လည်း အများစုမှာ ကျေးလက်နေ၊ တောင်ပေါ်နေ တောင်ပေါ် သားများသာ ဖြစ်သည်။
ချင်းပြည်တွင် အများဆုံး ကိုးကွယ်သည့် ဘာသာမှာ နှစ်ခြင်းခရစ်ယာန် ဖြစ်သည်။
ချင်းပြည်နယ် နိုင်ငံရေးဖြတ်သန်းမှု
မြန်မာဘုရင် ကုန်းဘောင်ခေတ်က ချင်းပြည်နယ် အချို့ဒေသများတွင် စော်ဘွားစနစ် ရှိသော်လည်း အင်္ဂလိပ်တို့ သိမ်း ပိုက်ပြီးနောက် တိုက်သူကြီးစနစ်ဖြင့် အုပ်ချုပ်ခဲ့သည်ဟု သိရသည်။
အင်္ဂလိပ်တို့ အထက်မြန်မာပြည် သိမ်းပိုက်ပြီးနောက် ချင်းတောင်တန်းအား သိမ်းပိုက်အုပ်ချုပ်ရန် ၁၈၈၈ ခုနှစ်မှ စတင် ၍ တပ်ဖွဲ့များ စေလွှတ်ပြီး ကြိုးစားရာ ၁၈၉၆ ခုနှစ်အထိ ၈ နှစ်တိုင် ချင်းတိုင်းရင်းသားတို့က အင်္ဂလိပ်တို့အား ခုခံခဲ့ကြ သည်။
အင်္ဂလိပ်တို့ အုပ်ချုပ်ရေး အခြေချပြီး နောက်ပိုင်းတွင်ပင် ၁၉၁၇၊ ၁၉၁၈ တို့၌ ဟားခါးနှင့် ကူကီးချင်းတို့က အင်္ဂလိပ်တို့ အား ၂ နှစ်ကြာ တော်လှန် ပုန်ကန်ခဲ့ကြသေးသည်။
အင်္ဂလိပ်နယ်ချဲ့ ဆန့်ကျင်ရေး ကာလက နာမည်ကြီးသည့် ချင်းတော်လှန်ရေး ခေါင်းဆောင်များမှာ ဗိုလ်ကြွမ်းဘိ (ခ) ဗိုလ်ဆွန်ပက်၊ ဗိုလ်ခိုက်ကမ်း၊ တပ်မှူးခေါကျင့် (ခ) တိုက်သူကြီးခေါကျင့်တို့ ဖြစ်ကြသည်။
၁၉၄၇ ခု ပင်လုံစာချုပ် ချုပ်ဆိုရာတွင် ချင်းခေါင်းဆောင် ၃ ဦး ပါဝင် လက်မှတ်ရေးထိုးခဲ့ကြပြီး မြန်မာပြည် လွတ်လပ်ရေး ရသောအခါ ချင်းဒေသအား ချင်းဝိသေသတိုင်းဟု ခေါ်ဆိုသည်။ ၁၉၇၄ အခြေခံဥပဒေတွင် ချင်းပြည်နယ်ဟု ပြောင်းလဲသတ်မှတ်ခဲ့သည်။
၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးနောက် ချင်းလူမျိုး နိုင်ငံရေးပါတီများ ဖွဲ့ခဲ့ကြသည်။ ချင်းလူမျိုး ကိုယ်စားလှယ်များ ပါလီမန်တွင် ပါဝင်ခဲ့ကြပြီး ဥပဒေတွင်း နိုင်ငံရေး၌ ပါဝင်ခဲ့ကြသည်။ ထို့အတူ ကျန်တိုင်းရင်းသား လူမျိုးများနှင့်အတူ ဖဆပလ အစိုးရခေတ် ဖက်ဒရယ်လှုပ်ရှားမှုတွင်လည်း ပါဝင်ခဲ့သည်။
ဖက်ဒရယ်အရေး ဆွေးနွေးသည့် ၁၉၆၁ တောင်ကြီးညီလာခံတွင် ချင်းကိုယ်စားလှယ်များ ပါဝင်ခဲ့သကဲ့သို့ ၁၉၆၂ ပြည်ထောင်စုအစိုးရက ကြီးမှူးပြုလုပ်သည့် ဖက်ဒရယ်ညီလာခံတွင်လည်း ချင်းကိုယ်စားလှယ်များ ပါဝင်ခဲ့ကြသည်။ သို့သော် မြို့ပေါ်ဥပဒေဘောင်တွင်း နိုင်ငံရေး လှုပ်ရှားမှုများသည် ၁၉၆၂ ခုနှစ်တွင် တခန်းရပ်သွားခဲ့သည်။
၁၉၆၂ အာဏာသိမ်းသည့်အတွက် ထိုစဉ်က ချင်းပါတီ (CNO) အတွင်းရေးမှူး ပူးဟရန်နောလ်၊ ဒု-ဗိုလ်မှူးကြီး ဆွန်ခိုပေါင်နှင့် ပူးဆွန်ကျင်လျန်တို့က ၁၉၆၄ ဝန်းကျင်တွင် Anti-Communist Freedom Organization ကို ဖွဲ့စည်း၍ မီဇို ရမ်ပြည်နယ် နယ်စပ်သို့ တောခို လက်နက်ကိုင်ခဲ့ကြသည်။
ချင်းပြည်နယ်ရှိ ရဲစခန်းတချို့နှင့် မြို့သိမ်းတိုက်ပွဲတချို့ ဆင်နွှဲနိုင်ခဲ့သော်လည်း အိန္ဒိယစစ်တပ်က ခေါင်းဆောင်များကို ဖမ်းဆီးပြီး မြန်မာအစိုးရထံ အပ်နှံခဲ့မှုကြောင့် ၎င်းတို့၏ ချင်းပြည်နယ်အစိုးရ ကြေညာရေး အစီအစဉ်နှင့် အမျိုးသား လွတ်မြောက်ရေး ရည်မှန်းချက်လည်း ကျဆုံးသွားခဲ့သည်။
ထို့နောက် လွှတ်တော်အမတ် ပူးမန်းတလိန်းနှင့် ဝီလျံစလျန်ဇမ်းတို့က ထိုင်းနယ်စပ်တွင် ၁၉၇၀ ဝန်းကျင်ခန့်က Chin Democracy Party ကို ထူထောင်၍ Chin Defense Army ကို လက်နက်အင်အား ၁၅၀ ခန့်ဖြင့် ဖွဲ့စည်းခဲ့သည်။
အစောပိုင်းကာလက ဦးနု၏ ပါလီမန်ဒီမိုကရေစီပါတီနှင့် ပူးပေါင်းခဲ့ကြပြီး နောက်ပိုင်းတွင် စိလျံစလျံဇမ်ဦးစီး ချင်းလက်နက်ကိုင်အဖွဲ့ (CLO – ချင်းလွတ်မြောက်ရေးအဖွဲ့ဟု ပြောင်းလဲဖွဲ့စည်းသည်ဟုလည်း ဆိုကြသည်) ချင်းပြည်သို့ အခြေချရန် ခိုင်မိုးလင်း ဦးစီးသည့် ALP နှင့်အတူ ရှမ်း၊ ကချင်နှင့် နာဂတောင်တန်းတို့ကို ခြေကျင်ဖြင့် ကျော်ဖြတ်ပြီး တနှစ်နီးပါးကြာ ချီတက်ခဲ့ကြသည်။
၁၉၇၇ ဇူလိုင်လအတွင်း ချင်းပြည်နယ်၊ စီးယင်းနယ် (လေသာတောင်) အရောက်တွင် မြန်မာအစိုးရတပ်ဖွဲ့၏ အင်အား အလုံးအရင်းဖြင့် တိုက်ခိုက်မှုကြောင့် ALP မှ ခိုင်မိုးလင်း၊ ချင်းလက်နက်ကိုင်အဖွဲ့မှ ဝီလျံ စသည့် ခေါင်းဆောင်များ အပါ အများအပြား ကျဆုံးပြီး ကျန်တပ်ဖွဲ့ဝင် အများအပြားလည်း အဖမ်းခံခဲ့ရရာ ALP နှင့်အတူ ချင်း လက်နက်ကိုင်တော်လှန်ရေးလည်း ဒုတိယအကြိမ် ကျဆုံးခဲ့ရပြန်သည်။
၁၉၈၈ အရေးတော်ပုံအပြီး ချင်းတို့၏ နိုင်ငံရေး လှုပ်ရှားမှုသည် နှစ်ပိုင်းကွဲသွားခဲ့သည်။ တပိုင်းမှာ တရားဝင် ပါတီထောင်ပြီး မြို့ပေါ် နိုင်ငံရေးလှုပ်ရှားမှုတွင် ပါဝင်ခဲ့ကာ တပိုင်းမှာ လက်နက်ကိုင် ပုန်ကန်ရန် ကြိုးစားခဲ့ကြသည်။
ဥပဒေတွင်း ချင်းပါတီများအဖြစ် ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ မယာလူထုပါတီနှင့် ဇိုမီးအမျိုးသားကွန်ဂရက်တို့သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) နှင့်အတူ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။
ထိုကာလက ချင်းပါတီများသည် ပြည်မမှ NLD ပါတီနှင့် နီးစပ်ခဲ့ပြီး ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်များအတိုင်း လွှတ်တော် ခေါ်မပေး၍ ၁၉၉၈ ခုနှစ်တွင် လွှတ်တော်ကိုယ်စားပြုကော်မတီ ဖွဲ့သောအခါ NLD နှင့်အတူ ချင်းပါတီလည်း ပူးပေါင်းခဲ့သည်ကို တွေ့ရသည်။
၁၉၈၈ အရေးအခင်းတွင် ပါဝင်ကြသော ချင်းတက္ကသိုလ်ကျောင်းသားများ ဦးဆောင်ပြီး လက်နက်ကိုင် တော်လှန်ရေး ဆင်နွှဲရန် ချင်းအမျိုးသားတပ်ဦး/ ချင်းအမျိုးသားတပ်မတော် (CNF/CNA)ကို ထပ်မံဖွဲ့စည်းခဲ့ကြသည်။
ထို့ပြင် ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို နဝတက လက်ခံမှု မရှိသည့်အတွက် Mara People Party (MPP) ပါတီဝင် အချို့သည် အိန္ဒိယနယ်စပ်တွင် လက်နက် ကိုင်စွဲထားခဲ့သော်လည်း နောက်ပိုင်းတွင် ပျောက်ကွယ်သွားခဲ့သည်။
အလားတူပင် Zomi National Congress (ZNC) ပါတီ လွှတ်တော်အမတ် ပူးထန်လျန်ပေါင်က အိန္ဒိယနယ်စပ်ရှိ ဇိုမီးတော်လှန်ရေး အစည်းအရုံး/ ဇိုမီးတော်လှန်ရေးတပ်မတော် (ZRO/ZRA) လက်နက်ကိုင်အဖွဲ့ကို ဦးဆောင်ရာ ယနေ့ အချိန်ထိ ဖြစ်သည်။
ZRO/ZRA သည် နောက်ပိုင်းတွင် အိန္ဒိယနိုင်ငံ၏ နယ်စပ်လုံခြုံရေးတပ် (BGF) သဖွယ်ဖြစ်ပြီး အင်အား တစုံတရာရှိကာ အိန္ဒိယနယ်ထဲတွင် ရပ်တည်နေသည်။
CNF/CNA ဖွဲ့စည်းပြီးနောက် စစ်ရေးအရ သိသာသော တိုက်ပွဲများ မတွေ့ရသော်လည်း CNF သည် ပြည်ပနှင့် ပြည်တွင်း တိုင်းရင်းသား လက်နက်ကိုင်တပ်ပေါင်းစုတွင်မူ ကောင်းစွာ ပါဝင်လှုပ်ရှားနိုင်သည်။
ပြည်ပနိုင်ငံ ၁၅ နိုင်ငံတွင် ရောက်ရှိနေသည့် ချင်းလူမျိုးများ စည်းရုံးရန် Chin Club ကို ဖွင့်လှစ်လှုပ်ရှားပြီး ဘဏ္ဍာရေး ရန်ပုံငွေများ ရရှိသည်ဟု ဆိုသည်။ ပြည်တွင်း တိုင်းရင်းသားလက်နက်ကိုင်များနှင့် တွဲ၍ တပ်ပေါင်းစုများတွင် ပါဝင်သည်။
၂၀၁၂ တွင် အစိုးရနှင့် ပဏာမအပစ်ရပ်စာချုပ် (Biletral) လက်မှတ်ရေးထိုးပြီး ၂၀၁၅ တွင် အစိုးရနှင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (NCA) လက်မှတ် ရေးထိုးခဲ့သည်။ ပြည်တွင်းပြည်ပ၌ နိုင်ငံရေးအရ အဆင့်တခု ရရှိအောင် လှုပ်ရှားနိုင်ခဲ့သည်။
ထို့ပြင် CNF/CNA သည် ဟားခါး၏ အနောက်ဘက် အိန္ဒိယနယ်စပ်ရှိ ဗစ်တိုးရီယားစခန်းတွင် ဌာနချုပ် အခြေပြုထား နိုင်ခဲ့သည်။
CNF/CNA အဖို့ ပြောလျှင် လက်နက်ကိုင်တပ်ဖွဲ့အဖြစ် ထူထောင်ခဲ့သော်လည်း ၁၉၈၈ မှ ၂၀၂၀ အထိ လက်နက်ကိုင် တိုက်ပွဲများ ထိထိရောက်ရောက် မဖော်ဆောင်နိုင်ခဲ့ပါ။ သို့သော် ပြည်တွင်း၊ ပြည်ပ၌ နိုင်ငံရေး အဆင့်နေရာ တနေရာ ရယူထားနိုင်ခဲ့သည်။
သို့ဖြစ်ကာ ၁၉၄၈ ခုနှစ် လွတ်လပ်ရပြီးနောက် ၁၉၆၂ စစ်တပ်က အာဏာသိမ်းသည်မှ အစပြု၍ ချင်းပြည်နယ်တွင် လက်နက်ကိုင် ပုန်ကန်ရန် ၃ ကြိမ် ကြိုးစားခဲ့ရာ ၂ ကြိမ်မှာ အရေးနိမ့်ခဲ့သည်။ တတိယအကြိမ် ကြိုးစားမှုတွင် တဖွဲ့က ပျက်၍၊ တဖွဲ့က အိန္ဒိယအတွင်း၌သာ ရပ်တည်သွားနိုင်သည်။ CNF ကမူ ချင်းပြည်နယ်အတွင်း၌ ရပ်တည်နိုင်ခဲ့သော်လည်း ၂၀၂၀ အထိ တိုက်ပွဲ ကြီးကြီးမားမား မရှိခဲ့ပေ။
ထို့ကြောင့် ချင်းပြည်နယ်အဖို့ ပြောရလျှင် ၁၉၄၈ မှ ၂၀၂၀ အထိ ပြည်မအစိုးရအား လက်နက်ကိုင် ပုန်ကန်ရန် ကြိုးစားမှုများ ရှိခဲ့သော်လည်း ချင်းပြည်နယ် အနှံ့အပြား စည်းရုံးနိုင်ခြင်း မရှိခဲ့သည့်အပြင် အကြိမ်ကြိမ် အရေးနိမ့်မှုများ ကြုံခဲ့ရသည်။
ချင်းပြည်နယ်တခုလုံး အတိုင်းအတာဆောင်သည့် ပုန်ကန်ထကြွမှု မဖြစ်ခဲ့ပေ။ ချင်းတောင်တန်းမှ လူငယ်များသည် မွေးရာပါ စစ်သားများ ဖြစ်ကြပြီး အင်္ဂလိပ်ခေတ်၊ ဖဆပလခေတ်၊ မဆလခေတ်များတွင် စစ်မှုထမ်းခဲ့ကြသည့် စစ်သားကောင်းများ ဖြစ်ခဲ့ကြသော်လည်း ချင်းပြည်နယ်တွင် လက်နက်ကိုင် ပုန်ကန်မှုများ ၂၀၂၀ ခုနှစ်အထိ မဖြစ်ခဲ့သည် မှာ ထူးခြားသည့် အချက်တခု ဖြစ်ခဲ့သည်။
တနည်းအားဖြင့် မြန်မာစစ်တပ်အတွက် စစ်ဆင်ရေးများ ပြုလုပ်ရန် မလိုအပ်သည့် နယ်မြေ ဖြစ်ခဲ့သည်။
ဆက်ရန် ရှိသေးသည်။
(ဗညားအောင်သည် ရန်ကုန်အခြေစိုက် နိုင်ငံရေးနှင့် တိုင်းရင်းသားရေးရာများဆိုင်ရာ သုတေသီတဦးဖြစ်သည်။)
You may also like these stories:
မြန်မာ့အနာဂတ် ဖက်ဒရယ် ရည်မျှော်ချက်များ အလျှင်အမြန် မှေးမှိန်လာနေ
မြန်မာ့အနာဂတ် ဖက်ဒရယ် ရည်မျှော်ချက်များ အလျှင်အမြန် မှေးမှိန်လာနေ (အပိုင်း ၂)
နွေဦးတော်လှန်ရေးသာ မအောင်မြင်ရင် တိုင်းရင်းသားတွေအတွက်လည်း အနာဂတ် မရှိတော့
SSPP နှင့် RCSS စစ်ရေး တင်းမာမှုကြား စစ်ဘေးရှောင်ဦးရေ ပိုတိုးလာ