ဆောင်းပါး

မြန်မာ့စစ်လက်နက် ထုတ်လုပ်ရေးအတွက် အရေးပါသူ ဦးထွန်းလှိုင်

မြန်မာစစ်တပ်၏ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးစက်ရုံ (ကပစ) အားလုံးအတွက် အဓိက အရေးပါသော ကုန်ကြမ်းပစ္စည်းများ၊ ပစ္စည်းကိရိယာနှင့် စက်ယန္တရားများမှအစ နည်းပညာများအဆုံး ၂၀၁၀ ခုနှစ် ဝန်းကျင်မှ စတင်ကာ အဓိက တင်သွင်းပေးခဲ့သူမှာ STE Global Trading ကုမ္ပဏီ လုပ်ငန်းရှင် ဦးထွန်းလှိုင် ဖြစ်ကြောင်း ဧရာဝတီက စုံစမ်းသိရှိရသည်။

ဦးထွန်းလှိုင်သည် မြန်မာ့တပ်မတော် ကာကွယ်ရေးပစ္စည်း ထုတ်လုပ်မှု အရာရှိချုပ်ဟောင်း ဒုဗိုလ်ချုပ်ကြီး သိန်းဌေး၏ အရင်းနှီးဆုံး လူရင်းတဦး ဖြစ်သည်ဟုလည်း ဧရာဝတီ၏ သတင်းရင်းမြစ်များက ပြောသည်။

ဒုဗိုလ်ချုပ်ကြီး သိန်းဌေးသည် စစ်တပ်မှ သက်ပြည့်ပင်စင် ယူထားပြီး ဖြစ်သော်လည်း စစ်တပ်၏ စစ်လက်နက်ပစ္စည်း ထုတ်လုပ်ရေး အကြံပေးအရာရှိအဖြစ် ဆက်လက် တာဝန်ယူထားဆဲ ဖြစ်သည်။

သူသည် မြောက်ကိုရီးယားနိုင်ငံမှ စစ်သုံးပစ္စည်းများ မဝယ်ယူရန် ကန့်သတ်ထားသည့် ကုလသမဂ္ဂ၏ တားမြစ်ချက်များကို ချိုးဖောက်သည်ဟုဆိုကာ ၂၀၁၃ ခုနှစ်က အမေရိကန်ပြည်ထောင်စု၊ ဘဏ္ဍာရေးဝန်ကြီးဌာန၏ အရေးယူ ပိတ်ဆို့ခြင်းကို ခံခဲ့ရသည့် စစ်ဗိုလ်ချုပ်တဦး ဖြစ်သည်။

သူသည် စစ်တပ် ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေးရုံး ကိုယ်စား မြောက်ကိုရီးယားနိုင်ငံမှ မြန်မာစစ်တပ်အတွက် စစ်လက်နက်များ ဝယ်ယူခဲ့ကြောင်း အမေရိကန်ပြည်ထောင်စုက ထိုအချိန်က ကြေညာခဲ့သည်။

သူရဦးရွှေမန်းနှင့် ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေးတို့ မြောက်ကိုရီးယားခရီးစဉ်

ဒုဗိုလ်ချုပ်ကြီး သိန်းဌေးသည် ၂၀၀၈ နိုဝင်ဘာလတွင် မြောက်ကိုရီးယားခရီးစဉ်ကို ဗိုလ်ချုပ်ကြီး သူရရွှေမန်း ဦးဆောင် သည့် ကိုယ်စားလှယ်အဖွဲ့တွင် လိုက်ပါခဲ့သူတဦး ဖြစ်သည်။

ဦးထွန်းလှိုင်သည် မြန်မာစစ်တပ်အတွက် အခြားလက်နက်ပွဲစားများကဲ့သို့ တိုက်လေယာဉ်များ အပါအဝင် စစ်လက်နက် များ တင်သွင်းပေးခြင်းထက် စစ်လက်နက် ထုတ်လုပ်ရေးအတွက် လိုအပ်သည့် ပစ္စည်းကိရိယာနှင့် ကုန်ကြမ်းများ အားလုံးကို တဦးတည်း တင်သွင်းခွင့် ရရှိထားသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ဒုတိယပတ် အတွင်း၌ ဦးထွန်းလှိုင် ပိုင်ဆိုင်သည့် စင်္ကာပူနိုင်ငံ အခြေစိုက် ကုမ္ပဏီများ ဖြစ်သော Excellence Metal Casting Pte Ltd နှင့် STE Global Trading Pte Ltd ကုမ္ပဏီနှစ်ခုက မြန်မာစစ်တပ်၏ လက်နက် ဝယ်ယူမှုအတွက် မြောက်ကိုရီးယားနှင့် ချိတ်ဆက်ပေးသည်ဆိုသော စွပ်စွဲချက်ဖြင့် ၎င်းကို စင်ကာပူနိုင်ငံ ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။

သို့သော် ဧရာဝတီသတင်းဌာနက စုံစမ်းသိရှိရမှုများနှင့် သတင်းရင်းမြစ်များ၏ အတည်ပြုချက်အရ ၎င်းသည် စင်ကာပူတွင် အဖမ်းမခံရဘဲ ရန်ကုန်၌ နေထိုင်လျက်ရှိနေကြောင်း သိရသည်။

ဦးထွန်းလှိုင်သည် စစ်တပ်အတွက် ရုရှားနိုင်ငံမှ စစ်လက်နက်များ တင်သွင်းသူ ဦးတေဇနှင့်လည်း သာမန်ထက် ရင်းနှီးသည့် ဆက်ဆံရေးရှိသူ တဦးဖြစ်ပြီး ဦးတေဇနီးပါး ချမ်းသာကြွယ်ဝသူတဦး ဖြစ်ကြောင်း ၎င်းတို့နှင့် နီးစပ်သည့် အသိုင်းအဝိုင်းထံမှ သိရသည်။

မင်္ဂလာဆောင်အခမ်းအနားတွင် တွေ့ရသည့် ဦးတေဇနှင့် င်္ဦးထွန်းလှိုင်

ဦးတေဇသည် ရုရှားထုတ် MI-17 ရဟတ်ယာဉ်များနှင့် MiG-29 တိုက်လေယာဉ်များ၊ လေယာဉ် အပိုပစ္စည်းများ အပြင် စစ်လက်နက် ပစ္စည်းများကို ၎င်း၏ Myanmar Avia Export ကုမ္ပဏီမှတဆင့် မြန်မာစစ်တပ်သို့ တင်သွင်းပေးသူ ဖြစ်သည်။

ထိုကုမ္ပဏီသည် MAPO ဟု လူသိများသော Russia’s Export Military Industrial Group အတွက် မြန်မာနိုင်ငံ၏ တဦးတည်းသော ကိုယ်စားလှယ် ရရှိထားသည်။

၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလအတွင်း ဦးတေဇ၏သား ကိုပြည့်ဖြိုးတေဇ (Group Managing Director, HTOO Group of Companies) နှင့် ဦးထွန်းလှိုင်၏ သမီး မသက်နှင်းလှိုင် (Managing Director, Hong Bao Asia Co., Ltd) တို့ လက်ထပ်ခဲ့ကြသည်။

ဦးထွန်းလှိုင်သည် ချမ်းသာကြွယ်ဝသော်လည်း အနေအထိုင် သိုသိပ်ပြီး စင်ကာပူနိုင်ငံတွင်သာ အနေများသူ ဖြစ်သည်။

ရန်ကုန်မြို့ ပြည်လမ်းမပေါ်ရှိ ပြင်သစ်စားသောက်ဆိုင် Water Library နှင့် တရုတ်စားသောက်ဆိုင် Hong Bao တို့ကို ဦးထွန်းလှိုင်တို့ မိသားစုက ဖွင့်လှစ်ခဲ့ဖူးသည်။

You may also like these stories:

ဘယ်လာရုစ်က လက်နက်ပွဲစား ဒေါက်တာအောင်မိုးမြင့်

ယူကရိန်းမှ လက်နက်အဝယ်တော် (သို့မဟုတ်) ဦးအောင်လှိုင်ဦး

လေတပ်ဦးစီးချုပ် မိသားစု စီးပွားရှာသော နည်းလမ်း (အပိုင်း ၁)

လေတပ်ဦးစီးချုပ် မိသားစု စီးပွားရှာသော နည်းလမ်း (အပိုင်း ၂)

Loading