ဆောင်းပါး

တူမီးယမ်းခိုးဝေတဲ့ ချင်းတို့ဌာနေ (အပိုင်း - ၂)

ချင်းပြည်နယ် သဘောသဘာဝ

ချင်းပြည်နယ်သည် လူဦးရေ နည်းပါးသည့်အပြင် ဒေသအလိုက် ချင်းမျိုးနွယ်စုများကြား တစုတစည်းထဲဖြစ်ရန် ခက်ခဲ ခြင်း၊ ဒေသတွင်း သယံဇာတ ရှားပါးခြင်း၊ အလုပ်အကိုင် ရှားပါးခြင်းတို့ကြောင့် စီးပွားရေးအရ အနိမ့်ဆုံး ဖြစ်သည်။

ထိုအခြေအနေအောက်တွင် ချင်းတို့သည် အမျိုးသားရေး ရုန်းကန်တိုက်ပွဲဝင်သူများ ရှိသကဲ့သို့ ပြည်မရှိ နိုင်ငံရေး အင်အားစုများနှင့် ပူးပေါင်း၍ ဆောင်ရွက်လိုသူများလည်း မနည်းလှဟု ဆိုရမည်။

ချင်းလူမျိုးအများစုသည် ၁၉၄၈ မှ ၁၉၆၂ ခုနှစ် ပြည်မအစိုးရ လက်အောက်တွင် အေးချမ်းစွာ နေထိုင်ကြသည့် လူမျိုးများ ဖြစ်ပြီး လွတ်လပ်ရေး ရကတည်းက ချင်းသေနတ်ကိုင် တပ်ရင်းများသည် ပြည်ထောင်စုအစိုးရကို သစ္စာခံ၍ ရဲဝံ့စွာ တိုက်ခိုက်ခဲ့ကြသည်။

လူအနည်းငယ်သာ ရသည့် အောင်ဆန်းသူရိယ စွမ်းရည်ဘွဲ့ရသည့် အထဲတွင် ချင်းလူမျိုး ပါဝင်သည်။ ထို့ပြင် မဆလ အစိုးရခေတ်တွင် စစ်တိုင်းမှူးအဆင့်ထိ တာဝန်ထမ်းဆောင်ခဲ့သည်ကို တွေ့ရသည်။ ယင်း အခြေအနေများ ၁၉၈၈ နောက်ပိုင်းတွင် တဖြည်းဖြည်း ပြောင်းလဲသွားသည်။

၁၉၈၈ ခုနှစ် နောက်ပိုင်းတွင်လည်း ချင်းပါတီတို့သည် ပြည်မမှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည်။ ၂၀၁၁ မှ စသည့် ရွေးကောက်ပွဲများတွင် ချင်းပြည်နယ် ချင်းအမျိုးသားပါတီများ အားမကောင်းသည်ကို တွေ့ရသည်။

ပြည်မမှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တွင် ဒေသခံ ချင်းတိုင်းရင်းသားများ ပါဝင်မှု၊ ထောက်ခံမှု အားကောင်းခဲ့ပြီး ၂၀၂၀ တွင် NLD က ချင်းပြည်နယ်တွင် အပြတ်အသတ် အနိုင်ရခဲ့သည်ကို တွေ့ရသည်။

တခုလုံးခြုံ၍ သုံးသပ်ရလျှင် ၁၉၄၈ မှ ၂၀၂၀ ထိ အခြားပြည်နယ်များနှင့် ယှဉ်လျှင် ချင်းပြည်နယ်တွင် အမျိုးသား နိုင်ငံရေး လှုပ်ရှားမှု အားမကောင်းဟု ဆိုနိုင်ပါသည်။

ဟားခါး၏ အနောက်ဘက် အိန္ဒိယနယ်စပ်ရှိ ဗစ်တိုးရီယားစခန်းတွင် ဌာနချုပ် အခြေပြုထားသော CNF/CNA တပ်ဖွဲ့ဝင်များ / CNN

အမျိုးသားရေး လှုပ်ရှားမှုသည်လည်းကောင်း၊ လက်နက်ကိုင် ပုန်ကန်မှုသည်လည်းကောင်း အားမကောင်းခဲ့။ ချင်း ပြည်နယ်တွင် လက်နက်ကိုင် ပုန်ကန်ရန် ကြိုးစားခဲ့သူများ ရှိသော်လည်း အခြားပြည်နယ်များနှင့် ယှဉ်လျှင် လက်နက် ကိုင်တိုက်ပွဲ မရှိသလောက်ဟု ပြောရမည် ဖြစ်သည်။

NLD သည် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် အနိုင်ရပြီး ချင်းပြည်နယ်တွင် NLD အစိုးရ အုပ်ချုပ်ပြီးနောက် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ၌လည်း ချင်းပြည်နယ်တွင် NLD အပြတ်အသတ် အနိုင်ရခဲ့ပြန်သည်။

ချင်းအမျိုးသားပါတီများ လှုပ်ရှားရုန်းကန်ခဲ့ကြသော်လည်း အရေးနိမ့်ခဲ့ကြသည်။ သို့နှင့် ချင်းပြည်နယ်တွင် ချင်းဒီမိုကရက်တစ်များနှင့် အမျိုးသားရေး လှုပ်ရှားသူတို့ တဖြည်းဖြည်း အားပြိုင်ခဲ့သည်။ ထိုယှဉ်ပြိုင်မှုများသည် ငြိမ်းချမ်းစွာ ယှဉ်ပြိုင်မှုများ ဖြစ်ခဲ့ကြသည်။

အဆိုပါ အခြေအနေသည် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့ နောက်ပိုင်းတွင် ပြောင်းပြန်လှန်လိုက်သကဲ့သို့ ပြောင်းလဲ သွားသည်ကို တွေ့ရပေတော့သည်။

၂၀၂၁ ချင်းပြည်နယ်

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းယူခြင်းအပေါ် ပြင်းပြင်းထန်ထန် ကန့်ကွက်သည့် အထဲတွင် ချင်းပြည်သည် ရှေ့တန်းက ပါဝင်ခဲ့သည့် ပြည်နယ်တခု ဖြစ်သည်။

ချင်းပြည်နယ်၏ မြို့တိုင်းလိုလ်ိုတွင် လူထုလှုပ်ရှားမှု၊ သပိတ်တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) အားကောင်းကာ တချို့မြို့နယ်များတွင် ရာခိုင်နှုန်း ၉၀ ကျော် CDM ပြုလုပ်ကြပြီး တပြည်နယ်လုံး ပျမ်းမျှ ၈၀ ရာခိုင်နှုန်း CDM လှုပ်ရှားမှုတွင် ပါဝင်ကြသည်။

CNF/CNA ဗဟို ဗစ်တိုးရီယားစခန်း ပတ်လည် သစ်တောဖုံး တောင်တန်းကြီးများက လွှမ်းခြုံထားသည်/ CNN

ထို့ပြင် သပိတ်များ အင်အားသုံး ဖြိုခွဲခံရသည့်အခါ အစောဆုံး လက်နက်ကိုင် တုန့်ပြန်ခဲ့သည့် အထဲတွင် ချင်းလူမျိုး များနှင့် ချင်းပြည်နယ်သည် အစောဆုံး ပါဝင်ခဲ့ပြီး ချင်းလူမျိုးတို့၏ ရိုးရာ၊ ချင်းလူမျိုးတို့၏ အိမ်တိုင်းတွင် ရှိသည့် တူမီး သေနတ်သည် တိုက်ပွဲဝင်သေနတ် ဖြစ်လာသည်။

အံ့ဩစရာကောင်းသည်မှာ သူတို့၏ စိတ်ဓာတ်ပြင်းပြမှု ဖြစ်ပြီး ချင်းလူမျိုးတို့၏ တိုက်ပွဲဝင်စိတ်ဓာတ်ကို အနှစ် ၇၀ ကျော်အတွင်း အံ့မခန်းတွေ့ရခြင်း ဖြစ်သည်။

ချင်းပြည်နယ်၏ ပုန်ကန်မှု အစသည် မလွယ်ကူလှ၊ ပြင်းပြင်းထန်ထန် တိုက်ခိုက်မှုများကို ကြုံရပြီး အရပ်သားများစွာ အိုးပစ်အိမ်ပစ်နှင့် စစ်ဘေးဒုက္ခသည်များ ဖြစ်သွားကြသည်။

တိုက်ပွဲများသည် စစ်ဘေးဒုက္ခသည် စခန်းများအထိ ရောက်လာ၍ ထပ်ဆင့် ပြေးကြရပြီး အစောပိုင်းတွင် ကြိုတင်ပြင်ဆင်မှု မရှိသဖြင့် ရိက္ခာ၊ ဆေးဝါးနှင့် အသုံးအဆောင် အခက်အခဲများ ကြုံရကာ ငွေကြေးဘဏ္ဍာရေး လိုအပ်ချက်များ ဖြစ်ပေါ်ခဲ့သည်။

ထို့ပြင် ချင်းပြည်နယ်ရှိ ပုန်ကန် တိုက်ခိုက်သူများသည် မူလရှိပြီး ချင်းလက်နက်ကိုင် အဖွဲ့အစည်း ဖြစ်သည့် ချင်းအမျိုး သားတပ်ဦး (CNF/CNA) သို့ အများစုက ဝင်ရောက်ကြသည် မဟုတ်ဘဲ ကိုယ်ဒေသနှင့်ကိုယ်၊ ကိုယ်မြို့နယ်နှင့် ကိုယ် ပုန်ကန်တိုက်ခိုက်ကြခြင်း၊ မျိုးနွယ်စုအလိုက် စုစည်းကြခြင်း ဖြစ်သည်။

ဒေသအလိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ (PDF) အဖြစ် ဖွဲ့စည်းရန်လည်း တာစူလာကြသည်။

CDF က စစ်ယာဉ်တန်းအား ခြုံခိုတိုက်ခိုက်မှုတခု

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့ နောက်ပိုင်း ဖြစ်ပေါ်လာသည့် ကြီးမားသည့် နိုင်ငံရေး အပြောင်းအလဲတွင် CNF/CNA ကလည်း အခြား EAO (တိုင်းရင်းသား လက်နက်ကိုင်များ) အထူးသဖြင့် တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ် ထိုးထားသည့် EAO များ မလှမ်းသည့် ခြေလှမ်းကို လှမ်းလိုက်သည်။

ထိုခြေလှမ်းမှာ ၂၀၂၁ မေ ၂၉ ရက်တွင် စစ်ကောင်စီက မတရားသင်း၊ အကြမ်းဖက်အဖွဲ့ စသည်ဖြင့် ကြေညာခြင်း ခံထားရသည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် CNF တို့သည် စစ်အာဏာရှင်စနစ် ဆန့်ကျင်တော်လှန်ရေး နှင့် ဖက်ဒရယ်ဒီမိုကရေစီစနစ် ဖော်ဆောင်ရေးအတွက် သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။

NUG နှင့် CNF ပူးပေါင်း ဆောင်ရွက်မည်ကို အတိအလင်း ကြေညာလိုက် သကဲ့သို့ CNF ခေါင်းဆောင် တဦးသည်လည်း NUG အစိုးရ ဖွဲ့စည်းမှုတွင် ပါဝင်လာသည်ကို တွေ့ရသည်။ NCA လက်မှတ် ရေးထိုးထားသော EAO အဖွဲ့များ အနက် CNF ၏ လုပ်ဆောင်ချက်သည် ထူးခြားသည်ဟု ဆိုရမည်။

CNF ၏ ဆောင်ရွက်ချက်သည် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် နောက်ပိုင်း ပုန်ကန်လာခဲ့သည့် ချင်းလူထုနှင့် CNF ကြား ပေါင်းကူးတံတားသဖွယ် ဖြစ်ခဲ့ပုံရသည်။

ချင်းပြည်နယ်ရှိ မြို့နယ်အလိုက် ပုန်ကန်သူများသည် NUG မှ လှုံ့ဆော်သည့် PDF (ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့) အား CDF (ချင်းကာကွယ်ရေးတပ်ဖွဲ့) နာမည်ဖြင့် ဖွဲ့စည်းကြသည်။

CNF က ထိုတပ်ဖွဲ့များ လေ့ကျင့်ရေးကို ကူညီပေးသည်ဟု ဆိုသည်။ ဩဂုတ်လပိုင်းက ရရှိသော မြေပြင်သတင်းများ အရ CNF ဌာနချုပ်တွင် လေ့ကျင့်ပေးခဲ့သည့် သင်တန်းအပတ်စဉ် (၄၀) ကျော် ရှိခဲ့ပြီး အင်အား ၄,၀၀၀ ခန့် သင်တန်း ဆင်းခဲ့သည်။

မြို့နယ်အလိုက် ဖွင့်လှစ်သော သင်တန်းများတွင် တက်ရောက်ခဲ့သည့် သင်တန်းများတွင် အင်အား ၃,၀၀၀ ခန့် တက်ရောက်ခဲ့ပြီး အချိန်တို စစ်သင်တန်း တက်ရောက်ခဲ့သူ အင်အား ၇,၀၀၀ ခန့် ရှိပြီဟု ဆိုသည်။

သို့သော် နောက်ပိုင်း သတင်းများအရ CDF စုစုပေါင်း အင်အား ၁၅,၀၀၀ ခန့်အထိ ရှိပြီဟု အချို့သတင်းများတွင် တွေ့ရ ပြီး လက်ရှိကာလတွင် အခြေအနေ ရှုပ်ထွေးနေသည်ဖြစ်ရာ အင်အားအတိအကျ သိရှိနိုင်ရန် မလွယ်ပါ။

ချင်းပြည်နယ်ရှိ ရဲစခန်းတခုအား CDF က တိုက်ခိုက်သိမ်းပိုက်အပြီး မီးရှို့ခဲ့စဉ်

အင်အားအရေအတွက် ထောင်ကြီးပိုင်းတော့ ဖြစ်နိုင်ခြေ များသည်ဟု ဆိုရမည်။ ချင်းပြည်နယ်ရှိ ချင်းတို့၏ ပုန်ကန်မှု သည် မျိုးနွယ်စုအလိုက် အားလုံး ပါဝင်သည့် ပုန်ကန်မှုများဖြစ်ရာ လူအင်အား အလုံးအရင်းနှင့် ပါဝင်ကြသည်ကို တွေ့ ရသည်။

နောက်ပိုင်း တွေ့ရသည့် ထန်တလန် ဖြစ်စဉ်တွင် မြို့ရှိ တချို့ တလေ စွန့်ခွာခြင်း မဟုတ်ဘဲ တမြို့လုံးနီးပါး စွန့်ခွာခြင်း ဖြစ်သည်ကို တွေ့ရရာ သူတို့၏ စည်းလုံးမှုကို အံ့ဩစွာ တွေ့ရသည်။

ယခုအခါ ချင်းပြည်နယ်ရှိ မြို့နယ်တိုင်းတွင် CDF များနှင့် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ ဖွဲ့ထားသည်ကို တွေ့ရပြီး မြို့နယ် ၉ ခုလုံးရှိ CDF များနှင့် CNF/CNA ကြား စစ်ရေးဆိုင်ရာ ပူးတွဲစစ်ကောင်စီ ဖွဲ့စည်းထားပြီ ဖြစ်ကြောင်း CDF ပြောခွင့်ရ သူက ပြောဆိုထားသည်။

ထို့ပြင် NUG နှင့်လည်း လစဉ်ပုံမှန် ဆွေးနွေးမှုများ ရှိပြီး အဆက်အသွယ် ပုံမှန်ရှိသည်ဟုလည်း ဆိုသည်။ လက်ရှိ အချိန်တွင် CNF/CNA နှင့် CDF တပ်ဖွဲ့များသည် ချင်းပြည်နယ်ရှိ ကျေးလက်ဒေသ အားလုံးလိုလိုကို ထိန်းချုပ်ထားနိုင် ပြီး နစက တပ်များက မြို့ပြများကိုသာ ထိန်းချုပ်ထားနိုင်သည်ဟု ဆိုသည်။

CDF တပ်ဖွဲ့များသည် အစောပိုင်းကာလက တူမီးသေနတ်ကို ကိုင်၍ အစပြုကြသည် ဖြစ်သော်လည်း နောက်ပိုင်း လက်နက်တပ်ဆင်မှု အခြေအနေကို မသိရပါ။ ချင်းပြည်နယ်တွင် စခန်းသိမ်းတိုက်ပွဲ အချို့ကို တွေ့ရသည်။

ထန်တလန်မြို့နယ်ရှိ လုံလဲရ် စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီဘက်က လေယာဉ်ဖြင့်ပင် ပစ်ကူပေးသည်ကို တွေ့ရ သည်။ ထို တိုက်ပွဲတွင် စစ်သား ၇ ဦး၊ ရဲ ၅ ဦး ကျပြီး CNA၊ CDF ပူးပေါင်းတပ်ဖွဲ့က စခန်းသိမ်းပိုက်ရသည်ကို တွေ့ရ သည်။

ချင်းပြည်နယ် လုံဂ်လဲ ရှေ့တန်းစခန်းအား CDF က သိမ်းပိုက်အပြီး မီးခိုးလုံးများ တက်လာသည်ကို အဝေးမှ မြင်ရစဉ်

လမ်းဖြတ် ပြောက်ကျားတိုက်ပွဲများတွင် တူမီးသေနတ် အသုံးပြု တိုက်ခိုက်သည်မှာ မထူးဆန်းသော်လည်း အခိုင်အမာ စစ်စခန်းတခုအား သိမ်းပိုက်ရာတွင် တူမီးသေနတ် သက်သက်ဖြင့်သာ တိုက်ခိုက်ခြင်း မဖြစ်နိုင်ပေ။ CNA နှင့် CDF တပ်ဖွဲ့များ၏ လက်နက်တပ်ဆင်မှု မည်မျှတိုးတက်မှု ရှိလာပြီလော စဉ်းစားဖွယ် ဖြစ်သည်။

သို့သော် ချင်းပြည်နယ် လှုပ်ရှားမှုတွင် CNF/CNA နှင့် CDF တို့အပြင် အချို့ နာမည်ဖြင့် အဖွဲ့များလည်း ရှိသည်ကို တွေ့ ရသည်။ PDF (Zoland)၊ Zo Federal Union၊ CDM-Civic Defence Militia၊ Chin National Organization/Chin National Defence Force (CNO/CNDF) စသည့် အဖွဲ့များကိုလည်း တွေ့နေရသည်။

ယင်းအဖွဲ့များ၏ အခြေအနေကို ကောင်းစွာ မသိရသေးသကဲ့သို့ CNF/CNA နှင့်ဆက်ဆံမှု၊ PDF နှင့်ဆက်ဆံမှု အခြေ အနေများကိုလည်း မသိရှိရသေးပါ။ ချင်းပြည်နယ်ရှိ အင်အားစုများ၏ စုစည်းမှုအား ဆက်လက် စောင့်ကြည့်ရပေမည်။

အစောပိုင်းကာလ ချင်းပြည်နယ် စစ်ဘေးဒုက္ခသည်များအတွက် အကူအညီများ လိုအပ်နေသည့်အပြင် CDF များ အတွက်လည်း ဘဏ္ဍာရေး လိုအပ်ချက်များ ကြားသိနေရသော်လည်း ယခု နောက်ပိုင်းတွင် ပြည်တွင်းပြည်ပ ငွေကြေး ကူညီမှု မြင့်တက်လာသည်ဟု ဆိုသည်။

ပြည်ပတွင်ပါ ခြေကုပ်ယူ ဖြန့်ကျက်ထားနိုင်သည့် CNF အတွက် ဩဇာအတက်ဆုံးအချိန် ဖြစ်လာခဲ့ပြီး ဖေဖော်ဝါရီလမှ ဩဂုတ်လအတွင်း အမေရိကန် ဒေါ်လာ ၇ သန်း အလှူငွေ ရခဲ့ပြီး ချင်းပြည်နယ် လူထုလှုပ်ရှားမှုအား ထောက်ပံ့နိုင်ခဲ့ သည်ဟု ဆိုသည်။

ထန်တလန်မြို့တွင်းသို့ စစ်တပ်က အမြောက်များဖြင့် ပစ်၍ အိမ်များ မီးလောင်နေစဉ်

စစ်ပွဲအတွင်း ချင်းပြည်နယ်သည်လည်း စစ်ဘေးဒုက္ခသည် အများအပြား ပေါ်ထွက်လာခဲ့သည်။ အစောပိုင်း ဖမ်းဆီးခံရ မည့် အန္တရာယ်ရှိ၍ ထွက်ပြေးနေရသည့် CDM ဝန်ထမ်းများအပါ စစ်ဘေးဒုက္ခသည် ၇၀,၀၀၀ ခန့် ရှိသည်ဟု သိရသည်။

၁၀,၀၀၀ ခန့်မှာ မီဇိုရမ် ပြည်နယ်ထဲသို့ ရောက်ရှိနေသည်။ မီဇိုရမ်ပြည်နယ် အစိုးရသည် ဒုက္ခသည်များအား တရားဝင် ကူညီမှု ပေးနေသည့်အပြင် ကျောင်းနေအရွယ် ကလေးငယ်များ စာသင်ကြားရေးအတွက်ပါ စီစဉ်ပေးနေသည်ကို တွေ့ ရသည်။

သို့အတွက် မီဇိုရမ်ပြည်နယ်ရောက် ချင်းစစ်ဘေးဒုက္ခသည်များ အဆင်ပြေခဲ့သည်။ ပြည်တွင်းရှိ ချင်းစစ်ဘေးဒုက္ခသည်များမှာ ပုံမှန်အခြေအနေထက်စာလျှင် ဒုက္ခတွေ့ကြမည် ဖြစ်သော်လည်း တစုံတရာ ဖြည့်ဆည်းနိုင်မှု ရှိနေပြီဟု ယူဆရ သည်။

သို့သော်လည်း တိုက်ပွဲများ မြင့်တက်လာသည်နှင့်အမျှ စစ်ဘေးဒုက္ခသည်ဦးရေ မြင့်တက်လာမည်ဖြစ်ပြီး အိန္ဒိယဘက်သို့ ပြေးဝင်မည့်ဦးရေ ပို၍ များပြားလာနိုင်သည်ဖြစ်ရာ ကြိုတင်မှန်းဆ မရနိုင်သည့် အခက်အခဲများကို ရင်ဆိုင်ရဦးမည် ဖြစ်သည်။

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ထဲ ဝင်ရောက်ခိုလှုံကြသော ချင်း ဒုက္ခသည်များ

လက်ရှိ အချိန်တွင် အိန္ဒိယရှိ တချို့အကဲခတ်များက ချင်းပြည်နယ်သည် ဆင်းရဲသော ပြည်နယ်တခုဖြစ်ရာ ပုန်ကန်မှုကို ရေရှည်တောင့်ခံနိုင်မည်မဟုတ် ဟူ၍ တွက်ဆကြသည်ဟု ကြားသိရသည်။

သူတို့တွက်ဆပုံမှာ ငွေရေးကြေးရေး အခြေအနေနှင့် လက်နက်ခဲယမ်း ရရှိနိုင်မှု ဟူသည့် ရုပ်ဝတ္ထု အကြောင်းအချက် သက်သက်ပေါ်က တွက်ဆကြပုံရပြီး လူ၏ စိတ်ဓာတ်ပြင်းပြမှုနှင့် စိတ်ဓာတ်ခွန်အားကို ထည့်သွင်း တွက်ချက်ပုံမရပေ။

ဤသို့သော အခြေအနေများအောက်တွင် ဖမ်းယူဆုပ်ကိုင်၍ မရသော စိတ်ဓာတ်ပြင်းပြမှုနှင့် စိတ်ဓာတ်ခွန်အား၏ အခန်းကဏ္ဍကို ထည့်သွင်းတွက်ချက်ခြင်း မပြုပါက မှန်ကန်သည့် သုံးသပ်ချက်တခု မရနိုင်ပေ။ ထို့ပြင် ချင်းပြည်နယ် ၏ ပြောင်းလဲလာသည့် ထူးခြားချက်နှင့် ချင်းလူမျိုးတို့၏ ပင်ကိုယ်ဗီဇစိတ်ကိုလည်း ထည့်သွင်းတွက်ချက်ရန် လိုသည်။

ယခင်က ဒေသတခုနှင့်တခု မျိုးနွယ်စု မတူ၍၊ ဘာသာစကားမတူ၍ စုစည်းရန်ကြိုး စားနေရသော၊ စုစည်းရန် ခက်ခဲ သည်ဆိုသော ချင်းမျိုးနွယ်စုအားလုံး တပြိုင်တည်း ထကြွလာခြင်းအား မည်သည့်အရာက စေ့ဆော်ပေးခဲ့သနည်း ဆိုသည်မှာ စိတ်ဝင်စားဖွယ် ကောင်းသည်။

လွတ်လပ်ရေး ရပြီးကတည်းက ငြိမ်သက်နေခဲ့သော ချင်းပြည်နယ် တခုလုံး၏ ပုန်ကန်ထကြွမှုသည် သာမန်တော့ မဟုတ်ပေ။ သူတို့သည် အမျိုးသားရေး ကြွေးကြော်သံ သက်သက်ဖြင့် ထကြွလာခြင်း မဟုတ်သကဲ့သို့ ပုန်ကန်ထကြွ လာသော ချင်းလူမျိုးများသည် သူတို့နယ်မြေများအား သူတို့ရိုးရာ ထုံးတမ်းစဉ်လာအတိုင်း အုပ်ချုပ်ရန် ကြေညာလာ သည်ကို တွေ့ရသည်။

ဤတကြိမ် ချင်းလူမျိုးတို့၏ ထကြွမှုတွင် ဒီမိုကရက်တစ်စံများလည်း တွေ့ရသကဲ့သို့ အမျိုးသားရေးဟန်များလည်း တွေ့ရသည်။

၂၀၂၀ ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်ခဲ့ကြသည် ချင်းဒီမိုကရက်တစ်များနှင့် အမျိုးသားရေးလှုပ်ရှားသူများ၏ ပေါင်းစည်းမှု ကို တွေ့ရခြင်း ဖြစ်သည်ဟု ဆိုရမည်။ ချင်းတို့ကြား ကွဲပြားနေသော မျိုးနွယ်စုများအား One Chin ဟူ၍ ကြွေးကြော် စည်းရုံးခဲ့ကြသည့်ရလဒ် စတင်ထွက်ပေါ်လာခြင်းလည်း ဖြစ်ပုံရသည်။

ဆိုရလျှင် အမျိုးသား ကိုယ်ပိုင်လက္ခဏာနှင့် ဒီမိုကရက်တစ်စံများကို ပေါင်းစပ်ထားသည့် ကိုယ်ပိုင်ပုံစံသစ်တခုကို ချင်း ပြည်နယ်တွင် တွေ့ရခြင်း ဖြစ်သည်။ သူတို့ ပြည်နယ်အခြေအနေနှင့် ကိုက်ညီသည့် ပုံစံတခုကို ဖော်ထုတ်လာခြင်း ဖြစ်သည်ဟု ဆိုရမည်။

ချင်းအမျိုးသားတို့သည် ပင်ကိုယ်ဗီဇ သဘာဝအားဖြင့် အမဲလိုက်ဝါသနာ ထုံကြပြီး အိမ်တိုင်း၌ တူမီးသေနတ် ဆောင်ထားကြသည်။ သူတို့ရေမြေ၊ သူတို့ဒေသတွင် တောကျွမ်းကြသည်၊ ရာသီဥတုဒဏ်ကို ခံနိုင်ရည်ရှိကြသည်၊ မွေးရာပါ စစ်သားကောင်း များ ဖြစ်ကြသည်၊ ခေတ်မီလက်နက်မျိုးစုံ ပေါများသော ခေတ်သစ်တွင် တူမီးတော်လှန်ရေးသည် အံ့အားသင့်ဖွယ် ဖြစ်သည်။

တူမီးသည် ရေရှည်တွင် ခေတ်မီလက်နက်များကို မယှဉ်နိုင်ဟု တွက်ဆသည်မှာလည်း မှားတော့ မမှားပေ။ သို့သော် ချင်းလက်နက်ကိုင် ပုန်ကန်သူများသည် တူမီးအဆင့်နှင့် ရပ်နေလိမ့်မည် ဟူ၍လည်း ယူဆ၍ မရပေ။

တိုင်းရင်းသားလက်နက်ကိုင် ပုန်ကန်မှု တော်တော်များများသည် တူမီး အပါအဝင် ရရာလက်နက် စွဲကိုင်၍ စတင်ခဲ့ကြခြင်း ဖြစ်သည်။

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ထဲ ဝင်ရောက်ခိုလှုံကြသော ချင်း ဒုက္ခသည်များ

ချင်းပြည်နယ်တွင် အလုံးအရင်းနှင့် ပေါ်ပေါက်လာသော စိတ်ဓာတ်ပြင်းပြသည့် မွေးရာပါ စစ်သားများအား လက်နက် တပ်ဆင်ပေးနိုင်မှု၊ စနစ်တကျ စည်းရုံးဖွဲ့စည်းမှုနှင့် ဘဏ္ဍာရေးပြဿနာ ဖြေရှင်းမှု စသည်တို့အား မည်သို့ ဖြေရှင်းနိုင်သည်ဆိုသည့် အချိန်တခု ဖြတ်သန်းပြီးမှသာလျှင် မှတ်ချက်ပေး၍ ရမည်ဟု သုံးသပ်ရသည်။

သို့ဖြစ်ရာ အိန္ဒိယမှ အကဲခတ်များ သုံးသပ်သကဲ့သို့ ယတိပြတ် မှတ်ချက်ပေးရန် မဖြစ်နိုင်ပေ။

တဖက်ကလည်း စစ်ကောင်စီက တပ်အင်အားသုံး၍ စစ်ရေးအရ ဖြေရှင်းလာမည့်အပေါ် ရင်ဆိုင်နိုင်မှုကိုလည်း ထည့်သွင်း တွက်ချက်ရမည် ဖြစ်သည်။

ချင်းပြည်နယ်သည် မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) နယ်မြေအတွင်း၌ ရှိပြီး ချင်းပြည်နယ် မြောက်ပိုင်းရှိ ဟားခါးနှင့် တောင်ပိုင်းရှိ မတူပီတွင် အခြေချ စစ်ဗျူဟာ (စဗခ) များ ရှိသည်။

ချင်းပြည်နယ်တွင် ခလရ ၂၆၆ – ဟားခါး၊ ခလရ ၂၆၈ – ဖလမ်း၊ ခလရ ၂၆၉ – တီးတိန်၊ ခလရ ၂၇၄ – မင်းတပ်၊ ခလရ ၁၄၀/ခမရ ၃၀၄ – မတူပီ စသည့် အခြေစိုက် ခြေလျင်နှင့်ခြေမြန်တပ်ရင်း ၆ ရင်း ရှိသည်။

ချင်းပြည်နယ် မြောက်ပိုင်းတွင် ဟားခါးကို အခြေပြု၍ စစ်ဗျူဟာ တခုနှင့် လက်အောက်ခံတပ်ရင်း ၃ ရင်း၊ တောင်ပိုင်း တွင် မတူပီကို အခြေပြု၍ စစ်ဗျူဟာတခုနှင့် လက်အောက်ခံတပ်ရင်း ၃ ရင်း နေရာချထားသည်ကို တွေ့ရသည်။

ချင်းပြည်နယ်အတွင်း အခြေစိုက် အမြောက်တပ်ရင်း မရှိသော်လည်း နမခ စစ်တိုင်းအတွင်း ချင်းပြည်နယ် အနီးရှိ ကလေး – အမတ ၃၆၅၊ ဂန့်ဂေါ – အမတ ၃၇၁၊ ကျောက်ထု – အမတ ၃၆၈၊ အရာတော် – အမတ ၃၆၉၊ မုံရွာ – အမတ ၅၀၈ စသည့် အမြောက်တပ်ရင်းများ အခြေစိုက်ထားသည်။

တင့်ကားနှင့် သံချပ်ကာတပ်ရင်းများ ချင်းပြည်နယ်တွင် မရှိဘဲ နမခ နယ်မြေအတွင်း အခြေစိုက် ထားရှိသော်လည်း ချင်းပြည်နယ်အတွင်း သံချပ်ကာနှင့် တင့်ကားအသုံးပြုရန် မလွယ်ပေ။ လေကြောင်း အသုံးပြုရန်အတွက် ချင်း ပြည်နယ် ဟားခါးနှင့် ချင်းပြည်အနီးရှိ ကလေးနှင့်ကျောက်ထုတို့တွင် လေယာဉ်ကွင်းများ ရှိသည်။

မကွေးနှင့် မိတ္ထီလာအခြေစိုက် လေတပ်စခန်းဌာနချုပ်များမှ ချင်းပြည်နယ်သို့ လေကြောင်း စစ်ဆင်ရန် လွယ်ကူသည်။ ချင်းပြည်နယ် မြောက်ပိုင်းကို စစ်ကူပေးရန် လွယ်ကူသည်မှာ ကလေးမြို့ အခြေစိုက် ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (ဒကစ) နှင့် စစ်ဆင်ရေးနှင့် ကွပ်ကဲမှုဌာနချုပ် ၁၀ (စကခ ၁၀) တို့ ဖြစ်သည်။

သို့ရာတွင် ကလေးအခြေစိုက်တပ်များသည် သူ့နယ်မြေသာမက အခြားနယ်မြေသို့ပါ စစ်ဆင်ရေး ယူနေပုံရသဖြင့် တိုက်ပွဲများ ပြင်းထန်လာသောအခါ တပ်မအချို့မှ တပ်များအား ချင်းပြည်နယ်သို့ ဖြည့်တင်းပြီး စစ်ဆင်ရေး ဝင်သည်ဟု မြေပြင်သတင်းများအရ သိရသည်။

မြေပြင်တပ်ဖွဲ့များက လက်နက်ကြီး ပစ်ကူပေးသကဲ့သို့ လေကြောင်းပစ်ကူလည်း ပေးခဲ့သည်ကို တွေ့ရသည်။ ထို့ပြင် ချင်းပြည်နယ်သို့ သွားရေးလာရေး ခက်ခဲသည်ဖြစ်ရာ လေကြောင်းမှပင် ထောက်ပို့လုပ်ငန်းများ လုပ်ဆောင်နေသည် ဟု သိရသည်။

ထိုအချက်များသည် နစကအတွက် အားသာချက် ဖြစ်နေခဲ့သည်။ သို့သော် တပြည်လုံး အနှံ့အပြား ပုန်ကန်တိုက်ခိုက်မှုများ ကြုံနေသည့် နစကအနေနှင့် ချင်းပြည်နယ်သို့လည်း စစ်အင်အား လုံလောက်အောင် ပို့ဆောင်နိုင်ခြင်း မရှိသည် ကို တွေ့ရသည်။

ဤအချက်သည်ပင် ချင်းပြည်နယ်ရှိ CNF/CNA နှင့် CDF တို့အတွက် အားသာချက် ပြန်၍ ဖြစ်သွားတော့သည်။ ထို့ ပြင် မြန်မာစစ်တပ်သည် ချင်းပြည်နယ် မြောက်ပိုင်းအား တပ်ရင်း ၃ ရင်းပါ ဗျူဟာတခု၊ ချင်းပြည်နယ် တောင်ပိုင်းအား တပ်ရင်း ၃ ရင်းပါ ဗျူဟာတခုတို့ဖြင့် ထိန်းထားရန် မဖြစ်နိုင်တော့ပေ။

ချင်းပြည်နယ်အတွင်း ချင်းလူထုနှင့် CDF များ လွတ်လပ်စွာ လှုပ်ရှားနိုင်သည်မှာ ချင်းပြည်နယ်အတွင်း မြန်မာစစ်တပ်က ဖွဲ့စည်းထားသော ပြည်သူ့စစ်များ မရှိခြင်း၊ တပ်၏ အမာခံဟု ဆိုနိုင်သည့် ကြံ့ခိုင်ရေး ပါတီတွင် ပါဝင်ခဲ့သူများ၏ လှုပ်ရှားမှု မရှိသလောက် ငြိမ်သက်နေပြီး မျိုးနွယ်စုလှုပ်ရှားမှု အားကောင်းခြင်း၊ လက်ရှိ ကာလတွင် ချင်းပြည်နယ်ရှိ ဝန်ထမ်း ၈၀ ရာခိုင်နှုန်းခန့် CDM လုပ်နေသဖြင့် အုပ်ချုပ်ရေးပျက်ပြားနေခြင်း၊ နယ်ပယ်အလိုက် မျိုးနွယ်စုများ တသွေး တသံထဲ ရှိခြင်းတို့ကြောင့် ဖြစ်သည်။

ထို့ပြင် ပြီးခဲ့သည့် ကာလတလျှောက်လုံး ဘာသာရေးအရ ဖိနှိပ်မှုခံလာရပြီး လောလောဆယ် စစ်ပွဲအတွင်းတွင်လည်း ချင်းလူမျိုး အများစု ကိုးကွယ်သည့် ခရစ်ယာန်ဘာသာရေး အဆောက်အအုံများ ထိပါးခံရခြင်းသည် သူတို့ကို ပိုမို နာကျည်းစေခဲ့ပုံရသည်။

ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင်များ သင်တန်းတက်နေကြစဉ်

ချင်းပြည်နယ် ပုန်ကန်သူများအတွက် အထောက်အကူ ပြုစေသည့် အချက်တခုမှာ ချင်းပြည်နယ်နှင့် ထိစပ်နေသော မြန်မာပြည်တွင်းရှိ ဒေသများ အားလုံးတွင် လက်နက်ကိုင် ပုန်ကန်မှုများ တည်ရှိနေခြင်း ဖြစ်သည်။

ချင်းပြည်နယ် အရှေ့မြောက်ဘက်ရှိ တမူး၊ ကလေး ဒေသ၊ ချင်းပြည် အရှေ့ဘက်တောင်ခြေရှိ ဂန့်ဂေါ၊ ထီးလင်း၊ ယော၊ ဆော ဒေသများ၊ ၎င်းဒေသများနှင့် တဆက်စပ်ထဲရှိသော မင်းကင်း၊ ကနီ၊ ယင်းမာပင်၊ ပေါက် ဒေသများတွင် PDF လက်နက်ကိုင် ပုန်ကန်မှုများ ဖြစ်ပွားနေသည်။

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝနယ်မြေနှင့် ဆက်စပ်ဒေသများတွင် ရက္ခိုင်စစ်တပ် (AA) က လွန်ခဲ့သော နှစ်များကတည်းက အခြေစိုက်ပြီး ဖြစ်သည်။ အနောက်ဘက် အိန္ဒိယနယ်မြေထဲမှ မီဇိုရမ်ပြည်နယ်ကလည်း ဒီမိုကရေစီ လှုပ်ရှားမှုကို ထောက်ခံပြီး ချင်းပြည်နယ်မှ ပြေးလာသော စစ်ဘေးဒုက္ခသည်များကို အတိအလင်း အကူအညီ ပေးနေသည်။

သို့ဖြစ်ရာ ချင်းပြည်နယ် တော်လှန်ပုန်ကန်မှုအတွက် ပြည်နယ်၏ ပတ်ပတ်လည်တွင် ပတ်ဝန်းကျင်ကောင်းများ ရထားသည်။ ချင်းပြည်နယ်၏ လက်ရှိ အခြေအနေကို သုံးသပ်ကြည့်ရသည်မှာ လက်နက်ကိုင် ပုန်ကန်မှုမှာ အစပြုချက်သာ ရှိပေသေးသည်။

မြန်မာစစ်တပ် အနေဖြင့် အချိန်တိုအတွင်း ချေမှုန်းနိုင်ရန် မဖြစ်နိုင်တော့ပေ။ သေချာသည်ကတော့ နှစ်ပေါင်းများစွာ ငြိမ်သက်နေခဲ့သည့် ပြည်နယ်တခုလုံး ထကြွခြင်း ဖြစ်သည်။

နိုင်ငံရေး၊ စစ်ရေး အခြေအနေများကို သုံးသပ်ရာတွင် တည်ရှိနေသည့် အခြေအနေများအပေါ် အခြေပြု၍ သုံးသပ်ရသကဲ့သို့ အမြဲမပြတ် ပြောင်းလဲနေသည့် အခြေအနေများအားလည်း စောင့်ကြည့်သုံးသပ်ရမည် ဖြစ်သည်။

ပြည်တွင်းပြည်ပ အခြေအနေ သက်ရောက်မှုများ အောက်တွင် ချင်းပြည်နယ်၏ အပြောင်းအလဲသစ်များအား မြန်ဆန်စွာ တွေ့ရမည်ဟု မျှော်လင့်ရသည်။

လွတ်လပ်ရေးရပြီး နှစ် ၇၀ ကျော်အကြာတွင် ချင်းပြည်နယ်သည် အခြေအနေသစ် တရပ်သို့ ပြောင်းလဲဝင်ရောက်ခဲ့ပြီ ဖြစ်သည်။ မြန်မာစစ်တပ်အတွက်ဆိုလျှင် အနှစ် ၇၀ ကျော် ပြည်တွင်းစစ်အတွင်း စစ်မျက်နှာသစ်တရပ် ဖွင့်လှစ်လိုက်ရ ပြီ ဖြစ်သည်။

ဤတွင် ပြီးပါပြီ။

(ဗညားအောင်သည် ရန်ကုန်အခြေစိုက် နိုင်ငံရေးနှင့် တိုင်းရင်းသားရေးရာများဆိုင်ရာ သုတေသီတဦးဖြစ်သည်။)

You may also like these stories :

တူမီးယမ်းခိုးဝေတဲ့ ချင်းတို့ဌာနေ (အပိုင်း – ၁)

မြန်မာ့အနာဂတ် ဖက်ဒရယ် ရည်မျှော်ချက်များ အလျှင်အမြန် မှေးမှိန်လာနေ

မြန်မာ့အနာဂတ် ဖက်ဒရယ် ရည်မျှော်ချက်များ အလျှင်အမြန် မှေးမှိန်လာနေ (အပိုင်း ၂)

နွေဦးတော်လှန်ရေးသာ မအောင်မြင်ရင် တိုင်းရင်းသားတွေအတွက်လည်း အနာဂတ် မရှိတော့

Loading